Chapter 10

557 67 13
                                    

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 10

ဆရာသခင်၏​အချစ်ဆုံးတပည့်

ဝမ်ရှန်းသည်ကား ချင်းမင်၏တပည့်သုံးယောက်ထဲတွင် ချင်းမင် ဆရာသခင်၏ အချစ်အခံရဆုံးနှင့် အလိုလိုက်အခံရဆုံးတပည့်ဖြစ်လေသည်။ ဝမ်ရှန်းမှာ ချင်းမင်ကဲ့သို့ပင် ဖြောင့်မှန်သည်၊ တစ်ဖက်သားကို ဘယ်သောအခါမှ ဒုက္ခမပေး အကူအညီသာပေးတတ်သည်။ ငွေကြေးနှင့် ပကာသနများကိုလည်း စိတ်မဝင်စားဘဲ ပညာသင်ရန်သာအာရုံစိုက်နေတတ်သည်။ စည်းမျဥ်းစည်းကမ်းမှန်သမျှကိုလည်း ဆရာသခင် ပြောသည့်အတိုင်း တသွေမတိမ်း လိုက်နာလေရာ ချင်းမင် ဆရာသခင်ငယ်ရွယ်စဥ်ကပုံစံနှင့်ပင် တူနေလေသည်။

ဝမ်ရှန်းမှာ ထိုကဲ့သို့ ကြင်နာတတ်ကာ စည်းကမ်းလိုက်နာလွန်းသူတစ်ဦးဖြစ်သော်လည်း အမှားကတော့ခဏခဏလုပ်မိလေသည်။ သူသည် သမိုင်းဘာသာရပ်သင်ချိန်တွင် သတိထားနေသည့်တိုင် အိပ်ငိုက်သွားတတ်သည်။ ထိုကဲ့သို့ အိပ်ငိုက်တတ်သည့်ဝမ်ရှန်းအကြောင်းကိုသိပြီးသည်နှင့် ဆရာသခင်သည် အပြစ်ပေးရမည့်အစား ဆိတ်ဆိတ်နေကာစာသင်ခန်းထဲတွင် စိတ်ကိုရွှင်လန်းတက်ကြွစေသည် အမွှေးအိုးလေးများကို ထားလိုက်သည်။ လက်နက်ဗေဒကိုသင်ချိန်တွင် အဖိုးကြီးမားလှသည့် ရှေးဟောင်းလက်နက်ရတနာများကို စမ်းသပ်ကိုင်တွယ်ရင်း ဝမ်ရှန်းက မကြာခဏဖျက်ဆီးမိလေရာ ဆရာသခင်က ထိုလက်နက်များကို အခြားဆရာသခင်များ မသိခင် အမြန်ပြင်ဆင်ပြီး ဘာမှမဖြစ်လိုက်သလိုလေး နေရာတကျပြန်ထားတတ်သည်။ မိစ္ဆာငယ်များကိုဖမ်းဆီးချုပ်နှောင်သည့် လက်တွေ့လေ့ကျင့်ခန်းများလုပ်သောအခါတွင်လည်း ဆရာသခင်သည် ဝမ်ရှန်း၏မနီးမဝေးတွင် အမြဲရှိနေတတ်ပြီး တပည့်ဖြစ်သူအား တိတ်တဆိတ်စောင့်ရှောက်ပေးနေတတ်သည်။

ရိုးအလှသော တပည့်သုံးဦးစလုံးကတော့ ဝမ်ရှန်းအပေါ် ချင်းမင်၏ထိုကဲ့သို့ မျက်နှာသာပေးမှုများကို နည်းနည်းလေးတောင် သတိမထားမိပါလေ။

ယနေ့တွင်တော့ ချင်းမင်ဆရာသခင်သည် တပည့်သုံးဦးနှင့်အတူ တောင်ထွတ်တွင် ရှိနေကာ တပည့်များအား စိတ်ငြိမ်စေရန် တရားထိုင်ခိုင်းထားသည်။ ချင်းမင် သည် တောင်စောင်းတွင် ရပ်နေရင်း ဝမ်ရှန်းကိုယ်ပေါ်တွင်ရှိနေသည့် မိစ္ဆာအငွေ့အသက်အကြောင်းကို တွေးတောနေမိသည်။ ဝမ်ရှန်း၏ ကိုယ်ပေါ်တွင် မိစ္ဆာအငွေ့အသက်ရှိနေသည်မှာတော့ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ဝမ်ရှန်းသည် မိစ္ဆာမဟုတ်။ မိစ္ဆာတစ်ကောင်၏ ဒုက္ခပေးခြင်း၊ ပြုစားခြင်း၊ မိစ္ဆာက လူသားဝိဥာဥ်ကိုခိုကပ်ကာ စားသုံးခြင်း စသည့် မကောင်းသော အခြင်းအရာများ ရှိနေသည်လည်း မဟုတ်။ သို့ပါသောကြောင့် ဆရာသခင်သည် ထိုအငွေ့အသက်အကြောင်းကို အချိန်ကြာမြင့်စွာတွေးတောနေမိသည်။ လူကို ဒုက္ခပေးလိုခြင်းရည်ရွယ်ချက်မရှိသည့် မိစ္ဆာအငွေ့အသက်သည် အဘယ်ကြောင့်ဝမ်ရှန်း ဆီတွင် ပူးကပ်နေရပါသနည်း။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now