[Unicode]
ဆရာ...လောကကြီးထဲက အရာအားလုံးကိုမေ့သွားပြီးတဲ့နောက် ကျွန်တော်ပထမဆုံးမြင်ခဲ့တဲ့သူက ဆရာပါ။ အဲ့တည်းက ကျွန်တော် ဆရာ့နောက်လိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
ဆရာက ကျွန်တော့်ကိုကယ်ခဲ့တဲ့သူ၊ ဒီလောကထဲမှာ ကျွန်တော်သိတဲ့ တစ်ဦးတည်းသောသူ။
မျက်နှာထားတင်းတင်းနဲ့ ထပ်လိုက်လာရင် သတ်ပစ်မယ်လို့ပြောနေတဲ့ဆရာ့ပုံစံက ကြောက်ဖို့ကောင်းမနေဘူး။ ဆရာသိလား...လှည့်ထွက်သွားတဲ့ဆရာ့ပုံစံက အရမ်းအထီးကျန်ဆန်နေခဲ့တာကို။ ဒါက ကျွန်တော့်အတွေးသပ်သပ်ပဲဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆရာ့ကိုအဖော်ပြုပေးမယ်လို့ အဲ့တည်းကဆုံးဖြတ်ချက်ချလိုက်ခဲ့ပြီးသား။
နောက်မှတဖြည်းဖြည်းသိလာရတာက ဆရာက ကျွန်တော့်ကို ဆရာ့နောက်တမင်လိုက်ခွင့်ပေးခဲ့တာကိုပါပဲ။ ဆရာသာ ကျွန်တော့်ကို တကယ်ဂရုမစိုက်ရင် ဆရာ့သိုင်းပညာနဲ့ ကျွန်တော့်ကို တောထဲမှာတစ်ယောက်တည်းထားရစ်နိုင်ခဲ့သားပဲ။ ဒါပေမယ့် ဆရာမလုပ်ခဲ့ဘူး။
ဆရာက ကျွန်တော့်ကို ဆရာ့အိမ်မှာနေခွင့်ပေးခဲ့တယ်။ ဆရာလို့ခေါ်စေခဲ့တယ်။ ကျွန်တော် ဆရာ့ဝေယျာဝစ္စတွေအားလုံးလုပ်ပေးတယ်။ ဆရာမျက်နှာသာပေးဖို့မျှော်လင့်ရင်းနဲ့ပေါ့။
ကျွန်တော် ဆရာ့ဆီရောက်တာ အတော်လေးကြာသွားခဲ့ပေမယ့် ဆရာက ကျွန်တော့်ကိုစကားပြောခဲတယ်။ တစ်အိမ်တည်းနေတဲ့လူနှစ်ယောက်က အရမ်းကြီးစိမ်းသက်နေခဲ့တယ်။
တစ်ရက် ကျွန်တော် ဆရာ့စားပွဲပေါ်က စာအုပ်တွေကိုငေးမိတယ်။ ဘာကြောင့်မှန်းမသိဘဲ အဲ့စာတွေကို ကျွန်တော်နားလည်နေတယ်။ အဲ့အချိန်မှာပဲ ဆရာက ကျွန်တော့်ကိုအရင်စမေးလာတယ်။ စာဖတ်တတ်လားတဲ့။ ဖတ်တတ်နေပုံရပေမယ့် ဆရာ ကျွန်တော့်ကို စာသင်ပေးရင် ကျွန်တော်တို့နှစ်ယောက် ပိုရင်းနှီးလာမယ်ထင်လို့ လိမ်ဖြစ်ခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲ။ ဆရာ ကျွန်တော့်ကို စာသင်ပေးခဲ့တယ်။
စာသင်ပြီးနောက်မှာ ကျွန်တော့်အလုပ်တွေထဲ တာဝန်တစ်ခုထပ်တိုးလာတယ်။ ဆရာ့ကိုစာဖတ်ပြတဲ့အလုပ်ပေါ့။ ဒီအလုပ်လုပ်ရတာ ကျွန်တော်အရမ်းပျော်ပါတယ်။ တစ်ခါတစ်လေ ဆရာက ကျွန်တော်စာဖတ်ပြတာနားထောင်ရင်း အိပ်ပျော်သွားတတ်ရဲ့။
YOU ARE READING
My Disciple Left Me Alone [Completed]
Historical FictionTitle : My Disciple Left Me Alone Start Date : 7. 5.2021