အရိုင်းလေကလေး နွေးလှသည် ( episode 9)
--------------------------------------- ငယ် - နှောင်း
နွေးထွေးလှစွာသော ယုယမှုများကို ဦးနိုင်ထံမှ အချိန်အကန့်အသတ်တစ်ခုကြာ ရရှိပြီးနောက်တွင် သူ့ဘဝဇာတ်ကြောင်းကို လှစ်ပြဖို့အတွက် အားအင်အတော်အတန်လုံလောက်ခဲ့ပါပြီ။
ထမင်းစားပွဲဝိုင်း၏ တစ်ဖက်တစ်ချက်ဆီတွင် နှစ်ယောက်သားမျက်နှာချင်းဆိုင် ထိုင်မိသည့်အချိန်ကား အပြင်တွင် အမှောင်ဦးသန်းစပြုနေပါသည်။ မိုးတွင်းကာလမဟုတ်ပါပဲနှင့် ပုစဉ်းရင်ကွဲသံကဲ့သို့ စူးစူးလျလျအော်မြည်သံများကို သူ့နားထဲခပ်စစကြားနေရပါသည်။ ပေါင်းအိုးမှ ရေနွေးဆူသံခပ်သဲ့သဲ့ကိုလည်း အတိုင်းသားကြားနေရသည်အထိ မီးဖိုခန်းအတွင်း တိတ်ဆိတ်ခြောက်ကပ်နေလေ၏။ စားပွဲပေါ်တင်ထားသော လက်နှစ်ဖက်ကိုရှပ်ကာ ဦးနိုင်ကို ဝေမှုန်မှုန်ကလေးစိုက်ကြည့်ရင်း သက်မမြှင်းမြှင်းတစ်ချက်ချသည်။ ထို့နောက် သူ၏ဘဝကို အစဖော်လေ၏။
" ညီတို့ ဖြစ်တည်မှုတွေမှာ ရွေးချယ်ခွင့်မရှိခဲ့ဘူး ဦးနိုင်၊ ဝဋ်နာကံနာလို့ အစက ကိုယ့်ကိုယ်ကိုအလိုမကျဖြစ်ခဲ့ဖူးပေမဲ့ ဦးနိုင်နဲ့တွေ့ပြီးနောက်ပိုင်း ဒီဘဝလေးကို သာယာတတ်လာတယ်လို့ ပြောရင် ညီ့စကားကို မျက်စိမှိတ်ပြီးယုံကြည်ပေးပါ...."
" ကျွန်တော် ငယ်လေးကိုယုံပါတယ်......"
" ညီငယ်ငယ်တုန်းက အိမ်ကစီးပွားရေးအစဉ်မပြေဘူး....၊ ဖေဖေကလည်း အရက်ရဲ့သားကောင်ဖြစ်ပြီး ညတိုင်း မေမေနဲ့ရန်ဖြစ်တယ်၊ ဘဝမှာကြောက်စရာအကောင်းဆုံးအချိန်တွေက အဲ့ဒီအချိန်တွေပဲ ဦးနိုင်၊ ကိုကြီးက ဆယ်တန်းအောင်တာနဲ့ကျောင်းဆက်မတက်ပဲ ကုန်ကားလိုက်တယ်၊ ကိုငယ်ကျတော့ အလယ်တန်းကတည်းက ကျူရှင်မှာပဲ ညအိပ်ညစားနေတယ်၊ အိမ်မှာ ညီတစ်ယောက်တည်းရယ်၊ ညီ့ရဲ့ကြောက်ရွံ့မှုတွေကို ဝေမျှခံစားပေးမဲ့သူမရှိခဲ့ဘူး၊ ညီ့ရဲ့ နာကျင်မှုတွေကို ရင်ဖွင့်ပြောနိုင်တဲ့အဖော်မရှိခဲ့ဘူး၊ ဒီကြားထဲ နွဲ့ပြီးနေရာတကာကြောက်တတ်လို့တဲ့ မေမေကအမြဲဆူပူကြိမ်းမောင်းပြီး ရိုက်တတ်သေးတယ်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အမှားဆိုပြီး ခေါင်းစဉ်တပ်အရိုက်ခံရတော့ ကိုယ့်ကိုယ်ကိုတောင် ကြောက်ရွံ့တတ်လာမိတယ် သိလား ဦးနိုင်....."
YOU ARE READING
- ငယ် - နှောင်း
General Fictionအချစ်ကြောင့် စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်တွေ ဖောက်ဖျက်မိသည့်အခါ.....