ဂျီးဆက်စ် အိပ်ရာက နိုးလာချိန်မှာ ပတ်ဝန်းကျင်က မည်းမှောင်နေသည်။ မိုးမရွာခင်ကတည်းက အေးစိမ့်နေသော လေထုအခြေအနေကြောင့် သူ အိပ်ရာထဲမှာပဲ ဆက်ကွေးနေဖို့ ကြံစည်မိသော်လည်း အချိန်အခါက အခြေအနေမပေးပေ။ နာရီကို ကြည့်လိုက်တော့ ခုနှစ်နာရီထိုးလုဆဲဆဲ ရှိနေလေပြီ။ ရေမိုးချိုး ပြင်ဆင်ရမည့်အချိန်၊ သွားရမည့် လမ်းခရီး အကွာအဝေးနှင့် ကားပိတ်မည် ဘာညာကို ထည့်တွက်လိုက်တော့ သူ အိပ်ရာကနေ ထကို ထရတော့သည်။
ဒီနေ့က ရုပ်ရှင်ကုမ္ပဏီတစ်ခုမှာ ဂျီးဆက်စ်တစ်ယောက် အလုပ်သင် ဒါရိုက်တာအဖြစ် ပထမဆုံး အလုပ်စဝင်ရမည့် နေ့တစ်နေ့ပဲ မဟုတ်ပါလား။
သံပိုက်ခေါင်းမှ စီးကျလာသော ရေက ရာသီဥတုအရှိန်နှင့်မို့ ပိုအေးလှသည်။ အအေးကြိုက်သော ဂျီးဆက်စ်သည်ပင် တလူးလူး၊တလွန့်လွန့်ဖြစ်ရင်းဖြင့် ရေချိုးချိန်ကို ကျော်လွန်လိုက်ရသည်။ ရေချိုးခန်းကနေ ပြန်မထွက်ခင်မှာ ရေသီးပေါက်များ တွဲခိုနေသော သူ့မျက်နှာကို မှန်ထဲတွင် စိုက်ကြည့်ရင်း " ဂျီးဆက်စ်ရေ ဖိုက်တင်းကွာ။ မင်းတော့ ဘဝသစ်စပြီ။" ဟူ၍ ပြောမိတော့ လက်တွေ့မှာလည်း အားအင်တွေ ရှိလာရသလို ဖြစ်သွားလေ၏။
"ဟဲ့ မနက်စာ စားသွားဦးလေ။"
"မစားတော့ပါဘူး အမေရာ။ အပြင်ကပဲ ဝယ်စားလိုက်တော့မယ်။"
အမေ့ဆီမှ မျက်စောင်းကို လက်ခံလိုက်ရချိန်မှာ သူပြုံးမိသည်။ ဘွဲ့ရပြီးချိန်မှစ၍ သုံး၊လေးနှစ်ကြာသည်အထိ အလုပ်လက်မဲ့ဖြစ်နေခဲ့သူ ဂျီးဆက်စ်ကို အမေ မျက်မုန်းကျိုးလည်း ကျိုးချင်စရာပါ။ ယခုလည်း မနက်စာ စားမသွားသော ဂျီးဆက်စ်က အမေ့ရဲ့အမြင်မှာ အလုပ်ကလေး ရကာစရှိသေး ပိုက်ဆံဖြုန်းဖို့အတွက် လမ်းစရှာနေပုံ ပေါက်နေပြီ မဟုတ်လား။
တကယ်တော့ အင်္ကျီရှာနေတာနဲ့တင် သွားလာဖို့ အချိန်က နောက်ကျနေတာကြောင့် ခပ်သုတ်သုတ် ပြေးရခြင်းသာ ဖြစ်လေသည်။ မနက်စာကို ဝယ်စားမယ်ဆိုတာကလည်း အမေ့ကို တမင်ပြောလိုက်ခြင်း ဖြစ်သည်။ ဒီလို မိုးသည်းပုံမျိုးနဲ့ သူလည်း မိုးရေတောထဲမှာ အစိုခံပြီး ငတ်မနေချင်တော့တဲ့အပြင် အချိန်ကလည်း မရတော့ဘူး။
YOU ARE READING
Han_Me Oneshot Collection