"အိပ်မက်တို့ဖြင့် စတင်ခဲ့သည်"
အပိုင်း(၄)ငယ်တို့ စာမေးပွဲနီးပြီမို့ Tennisကစားချိန် မရှိတော့ပေမယ့် ကိုကြီးကတော့ ငယ်တို့ကျောင်းကို ညနေတိုင်း အမြဲလာသည်။ ကျောင်းပိတ်ရက်ဆိုလည်း အကြောင်းအမျိုးမျိုးပြကာလာတတ်သည်။ တစ်ခါတစ်လေ ငယ်စာကြည့်တိုက်သွားလျှင်လည်း စာကြည့်တိုက်ထိလိုက်လာကာ စာအုပ်ဖတ်တာကို ငေးကြည့်နေပြန်သည်။ ကိုကြီးဟာလေ တစ်ခါတစ်လေ လူကိုရှက်အောင်သိပ်လုပ်ပါသည်။ ဒါပေမယ့်လည်း ကိုကြီးနဲ့ရှိနေသည့်အချိန်များဆိုလျှင် ငယ်တကယ်ကိုပျော်ရပါသည်။ငယ့်ဘဝမှာ ခုလို ဂရုစိုက်ခံရဖို့၊ စိတ်ပူပေးတာကြုံရဖို့ တစ်ခါမှ မတွေးထားခဲ့ဖူးပါ။ ကိုကြီးက တကယ်ကိုငယ့်ဘဝရဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲ....
.....
ငယ်တို့ Finalစာမေးပွဲကြီးပြီးလျှင် ကျောင်းနှစ်လပိတ်လို့ အိမ်ပြန်ရတော့မည်ဖြစ်သည်။ အိမ်ကိုလွမ်းလို့ ပြန်ချင်ပေမယ့်လည်း ကိုကြီးကို နှစ်လကျော်လောက်မတွေ့ရတော့ဘူးဆိုတော့ ဝမ်းနည်းမိသည်။ ငယ် အိမ်ပြန်ဖို့ ကားဂိတ်ဆင်းတော့ ကိုကြီးပေါ်မလာခဲ့ပါ။ ငယ်တို့ Final examစတည်းက ကိုကြီး ငယ့်ဆီစာလည်းမပို့ ဖုန်းလည်းမဆက်ပါ။ ခုကားဂိတ်ဆင်းတော့လည်း ပေါ်မလာခဲ့ ။ကိုကြီး ငယ့်ကိုမချစ်တော့ဘူးနဲ့တူပါတယ်...ဒီလိုစဉ်းစားမိတော့ ငယ်အရာအားလုံးဆုံးရှုံးလိုက်ရသလိုခံစားရသည်။ ကားမထွက်ခင်ထိ ငယ် ကိုကြီးအလာကို စောင့်နေခဲ့ပါသည်။ ကိုကြီး ရောက်မလာခဲ့ပါ။ ငယ့်အတွက် ကိုကြီးအချစ်တွေက ဒီမှာတင် ကုန်ဆုံးခဲ့ပြီ ထင်ပါသည်။ ဒီတစ်ခေါက် အိမ်ပြန်လမ်းမှာ ငယ်မပျော်နိုင်ခဲ့ပါ...
.…..
အိမ်ပြန်ရောက်တော့ ငယ် ဘယ်မှသွားချင်စိတ်မရှိတာကြောင့် သူငယ်ချင်းတွေခေါ်လည်လည်း အပြင် ထွက်မလည်ဖြစ်။မျက်နှာမကောင်းတာကို မေမေတို့ ရိပ်မိသွားမှာလည်းစိုးကာ ဘာမှမဖြစ်သလို အတင်းဟန်ဆောင်နေရသည်။ ဖုန်းကိုလည်း ဖွင့်မကြည့်။ ညတိုင်း ကိုကြီးကိုသတိရရင်တော့ အသံတိတ် မျက်ရည်တွေကျမိနေတုန်းပါပဲ။ သတိရတယ် ကိုကြီးရယ်... ခုချိန်ဘာတွေများလုပ်ပြီး ဘယ်သူတွေနဲ့ရှိနေမလဲ... ငယ့်ကိုတမင် အသဲခွဲခဲ့တယ်လို့လည်း မထင်နိုင်...ထင်လည်းမထင်ရက်ပါ... ကိုကြီးပေါ်မလာတာ သေချာပေါက် အကြောင်းအရင်းတစ်ခုရှိမှာပါ...
.....
