My Blue Neighborhood (BL)

2.6K 174 8
                                    

(Unicode)

“အို့အို့  ဖရန့်ကီရေ  သွားရအောင်။”

ဖွင့်ထားသော ပြတင်းပေါက်မှ တစ်ဆင့် ကြားလိုက်ရသော အသံအေးလေးကြောင့် ကျွန်တော် ခပ်ရေးရေး ပြုံးလိုက်မိသည်။

အချိန်ကျပြီ။

လက်ထဲ ကိုင်ထားသော စုတ်တံကို ချက်ချင်း ချကာ စိတ်လောကြီးစွာဖြင့် အိမ်အောက်ထပ်သို့ အပြေးအလွှား ဆင်းမိသည်။
ခြံထဲသို့ မထွက်သေးခင် ခြေလှမ်း အနည်းငယ် အလိုမှ ကြိုတင်ဝတ်ထားပြီးသား လမ်းလျှောက်ဝတ်စုံကို သေသေသပ်သပ် ဖြစ်အောင် ပြန်ပြုပြင်ဖို့ သတိရတော့သည်။

ဧည့်ခန်း ဗီဒိုမှန်မှ ကိုယ့်ပုံစံကိုယ် စိတ်တိုင်းကျပြီဆိုကာမှ ဖိနပ်ကြိုးကို သေချာစွာ ချည်နိုင်တော့သည်။

ခြံတံခါးဝမှ ထွက်လိုက်ချိန်နှင့် တစ်ဖက်လူ ကျွန်တော့်ခြံရှေ့ရောက်လာချိန်က ခါတိုင်း အကြိမ်တွေကဲ့သို့ အံကိုက်ပင်။

“အိုး ကောင်းသော ညနေခင်းပါ Mr. William ”

တစ်ဖက်လူ နှုတ်ဆက်တာကို ကျွန်တော် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းသော ညနေခင်းပါ Mr.Smith.  ဖရန့်ကီနဲ့ လမ်းလျှောက် ထွက်မလို့လား။ ကျွန်တော်လည်း ခုပဲ လမ်းလျှောက်ထွက်မလို့။ အတူတူ လျှောက်ကြတာပေါ့။”

ခါတိုင်းအကြိမ်တွေလိုပင် ထိုလူက ပြုံးကာ ခေါင်း ပြန်ညိတ်ပြသည်။ သို့သော်လည်း ထုံးစံအတိုင်းပင် နှုတ်ခမ်းပေါ်က အပြုံးတွေက ညိုဖန့်ဖန့်မျက်ဝန်းတွေဆီသို့ ရောက်မလာခဲ့။

အေးချမ်းသော ရာသီဥတုလေးနှင့် တိတ်ဆိတ်သော ပတ်ဝန်းကျင်ကြောင့် ပန်းချီများအပေါ် ပိုမိုအာရုံစိုက်နိုင်မည်ဟု တွေးမိကာ ဤခြံလေးကို ငှားရမ်းခဲ့ခြင်းဖြစ်သော်လည်း တကယ်တမ်းတွင်တော့ နေထိုင်စဥ် ခြောက်လလုံးလုံး ကျွန်တော့်ပန်းချီတွေထက် ဘေးခြံက ထိုလူကိုသာ ပိုအာရုံစိုက်နေခဲ့မိသည်။

အိမ်စပြောင်းလာသည့်နေ့ ကျွန်တော် ပတ်ဝန်းကျင်က လူများကို လိုက်မိတ်ဆက်ချိန်ကတည်းက ယဥ်ကျေးပျူငှာသောအပြုံးနှင့် မလိုက်ဖက်စွာ ခံစားချက်မဲ့နေသော ထိုမျက်ဝန်းတွေကို ကျွန်တော် အတော်လေး မှတ်မှတ်ရရ ဖြစ်ခဲ့သည်။ စာရေးဆရာတစ်ယောက်ဖြစ်ကာ ယခု လက်ရှိ တစ်ယောက်တည်းနေသည်ဆိုတာကလွဲ၍ အခြား ဘာအကြောင်းအရာမှ ကျွန်တော် သိခွင့်မရခဲ့။ ကျွန်တော့် တော့်၏ တောင်စဥ်ရေမရ မိတ်ဆက်စကားတွေကိုသာ ဘာမှ ဖြတ်မပြောဘဲ ခပ်ပြုံးပြုံးနားထောင်ပေးခဲ့သည်။ ယုတ်စွအဆုံး အိမ်ထဲဝင်ပါအုံးဟူ၍ပင် ဖိတ်ခေါ်ခြင်းမပြုခဲ့။

One Shot Collection Where stories live. Discover now