[ Unicode ]
"မန်နေဂျာက ဒီလောက်ချောစရာလိုလို့လား""ခင်ဗျာ!"
သူ့ရှေ့က ကောင်လေးကို စေ့စေ့စပ်စပ်ကြည့်ပြီး လေးရုံ နှုတ်ခမ်းတွေက မဲ့ကျသွားတယ်။
မျက်ခုံးထူထူအောက်မှာ သိမ်းငှက်လိုမျိုး မျက်လုံးက မနာလိုစရာကောင်းလောက်အောင် ရှိနေပြီးတော့ ဖြောင့်တန်းတန်းနှာခေါင်းနဲ့ နှုတ်ခမ်းကလည်း အရမ်းကို ယောကျာ်းပီသလွန်းနေတယ်လေ။
အမုန်းဆုံးကတော့ သူ့မှာတောင်မရှိတဲ့ အာဒံပန်းသီး(Adam' Apple) ကြီးက ဒီအကောင့်လည်ဇလုပ်မှာတော့ ထင်ထင်ရှားရှားကြီးကို ရှိနေတာပဲ!
သောက်ရမ်းစောက်မြင်ကတ်စရာကောင်းတယ်!
"ဟမ်း ! ငါ့ဆီမှာ အလုပ်လုပ်ရင် လိုအပ်တဲ့စည်းကမ်းတွေပြောမယ်၊ သေချာနားထောင်"
မျက်နှာတည့်တည့်ကို ကပ်ပြောနေရာကနေ လေးရုံ ခွာလိုက်ပြီး ဟန်ပါပါနဲ့ထိုင်ခုံပေါ်မှာ ခြေချိတ်ထိုင်လိုက်တယ်။
ကောင်လေးက တုတ်တုတ်မှမလှုပ်ဘဲ ပြူးပြူးလေး သူ့ကို ပြန်ကြည့်နေတယ်။
အဟင်း! ငါ့ရဲ့ ချောမောမှုအရှိန်အဝါအောက်မှာ မင်းအရည်ပျော်သွားပြီမလား!
"နံပါတ်တစ်၊ အင်္ကျီကြယ်သီးကို အလုံးစေ့တပ်ရမယ်၊ တစ်လုံးမှ ဖြုတ်ခွင့်မရှိဘူး"
"ခင်ဗျာ!"
"မင်း အဲ့စကားတစ်ခွန်းပဲ ပြောတတ်တာလား၊ ဘာလဲ ငါ့ရဲ့ခန့်ညားမှုကိုတွေ့လိုက်ရတော့ စကားမပြောနိုင်လောက်အောင်ကို ဆွံ့အသွားတာလား"
လေးရုံမြတ်သူ စောက်တလွဲတွေးနေတာတွေ ဘယ်တော့ရပ်မှာလဲ!
လွှမ်းညှို့ထည် နားထောင်နေရင်း လည်ချောင်းယားလာတယ်။ သူ့ရှေ့မှာတော့ လိုက်နာရမယ့် နံပါတ်အစဉ်လိုက်ကို မပြီးနိုင်မစီးနိုင်ပြောနေတဲ့ လေးရုံမြတ်သူ ရှိနေတယ်။ ပြောနေတဲ့ အကြောင်းအရာတွေကလည်း တစ်စက်လေးမှ အဓိပ္ပါယ်မရှိဘူး။
အချိန်တော်တော်ကြာထိ သူ အောင့်ထားတယ်။ တစ်မိနစ်၊ နှစ်မိနစ်...။