(Unicode)
အကယ်၍များ စီးကရက်ဘူး ဝယ်ကတည်းက မီးခြစ်ပါ တွဲဝယ်ဖို့ သတိရခဲ့ရင်...
ခပ်လှမ်းလှမ်းက ခုံတန်းညို တစ်ခုကို သတိမထားမိခဲ့ရင်...
ဝေ့ခနဲ ထွက်လာတဲ့ စီးကရက်အခိုးအငွေ့တွေက ကျွန်တော် မမြင်ခင် မြူမှုန်တွေနဲ့အတူ ခပ်မြန်မြန် ရောပါသွားခဲ့ရင်...လှပလွန်းတဲ့ ဂယောက်ဂယက် ဆောင်းအိမ်မက်လေးနဲ့ လွဲသွားဖို့ ဖြစ်နိုင်ချေ ရှိမလား ကျွန်တော် တွေးမိတယ်။
မီးတစ်တို့လောက်လို့ ကျွန်တော် ပြောလိုက်တဲ့ အချိန် မော့ကြည့်တဲ့ မျက်ဆံတွေက နက်မှောင်လွန်းတယ်။
ခုံတန်းလေးပေါ်မှာ ကျွန်တော် ဝင်ထိုင်လိုက်ချိန် ပင့်ကြည့်တဲ့ မျက်ခုံးတွေက ခပ်တန်းတန်း။
စီးကရက် မီးကူးပေးနေတဲ့ လက်ချောင်းတွေရဲ့ လှပမှုက ပတ်ဝန်းကျင်က ခပ်လှမ်းလှမ်းက အလှမီးပုံးတွေရဲ့ အရောင်အသွေးကိုတောင် မှေးမှိန်သွားစေတယ်။အေးလိုက်တာနော်လို့ ကျွန်တော် စကား စ မိတော့ ပြင်ဦးလွင် ဟေမန်ဦးမှာ အေးတာ ထူးဆန်းလို့လားတဲ့။
အယောင်ယောင် အမှားမှားနဲ့ နာမည် ဘယ်လိုခေါ်လဲ မေးမိတော့ Mist တဲ့။
ဒူးယားပဲ သောက်တတ်တာလားလို့ မေးတော့ ဘယ်ဟာကများ အဲ့တာထက် ဈေးသက်သာသေးလို့လဲတဲ့။ခုံတန်းညိုလေးပေါ်မှာ ရည်ရွယ်ချက်မဲ့ အချိန် အကြာကြီး ထိုင်နေမိတယ်။
အပေါ် ဂျာကင် တစ်ထပ်တည်း ဝတ်ထားတာကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့် မတတ်နိုင်ခဲ့ဘူး။
ဆောင်းလေအဝေ့တိုင်း ဝဲခါသွားတဲ့ ရှေ့ဆံနွယ် အနက်ရောင်လေးတွေက သိပ်ကို ကဗျာဆန်လွန်းနေတာကိုး။ည ဆယ်နှစ်နာရီ မထိုးခင်မှာဘဲ ထူးဆန်းမှုလေး Mist က ထပြန်သွားတယ်။
ဒီမှာ အမြဲ ထိုင်နေကြလား။
နောက်နေ့ ရှိအုံးမှာလား ဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်ခဲ့ပေမယ့် ခပ်သေးသေး သူ့ ကျောပြင်လေးကိုတော့ ကျွန်တော် လိုက်ငေးကြည့်ဖြစ်တယ်။ဒါပေမယ့် နောက်ညမှာလည်း သူက ဒီ ပုံစံအတိုင်း ရှိနေတုန်းပါပဲ။
နောက်ည၊ နောက်ည...ညတိုင်းနီးပါး သူက ခုံတန်းညိုလေးပေါ်မှာ ရှိနေဆဲ။
ကျွန်တော်ကလည်း မီးခြစ်ဝယ်ဖို့ မေ့ချင်ယောင်ဆောင်နေဆဲ။
နှစ်ယောက်အတူ မြူတွေ မှုန်မှိုင်းနေတာကို တိတ်တိတ်ဆိတ်ဆိတ် ငေးကြည့်ဖြစ်နေဆဲ။
YOU ARE READING
One Shot Collection