အခန်း ၁/၂

292 32 2
                                    

(Unicode)

အခန်း ၁.၂ ― ခက်ခဲနက်နဲသော အတိတ် ( ၂ )

“ တကယ် တိုက်ဆိုင်လိုက်တာနော် ”
ဟုန်းရှောင်ယွိကလည်း သက်ပြင်းချလို့ ရှစ်ယီကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်သည်။

အသွင်အပြင်အားဖြင့်ဆိုရလျှင် ရှစ်ယီက အများကြားထဲတွင် အလှဆုံးဖြစ်သည်။ မျက်နှာအစိတ်အပိုင်းလေးတွေနှင့် ကောက်ကြောင်းတွေသည် ဖောင်တိန်တစ်ချောင်းနှင့် အနုစိတ် ခြယ်မှုန်း ဆွဲသားထားသကဲ့သို့ဖြစ်၏။ သူမရဲ့အလှတရားက ထိတ်လန့်ရလောက်အောင် မဟုတ်ပေမယ့် သာမန်လူတစ်ဦးနှင့်တော့ ကွဲပြားသည်။ အထူးသဖြင့် လူတစ်ယောက်ကိုကြည့်လိုက်ချိန်မှာ သူမမျက်ဝန်းတွေက သိပ်ကို တောက်ပသည်။ လူ့အသိုင်းအဝိုင်းကထွက်ပြီး အချောအလှများစွာကို မြင်ဖူးထားသည်ဆိုလျှင် စစ်မှန်သောအလှတစ်ပါး၏ မျက်ဝန်းတွေဟာ အမြဲတမ်း တောက်ပပြီး တိမ်ဖုံးခံရမှာ မဟုတ်ကြောင်း နားလည်ပေလိမ့်မည်။ 

အရေးကြီးဆုံးအချက်မှာ ရှစ်ယီက သိပ်ကို ရှေးဆန်သည်။ သူမပခုံးတွေပေါ်စေမည့် ဘယ်အဝတ်ကိုမှ မဝတ်။

ရိုးရှင်းလှပသော မိန်းကလေးသည် ရှားပါးသော ရတနာတစ်သွယ်ဖြစ်၏။

ဟုန်းရှောင်ယွိ ထိုသူ့ကို လှည့်ကြည့်မိပြန်သည်။

အာ. . .ရှိပါစေတော့လေ. . .သူမသူငယ်ချင်းက သူ့ကို သဘောကျတယ်ဆိုရင် သူ့မျက်နှာက အရေးမကြီးပါဘူး. . .။

“ တကယ် တိုက်ဆိုင်ပါတယ် ”
သူက ပြောရင်း တစ်ခါသုံး တူတွေကို ကောက်ယူဆွဲခွာလိုက်ကာ ဖွာထွက်နေသော သစ်သားမျှင်လေးတွေ ပြောင်ရှင်းသွားအောင် တူအချင်းချင်း ပွတ်တိုက်လိုက်သည်။
“ ရှီးအန်းကို အပန်းဖြေထွက်လာကြတာလား ”

သူမ စကားပြန်လိုက်သည်။
“ ရှောင်ယွိက ဒီမှာ အင်တာဗျူးရှိလို့လေ။ ရောက်တုန်းရောက်ခိုက်လေး လည်ဖို့ပတ်ဖို့လည်း စီစဥ်ထားပါတယ် ”

တစ်ချိန်လုံး ခေါင်းငုံ့ပြီး စားနေသည့် သူမတို့ ရိုက်ကူးရေးသမားက နှုတ်ခမ်းတွေသပ်ပြီး တူကိုချကာ လုပ်ငန်းလိပ်စာကတ်ပြားကို သူ့ထံကမ်းပေးလေသည်။

One Life, One Incarnation ― Beautiful Bones《Myanmar Translation》Where stories live. Discover now