ရန်ကုန်မြို့၏ ညနေခင်းသည် အသက်ဝင်သည်ထပ်ဆိုတာထက် အတော်ပိုနေသည်။ မျက်စိတစ်ဝိုက်အကွာအဝေးအတွင်းပင် ရာချီသော လူတွေ၊ မရေတွက်သည့် ကားတွေ၊ ဝမ်းရေးအတွက် ကြိုးစားရုန်းကန်နေသည့် များပြားလွန်းသော စျေးသည်တွေနှင့် ပြည့်နေသည့် ဤမြင်ကွင်းများသည် ပုံမှန်အချိန်တွင် စိတ်ရှုပ်လွယ်သော ကျွန်တော့်အတွက် အင်မတန်ခေါင်းနောက်စရာတွေ ဖြစ်နေလိမ့်မည် ဖြစ်သော်လည်း ယခုတွင်မူ မတူ။ကျွန်တော့်ဘေးတွင် ကျွန်တော်ချစ်ရသည့် ညီ ရှိသည်လေ။ ဘေးလွယ်အိတ်လေးကို လွယ်ကာ နို့နှစ်ရောင်ရှပ်အင်္ကျိီတစ်ထည်နှင့် ကျွန်တော့်ကောင်လေးသည် ကျွန်တော့်အား အကောင်းမြင်စိတ်တို့ကို ဖန်တီးပေးစွမ်းနိုင်သည်။ ကျွန်တော့်နံဘေး သူရှိလျှင် စိတ်ရှုပ်စရာ ပတ်ဝန်းကျင်သည်ပင် စိတ်ရှုပ်စရာ ဖြစ်မနေသလို။
"ဘာစားချင်လဲ ကို" ... ညီက ဈေးဆိုင်များကို ဝေ့ဝဲကြည့်လျှက် ကျွန်တော့်အား မေးသည်။ ကျွန်တော်သည်လည်း စားစရာဆိုင်တွေက များလွန်းလှသောကြောင့် ဘာစားရမယ်မှန်း မသိ။ ညီသည်လည်း ကျွန်တော့်လိုပဲ ဘာစားရမှန်းမသိ ဖြစ်နေသည် ထင်သည်။ ဟိုဒီကြည့်ရင်း ခဏအကြာမှ
"ငါးကင် စားကြမလား ညီ"
"ဟုတ် ... ကို့သဘော"
"ဘယ်ဆိုင်ကောင်းလဲ ညီ" ...ဒီနားတစ်ဝိုက်တွင် ငါးကင်ဆိုင်တွေပင်လျှင် ဆယ်ဆိုင်နှင့်အထက် ရှိသောကြောင့် မေးရခြင်း ဖြစ်သည်။
"ညီလည်း သေချာမသိဘူး"ဟု သူပြောသောကြောင့် နောက်ဆုံးတွင် ကျွန်တော်တို့နှစ်ယောက် အနည်းငယ်ပ်ို၍ သပ်ရပ်တဲ့ ဆိုင်လေးကို ရွေးချယ်ဖြစ်ခဲ့ကြသည်။ ဆိုင်ရှေ့ရောက်ကာစမှာပင် "ဘာစားကြမလဲ သားလေးတို့"ဆိုပြီး ဆိုင်ရှင်အန်တီကြီးမှ ဖော်ဖော်ရွေရွေနှုတ်ဆက်လေသည်။
"ငါးကင်က ဘယ်လ်ိုရောင်းလဲ အန်တီ"
"3500,4000,4500 သားလေး... ရေဘဝဲသုပ်၊ပြည်ကြီးငါးသုပ်လေးတွေလည်း ရတယ်နော်၊ နောက်ပြီး ကြက်သားသုပ်၊ ကြက်ခြေထောက်သုပ် ကြက်အသဲအမြစ်သုပ်လေးတွေလည်း ရတယ် သားလေး" ... ဈေးသည်တို့၏ အတတ်ပညာထဲမှာ အရေးအကြီးဆုံးဖြစ်သည့် နှုတ်ချိုခြင်းကို ကျွမ်းကျင်ပုံရသည့် အန်တီကြီးမှာ "သားလေး"ဆိုတာကို ပါးစပ်ဖျားက မချ။
YOU ARE READING
ထာဝရဖြစ်စေ ....
Romance"လောကမှာ ဘယ်အရာမှ ထာဝရ မတည်မြဲကြဘူး"တဲ့ ... ဒါဆို ကျွန်တော်တို့ နှစ်ယောက်ကရော .......