အရာရာက မှောင်မည်းနေတယ်။
အတိတ်မရှိ၊ အနာဂတ်မသိ၊ ပစ္စုပ္ပန်နတ္ထိ။
ငါ၊သူတစ်ပါး၊ယောက်ျား၊မိန်းမ အားလုံးက အနတ္တပဲ။ မရှိခြင်းတရားတွေထဲက ချစ်ခြင်းတရားကို ဆွဲထုတ်ရင် အချစ်ဟာ ဘယ်မှာစတင်ပြီး ဘယ်မှာဆုံးသလဲ။ဝိဉာဉ်တစ်ကောင်ဟာ ငိုယိုမြည်တမ်းနေတယ်။ သူ့လိပ်ပြာဟာ အရင်လို မလန်းဆန်းဘူးတဲ့။ ငရဲလိုနေရာမျိုးမှာ ဘယ်ပန်းပွင့်နိုင်မှာလဲ။
တစ်နေ့လုံး တစ်ညလုံး မင်းကိုမြင်ေယာင်တယ်၊ လွမ်းဆွတ်တယ်၊ တမ်းတတယ်၊ မင်းနမ်းရှိုက်ဖို့ ငြင်းဆန်ခဲ့တဲ့ ငါ့နှုတ်ခမ်းတွေ ခါးသလား မသိချင်ဘူး။
ထိုက်တန်ခြင်း၊ မထိုက်တန်ခြင်း၊ အစိုးရခြင်း၊ မရခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း ပညတ်တွေကြားမှာ ခံစားချက်တစ်ခုကို ရေလောင်းပေါင်းသင်။ ကြီးပြင်းလာတော့မှ အတ္တပင်ဖြစ်နေမှန်းသိခဲ့။ ဘာဆက်လုပ်ကြမှာလဲ။
မင်းထားခဲ့တဲ့နေရာမှာ ငါနေကျန်ရစ်ခဲ့မယ်။ မင်းပြန်လာရင် ငါပျော်မယ်။ မင်းလှည့်မကြည့်ရင် ငါလည်းကျောခိုင်းမယ်။ ဒါပေမဲ့ ချစ်တုန်းပဲ။
ဘဝတစ်ခုစတယ်၊ ပြီးရင် အဆုံးသတ်ရမယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘာတွေ ဘယ်လိုဖြစ်မလဲ... ကြယ်ခိုးကြယ်ငွေ့သမ်းနေတဲ့ ကောင်းကင်မှတ်တမ်းမှာ လူတွေက အဖြေရှာတယ်။
လိုချင်တဲ့သူနဲ့ လိုအပ်တဲ့သူ ဘယ်သူ့အမှားပိုများသလဲ။ ဓားသွားပေါ်က ပျားရည်ကို မြိန်မြိန်ယှက်ယှက် ငါတို့လျက်ခဲ့ကြ။ နွံမှန်းသိလျက် ပျော်ပျော်ကြီး ခုန်ဆင်းခဲ့ကြ။ အငတ်မပြေနိုင်မှန်း သိနေပါလျက်နဲ့ ဆားငန်ရေတွေ တစိမ့်စိမ့်သောက်နေခဲ့ကြ။
အတိတ်မရှိ၊ အနာဂတ်မသိ၊ ပစ္စုပ္ပန်နတ္ထိ။
အရာရာဟာ မှောင်မည်းနေဆဲ။