သူမနဲ့စကားပြောပြီး အိမ်ကိုပြန်ရောက်တိုင်း အချိန်တွေကုန်တာနှေးလွန်းလှသည်။ အခုလည်း ကြာမြင့်လွန်းလှတဲ့ ထိုအချိန်တွေကို ကျော်ဖြတ်ရင်း သူမအလုပ်ဆင်းတဲ့ချိန်ကို ရောက်ခဲ့ပါပြီ။
" ဟယ် ထက်ရှား ဘယ်သွားမလို့လဲ "
" အော် မမေ ဒီလိုပါပဲ လမ်းလျှောက်တယ်ပဲပြောရမလား... ဒါနဲ့ မမေ ပြန်တော့မို့လား ကျွန်တော်လိုက်ပို့ပေးမယ်လေ။ ဟို..... လမ်းလျှောက်ရင်းနဲ့ပေါ့ 😁😁 "
သူမနဲ့တူတူအချိန်နည်းနည်းထပ်ရှိချင်သေးတာကြောင့် တစ်ခါမှလမ်းမလျှောက်တဲ့ကျွန်တော် လမ်းလျှောက်ခြင်းကို ဆင်ခြေပေးလိုက်သည်။
" ရပါတယ် ထက်ရှားရဲ့ နေပါစေ... ကိုယ့်ဘာသာကိုယ်ပဲ ပြန်လိုက်ပါ့မယ်။ အိမ်ကလဲ အရမ်းဝေးတာမှမဟုတ်တာ အားနာစရာကြီး.. "
" ရပါတယ် မမေရဲ့ ကျွန်တော်လည်း လမ်းလျှောက်ဖြစ်တာပေါ့ "
" ကဲပါ မငြင်းတော့ပါဘူး လိုက်ပို့ပေး ဟုတ်ပီလား "
ကျွန်တော်နဲ့ ခင်သည်ဆိုပေမယ့် အရမ်းရင်းနှီးခြင်းမဟုတ်တော့ သူမအားနာလို့နေသည်။
ကျွန်တော် သူမမျက်နှာလေးကိုကြည့်လိုက် စကားပြောလိုက်နဲ့ လျှောက်လာလိုက်တာ သူမအိမ် ရောက်တော့မည်ထင်သည်။
ထူးဆန်းစွာပဲ ကျွန်တော်နဲ့ဒီပတ်ဝန်းကျင်က ရင်းနှီးနေသလိုပင် ခံစားမိနေသည်။ အမြဲလိုလို လာခဲ့ဖူးသည့်နေရာကဲ့သို့ပင်....
ပတ်ဝန်းကျင်အနေအထားက ကျွန်တော်နဲ့မစိမ်းနေပဲ ရင်းနှီးနေသယောင်.....
" မမေ ဟို ဒီနားဝန်းကျင်မှာ အားကစားရုံတို့လို ကစားကွင်းငယ်လေးတို့လိုရှိလား "
" ကစားကွင်းတော့မရှိဘူး အားကစားရုံတော့ရှိတယ် ဟိုး.....နား မှာလေ "
" ဒါကြောင့်ကို ကျွန်တော် ဒီနေရာနဲ့ ရင်းနှီးနေတယ်ထင်နေတာ ကျွန်တော် ဒီမှာလာကစားဖူးတယ် "
အားကစားရုံတွင် ကစားခဲ့သည်က ကျွန်တော်ငယ်စဉ်ကပင်ဖြစ်သည်။
" ဟုတ်လား အိမ်က ငယ်လေးလည်း ကစားဖူးတယ် သေချာတွေးကြည့်မှ ငယ်လေးနဲ့ထက်ရှားက ရွယ်တူလောက်တော့ရှိမယ်ထင်တယ် "
" တိုက်ဆိုင်လိုက်တာနော် မမေ "
သူမ လမ်းလျှောက်နေရင်းက ရုတ်တရက်လှည့်လာရင်း.....
" ထက်ရှား ကျေးဇူးပါပဲနော်။ အိမ်လိုက်ပို့ပေးလို့ "
" ဟင်.... ဒါက မမေရဲ့အိမ်လား "
ရုတ်တရက်တွေ့လိုက်ရတဲ့ အိမ်ငယ်လေးကြောင့် ကျွန်တော်အံအားသင့်သွားသည်။
" omm ဟုတ်တယ်လေ ဒီအိမ်ပဲလေ ဘာလို့လဲ "
" ဟို..... ဟို..... "
ဒီအိမ်လေးကို မှတ်မိတာပေါ့ ကျွန်တော်မကြာခဏ ဝင်ထွက်ခဲ့တဲ့ အိမ်လေး.....
