Unicode:
လောင်ဝမ်က ဟိုဟိုဒီဒီရှာလိုက်သော်လည်း စီးကရက်တစ်လိပ်မျှ မတွေ့။ ကျိုးဝမ်ပြောပြသဖြင့် ဘာတွေဖြစ်ပျက်ခဲ့သလဲကို သူ သိထားပြီးဖြစ်သည်။
သေဆုံးသူတက္ကသိုလ်ကျောင်းသား၏ အချက်အလက်ကိုလည်း သေချာမသိ၊ အလောင်းကိုလည်း လာယူမည့်သူမရှိသဖြင့် ဆေးရုံတွင် နှစ်ရက်ထားပြီးနောက် မီးသဂြိုဟ်စက်သို့ ပို့လိုက်တော့၏။ ကျိုးဝမ်ကား အရောက်နောက်ကျသွားပေသည် .. ။
သို့ရာတွင် ကျိုးဝမ်က တပ်ခွဲ ၉ ၏ လက်ရွေးစင်တပ်သားတစ်ယောက်။ သူသာ တစ်ခုခုကို စုံစမ်းစစ်ဆေးချင်လျှင် အလွယ်လေးပင်။
ဆေးရုံနှင့် ရဲစခန်း--- ကျိုးဝမ်က အမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့သည်ကို နှစ်ရက်အတွင်းတွင် ဖော်ထုတ်နိုင်ခဲ့၏။ သို့သော် သူ့တွင် သက်သေပြစရာမရှိ။ ထို့ပြင် လမ်းမကြီးပေါ်ကားပြိုင်ရဲသော အထက်တန်းကျောင်းသားများသည် အသက်မပြည့်ရုံသာမက နောက်ခံကောင်းကောင်းရှိသူများ ဖြစ်၏။ မိဘအထောက်အပံ့ဖြင့် ထိုရွံစရာ ဒုတိယမျိုးဆက်သူဌေးသားများသည် ဥပဒေကို ဂရုမစိုက်ပဲ လူတစ်ယောက်ကို ကားနှင့်တိုက်ပစ်ပြီးနောက် သေမသေပင် ပြန်ကြည့်လိုက်သေး၏။
တကယ်တော့ ထိုနောက်ခံအင်အားလောက်သည် ရာထူးအာဏာပိုကြီးသော လူများနှင့် ဆက်ဆံနေရသော ကျိုးဝမ်အတွက် မပြောပလောက်။ သို့ရာတွင် ဆေးရုံနှင့် ရဲစခန်းသေးသေးလေးအတွက်တော့ ပြောပလောက်ပါ၏။ ထို့ကြောင့် အရာအားလုံးကို သေသူပေါ်သို့ လွှဲချလိုက်ခြင်းပင်။ သို့ကြောင့်ပင် ရှန်ဟိုင်း၏ တစ်နေရာတွင် ဂိုက်ပြရာမှ စက်ဘီးစီးပြန်လာသော တက္ကသိုလ်ကျောင်းသားလေးတစ်ဦးသည် မည်သူမျှမသိလိုက်ပဲ တိတ်တဆိတ်သေဆုံးခဲ့ရပေ၏။
အမှုက ပြီးသွားပေပြီ။ သက်သေအားလုံးကို ဖျက်စီးလိုက်ပြီး အမှုပြန်ဖွင့်ရန် မဖြစ်နိုင်တော့။
ကျိုးဝမ်ဘယ်လိုလူစားလဲဆိုတာ လောင်ဝမ်က ကောင်းကောင်းသိပေ၏။ နာမည်ထဲတွင် 'ဝမ်' ဟူသော စကားလုံး ပါနေသော်လည်း သူသည် ကိစ္စတိုင်းကို လက်သီးဖြင့်ဖြေရှင်းချင်သူဖြစ်၏။
(E translator's note: Wen (文) means literary/gentleness/culture)
စစ်သားပေါက်စလေးတုန်းက သူ၏ အလွန်အမင်း တည့်တိုးဆန်မှုကြောင့် အခြားသူများက အရောမဝင်ခဲ့ချေ။ တပ်ခွဲ ၉ ထဲ ဝင်လာခဲ့တော့လည်း အတူတူပင် --- ထိုစိတ်ဓာတ်ကြောင့်ပင် ဤတပည့်လေးကို သဘောကျရခြင်းလည်း ဖြစ်ပေ၏။
YOU ARE READING
REVENGE || ကလဲ့စား || မြန်မာဘာသာပြန်
Short StoryThis story is not mine. I am just a re-translator. And it is NOT for commercial purpose. ............. Title : Revenge Author : Jué Jué Original publisher : jjwxc E-translator : KK Translates Status : 5 Chapters (Complete) Description : အစ်ကို တစ်ယေ...