Chapter - 2

933 179 4
                                    

[Unicode]

နှစ်တွေ တဖြည်းဖြည်းကုန်လွန်သွားခဲ့တယ်။ လျိုယန် ငါနဲ့အတူနေတာ ငါးနှစ်လောက်ရှိပြီ။ အရင်က ပိန်ပိန်ပါးပါးကောင်လေးက အခုတော့ အရမ်းကိုကြည့်ကောင်းတဲ့ ဆယ့်ကိုးနှစ်သားကောင်လေးဖြစ်နေပြီ။

ဒီ‌နှစ်တွေထဲ သူ့အရပ်က အရမ်းရှည်လာတယ်။ သူက ငါ့ထက်တောင် အရပ်ရှည်နေပြီ။ အရင်‌ဆို ငါ သူ့လုပ်ဆောင်ချက်တွေကို သဘောကျတိုင်း သူ့ခေါင်းကိုပုတ်ပေးနေကြ။ အခုတော့ သူ့ခေါင်းကို ငါ လွယ်လွယ်မပုတ်နိုင်တော့ဘူး။ ခေါင်းလေးတစ်ခါပုတ်ဖို့အရေး လက်ကို အစွမ်းကုန်ဆန့်တန်းထားရတာမို့ ငါ သူ့ခေါင်းကိုပုတ်ပေးရမှာတောင် ပျင်းလာတယ်။

"ဆရာ..."

လျိုယန်က ငါ မကြာသေးခင်ကမှ အသစ်တီထွင်ထားတဲ့ဓားသိုင်းကို ကစားပြပြီးတော့ ငါ့ရှေ့ရောက်လာပြီး မျှော်လင့်တကြီးနဲ့ ငါ့ကိုခေါ်တယ်။ သူထုတ်လိုက်တဲ့ ဓားလှိုင်းကြောင့် ဝါးပင်တွေ အလယ်ကနေ တိတိရိရိပြတ်ပြီး လဲကျသွားတာကို ငါကြည့်လိုက်မိတယ်။

လျိုယန်က သိုင်းကွက်ထုတ်ပြီးတာနဲ့ ငါ့ဆီပြေးလာတာ။ ငါက သူ လေ့ကျင့်နေတာကို မနီးမဝေးမှာရှိတဲ့ အပင်ရိပ်အောက်မှာထိုင်ရင်းကြည့်နေတာလေ။ သူ ငါ့ရှေ့ရောက်လာပြီးနောက်မှ ဝါးပင်တွေလဲကုန်တာ။ သဘောအရ‌တော့ သူက ငါ အသစ်ထွင်ထားတဲ့သိုင်းကွက်ကို ကျွမ်းကျင်သွားပြီဖြစ်တဲ့အပြင် ကိုယ်ဖော့ပညာပါ တိုးတက်လာတာပဲ။

ငါ့ရှေ့က ဝါးစားပွဲလေးပေါ်မှာချထားတဲ့ လက်ဖက်ရည်ခွက်ကိုယူပြီး ငါ တစ်ငုံသောက်လိုက်တယ်။ ပြီးတော့ သူ့ကို တစ်ချက်မော့ကြည့်ပြီးပြောလိုက်တယ်။

"မဆိုးပါဘူး။"

ဒီ"မဆိုးပါဘူး"ဆိုတဲ့ စကားလေးက တကယ်တမ်းတော့ မင်းအရမ်းကောင်းကောင်းလုပ်နိုင်တယ်လို့ ပြောတာပဲ။ ငါက ချီးကျူးတာ ရှားတယ်လေ။

ဒါပေမယ့် လျိုယန့်ပုံစံကတော့ နည်းနည်းစိတ်ဓာတ်ကျသွားသလိုပဲ။ သူ့မျက်လုံးတွေက လက်ဖက်ရည်ခွက်ကိုပြန်ချလိုက်တဲ့ ငါ့လက်ဆီမှာရှိနေတယ်။ သူဘာလိုချင်လဲဆိုတာ ငါသိပေမယ့် အခုတော့ ထိုင်နေရာက‌နေ
ထရမှာတောင် ငါပျင်းနေတယ်။ ငါ ခေါင်းခါမိတယ်။

My Disciple Left Me Alone [Completed]Where stories live. Discover now