ပါးစပ်ကိုလက်နဲ့အုပ်ပြီးတော့ အံ့သြနေကြသူတွေရယ် ၊ ပိုက်ထားတဲ့လက်မောင်းနှစ်ဖက်ကို ခပ်နာနာပွတ်ပြီး ကြက်သီးထကြောင်း ရေရွတ်နေသူတွေရယ် ၊ ခေါင်းကိုဟိုဘက်ယိမ်း ဒီဘက်ယိမ်းနဲ့ မြင်ရသလောက် အထဲကို ကဲကြည့်နေတဲ့သူတွေရယ် ..။ ကားပေါ်ကဆင်းဆင်းချင်းမြင်ကွင်းကတော့ ထိုကဲ့သို့ထုံးစံအတိုင်းပါပဲ ။
တာဝန်ကျတစ်ယောက်က သူ့ကိုမြင်တော့ အားတက်သရော မျက်နှာထားနဲ့ပြေးလာပါတယ် ။ ခေါင်းတစ်ချက်ငြိမ့် နှုတ်ဆက်ပြီးတော့မှ မတ်တပ်ရပ်နေကြတဲ့ အဲ့ဒီလူတွေကို ရတဲ့နည်းနဲ့ အိမ်ပြန်လွှတ်လိုက်ဖို့အကြောင်း မှာပြီး ဆိုင်ထဲဝင်လိုက်တယ် ။
'နိဟောင် '
(ပင်မင်းဆိုင်နာမည်)ကြိုးအဝါရောင်ကြီးအောက်ကို သူငုံ့ဝင်လိုက်တယ် ။ နီးကပ်သွားတဲ့နေရာနဲ့အတူ လှိုင်လှိုင်ထနေတဲ့သွေးညှီနံ့က ထောင်းခနဲ ။
"အခြေအနေဘယ်လိုရှိလဲ "
သူ့အမေးကို အရင်ရောက်နှင့်နေတဲ့ဂျူနီယာယန်ချန်းက ခပ်သွက်သွက်ဖြေတယ် ။
"နစ်နာသူ မိန်းကလေး
လူသတ်မှုပါ ဆရာ""လက်နက်ကတော့ ရှာမတွေ့သေးပါဘူး "
"ခန့်မှန်းကြည့်ရသလောက်တော့ ဓါးမြှောင်အသေးဖြစ်ပုံရတယ်"
"လိင်ပိုင်းဆိုင်ရာတော့ သံသယဖြစ်စရာမတွေ့ထားဘူး"
"ဝမ်းဗိုက်မှာ ထိုးခံထားတဲ့ အကြီးဆုံးဒဏ်ရာ လေးခုရယ် ၊
နောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြစ်ထားတဲ့အရာတွေ ၊ မွှန်းထားတဲ့အရာတွေလည်း အများကြီးတွေ့ရပါတယ်"
"ပြီးတော့ ...အင်း"
သူ့ဘေးက ပွင့်နေတဲ့ အဝတ်လျှော်စက်ကို မသက်မသာကြည့်လို့ သက်ပြင်းတစ်ချက်ချတယ် ။
"အဝတ်လျှော်စက်ထဲကို ထည့်ပြီးလှည့်လိုက်သေးတာပေါ့"
"ဟုတ်ပါတယ် "
မနေ့ညကမှ ဖြစ်ထားတဲ့အမှုဖြစ်လို့ လတ်ဆတ်ပြီး မခြောက်သေးတဲ့ သွေးတွေဟာ တစက်စက်ကျနေတယ် ။ အပြင်ရောက်နေတဲ့ အလောင်းကြောင့် ကြမ်းပြင်မှာလည်း ထိုသွေးတွေဟာ စိုစိစိုစိ ။