အခန်း ၃၃ (Unicode+Zawgyi)

2.5K 172 2
                                    

(Unicode)

" တီနှောင်း...ပေးပေး သမီးကို။ အဲ့ဒါ သမီးလုပ်ပါ့မယ်''

အိမ်လယ်ခန်း၏ နံရံမှာ ကပ်ထားပါသော ထမင်းစားပွဲဝိုင်းအပုလေးကို လှိမ့်ယူကာ ချရန်ပြင်ဆင်နေသော တီနှောင်းအား ပန်းမေက ကူကာ စားပွဲဝိုင်းကိုယူလိုက်လေသည်။ထို့နောက် အိမ်လယ်ခန်းမှာချလိုက်ကာ အိမ်နောက်ဖေးမီးဖိုချောင်ထဲမှ ကြွေပန်းကန်တွေနှင့် ဟင်းပန်းကန်တွေကို အပြေးသွားယူလိုက်လေသည်။

" ပန်းမေရယ်...ငါလုပ်ပါမယ်ဟ။ နင်ကလည်း... ''

"သြော်...ငါလည်းစားမှာပဲကို၊ ကူလုပ်ရမှာပေါ့...။ မဟုတ်ဘူးလား?''

"အင်းပါ...အင်းပါ''

ရသလည်းပန်းမေလက်ထဲမှ ပန်းကန်တွေကိုကူသယ်ပေးကာ ထမင်းပေါင်းအိုးထဲမှ ထမင်းကိုခူးခပ်လိုက်လေသည်။ သူတို့ကျောင်းပြန်လာခါနီးမှ အမြဲတမ်းတည်တတ်ပါသော အမေ့ထမင်းပေါင်းအိုးက နွှေးထားသည်ထက်ပို၍ ပူနွေးနေခဲ့သည်။

အမြဲတမ်း အခုလိုမျိုး သူတို့အိမ်မှာ ပန်းမေထမင်းလာစားသည့်နေ့တွေဆိုလျှင် စုံစုံလင်လင်ရှိလှသည်။ စုံစုံလင်လင်ရှိမှလည်း ပန်းမေကလာစားတတ်တာမဟုတ်၊ဟင်းတစ်မျိုးထဲချက်ရင်တောင် လာစားတတ်တာပင်။ သားအမိနှစ်ယောက်ထဲ ဖြင့်သာခြောက်ကပ်နေသော အိမ်က ပန်းမေလာလျှင် စိုစိုပြေပြေ ဖြစ်သွားရသည်။

" ပန်းမေ...စားကောင်းလား?''

" ကောင်းတာပေါ့ တီနှောင်းရ။ သမီးတို့အခုတလော စည်သွပ်ဘူးနဲ့ နှစ်ပါးသွားနေရတာကြာပြီ။ မာမားကလည်း ချက်ပေမယ့် များများစားစားမဟုတ်ပါဘူး''

" ဒီရက်ပိုင်း တီနှောင်းတို့အိမ် လာစားပေါ့သမီးရဲ့''

" ဟုတ်ဟုတ်။ တီနှောင်းမပြောလည်း လာစားမှာ... ဟီး''

ရသက ထမင်းစားနေရင်းနှင့်မှ ကြက်သားတစ်တုံးကို မေမေ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

" တော်ပါပြီ...သားရယ်။ မေမေက ငါးပိချက်နဲ့တင်ဝနေပြီ''

" များများစားမှ အားရှိမှာပေါ့ မေမေရဲ့''

" အေးပါကွယ်...''

မေမေ့ပုံစံက အခုထိ ဖျော့တော့လျက်...။ ဒီနှစ်တွေအတွင်းမှာ မေမေက သူ့အကြောင်းကိုရသအား ပေးမသိစေခဲ့သလို သူ့ကျန်းမာရေးအကြောင်းကိုလည်း အသိမပေးခဲ့။ သားတစ်ယောက်အနေနဲ့ သူ့တာဝန်မကျေသလို ခံစားနေရသည်။ သူကတော့ ငယ်ငယ်လေးထဲက ဖေဖေထားသွားပြီဆိုသောအသိနှင့် မေမေ့အား သူသာလျှင်စောင့်ရှောက်ရမည်ဟု တွေးထားခဲ့သည်။သို့သော် အခုတော့...သူမေမေ့အတွက် ဘာဆိုဘာမှ မလုပ်ပေးနိုင်သေးဘူးပဲ။

From My Tears...Where stories live. Discover now