ကျောင်းပိတ်ပြီး တစ်ပတ်ကျော် ဆယ်ရက်လောက်ရှိပြီထင်သည်။ဒီနေ့က ကိုကြီးမွေးနေ့ဖြစ်သည်။ တစ်ခုခုများ ဆက်သွယ်ထားသလား စိတ်ထင်မိတော့ ဖုန်းဖွင့်ကာစောင့်နေမိသည်။မကြာပါ
ဖုန်းထဲ ကိုကြီးဆီက messageတစ်ခုဝင်လာသည်။ ငယ်တို့မြို့ထဲက နောင်ယားကန်ကို ညနေသုံးနာရီလောက် ခဏလာခဲ့ပါတဲ့။ ကိုကြီး
လွိုင်ကော်ရောက်နေတာလား။ မပြောမဆိုနဲ့...လွိုင်ကော်မှာ အသိလည်း ဘယ်သူမှမရှိဘဲနဲ့။ ဖုန်းcall logကို စစ်ကြည့်တော့မှ ကိုကြီးဆီက missed callတွေက အရင်သုံးရက်လောက်ထဲက callတွေ ဆက်တိုက်ဝင်ထားသည်။ ငယ် ကိုယ့်နဖူးကိုသာ ခပ်နာနာလေး ရိုက်ပစ်လိုက်ချင်သည်။ ဖုန်းကိုကျ စစ်မကြည့်ဘဲ နေ့တိုင်း ကိုကြီးအဆက်အသွယ်မလုပ်လို့ ဝမ်းနည်းနေသည်တဲ့... ငယ်တော့ ရူးနေပါပြီ....
ငယ် ကိုကြီးနဲ့တွေ့ဖို့ ဘယ်လိုပြောပြီးထွက်ရမလဲမသိပါ။ မတတ်နိုင်ပါ။ ငယ့်ရဲ့ ငယ်သူငယ်ချင်းမေလေးကိုပဲ အကူအညီတောင်းရပါမည်။မေလေးက ငယ်အခင်ဆုံးသူငယ်ချင်း... ငယ့်အကြောင်းလည်းအကုန်သိသည်...ကိုကြီးနဲ့အကြောင်းတွေရော...မေလေးက မန္တလေးမှာတက္ကသိုလ်မှာ တက်တာမို့ ကိုကြီးကို မမြင်ဖူးပေမယ့် ငယ်ပြောပြထားလို့ အကြောင်းစုံသိနေပြီးဖြစ်သည်။ဒါကြောင့် ခုလည်း မေလေးကိုစာပို့ပြီး ကိုကြီးဖုန်းဆက်တဲ့အကြောင်းပြောပြကာ လာခေါ်ပေးဖို့ ပြောရသည်။ မေမေ့ကိုတော့ တူတူ မုန့်သွားစားမလို့ဆိုကာ လိမ်ရသည်။ ဘုရားစူး.. ဒါမေမေ့ကို ပထမဆုံးလိမ်ပြီး အပြင်ထွက်ဖူးတာပါ။
ကိုကြီးရေ..ကိုကြီးနဲ့မှ ငယ်မလုပ်ဖူးတာတွေရော၊ မကြုံဖူးတာတွေရော ကြုံနေရပါလား။
.....
ငယ်တို့ နောင်ယားကန်ရောက်တော့ ကိုကြီးကိုမတွေ့ပါ။
မေလေးကယက မုန့်စားရင်းစောင့်မယ်ဆိုကာ Master စားသောက် ဆိုင်ဘက် ထွက်သွားသည်။ ငယ်တစ်ယောက်တည်း ဒီဘက်မှာပဲစောင့်ရတော့မလို၊ တံတားကူးပြီး ဟိုဘက်မှာပဲ သွားရှာကြည့်ရတော့မလို၊ ဒီဘက်မှာတော့ ကိုကြီးကိုမတွေ့ ။ ငယ် ကိုကြီးကို ဖုန်းဆက်ရင်း တံတား ဟိုဖက်ကို ကူးကာ ဟိုကြည့် သည်ကြည့်ရှာနေမိသည်။
"ငယ် ... ကိုယ် သည်မှာ "
"ကိုကြီး"
ကိုကြီးက တံတားဟိုဘက်က ပန်းခင်းနံဘေးမှာ ရပ်ရင်း ငယ့်ကိုလက်ပြသည်။ ငယ်လည်း လက်ပြန်ပြပြီး ကိုကြီးရှိရာ အပြေးသွားမိသည်။
"ကိုကြီး လွိုင်ကော်ကို တကယ်လာတာပဲ
ဘာလာလုပ်တာလဲဟင်? ဘယ်သူနဲ့လာတာလဲ? တစ်ယောက်တည်းလား? ကိုဖြိုးပိုင်ရော ပါဘူးလားဟင်?"