" ဟာ ထက်ရှား မင်းဒီကိုဘယ်လိုရောက်လာတာ... အော် မမ ပြန်ရောက်ပြီလား ဟမ် ဘာလဲ တူတူလာကြတာလား.... "
" ငယ်လေး သူ့ကိုသိလို့လား "
" သိတာပေါ့ ကျွန်တော့်သူငယ်ချင်းကို မင်းကွာပြန်လာတာတောင် ငါ့ကို အသိမပေးဘူး "
နိုင်ငံခြားကိုမသွားခင်အထိ မကြာခဏဝင်ထွက်ခဲ့တဲ့ အိမ်လေးမှာနေတဲ့ ကျွန်တော့်ငယ်သူငယ်ချင်း မင်းသက်ပိုင်... ငယ်ငယ်က တူတူရှိခဲ့ပေမယ့် နိုင်ငံခြားသွားပြီးတည်းက အဆက်အသွယ်ပျက်သွားခဲ့တဲ့ ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်.....
" ပိုင်ကြီး နေကောင်းတယ်မလား ငါတို့မတွေ့ဖြစ်တာ နှစ်ချီနေပြီနော်။ "
" ဟုတ်ပါ့ကွာ တွေ့ချင်တော့လည်း တိုက်ဆိုင်ချက်ပဲကွာ ဘာပဲဖြစ်ဖြစ် မင်းနဲ့ပြန်တွေ့ရတာ ငါ ဝမ်းသာတယ်ကွာ "
ကျွန်တော်တို့ သတိရကြောင်း စကားတွေကို အဆက်မပျက်ပြောနေရင်း တစ်ယောက်နဲ့ တစ်ယောက် အလွမ်းသယ်နေလိုက်သည်။ အရင်တည်းက အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ ကျွန်တော်တို့ နှစ်ယောက်က အရင်ကထပ် ပိုရင်းနှီးလာတော့ မမေရဲ့အိမ်ကို အဝင်အထွက်ပိုများလာခဲ့သည်။
အချိန်တွေကြာလာတော့ မမေကို အိမ် ၊ Coffeeဆိုင်၊ Company မှာတွေ့ရင်းနဲ့ပဲ ခင်မင်ရင်းနှီးမှုတွေက တစ်စတစ်စတိုးလို့ပင်လာတော့သည်။
တဖြည်းဖြည်း စိုပြည်လာတဲ့ ကျွန်တော်ရဲ့ဘဝလေးကို ကျွန်တော်ကျေနပ်လို့ပင်နေသည်။ မမေ နဲ့ ပတ်သက်သမျှအကောင်းအဆိုးတွေကို ခံနိုင်အောင်ကျွန်တော်ကြိုးစားလာခဲ့သည်။ ဘယ်အရာတွေ ဘယ်လိုပဲပြောင်းလဲနေပါစေ ကျွန်တော် မမေဘက်က အမြဲရပ်တည်မယ်လို့ ဘုရားရှေ့မှာပင် သစ္စာဆိုတိုင်တည်ခဲ့သည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့ ခင်မင်ရင်နှီးမှုတွေကနေ အဆင့်တက်လို့ကျွန်တော်နဲ့ မမေ ချစ်သူတွေဖြစ်ခဲ့ကြသည်။ ချစ်သူတွေဖြစ်လာခဲ့ပေမယ့် တစ်ရက်တစ်လေ စိတ်ဆိုးစိတ်ကောက်မရှိဘဲ တစ်ဦးနဲ့တစ်ဦး ချစ်ခဲ့ကြသည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ကလျော့နည်းမှုမရှိပဲ ပိုပိုတိုးလို့ခိုင်မြဲခဲ့ကြသည်။ ကျွန်တော်တို့ အတူရှိနေတဲ့အချိန်တွေဆိုရင် အချိန်ကုန်မှန်း မသိသလို တစ်ယောက်ပေါ်တစ်ယောက် အချစ်တွေနဲ့ ရစ်တွယ်နှောင်ဖွဲ့ခဲ့ကြသည်။ ခုချိန်ရောက်မှ ကျွန်တော့်ဘဝထဲက မမေထွက်သွားခဲ့ရင် ကျွန်တော်တစ်ယောက်တည်း ဘယ်လိုမှနေနိုင်မှာ မဟုတ်ပါ..... မမေကလည်း ထိုနည်းအတိုင်းပါပဲ။
ကျွန်တော်တို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်သောနေ့......
ကျွန်တော်တို့ချစ်သူနှစ်ယောက်ချိန်းတွေ့နေကြနေရာလေးမှာ ချိန်းထားခဲ့ပေမယ့် မမေရောက်မလာခဲ့ဘူး။ စိတ်ပူတာကတစ်ကြောင်း သတိရတာကတစ်ကြောင်းနဲ့ ဖုန်းကိုဆက်တိုက်ခေါ်ခဲ့မိသည်။
1st
2nd
3rd........ ဆယ်ကြိမ်ထပ်မက ဖုန်းမကိုင်တဲ့ မမေကြောင့် ပိုစိတ်ပူလာခဲ့သည်။
