Tik Ti Too (Chapter 4)

51 3 0
                                    

"ဟေ့ကောင်တွေ ..... မင်းတို့ ေ-ာက်သံမထွက်စေနဲ့။ မင်းပထွေးက နားပါးတယ်ဟ"

ငတူး၏ ခြိမ်းခြောက်မှုကြောင့် မိုးမလင်းသေးဘူး ရွာထဲသို့ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာခဲ့ကြသော ဘခက်နှင့် နီတာတို့မှာ လမ်းတစ်လျှောက် ပွစိ ပွစိရွတ်လျက် ဆဲဆိုကြိမ်းမောင်းနေကြသည်။

မကူညီပေးလျှင် ဒီတစ်ခါမြို့တက်ပါက ဘီယာဆိုင် ပေးမထိုင်ဘူးဟု အပြတ်ခြိမ်းခြောက်ထားသည်လေ။

တောဓားပြများဖြစ်သည့်အလျောက် သူတို့နှင့် အနီးစပ်ဆုံးမှာ ရွာထိပ်ရှိ ထန်းရည်ဆိုင် သို့မဟုတ် ရွာထဲရှိ ဘုံဆိုင်ကလေးပင် ဖြစ်သည်။ ဒါဟာလည်း ရွာသူကြီးအေးမောင် မျက်နှာကြည့်ပြီး ထိုင်ရသည် မဟုတ်ပါလား။

လောလောလတ်လတ် သူတို့၏ အကြီးမားဆုံး အိပ်မက်ကို ပြောရလျှင် မြို့သားတွေလို ဘီယာဆိုင်ထိုင်ဖူးချင်လှသည်။ ဘီယာဟူသော အရသာကိုလည်း မြည်းစမ်းချင်လှသည်။ သို့သော် ခိုးကြောင် ခိုးဝှက်မြို့တက်ကာ ပစ္စည်းရောင်း၊ ပြီးလျှင် ရွာ အမြန်ပြန်နှင့် တစ်ခါမှ ဘီယာသောက်ဖို့ အခွင့်အရေးမရခဲ့။ စာမတတ် ပေမတတ်များ ဖြစ်သည့်အလျောက် ဆိုင်ကြီး ကနားကြီးများတွင် ဝင်ထိုင်ရမှာလည်း အနည်းငယ် ရှိန်နေပြန်သည်။

အခုရက်ပိုင်း ငတူးတစ်ယောက် မြို့ပေါ်ရှိ လူတစ်ဦးနှင့် အရောင်းအဝယ်ကိစ္စ စကားပြောရင်း မတော်တဆ ခင်မင်လာကာ ထိုသူမှ ငတူးအား ဘီယာဆိုင် လိုက်ပို့ပေးမည်ဟု ကတိပေးခဲ့သည်။ ငတူးတို့ အခွင့်ကောင်း အခါကောင်းကိုလက်လွတ်မခံ။ သူငယ်ချင်း ၂ ယောက်အား တပါထဲခေါ်လာမည်ဟုဆိုကာ ရက်အတိအကျဖြင့် အချိန်းအချက် ပြုခဲ့လေသည်။

ငတူး၏ အပေါင်းအပါ နှစ်ဦးမှာ ဘီယာဆိုင် ထိုင်ရမည့်အရေး ဖင်တကြွကြွ။ ချိန်းထားသည့်နေ့ မရောက်မချင်းပြောမဆုံးနိုင်ဖြစ်နေလေသည်။ ကြားဖူးနားဝရှိသည့် အစားအစာများအား ရေရွတ်ကာ စားရမည့် စာရင်းထဲ ထည့်လိုက်၊ စားချင်တာများ ထပ်ဖြည့်လိုက်ဖြင့် ဒီရက်ပိုင်း ဘီယာဆိုင်အကြောင်းပြောရင်းဖြင့်သာ အချိန်ကုန်နေကြသည်။

Tik Ti TooWhere stories live. Discover now