" ဖြေးဖြေးမေးပါ ငယ်ရယ်
ကိုယ်ခဏလောက်ဖက်ထားပါရစေအုံး"
"ဟင်"
ပြောပြီးတာနဲ့ ငယ်ပြန်ဖြေချိန်ပင်မရလိုက်... ကိုကြီးက ငယ့်ကိုယ်လေးကို သိမ်းကျုံးဆွဲပွေ့လိုက်သည်။
"ကိုကြီး လူတွေအများကြီးရှိနေတယ်လေ"
ငယ်ရုန်းဖယ်တော့ ကိုကြီးက...
"ခဏလေးပါ... ခဏလေးပါငယ်ရယ် ကိုယ်ငယ့်ကိုမတွေ့ရတာ ၁၈ရက်လောက်ရှိပြီငယ်ရဲ့ သိရဲ့လား"
"ဟင့်အင်း"
"ငယ်ရယ် တစ်ခါလောက်တော့ ကိုယ်စိတ်ချမ်းသာအောင်ပြောပါအုံးလား"
"ငယ် ရက်မမှတ်ထားမိလို့ပါ ဟီးဟီး"
ငယ်ရယ်ကျဲကျဲပြောတော့ ကိုကြီးက ဖက်ထားရာမှ ခွာပြီး ငယ့်နဖူးကို ဖွဖွထုသည်။
"ဒီကလေးမလေး ကိုယ့်ကိုသတိမရဘူးပေါ့"
"မဟုတ်ပါဘူး ငယ်ဖုန်းဆက်သားပဲ ကိုကြီးက ဖုန်းပိတ်ထားပြီးတော့...နောက်ပြီး ငယ်ပြန်တော့လည်း ပေါ်မလာဘူး ကိုကြီးက"
ငယ်ပြောရင်း စိတ်ဆိုးကာနှုတ်ခမ်းစူမိပါသည်။ ကိုကြီးက ငယ့်ကို ပြုံးကြည့်ရင်း
"ကိုယ် အလုပ်ကိစ္စနဲ့ ရုတ်တရက်ခရီးသွားလိုက်ရလို့ပါငယ်ရယ်
ကိုယ်ဖုန်းဆက်လို့ရရချင်း ဖုန်းဆက်တယ်...ငယ်ကမှမကိုင်ဘဲ...ကလေးမလေးတစ်ယောက် အိမ်ပြန်ရောက်တာနဲ့ သူ့ကိုကြီးကိုမေ့ထားတယ်"
"ငယ် ဖုန်းမကြည့်မိလို့ပါ ကိုကြီးကလဲ"
"လာ ကိုယ်တို့ ခုံတန်းပေါ်ထိုင်ရအောင်"
ကိုကြီးက ငယ့်လက်ကိုဆွဲကာ ပန်းခင်းဘေးက ခုံရှိရာ သွားထိုင်သည်။
"ငယ် ခုဘယ်သူနဲ့လာလဲ"
"သူငယ်ချင်းလိုက်ပို့တာ....ကိုကြီးရော ဘယ်သူနဲ့လာတာလဲဟင်
တစ်ယောက်တည်းလား အလုပ်ကိစ္စနဲ့လာတာလား"
"မဟုတ်ဘူး ငယ့်ကိုတွေ့ချင်လို့ ဒီနေ့ကိုယ့်မွေးနေ့လေ "
"အို ဟုတ်သားပဲ ငယ်မေ့နေတာ ကိုကြီးတွက် လက်ဆောင်"
ငယ် အိတ်ထဲက ဘူးလေးထုတ်ကာ ကိုကြီးကို ကမ်းပေးလိုက်သည်။ဒါလေးက ငယ်မုန့်ဖိုးနဲ့စုပြီးဝယ်ထားတာဖြစ်သည်။ကျောင်းမှာတုန်းက လစဉ်ရတဲ့မုန့်ဖိုးကိုစုထားတာမို့ တန်ဖိုးမကြီးပေမယ့် ကိုကြီးသဘောကျဖို့မျှော်လင့်ပါသည်။
"Necktie pinလေးပဲ"
"ကိုကြီး သဘောကျလားဟင်"
"အွန်း ကိုယ်သဘောကျတယ် ငယ်"
"ကိုကြီး ခုဘယ်မှာနေလဲဟင်"
"ကို Loikaw princess Hotelမှာ တစ်ညbookingလုပ်ထားတယ် ကိုယ် မနက်ဖြန်မနက် flightနဲ့ပြန်မယ်ငယ်"
"ဟင် ချက်ချင်းကြီးပြန်တော့မှာလား မလည်တော့ဘူးပေါ့"
"နောက်တော့ထပ်လာမယ် ငယ်... ကိုယ်အခုရန်ကုန်မှာ အလုပ်ကိစ္စတွေမပြတ်သေးလို့... ဒီနေ့ကိုယ့်မွေးနေ့မို့ ငယ်ကိုတွေ့ချင်လို့အပြေးလာခဲ့တာ"
"ကိုကြီးရယ်..."
