'အနာဂတ်လူ´ မိဘမဲ့ဂေဟာ ။
အခန်းနံရံတွေက အနည်းငယ်ညစ်ပေနေပြီး အရောင်ကမှိုင်းလွန်းတယ် ။ အိုနေပုံရတဲ့သံကုတင်နှစ်ဆင့်ထပ်က အခန်းရဲ့ ညာဘက်ထောင့်မှာကပ်လို့ပင် ။
ကုတင်နား ခပ်နီးနီးစားပွဲတစ်လုံးပေါ်မှာတော့ စာရွက်အနည်းငယ်နဲ့ ခဲတံတစ်ချောင်း ၊ ပြီးတော့ ဖယောင်းရောင်စုံတစ်ချို့ရော ရှိတယ် ။ စားပွဲတင်နာရီတစ်လုံး ၊ ဖန်ခွက်တစ်ခွက် ..။
နံရံခပ်ညစ်ညစ်အနှံ့အပြားပေါ်မှာ ကပ်ခံထားရတဲ့ ခဲသားပုံတွေဟာ ထင်မထားရလောက်အောင် လက်ရာမြောက်တယ် ။ စုတ်ချာနေတဲ့ ဒီလိုနံရံပေါ်မှာ လုံးဝမရှိနေသင့်တဲ့ အရည်အသွေးမျိုးပဲ ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါကလူနှစ်ယောက်စာအတွက် သိပ်ကိုကျဥ်းတဲ့အခန်းလို့ ယူဆရမှာပါပဲ ။ ဒါပေမဲ့ မြင်နေရတဲ့ ပြတင်းပေါက်အကြီးတစ်ခုကြောင့် အရမ်းကြီးကျပ်သိပ်နေတာမျိုးတော့မဟုတ်ဘူး ။
မကြာခင်ပဲ တံခါးက အသံမြည်လာပါရဲ့ ။ ခပ်စုတ်စုတ်တံခါးက အားနဲ့ဆွဲဖွင့်ခံရတော့ ချက်ချင်းကျိုးသွားတော့မယ့်အတိုင်း ။
အဲ့ဒီနောက် အသက်ရှူသံပြင်းပြင်းက တိတ်ဆိတ်နေတဲ့အခန်းထဲ ကျယ်လောင်စွာ ထွက်လာတယ် ။ အေးစက်စက်မျက်ဝန်းတွေနဲ့အတူ ဘာအမူအရာမှ ရှိမနေတဲ့မျက်နှာပြင်ဖြူဖြူလေး ။
အဲ့ဒီလိုမျက်နှာနဲ့ကောင်လေးက ဘေးဘီတစ်ချက်ကြည့်လို့ အောက်ထပ်ကုတင်ပေါ်ဝင်ထိုင်လိုက်တယ် ။ ပုံစံမကျစွာ ဖွာကျနေတဲ့ ကော်ဖီရောင်ဆံစလေးတွေကို ခပ်ကြမ်းကြမ်းပွတ်သပ်လို့ ပြန်ပိတ်သွားတဲ့ အခန်းတံခါးကို စူးစူးစိုက်စိုက်ကြည့်နေလေရဲ့ ။
နှစ်စက္ကန့်လောက်ကြာပြီးနောက်မှာ တံခါးစုတ်လေးက နောက်တစ်ကြိမ်ဖွင့်ခံရပြန်တယ် ။ ထိုအခါတော့ အရပ်နည်းနည်းရှည်တဲ့ တခြားကောင်လေးက လက်နှစ်ဖက်ကိုနောက်ပစ်ရင်း တစ်လှမ်းချင်းလှမ်း၊ ခပ်နှေးနှေးဝင်လာတယ် ။
"ဝမ်လေး"
ရီချင်သလိုလိုဖြစ်နေတဲ့မျက်နှာကို မတရားတည်တင်းထားပုံပဲ ။ ထိုကုတင်ဘေး ငြိမ်ငြိမ်လေးမတ်တပ်ရပ်လိုက်ရင်း မွေးကင်းစကလေးသေးသေးလေးကို အူယားနေသယောင် ရွှင်မြူးရိပ်မျိုးပါတဲ့မျက်ဝန်းတွေနဲ့ကြည့်ရင်း ခေါ်လိုက်တယ် ။