အခန်း ၃ - ကိုကိုက ကျွန်တော့်အနားမှာ...
<< Unicode >>
မျက်လုံးတို့ကို တင်းတင်းပိတ်ချလျက် လက်သီးနှစ်ဖက်ကို တင်းနေအောင်ဆုပ်ပြီး တံခါးလက်ကိုင်ကို ကျွန်တော်လှမ်းလိုက်သည်။ ကျွန်တော် တံခါးလက်ကိုင်နဲ့ မထိရသေးခင်မှာဘဲ ချောက်ခနဲပွင့်ဟလာသော တံခါးလေး။ ထိုအသံနှင့်အတူ ဂျိန်းခနဲ ပြိုပျက်သော အရာမှာ ကျွန်တော့်ကမ္ဘာကြီးဖြစ်သည်။
ကျွန်တော် မှန်းထားသည့်အတိုင်း၊ ကြားထားသည့်အတိုင်းပင်။ တံခါးအနောက်မှ ပေါ်လာသည့် မျက်နှာလေးမှာ ချစ်စဖွယ်အတိ။ မျက်ဝန်းဝိုင်းဝိုင်းလေး၊ မျက်တောင်ကော့ကော့လေး၊ နှာခေါင်းလုံးလုံးလေး၊ နှုတ်ခမ်းဖူးဖူးလေးဖြင့် ကောင်မလေးတစ်ယောက်။ သူမက ကျွန်တော့်ကို ရည်ရည်မွန်မွန် ပြုံးပြလာပြီးနောက် အသာအယာထွက်ခွာသွား၏။ နေရာ၌ ကျောက်ရုပ်သဖွယ် ရပ်ကျန်နေခဲ့သည်မှာ ကျွန်တော်။ အတွေးတွေက ဗလာသက်သက်။ ဦးနှောက်တစ်ခုလုံးက ဘာအလုပ်မှမလုပ်တော့သလို နှလုံးသားတစ်ခုလုံးဟာလည်း ခံစားချက်မဲ့လျက် ဟာလာဟင်းလင်း။
" .... ဟေး ? ငါ့ညီ အဆင်ပြေရဲ့လား ?"
မလှုပ်မရပ်နဲ့ ဆောက်တည်ရာမဲ့နေသော ကျွန်တော့်ကို ကြည့်ရင်း ကိုကိုက သူစိမ်းဆန်ဆန်ဆို၏။ ကိုကို့ရဲ့ စိမ်းသက်လှသည့် အကြည့်နှင့် ဆုံစည်းချိန်မှာ ကျွန်တော့်မျက်ရည်များသည် ဆည်ကျိုး၍ ကျဆင်းလာသော ရေလို ပါးပြင်ထပ်သို့ ဒလဟော အကြမ်းပတမ်း လျောကျလာသည်။ သို့ပင်မဲ့ ကျွန်တော် ရှိုက်မငိုမိသလို ငိုသံလည်းမထွက်မိ ကိုကို့ကိုသာ နင့်နင့်နဲနဲ စိုက်ကြည့်နေမိသည်။
" ....?? ညီ... ညီက ဟိုတစ်လောတုန်းက ကျောင်းအလာလမ်းမှာ အနိုင်ကျင့်ခံရတဲ့ကလေးမလား! ဘယ်လိုဖြစ်တာလဲ ထပ်အနိုင်ကျင့်ခံရလို့လားဟင် "
ကျွန်တော့်ကို အခုမှ ပထမဆုံးတွေ့ဖူးဟန်ဖြင့် ကြည့်လာသော ကိုကိုသည် ဒါဟာ ကျွန်တော်တို့ရဲ့ ဒုတိယအကြိမ်တွေ့ဆုံမှု ဆိုကိုတာကို သတိရသွားပြီး သူ့အကြည့်တွေက အနည်းငယ် နူးညံ့သွားသည်။ သို့ပင်မဲ့ အမည်မသိ ဝမ်းနည်းစိတ် အားငယ်မှုများသည် ကျွန်တော့်ရင်ထဲ တစ်ဖန်လှိုက်တက်လာပြန်သည်။
YOU ARE READING
Hello, I'm home. | ✔
Non-Fiction[COMPLETED] My Own Creation - Short Story with 3 Chapters - GAY Genres: Yaoi / Romance/ Psychology Location takes place: Our Human world Time: Current [ဤဝတ္ထုကို အသက်အရွယ်မရွေးဖတ်ရှုနိုင်ပါသည်] မိုးစက်တွေကို ကြည့်ရင်း... သီကုံးမိခဲ့သည့် အညတရ ဝတ...