ထိုနေ့ကကိုကြီးနဲ့ငယ် စကားတွေအများကြီးပြောဖြစ်ခဲ့သည်။ ကိုကြီး အကြာကြီးပျောက်နေတဲ့အကြောင်းကိုတော့ ငယ်မမေးဖြစ်ခဲ့သလို ကိုကြီးကလည်း မပြောပါ။ မနက်ခင်းကိုကြီးပြန်တော့ လိုက်ပို့ဖို့မတတ်နိုင်ခဲ့ပါ။ ဖုန်းထဲကနေပဲ နှုတ်ဆက်ရသည်။
......
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးပြီး လတွေလည်းပြောင်းခဲ့ပြီဖြစ်သည်။ ကိုကြီးနဲ့ငယ်တို့ကြား ချစ်ခြင်းမေတ္တာကလည်း ထုတ်ဖော်ပြောစရာမလိုဘဲ ပြီးပြည့်စုံနေပြီလို့ ငယ်ထင်ပါသည်။ တစ်ယောက်ခံစားချက်တစ်ယောက်နားလည်ဖို့ အမြဲကြိုးစားပြီး နှလုံးသားချင်းလည်း ရင်းနှီးခဲ့ပါသည်။ ကိုကြီးက ငယ့်အတွက်တော့ တန်ဖိုးအရှိဆုံးလူသားတစ်ယောက်ပါပဲ....
.....
ငယ်တို့ Second year စတက်ရတော့မည်ဖြစ်သည်။ ငယ်တို့ကျောင်းစတက်ရတဲ့ ဒီဇင်ဘာမှာတော့ Third year နဲ့ finalကျောင်းသားတွေကျောင်းမဖွင့်သေးတာကြောင့် ငယ်တို့Second yearတွေရယ် First year fresherလေးတွေသာရှိသည်။ အချိန်တွေကုန်မြန်လွန်းသည်...ငယ် တက္ကသိုလ်စတက်ခဲ့တဲ့ရက်က မနေ့တစ်နေ့ကလိုပင်။
ဒီနှစ်တော့ အရင်နှစ်ကလောက် ကိုကြီးနဲ့ ပုံမှန်မတွေ့ဖြစ်ပါ။ ကိုကြီးက ဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်နေပြီမို့ မအားလပ်တာ ငယ်သိပါသည်။ပြီးတော့ ဖူးပြောစကားအရ ကိုကြီးဖေဖေက USမှာ M.Aဆက်တက်ခိုင်းမည်တဲ့။ ကိုကြီးဘွဲ့ရပြီးတာ နှစ်နှစ်ရှိပြီဆိုတော့ ကိုကြီး ဒီနှစ်သွားမလားမသိပါ။ ဒီလိုဆိုငယ်တို့အကြာကြီးခွဲရတော့မည်ထင်ပါသည်။ နိုင်ငံရပ်ခြားမှာ နှစ်နှစ်၊သုံးနှစ်နေပြီး ငယ့်ကိုမေ့သွားရင် ငယ်ဘယ်လိုလုပ်ရပါ့မလဲ။ ဒါပေမယ့်လည်း ကိုကြီးရှေ့ရေးမို့ ငယ်စိတ်အားငယ်နေ၍မဖြစ်ပါ။ ချစ်ရဲရင် လွမ်းနိုင်ရပါမည်။ကိုကြီးကို ငယ်ချစ်တာမို့ အလွမ်းဒဏ်ကို ငယ်ခံနိုင်ရည်ရှိပါတယ်...ငယ် ကိုကြီးကို စောင့်ပါမယ်...ပညာတွေ သေချာ သင်ပြီးပြန်လာခဲ့ပါ...ကိုကြီးပြန်လာတဲ့အချိန်ဆို ငယ်လည်း ဘွဲ့ရလို့ အလုပ်ဝင်နေပြီထင်ပါသည်။ ဒီလိုက ပိုပြီးလိုက်ဖက်မှာပါ။ အနည်းဆုံးတော့ ကိုကြီးရောငယ်ရော နှစ်ယောက်စလုံး ရှိသင့်တဲ့ ရင့်ကျက်မှုတွေ၊ တည်ငြိမ်မှုတွေ ရှိလောက်ပါပြီ။
.....
