𝙲𝚑𝚊𝚙𝚝𝚎𝚛 (38) {𝚄𝚗𝚒𝚌𝚘𝚍𝚎+𝚉𝚊𝚠𝚐𝚢𝚒}

2.1K 281 231
                                    

🐻unicode🐻

"မမနွယ် ခန့်ခန့်ဒီမှာရောက်နေတယ်မလား!"

ဟိန်းကနဲမြည်ဟည်းလာသည့်စကားသံနှင့်အတူ အိမ်ပေါ်ထပ်နှင့်အိမ်အောက်ထပ်ကိုဆက်သွယ်ထားသည့်ကျွန်းလှေကားထစ်များထက် မာန်အပြည့်ရိုက်ခတ်လာသောခြေဖဝါးသံတဒုန်းဒုန်းကား တစ်ဆက်တည်းပျံ့လွင့်လာသည်။

ရင်ခွင်ထဲမှသူကားချက်ချင်းပင် နွေးရိပ်ရင်ဘတ်ထက် အမှီသဟဲပြုထားသည့်ဦးခေါင်းကိုဆတ်ကနဲထုတ်ရင်း
လက်ဖဝါးအေးအေးကိုထွေးဆုပ်လာသည်မှာ တင်းတင်းကျပ်ကျပ်။

မျက်ရည်များ၏မြစ်ဖျားခံရာဖြစ်တဲ့မျက်လုံးပြာပြာတွေကား ရဲရဲတောက်နေကာစူးရှနေပုံမှာ အကြည့်ခံရသည့်သူမှန်သမျှပင်ပြာကျနိုင်သည်အထိ။

နွေးရိပ်ကို ခန္ဓာကိုယ်ခပ်ထွားထွားကြီးရဲ့အနောက်သို့အသာတွန်းပို့ရင်း များမကြာမီအစပျိုးလာမည့်စစ်မက်တစ်ခုရဲ့အရှေ့ဝယ်မဟာတံတိုင်းသဖွယ်ကာဆီးပေးထားသည့်ကောင်လေးသည် ထိတ်လန့်ဟန်အလျဥ်းမရှိ။

ဒေါသအခိုးအငွေ့တွေဝေနေကြောင်း အထောက်အထားတစ်ခုဖြစ်တဲ့အတက်အကျမှန်ကန်ခြင်းမရှိစွာခုန်လှုပ်နေသည့်နှလုံးခုန်သံတွေအား ကောင်လေးရဲ့တရစပ်လှုပ်ခတ်နေတဲ့ကျောပြင်ကျယ်ကြီးကသက်သေထူသည်။

ထိုစဥ်သူတို့နှစ်ယောက်ရှိရာအိမ်ပေါ်ထပ်ဆီသို့ ကွဲပြားသောမျက်နှာအမူအရာအသီးသီးဆင်မြန်းရင်း ဒုန်းဆိုင်းတက်လာကြသည့်လူသုံးယောက်။

မေမေကတော့ ကောက်ကာငင်ကာတင်းမာသွားသည့်အ​ခြေအနေကို နားမလည်ဟန်ကြောင်စီစီမျက်နှာပေးဖြင့်။

အန်တီသံသာ၏မျက်နှာကား မီးလျှံကြီးလွှမ်းထားသည့်မီးခဲရဲရဲလို ဒေါသငွေ့တွေကြား ရဲပတောင်းခတ်နေသည်။

ခန့်ခန့်ပါးပါးကတော့ဖြင့် ပုံမှန်အတိုင်းမပျက်ယွင်းသောရေသေလိုမျက်နှာထားနှင့် မိန်းမဖြစ်သူရဲ့ပေါက်ကွဲမှုဗို့အားမပြင်းထန်စေရန်အလို့ငှာအထိန်းအကွပ်တစ်ခုဖြစ်စေရုံသာ လိုက်လာခဲ့ပုံရသည်။

"ငါ့စကားကိုဦးနှောက်ထဲမှာမထည့်တာလားခန့်မဟာထည်!"

ထိပ်ဆုံးလှေကားထစ်မှနေ၍ အပေါ်ထပ်ကြမ်းပြင်ထက်ခြေဖဝါးကိုသက်ဆင်းစေသည်နှင့်တစ်ပြိုင်နက် ထောင့်ဆုံးအခန်းအဝင်ဝရှိသူတို့နှစ်ဦးထံ ကြောက်မက်ဖွယ်အကြည့်ရဲရဲတွေ့ပို့လွှတ်ကာ ညင်သာခြင်းအလျဥ်းကင်းစွာဆိုလာသည့်အန်တီ။

Beauteous Nuisance 🌼 {Completed}Where stories live. Discover now