အချစ်ဦးမဟုတ်ခဲ့သည့်အချစ်ဦး -၃
"ငါသူနဲ့ ချစ်သူတွေဖြစ်နေပြီသိလား ငါ့ကိုနားလည်ပေးမယ် ငါနဲ့ သဘောတူပေးမယ်မဟုတ်လား"ဆိုပြီး အမ အဲ့စကားပြောလာသည့်အချိန်က ကျွန်တော် အရမ်းဆွံ့အ မိသည်။ ဘာကြောင့်များ ဒီစကားပြောရက်နိုင်တာပါလိမ့်။ ကျွန်တော်ဘယ်လောက်ထိများ အကို့ကို ချစ်ခဲ့သလဲဆိုတာ အမ မသိတာလည်းမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလွဲရင် အကို့ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာ အမ အသိဆုံးပါ ယုံကြည်ထားခဲ့တယ် ရင်ဖွင့်မိခဲ့တယ် ဒါပေမဲ့ ကျွန်တော့်အပေါ် လုပ်ရက်ခဲ့တယ်။
အဲ့ဒီစကားကြားသည့်နေ့က ကျွန်တော့်စိတ်ထဲ ဘယ်လို ခံစားရသလဲဆိုတာ ပြောမပြတတ်လောက်အောင်ပါပဲ။အကို့ကို ဆုံးရှုံးလိုက်ရလို့ထက် သူငယ်ချင်း မိတ်ဆွေကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ပိုပြီး ဝမ်းနည်းနေခဲ့တယ်ဆိုတာ အမ လုံးဝသိခဲ့မှာမဟုတ်ဘူး။ ကိုယ်ယုံကြည်မိခဲ့တဲ့သူတစ်ယောက်က ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးလိုက်တဲ့ခံစားချက်မျိုး အမနားလည်လောက်မှာမဟုတ်ပါဘူး။
အဲ့ဒီနေ့ကတော့ ကျွန်တော့်ကို အမရဲ့ အပေါင်းအပါတွေက ဝိုင်းဝန်းပြောကြတယ်။ နင်နဲ့...က မဖြစ်နိုင်တဲ့ဟာ အမနဲ့ဖြစ်သွားတော့လည်း ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်တာတဲ့လား။ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ဖြစ်နေတာနဲ့ပဲ အကိုနဲ့ တစ်ဘဝလုံးစာ အတူတူမရှိနိုင်တော့တဲ့ အတွက်ကြောင့် အမနဲ့ သဘောတူပေးလိုက်ပါတဲ့လား ကြည်ဖြူပေးလိုက်ပါတဲ့လား။ ဘယ်လောက်တောင် လူမဆန်တဲ့စကားတွေလဲ အကိုနဲ့ကျွန်တော်နဲ့ ချစ်သူတွေ မဖြစ်ခဲ့ဘူးမှန်တယ် အကိုကျွန်တော့်ကို မကြိုက်ခဲ့ဘူးမှန်တယ်။ အကို တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေပြီဆိုတဲ့ သတင်းကြားတယ် ကျွန်တော်ဘယ်လိုမှ မနေခဲ့ဘူး အကို့အပေါ်နားလည်ပေးနိုင်ခဲ့တယ်။
အခုလည်း အတူတူပဲ ကျွန်တော် အကိုနဲ့ အမနဲ့ ချစ်သူတွေဖြစ်သွားတာကို ဝမ်းသာပေးနိုင်ပါတယ်။ ဒါပေမဲ့ဗျာ ကိုယ်ဒီလောက်ထိ ချစ်ပါတယ် ချစ်ခဲ့ပါတယ်ဆိုပြီး အကို့အကြောင်း အတွင်တွင် ပြောခဲ့မိ ရင်ဖွင့်ခဲ့မိတဲ့သူတစ်ယောက်က အကိုနဲ့ ချစ်သူတွေ ဖြစ်နေပြီဆိုတာ ဘယ်လိုနားလည်မှုပေးရမှာလဲ။ ဒီကိစ္စက ကျွန်တော့်ဘဝအတွက်တော့ သေရာပါပဲ။ ကိုယ်အရမ်းခင်ခဲ့တဲ့ အမတစ်ယောက်က ကိုယ့်အပေါ် လုပ်ရက်တယ်ဆိုတဲ့ စိတ်ရယ်... အကို့အနေနဲ့ ကျွန်တော်နဲ့အမ ခင်မင်မှုကို သိနှင့်နေခဲ့တာတောင်မှ ကျွန်တော့်အပေါ် တစ်ချက်ကလေးမှ မငဲ့ကွက်ခဲ့ဘူးဆိုတဲ့ စိတ်က ပိုနာကျင်ရပါတယ်။