တစ်လပိုင်းထဲဝင်လာပြီဆိုတော့ Third year, Finalအကုန်ပြန်ဖွင့်ပြီမို့ ကျောင်းထဲ ကျောင်းသားအစုံရှိနေပြီဖြစ်သည်။ ကိုကြီးခုထိ ငယ့်ကို USမှာ ကျောင်းသွားတက်ရမည့် ကိစ္စမပြောပြသေးပါ။ ဒီနေ့တော့ ပြောတော့မည်ထင်သည်။ ပင်မဆောင်မှာတွေ့ဖို့ စာပို့လာသည်။
.....
ကိုကြီးက ရှပ်လက်ရှည်ကို စတိုင်ဘောင်းဘီထဲထည့်ဝတ်ထားသည်။ကိုကြီးက ကျောင်းလာရင် ပုဆိုးသာအမြဲဝတ်လာတာမို့ အခုလိုမြင်ရတော့ ငယ့်မျက်လုံးထဲ တစ်မျိုးဆွဲဆောင်မှုရှိနေပြန်ပါသည်။ ဘယ်ဘက်လက်မှာတော့ ကိုကြီးအမြဲပတ်နေကြ Rolexနာရီနှင့်.... ကိုကြီးက ခေါင်းငုံကာ ဘာတွေစဉ်းစားနေသည်မသိ ငယ်အနားရောက်တာတောင် သတိထားမိပုံမပေါ်....
"ကိုကြီး"
"အော် ငယ် ရောက်ပြီလား"
"ဟုတ်"
"ထိုင်လေ ငယ်... ကိုယ်ငယ့်ကိုပြောစရာရှိလို့"
"ဟုတ် ကိုကြီး"
"ကိုယ်...ကိုယ် နောက်လ USကို ပညာတော်သင်သွားရမယ်ငယ်"
"......."
"ကျောင်းက မတ်လ စဖွင့်မယ်ဆိုတော့ ကိုယ်နောက်လလယ်လောက် သွားရမယ်"
"ဟင် နောက်လ?? အရမ်းနီးနေပြီနော် ခုတောင် တစ်လပိုင်းကုန်နေပြီကို"
ငယ် ကိုကြီး ပညာသင်သွားဖို့ကိစ္စကြိုသိပေမယ့် ခုလောက်ထိ မြန်မြန်သွားရလိမ့်မယ် မထင်မိခဲ့။ နောက်လထဲ ဆိုတော့ ငယ်တို့တွေ့ရဖို့ လေးငါးဆယ်ရက်သာ ကျန်တော့သည်။
"ငယ် ကိုယ်မရှိတုန်း ကိုယ့်ကိုကိုယ် ဂရုစိုက်နော်...ကိုယ်လတိုင်း ဖုန်းခေါ််မယ်...အိမ်ပြန်ရောက်တဲ့အခါတွေဆိုလည်း ဖုန်းမပိတ်ထားပါနဲ့အုံး....တခြားကောင်လေးတွေကိုလည်း ကိုယ့်ကိုခင်သလိုမခင်ရဘူးနော်...အစားပုံမှန်စား....စာကြိုစား...ပြီးတော့...ရော မငိုပါနဲ့ ငယ်ရယ်..."
ငယ် ကိုကြီးပြောနေတဲ့စကားတွေကို နားထောင်ပြီး မျက်ရည်ကျလာမိသည်။ငယ် ကိုကြီးနဲ့ မခွဲချင်ပါ။ ပညာမစုံသေးတဲ့ လူငယ်တွေမို့ ခုချိန်မှာ အချစ်ကိုရှေ့တန်းတင်နေ၍မရပါ။ငယ်ယုံကြည်ပါတယ် တစ်နေ့တော့ ငယ်တို့ နေ့ရက်တိုင်းမှာ တူတူရှိနိုင်မှာပါ...
