အချစ်ဦးမဟုတ်ခဲ့သည့် အချစ်ဦး-၂
အကိုနှင့်ပထမဦးဆုံးတွေ့ပြီး ပြန်လာသည့်လမ်းတစ်လျှောက် ကျွန်တော်တောက်လျှောက်ငိုနေမိခဲ့တယ်။ ကျွန်တော်ရဲ့ ခံစားချက်တွေကို ဖွင့်ဟဖို့ မဝံ့ရဲခဲသလို အကို့ဆီက ကျွန်တော်နဲ့ပတ်သတ်တဲ့ တစ်ချို့စိတ်ခံစားချက်တွေ ဖြစ်လာဖို့လည်း မမျှော်လင့်ခဲ့မိပါဘူး။ ပထမဦးဆုံး အပြင်မှာတွေ့တာဖြစ်ပေမဲ့ အကို့ရဲ့ လှုပ်ရှားနေတဲ့ဟန်ပန်တွေ အပြုံးတွေက ကျွန်တော်နှင့်အတူ ပါလာတယ်ဆိုပြီးခံစားမိသည်။
အထူးခြားဆုံး အမှတ်ရနေမိသည်က အကို့ဆီကနေ ရရှိခဲ့တယ့် ကိုယ်သင်းနံ့တစ်ခုပါပဲ။ အဲ့ဒီအရာက အထွေအထူးမဟုတ်ပါဘူး သာမန်ရေမွှေးနံ့တစ်ခုပါပဲ။ ယောက်ျားဆန်ဆန် အနံ့မျိုးလို့ ပြောရမလား တစ်မျိုးလေးပါပဲ။ အကို ကျွန်တော့ကို ဖက်လိုက်တဲ့အချိန်မှာ ကျွန်တော် ရလိုက်တဲ့ အနံ့ကလေးပေါ့။ နောက်တော်တော်ကြာမှ သိလိုက်ရသည်က အဲ့ဒီရေမွှေးတံဆိပ်နာမည်က charlie whiteတဲ့။ ဈေးသိပ်မကြီးသလို အကိုတို့ တက္ကသိုလ်ကျောင်းသားတွေအတွက်တော့ သုံးပျော်သည်တဲ့။ အကိုအဲ့ဒီရေမွှေး အကြောင်း ပြန်ပြောပြနေစဉ်တုန်းက ကျွန်တော်ရင်တွေခုန်ခဲ့မိသည်။ အကိုက ကျွန်တော့်ကို ပထမဆုံးအကြိမ်တွေ့ဖို့ သေချာပြင်ဆင်ခဲ့တာပဲဆိုတာကို သိလိုက်ရတဲ့ အတွက်ကြောင့်ပါပဲ။
ကျွန်တော်ကျောင်းတက်နေသည့်မြို့ကလေးကို ပြန်ရောက်တော့ ကျွန်တော် နှစ်ပတ်လောက် စာမလုပ်ဖြစ်သလို အတန်းလည်းပြေးနေခဲ့မိသည်။ အတန်းပြေးတာကို အကိုမကြိုက်ဘူးဆိုတာ ကျွန်တော်နားလည်ပေမဲ့ နွေဦးရဲ့ တိုက်ခတ်နေတဲ့ လေရူးလေးရဲ့ ကျီစယ်နေတဲ့ ရာသီဥတုမှာတော့ ကျွန်တော် အကို့ကို လွမ်းတာအပြင် စာမလုပ်ချင်ခဲ့ပါဘူး။ နွေရာသီမှ ကျွန်တော်အကို့ကို လွမ်းတာ မဟုတ်သလို... မိုးရာသီမှာလည်း မိုးစက်လေးတွေမြင်တိုင်း အကို့ကို သတိရသလို ဆောင်းရာသီရောက်တော့လည်း အအေးဓာတ်ပိုကဲလာတိုင်း အကို့ကို လွမ်းရပါသေးသည်။ ကျွန်တော်သိပ်ရူးတာပဲနော် ကိုယ့်အပေါ် ခံစားချက်ရေရေရာရာမရှိခဲ့တဲ့ သူတစ်ယောက်အပေါ် ကိုယ်နဲ့ ဘာမှ မဆိုင်ပဲ တစ်ဖတ်သတ်ကြီး လွမ်းနေခဲ့ရတယ်လို့...