ပြတင်းပေါက်ကလေးမှတဆင့် မြင်နေရသော ကောင်းကင်၏အရောင်က ပြာလဲ့လဲ့ရှိလှသည်။
တိမ်သားဖြူအချို့နှင့် အလှဆင်ထားသော ကောင်းကင်ပြာပိတ်ကားအောက်တွင်မူ ပန်းခြံငယ်လေးတစ်ခုက နေရာယူထားလေ၏။ ထို ပန်းခြံထဲတွင် ရှိနေသည်က အပေါ်အောက် ဆင်တူဝတ်ထားသော လူနာအချို့သာ ဖြစ်ပြီး တချို့အနားတွင်တော့ လူနာရှင်များကိုပါ တွေ့ရသည်။ မီးမီးငယ် ရပ်နေသောနေရာနှင့် မီးမီးငယ် ငေးကြည့်နေမိသော နေရာတို့၏ အကွာအဝေးက လက်တစ်ကမ်းအလိုတွင်သာ ဖြစ်သော်လည်း လက်တွေ့မှာတော့ ထို့ထက်ပို၍ ဝေးနေခဲ့သလိုပါ။လေးထောင့်စပ်စပ် အပေါက်ငယ်မှ စွန့်ခွာကာ
အခန်းတွင်းသို့ ပြန်လှည့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်က တစ်မျိုးပြောင်းသွားပြန်သည်။ ထိုအခန်းထဲတွင် မီးမီးငယ် အစောပိုင်းက မြင်ခဲ့ရသည့် ပြာလဲ့နေသော ကောင်းကင်ကြီးလည်း ရှိမနေသလို၊ စိမ်းစိုနေသော သစ်ပင်ငယ်လေးများလည်း ရှိမနေခဲ့ပါ..။ တဝီဝီ လည်နေသော မျက်နှာကျက်မှ ပန်ကာသံသည်သာ အခန်းတွင်းရှိ လူနှစ်ယောက်ကို မီးမီးငယ်နှင့်အတူ ကူညီ၍ အဖော်ပြုပေးနေခဲ့လေသည်။"ကိုကြီး ထမင်းစားရအောင်"
သူ့ဘက်က စကားစပြောလိုက်တော့မှ ကုတင်နားတွင်ထိုင်နေသူ ဝမ်းကွဲအစ်ကိုက မီးမီးငယ်ကို လှည့်ကြည့်လာတော့သည်။ ထုံးစံအတိုင်း ခေါင်းခါပြသည်မို့ သက်ပြင်းကြီးငယ်အချို့ ကြိတ်ရှိုက်လိုက်မိရင်း ကုတင်ပေါ်တွင် လှဲလျောင်းနေသော နောက်ထပ် ဝမ်းကွဲအစ်ကိုတစ်ယောက်ကို ခပ်ဆွေးဆွေးလေး ငေးကြည့်လိုက်မိသည်။
အိမ်ကို လာလည်ချိန်တိုင်း မီးမီးငယ်ကို စနောက်နေတတ်တဲ့ ကိုကိုရှင်းက အခုကျတော့ ကုတင်ပေါ်မှာ ငြိမ်ငြိမ်ကလေး လှဲနေရှာသည်တဲ့လေ။ ပြီးတော့ ဝမ်းကွဲအစ်ကိုတွေထဲမှာ မီးမီးငယ်နဲ့ အရင်းနှီးဆုံးဖြစ်တဲ့ ကိုကြီးကလည်း ကိုကိုရှင်းကိုသာ ဂရုစိုက်ပြီး မီးမီးငယ်ကို ပစ်ထားခဲ့သည်မှာ ကြာပြီ။
"မီးငယ်လေး စားချင်စားတော့လေ"
"မစားချင်သေးပါဘူး"
ကိုကြီးက မီးမီးငယ်ကို ပြုံးကြည့်နေသည်။ တစ်ဦးတည်းသော ဝမ်းကွဲညီမငယ်လေးက ဆူပုတ်နေသည်ဆိုတော့လည်း သူ့မှာ မနေတတ်ဖြစ်ရသည်။ ရှင်းကို ငဲ့ကြည့်လိုက်တော့ ငြိမ်သက် အေးချမ်းနေသော မျက်နှာက ပကတိ အိပ်ပျော်နေဆဲ အခြေအနေမို့ နိုးထနေသူ ကိုယ်က ဆက်ပြီး အသက်ရှင်နေရဦးမည့် အနေအထားပင်။
YOU ARE READING
Han_Me Oneshot Collection