ကိုကြီးက ငယ့်ကိုယ်လေးကို ရင်ခွင်ထဲအသာမှီစေပြီး ငိုနေတဲ့
ငယ့်ကို ချော့ပြန်ပါသည်။
"ငယ်...ကိုပြောတာနားထောင်...ကိုယ်က နှစ်နှစ်ပဲသွားရမှာလေ...ငယ် ဘွဲ့ယူမယ့်အချိန်တောင် ကိုယ်ပြန်ရောက်လောက်ပြီ...နှစ်နှစ်ဆိုတာ ခဏလေးပါ....ဒီအတောအတွင်းငယ် ကိုယ့်ကိုကိုယ်သာ ဂရုစိုက်...တစ်ခုခုဆို ကိုယ့်ကိုတန်းပြောရမယ်နော်၊တစ်ယောက်တည်း ကြိတ်ဖြေရှင်းလိုက်တာမျိုး၊ ဝမ်းနည်းနေတာမျိုး မလုပ်ရဘူး။ ငယ် ကိုယ့်ကိုယုံတယ်မလား"
ငယ်စကားပြန်မပြောနိုင်...ခေါင်းသာအသာငြိမ့်ပြမိသည်။
"ကိုကြီး ငယ့်ကိုမေ့မသွားရဘူးနော်"
"အော် ငယ်ရယ်...ကိုယ်က ဘယ်လို့ငယ့်ကိုမေ့နိုင်မှာလဲ"
ကိုကြီးက ငယ့်ခေါင်းလေးကို ဖွဖွပုတ်ကာ အငိုတိတ်အောင်ချော့ရှာသည်။ငယ်ကတော့ ကိုကြီးရင်ခွင်ထဲ တစ်သိမ့်သိမ့်ရှိုက်ငိုနေမိတုန်းပါပဲ...
.......
ဘာလိုလိုနဲ့ ဖေဖော်ဝါရီလထဲ ဝင်လာပြီဖြစ်သည်။ ကိုကြီးနဲ့ငယ်လည်း ခွဲရတော့မည်။ ငယ် မနက်ခင်းအတန်းပြီးလို့ ကန်တင်းမှာ နေ့လည်စာစားနေတုန်း ဖူးရောက်လာပြီး 'မနေနိုင်လို့'ဟု စာအိတ်ဖြူလေးပေးကာပြေးထွက်သွားသည်။ငယ်ဖောက်ဖတ်ကြည့်တော့ ကိုကြီး နှုတ်ဆက်ကြောင်းရေးထားသည့်စာဖြစ်နေသည်။ စာထဲမှာ ဒီနေ့ ညနေနှစ်နာရီ flightနဲ့သွားတော့မည်လို့ရေးထားသည်...ငယ့်ကိုပြောရင် လိုက်ပို့မှာစိုးလို့တဲ့လေ....
ငယ် ရုတ်တရက် ဘာလုပ်ရမှန်းမသိ...ကိုကြီးကို ငယ်သေချာမနှုတ်ဆက်ရသေး ပြီးတော့ ငယ်ပြောဖို့စဉ်းစားထားတဲ့စကားတွေလည်း မပြောရသေးပါ...ဘာလို့များ ကိုကြီးက ငယ့်ကိုသေချာမနှုတ်ဆက်ဘဲ ထွက်သွားရတာလဲ...ငယ်ကျနေသည့် မျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။ငယ်ငိုနေ၍မဖြစ်ပါ... ငယ် Taxiအမြန်ငှားပြီး လေဆိပ်လိုက်သွားရမည်....ခုတောင်အချိန်က ၁၂ခွဲကျော်နေပြီဖြစ်သည်...လေဆိပ်ကိုက အနည်းဆုံး နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ကြာအုံးမည်ထင်သည်...
ကျေးဇူးပြုပြီး အကြာကြီးမခွဲရခင် ကိုကြီးနဲ့ ခဏလောက်တွေ့ပါရစေ....
