episode 4 Unicode

365 19 0
                                    

- ငယ် - နှောင်း episode(4)
------------------------

"ကျွန်တော်ထိုင်မယ်နော်....."

ဒီတစ်ကြိမ်တော့ စတင်ခွင့်တောင်းရသူမှာ ဦးမင်းနိုင်ဖြစ်လေ၏။

လှိုက်ခနဲဝမ်းမြောက်သွားမှုကို ညီလေးငယ်ခံစားလိုက်ရသည်။ အ​​​​ခြေအနေက တစ်ဆင့်တက်သွားပြီဖြစ်၍ ကျေလည်းကျေနပ်မိ၏။

သို့ရာတွင် ညီလေးငယ်သည် အံ့သြမှုကိုလည်းမပြ ဖော်ရွေမှုကိုလည်းမပြ မျိုသိပ်လျက်သာ မလှုပ်မရှပ်ငေးနေပါသည်။

သူ့စကားလမ်းကြောင်းနောက်သို့ ညီလေးငယ်ကမလိုက်လာသောအခါ အနေအထိုင်အေးဆေးလွန်းသည့် ဦးမင်းနိုင်မှာ ရှေ့ဆက်ဘာဆက်ပြောရမလဲမသိဖြစ်ရကာ တံတောင်ကိုထောက်လျက် လက်ညိုးလက်မဖြင့် သူ့နှုတ်ခမ်းကို အတွင်းမှအပြင်သို့ပွတ်သပ်လိုက်သည်။

ထို့နောက် ကိုင်ထားသော ဂျင်ခွက်ကို အနည်းငယ်မြှောက်ပြီး ချီးယားဟုတိုးတိုးရေရွတ်၏။ ရှက်နေသည့် ဦးမင်းနိုင်အမူအရာကို ကြည့်ရင်း ညီလေးငယ် ဟားချင်နေမိသည်။ သို့သော်လည်း နှုတ်ခမ်းလေးအနည်းငယ်လှုပ်ယုံမျှသာ ခနဲ့သဲ့သဲ့ပြုံးလေ၏။

"ကျွန်​တော့်ဆီမှာ ဝီစကီကုန်နေပြီဗျ..."

ဦးမင်းနိုင်သည် "အော်..."ဟု ရေရွတ်ကာ နောက်တစ်ခွက်မှာရန် ဝိတ်တာကိုခေါ်လိုက်သည်။

"ကောင်လေးထပ်သောက်ဦးမယ်မို့လား ကျွန်တော်မှာလိုက်မယ်နော်......"

ညီလေးငယ်ခပ်သော့သော့လေး ခေါင်းညိတ်ပြလိုက်သည်။ ပြီးနောက်ပြုံးရယ်မိ၏။ ပြုံးရယ်ရသည်မှာ ဦးမင်းနိုင်သုံးနှုန်းလိုက်သော နာမ်စားတွေကြောင့်ဖြစ်သည်။ သူ့ကိုယ်သူ ကျွန်တော်တဲ့၊ ညီလေးငယ်ကိုကျ ကောင်လေးတဲ့။ သမရိုးကျလူတွေက ထိုကဲ့သို့သိပ်မသုံးနှုန်းဘူးမဟုတ်လား။ ကိုယ့်ထက်ငယ်သူကို ညီဟုသုံးမည်။ ကိုယ့်ကိုယ်ကိုတော့ ကိုယ်ဟုသုံးလိမ့်မည်။ ခုတော့ သူ့အသုံးအနှုန်းတွေက ညီလေးငယ်အတွက်ထူးဆန်း​နေပြီး ချိုမြိန်သော စိတ်လှုပ်ရှားမှုတစ်ခုကိုလည်းခံစားစေရသည်။

"ကျွန်တော့်နာမည် မင်းနိုင်ပါ၊ ဒီကကောင်လေးနာမည်က..."

တစ်နေ့က သူ့အမည်ကိုမိတ်ဆက်ပေးခဲ့ပြီးမဟုတ်လား။ ညီလေးငယ်ရင်ထဲ မျက်ခနဲအောင့်သွား၏။ အမည်ကို မှတ်မိနေအောင်ထိ သူကအလေးထားသင့်တဲ့သူတစ်ဦးမဟုတ်သေးဘူးပဲပေါ့...။ အို...ခုမှစတွေ့ဖူးတဲ့ လူတစ်ဦးရဲ့အမည်ကို တစ်ခါပြောယုံနှင့်မှတ်မိနေရအောင် သူက မင်း​လိုစိတ်ဝင်စားနေတာမှမဟုတ်တာ ညီလေးငယ်။ ဘာကြောင့်များ အဆင့်တွေကျော်ပြီး မျှော်လင့်နေရသလဲ။

- ငယ် - နှောင်းWhere stories live. Discover now