အခန်း ၂ (Unicode+Zawgyi)

16.8K 631 27
                                    

(Unicode)

[အတိတ်ရပ်ဝန်း-လွန်ခဲ့သော ဆယ့်ငါးနှစ်ဝန်းကျင်]

ဝါကြင်ကြင် မီးရောင်အောက်မှာ တစ်စုံတစ်ခုကို အသည်းအသန်​ရေးနေသော ကလေးငယ်...။ ပါးလျသော စာရွက်ကလေးပေါ်မှာ ဝိုင်းစက်လွန်းလှတဲ့ လက်ရေးလေးတွေက ကလေးငယ်၏ မျက်ရည်စတို့ကို စာရွက်ပေါ်တွင် အံတုနေရှာသည်။

တစ်စတစ်စကျဆင်းလာသော ပုလဲကြည်ရောင် အရည်တွေဟာဖြင့် ပါးပြင်ပေါ်မှစီးဆင်းကာ ထိုစာရွက်လေးပေါ်သို့ ကျဆင်းလို့သွားလေ၏....။ သို့သော် ထိုမျက်ရည်စတို့ကို ကလေးငယ်မှာ မသုတ်နိုင်။ စာရွက်လေးပေါ်မှာသာ ဂရုတစိုက်ရေးလို့နေလေ၏။ စိတ်သန္တာန် မှာခံစားရသမျှကို ရေးခဲ့လေသော သူ၏လက်ချောင်းများမှာလည်း တုန်ယင်လို့နေ၏။

တိုးဝှေ့လာသော လေနုအေးကပင် ကလေးငယ်၏ နုနယ်သောပါးပြင်ပေါ်မှ အေးစက်စက်အရည်တို့ကို သူ၏ထုထည်ကြောင့်မအေးစေလိုတော့...။အို...ကလေးငယ် သင်ဘာတွေကြောင့်များ မျက်ရည်တွေကို တမ်းချင်းဖွဲ့ပြီး ဤစာကိုရေးနေရပါသလဲ....။

စာရေး၍ ပြီးသွားသည်ထင်။ ကလေးငယ်က ထိုစာရွက်လေးကိုတယုတယ သေသေချာချာ ခေါက်...၊ နောက်စာရွက်လေးတစ်ရွက်ကို စာအိတ်လိုလုပ်ကာ ထိုထဲသို့ထည့်လိုက်သည်။ ပြီးနောက် စာအိတ်လေးကို ဂရုတစိုက်ကိုင်ကာ အခန်းအပြင်သို့ထွက်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။

"မေမေ မရှိဘူးပဲ''

အိမ်ထဲမှာ မည်သူမှမရှိတာ သေချာမှသာ ခြေထောက်ဖြူဖြူလေးတွေကို အားသုံးကာ ပြေးလိုက်ပြီး အိမ်ထဲမှ ထွက်လာခဲ့သည်။ ထို့နောက် သူ၏ ဦးတည်ရာက သုံးလမ်းအကျော်တွင်ရှိသော အိမ်အိုလေးတစ်လုံးဆီ....။ စီးလာသော ဖိနပ်ကလေးမှာလည်း သူ၏အပြေးအရှိန်ကြောင့် တစ်ဖက်ကျွတ်ကျကျန်ခဲ့ရာ နောက်ပြန်သွား၍ ကောက်ခဲ့ရသေးသည်။ လက်ထဲမှ စာအိတ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်...သို့သော်လည်း ခေါက်ရာမပေါ်စေရပါ။ ထိုစာအိတ်လေးကိုဂရုတစိုက်ကိုင်ရင်း သူ့ဦးတည်ရာ အိမ်လေးဆီသို့ ရောက်လာခဲ့သည်။

သို့သော် ကလေးငယ်တွေ့လိုက်ရသည်က ချိတ်ပိတ်ထားသော အိမ်တံခါးနှင့် ခြံဝန်းတံခါး။ ရစ်ဝဲလာသော မျက်ရည်စများအား ဒီတစ်ခါတော့ သူ ခပ်ကြမ်းကြမ်းလက်နှင့် သုတ်လိုက်သည်။ ထိုအိမ်ရှေ့မှာပင် သူဆောင့်ကြောင့်ထိုင်ချကာ ရှိုက်ကြီးတငင်ငိုမိသည်။

From My Tears...Where stories live. Discover now