ငယ်လေဆိပ်ထဲရောက်သွားတော့ ၁ခွဲဖို့ငါးမိနစ်သာလိုသည်....ငယ် USကိုသွားမည့် Apartmentကို လိုက်ရှာရပြန်သည်။ ငါးမိနစ်ဆယ်မိနစ်လောက်ရှာပြီးတော့.. တွေ့ပါပြီ ငယ့်ရဲ့ ကိုကြီး... Hoodieအနက်၊ဘောင်းဘီအနက်နှင့် လူငယ်ဆန်ဆန်ကြည့်ကောင်းနေပြန်သည်။ကိုကြီးက အရပ် ငါးပေဆယ့်တစ်ကျော်တာမို့ အဝေးကနေပင် လူကြားထဲ လှမ်းမြင်နေရသည်။
"ကိုကြီး"
"ငယ်"
ငယ့်အသံကိုကြားတော့ ကိုကြီး လှည့်ကြည့်လာသည်။ငယ် လူတွေကြားထဲလည် မရှက်နိုင်ဘဲ အပြေးသွားကာ ကိုကြီးကို တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်။ ငယ် ကိုကြီးရင်ခွင်ထဲကနေ မျက်ရည်တွေလည်းကျကာ စကားတွေ အဆက်မပြတ်ပြောနေမိသည်။
"ကိုကြီး ဘာလို့ ငယ့်ကို မနှုတ်ဆက်ဘဲ သွားရတာလဲ...ဘာလို့လဲ...
ငယ် ကိုကြီးကိုချစ်တယ် အရမ်းချစ်တယ်..."
"ဘာရယ် ငယ် အခု ကိုယ့်ကို အဖြေပေးလိုက်တာလား"
ကိုကြီးက ရင်ခွင်ထဲ အတင်းမျက်နှာအပ်ထားတဲ့ ငယ့်ကို မျက်ဝန်းချင်းဆုံဖို့ကြိုးစားသည်။ ငယ် ရှက်နေတာရော၊ စိတ်ထဲရှိတဲ့စကားတွေကို ကိုကြီးနဲ့ မျက်လုံးချင်းဆုံပြီး မပြောရဲတာကြောင့် အတင်းတိုးဖက်ထားမိသည်။
"ငယ် စတွေ့တည်းက ကိုကြီးကိုသဘောကျတာ...ကိုကြီးက အရမ်းပြည့်စုံလွန်းလို့ ငယ်တို့မလိုက်ဖက်ဘူးလို့ထင်ခဲ့တယ်...ခု ငယ်အများကြီး ကြိုစားမယ်လေနော်...ကိုကြီး ငယ့်ကို မေ့မသွားပါနဲ့"
"ငယ်ရယ်.. မငိုပါနဲ့ ငယ်က အဲ့လိုငိုနေတော့ ကိုယ်ဘယ်လိုစိတ်နဲ့သွားရမလဲ"
"ဟုတ် ငယ် မငိုတော့ဘူးနော်"
ငယ် ကိုကြီးရင်ခွင်ထဲက ထွက်ကာ မျက်ရည်တွေသုတ်လိုက်ပြီး
"ကိုကြီး ငယ့်ကို စိတ်ချနော်...စာတွေအများကြီးသင်ခဲ့ ငယ်လည်း စာကြိုစားပြီး ကိုကြီး ပြန်လာမယ့်ရက်ကို စောင့်နေမယ်"
"အွန်း ကိုယ့်ကလေးလေးက လိမ္မာလိုက်တာကွာ...စာကြိုးစားရမယ်နော်...ကိုယ်လည်း ပညာသင်ပြီးပြန်လာရင် ကိုယ်တို့ခွဲစရာမလိုတော့ဘူး"
"ဟုတ်။.... ကိုကြီး ငယ့်ကိုမေ့မသွားရဘူးနော်"
"မေ့စရာလား ငယ်ရယ်...
ငယ်က ကိုယ့်ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ...ကိုယ်သေမှ ငယ့်ကိုမေ့နိုင်မယ်"
"အို မပြောပါနဲ့ ကိုကြီးအဲ့လိုမဖြစ်ရဘူး"
"ကိုယ်က စကားအဖြစ်ပြောတာပါ ငယ်ရယ်
ဒါနဲ့ ခုနက စကားလေးပြန်ပြောပါလားငယ် "
"ဟင် ဘာကိုလဲ "
"ကိုယ့်ကိုချစ်တယ်ဆိုဝာာလေ"
"ဟုတ် ငယ် ကိုကြီးကိုချစ်တယ်"
ငယ်ပြောပြီးတာနဲ့ ကိုကြီးက ငယ့်ကို နောက်တစ်ကြိမ် ရင်ခွင်ထဲ ဆွဲသ္င်းကာပွေ့ဖက်ထားပြီး ဆံပင်လေးတွေကို အသာနမ်းရှိုက်နေသည်။
ငယ် ရှက်မနေတော့ဘဲ ကိုကြီးကို ချစ်တဲ့အကြောင်း အမှန်တိုင်း ဝန်ခံလိုက်မိသည်။ မဟုတ်ရင် ငယ် နောက်မှ နောင်တရနေတော့မှာ....
