ဘာကို ယုံလို့ မှုန်နံ့သာတွေ ထပ်ခြယ်နေရဦးမှာလဲ။
အမှန်တရားက သွေးနီရောင် မျက်နှာဖုံးတွေအောက်မှာ ပုန်းကွယ်လို့။
ရာမ ခေါင်းနဲ့ ဘီလူးက ခပ်ကြိတ်ကြိတ်ပြုံးပြတယ်။
အစွယ်မှာတော့ အနာဂတ်တွေနဲ့။
သန်းခေါင်ယံဟာ ခါတိုင်းထက် ပိုဆူတယ် အမေ။
ငါတို့သွေးကို မီးစာယူ၊ ရှင်သန်ခြင်းတွေ လောင်မြှိုက်နေတဲ့ ကောင်းကင်ဟာ စိမ်းတယ်။
လက်ထဲက နှလုံးသားက လှမ်းမေးတယ်။
နာသွားသေးလားတဲ့။
ထုံထိုင်းနေတဲ့ ဦးနှောက်တွေက အဖြေမဲ့။ဟော။ ရောင်နီလာပြီ။
အလင်းရောင်ကတော့ စုန်းစုန်းမြှုပ်။
ငါ့အတိတ်တွေ လှပါစေ။ အနာဂတ်ကိုတော့ အရောင်တွေ ဆိုးပစ်လိုက်။
စိတ်ကူးထဲမှာ ရှင်သန်နိုင်ဖို့ အတောက်ပဆုံး မန်မရီကို ကောက်နုတ်။
လာပါ... ပျော်စရာ ဂါထာကို အသက်သွင်းလိုက်စို့။