Chapter 4

764 126 4
                                    

Unicode:

လက်နက်ခဲယမ်းအပြည့် တပ်ဆင်ထားသော စစ်သားနှစ်ယောက်က ကျိုးဝမ်ကို အခန်း၏ တခြားတစ်ဖက်သို့ ခေါ်လာခဲ့သည်။ ကျိုးဝမ်က ခါးသက်စွာ ရယ်လိုက်၏။ သူသာ ခုခံချင်ပါလျှင် အစောကြီးထဲက ခုခံရုန်းထွက်ပြီး တစ်ယောက်တည်းရပ်နေပြီဖြစ်သည်။

ငယ်ငယ်ကတည်းက သူတို့ညီအစ်ကိုသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မှီခိုရင်း နေခဲ့ကြရ၏။ မှတ်မိသမျှထဲတွင် သူ့မိဘများက အချိန်တိုင်း ရန်ဖြစ်နေကြသည်။ သူ့အဖေက အိပ်လိုက် စားလိုက် သောက်လိုက် လောင်းကစားလုပ်လိုက်နှင့်သာ နေ၏။ သူ့အမေက အိမ်ကိစ္စအဝဝကို တစ်ယောက်တည်း တာဝန်ယူရသဖြင့် မဆုံးနိုင်အောင် ရန်ဖြစ်ကြသည်မှာ မဆန်းတော့။ နောက်ပိုင်းတွင် သူ့အမေက နောက်လူတစ်ယောက်နှင့် တွေ့ခဲ့ပြီး ထိုမှစ၍ အိမ်ထောင်ရေးက ပိုဆိုးလာခဲ့သည်။ ကျိုးဝူက မလိုချင်ပဲရလာသော ကလေးဖြစ်ပြီး ကျိုးဝူလေး ၁၁ လ သား တွင် သူ့မိဘများ ကွာရှင်းလိုက်ကြ၏။ အဖေက ကျိုးဝူကို သူ့သားမဟုတ်နိုင်ဟု သံသယဖြစ်ပြီး ပြုစုပျိုးထောင်ပေးရန် တွန့်ဆုတ်နေသည်။ အဘွားကပင် ကံဆိုးမိုးမှောင်ကျစေသော ကလေးဟု ဆိုတာ လျစ်လျူရှုထား၏။

အစတည်းက ကျိုးဝူက အမြဲတမ်းအားနည်းဖျော့တော့နေတတ်ပြီး သူ့နောက် တကောက်ကောက် လိုက်နေတတ်သော ကလေးဖြစ်၏။ တစ်အိမ်လုံးတွင် သူတစ်ယောက်တည်းသာ သူ့ကို ကောင်းစွာဆက်ဆံပေးခြင်းကြောင့်ပင်။

ညတိုင်း သူ့အိပ်ရာပေါ်တက်အိပ်သော ညီလေး .. သူ့(ကျိုးဝမ်)ကို အဖေနှင့် အဘွားက ရိုက်တိုင်း ငိုနေတတ်သော ညီလေး .. သူကိုယ်တိုင် ဆန်ပြုတ်တိုက်ကာ ပြုစုခဲ့ရသော ညီလေး .. အသက်ငါးနှစ်သာ ကွာခြားသော်လည်း ကျိုးဝမ်က ကျိုးဝူကို သူ့သားတစ်ယောက်ကဲ့သို့ ကြည့်ရှုစောင့်ရှောက်ခဲ့ပေ၏။ သူသာ ဂရုမစိုက်လျှင်လည်း ကျိုးဝူက ငတ်သေသွားပေလိမ့်မည်။ 

တခါက ကျိုးဝမ် သင်္ချာစွမ်းရည်ပြိုင်ပွဲအတွက် မြို့ကြီးသို့ နှစ်ရက်မျှ သွားနေခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ကျိုးဝူလေးကို သေလုမြောပါးအခြေအနေဖြင့် တွေ့လိုက်ရ၏။ ခြောက်နှစ်သားကျိုးဝူလေးက ဖျားနေခဲ့သော်လည်း တအိမ်သားလုံးက ဂရုမစိုက် အစာလည်းမကျွေးပဲ ပစ်ထားသောကြောင့်ပင်။

REVENGE || ကလဲ့စား || မြန်မာဘာသာပြန်Where stories live. Discover now