"ကိုယ် သွားရတော့မယ် ငယ်"
"ဟုတ် ကိုကြီး"
"နေကောင်းအောင်နေနော် ကိုယ့်ကလေးလေး"
"ဟုတ် ကိုကြီးလည်း ကျန်းမာရေးဂရုစိုက်ပါနော်"
နောက်ဆုံးအနေနှင့် ကိုကြီးက ငယ့်လက်ကို အသာနမ်းရှိုက်နှုတ်ဆက်သွားသည်။ဒီတစ်ခါနှုတ်ဆက်တော့ ငယ်ရော ကိုကြီးပါ မျက်ရည်မကျတော့ပါ...အကောင်းဆုံးနေ့ရက်တွေကို ပိုင်ဆိုင်ဖို့ ငယ်တို့ရဲ့အချိန်အနည်းငယ်ကိုတော့ မြုပ်နှံရပါအုံးမည်။ "ဆုံစည်းတယ်ဆိုတာက တစ်ချိန်ခွဲခွာရဖို့"လို့ ဆိုကြပေမယ့် ငယ်တို့အတွက်တော့ "တစ်သက်စာလက်တွဲနိုင်ဖို့ ခဏတာ ဝေးကွာကြရတာ"ပါ...
ဒါကို ငယ်တို့နှစ်ဦးလုံးနာလည်ပါသည်....
ကျောင်းကို အပြန်လမ်းမှာတော့ ငယ့်စိတ်ထဲ ဝမ်းနည်းမှုတွေမရှိတော့ပါ...ဒီအချိန်မှ မဟုတ်ပါလေ ...ငယ်ရဲ့ တက္ကသိုလ် နေ့ရက်တိုင်းက ပျော်စရာကောင်းခဲ့ပါသည်။ Tennisကစားချိန်ရောက်တိုင်း ကိုကြီးအကြောင်းသတိရသည်။ စာအုပ်တွေဖတ်လည်း ကိုကြီးပုံရိပ်တို့က စွဲနေသည်။ထူးထူးခြားခြား အမှတ်တရတွေမရှိခဲ့ပေ မယ့် ငယ်တို့ ဆုံဆည်းခဲ့ရတဲ့ ဒီတက္ကသိုလ် ပရဝုဏ်လေးက အဖိုးတန်ဆုံး အမှတ်တရနေရာပါပဲ....
"နေ့တိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်တဲ့သူက သာမန်လူတွေထက် ကိုပျော်ရတယ်"တဲ့...အဲ့ဒီစကားရဲ့ အဓိပ္ပာယ်ကို ငယ်တို့နှစ်ယောက်လုံး အခုသေချာသဘောပေါက်ပြီ ထင်ပါတယ်...ငယ့်မျှော်လင့်ချက်တွေထဲ ကိုကြီးကသာ အဓိက ဖြစ်တာမို့ ငယ့်နေ့ ရက်တွေက ပိုပြီးချိုမြိန်ခဲ့ပါတယ်.....ကိုကြီးလည်း ငယ့်လိုပဲ သာယာတဲ့နေ့ရက်တွေ ပိုင်ဆိုင်မယ်လို့ ငယ်ယုံကြည်ပါတယ်...
တစ်ခါတစ်လေတော့ ငယ်တို့ဟာ အများအယူအဆတွေနဲ့ပြောင်းပြန်ဖြစ်နေတတ်ပါတယ်....ကိုကြီးနဲ့ ငယ့်လိုပေါ့...
"ဆုံဆည်းဖို့အတွက် ခွဲခွာခဲ့ကြတယ်....
အနေဝေးပေမယ့် နှလုံးသားချင်း ပိုပြီးရင်းနှီးလာတယ်...
နေ့ရက်တိုင်းကို မျှော်လင့်ချက်နဲ့ ရှင်သန်တယ်...
ဘယ်လောက်ဘဲ ဝေးကွာနေတဲ့ အခြေအနေတွေဖြစ်ပါစေ...
ကံကြမ္မာကို ငယ်တို့ ဖန်တီးယူနိုင်ပါတယ်..."Nge's Part End....
(ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ကောင်များသည် စာရေးသူ၏ စိတ်ကူးယဉ်ယဉ် သက်သက်သာ ဖြစ်ပါသည်)( 1-2-2021)
#Normal
#Dream
#Yeik