ဆေးပြီးသား ပန်းကန်၊ခွက်တွေကို အဝတ်နဲ့ရေသုတ်နေတဲ့ ဝမ်လေးက တစ်စုံတစ်ခုကိုတွေးတောနေဟန် ငြိမ်ချက်သားကောင်းနေတယ် ။ စားပွဲလေးမှာ တစ်ယောက်တည်းထိုင်နေတဲ့ ရှောင်းကျန့်ကတော့ နေ့လယ်က လိမ်ခဲ့တဲ့ကိစ္စကို အခုပဲဝန်ခံလိုက်ရင် မှီလောက်သေးလား စဉ်းစားနေတာ ။
ဟုတ်တယ်လေ ။ ညနေက သူတို့နှစ်ယောက်ဘာတွေပြောခဲ့ကြမှန်းသူမှ မသိတာ ။ တကယ်လို့များ မန်နေဂျာကုက ထုတ်ပြောခဲ့တယ်ဆို သေချာပေါက် ဝမ်လေးက သူ့ကိုစိတ်ခုနေမှာ သေချာတယ် ။
"ဝမ်လေး"
"အင်း.."
"ဟို ..ဟိုလေ ..အဲ့ဒါ "
"အကုန်ပြီးပြီ ရှောင်းကျန့်...အိပ်ရအောင်"
ရေသုတ်ဝတ်ကို ဘေးက တန်းလေးပေါ်လှမ်းလိုက်ပြီးတာနဲ့ ဝမ်လေးက အိပ်ခန်းထဲ တန်းဝင်သွားတယ် ။ ရှောင်းကျန့်က သက်ပြင်းကို ဟင်းခနဲနေအောင် ချလိုက်ရင်း နောက်ကလိုက်သွားတယ် ။ ကိစ္စက သူထင်ထားသလို မသေးတာတော့မှန်တယ် ။
ဟိုဘက်လှည့်အိပ်နေတဲ့ကျောပြင်ကျယ်ကို ရှောင်းကျန့် နောက်ကနေ တိုးဖက်လိုက်တယ် ။ ဝမ်လေးက သူ့ကိုကျောခိုင်းနေတဲ့ အနေအထားက အသက်တောင် ကောင်းကောင်းရှူမရလောက်အောင် ဒုက္ခပေးလွန်းလို့ ။
နှမြောစရာကောင်းတာကတော့ ထိုညက သူ ဒီတိုင်းအိပ်ပျော်သွားခဲ့တာပဲ ။ ဝမ်လေးကို ချော့ဖို့ရာ စိတ်ထဲမှာ စကားလုံးတွေစီနေရင်း ကျောပြင်လေးကသက်တောင့်သက်သာရှိလွန်းလို့ မသိလိုက်ခင်မှာပဲ သတိလက်လွတ်ဖြစ်သွားခဲ့တာ ။
ဒါပေမဲ့ ထူးဆန်းစွာပဲ နောက်နေ့မနက်ကျတော့ အရာအားလုံးက ပုံမှန်လိုပြန်ဖြစ်သွားတယ် ။ ဝမ်လေးချက်တဲ့မနက်စာရယ် ၊ မီးဖိုထဲက အနမ်းကြမ်းကြမ်းတွေရယ် ၊ အကုန်လုံးက ခါတိုင်းလိုပဲ ။
တစ်ချိန်တည်းမှာပဲ သူတွေးလိုက်တာ မန်နေဂျာကုက ထုတ်မပြောခဲ့တာပဲ ဖြစ်နိုင်မယ်လို့လေ ။ ဝမ်လေးက သူ့ကိုတစ်ချက်မှ မထိပဲ အိပ်ရာဝင်သွားခဲ့တဲ့ ကိစ္စကတော့ သူ(ဝမ်လေး)အိမ်က ပြန်လာပြီး တစ်ခုခုစိတ်ရှုပ်ထွေးနေလို့ပဲနေမှာ ။ ခါတိုင်းလည်း ဝမ်လေးက သူ့အဖေသခင်ကြီးဆိုတဲ့လူနဲ့တွေ့လာတဲ့နေ့တွေဆို အမြဲတမ်း ထူးဆန်းနေတတ်တာမလို့ ။