[Unicode]
" ချစ်တယ် ဘတ်ခ်ဟျွန်းနီး "
သူ့ပါးပြင်နှစ်ဖက်ကို ကြင်နာယုယစွာ ထွေးပွေ့ထားခဲ့တဲ့ ချန်ယောလ်က နူးညံ့ကြင်နာမှုအပြည့်ရှိတဲ့ မျက်ဝန်းဝိုင်းတွေနဲ့ သူ့ကိုစိုက်ကြည့်ပြီး ထိုစကားကို ဆိုခဲ့သည်။
ထိုနေ့က အရှက်သည်းနေခဲ့တဲ့ ဘတ်ခ်ဟျွန်းက ချန်ယောလ်ရဲ့ ချစ်မျက်ဝန်းတွေရဲ့ ဒဏ်ကို မခံနိုင်ဘဲ ကျောင်းစာကြည့်တိုက်မှ ထွက်ပြေးလာခဲ့မိပါသည်။
ထို့နောက် နှစ်ရက်ကြာပြီး ယနေ့မှာတော့ သူ့နှလုံးသားလေးက နည်းနည်းလေးခံနိုင်ရည်ရှိသွားပြီမို့ ကျောင်းပိတ်ရက် နှစ်ရက်အတွင်း ပိတ်ထားမိခဲ့သော ဖုန်းကို စက်ဖွင့်လိုက်ပြီး မနက် စာသင်ချိန်မစခင်တွင် ကျောင်းရှေ့က ကော်ဖီဆိုင်လေးတွင် သူ့ကို လာတွေ့ပါရန် ချန်ယောလ်ဆီသို့ Msg ပို့လိုက်သည်။
_____________
" ချလွင် "
ထွက်ပေါ်လာတဲ့ Wind Chime သံတိုးတိုးလေးက တံခါးဝကို ကျောပေးထိုင်ပြီး တည်ငြိမ်ချင်ယောင်ဆောင်နေခဲ့တဲ့ ဘတ်ခ်ဟျွန်းကို တုန်ယင်သွားစေခဲ့သည်။
" ဘတ်ခ်ဟျွန်းနီး "
နူးညံ့နွေးထွေးတဲ့ အသံလေးက နားစည်ကို ရိုက်ခတ်လာချိန်မှာတော့ ရင်ဘတ်ထဲမှ နှလုံးသားငယ်ကပါ တသိမ့်သိမ့်တုန်ယင်သွားတော့သည်။
ဘယ်လိုလုပ်ရမလဲ ... ဘာစပြောရမလဲ ?
မျက်ဝန်းများကို မှိတ်ချလိုက်ပြီး လက်သီးကိုတင်းတင်ဆုပ်ထားလိုက်တဲ့ ဘတ်ခ်ဟျွန်းဟာ ဘာစကားစပြောရမလဲပင် မသိတော့တာကြောင့် ထိုင်နေရာမှ ထပြေးရင် ကောင်းမလားဟု တွေးမိသွားသည်။
" ရောက်နေတာကြာပြီလား ? "
ဝတ်ထားတဲ့ ကုတ်ရှည်လေးကို ချွတ်ပြီး ခုံလက်တန်းပေါ်တင်လိုက်တဲ့ ချန်ယောလ်က ပေါ့ပေါ့ပါးပါးပင် ခုံမှာဝင်ထိုင်ပြီး ပြုံးကာမေးလေသည်။
တည်ငြိမ်နေလိုက်တာ !!
အလိမ္မာဆုံးကျောင်းသားလေး ချန်ယောလ်က ဒီနေ့ သူ့ဆီမှ အဖြေရမည်ကို သိနေတာတောင် တည်တည်ငြိမ်ငြိမ် ရှိနေသေးတာမို့ ဘတ်ခ်ဟျွန်း နှာခေါင်းရှုံ့လိုက်သည်။