Chapter (3)

2.5K 206 16
                                    

Unicode

လွှမ်းသည် မျက်စိရှေ့တွင် မြင်နေရသော ခမ်းနားလှသည့် နန်းတော် ဂိတ်တံခါးပေါက်ဝကြီးကို တမေ့တမောကြည့်ကာ အံ့ဩနေမိသည်။ လွှမ်းတစ်ယောက်တည်း မဟုတ် နေရီသည်လည်း ကားစတီယာရင်ကို ကိုင်ထားရင်း အံ့ဩလျက် ဘာစကားမှမပြောနိုင်ဖြစ်နေဟန်။

လွှမ်းကတော့ နန်းတော်ကြီး၏ ခမ်းနားမှုထက် အထဲမှာရှိနေမည်ဖြစ်သော နန်းတော်၏ အိမ်ရှင်ကို ပိုပြီးတော့ ကြောက်သည်။ ချက်ချင်း လှည့်ပြန်ရင် ကောင်းမလား‌တွေးမိနေချိန်မှာပင် နန်းတော် တံခါးကြီး ပွင့်လာကာ ဂိတ်စောင့်မှ ကားကို နန်းတော်ဝင်းထဲကို မောင်းဝင်ဖို့ အချက်ပြနေလေပြီ။

"Location ကြည့်ပြီး မဟုတ်လောက်ပါဘူး ထင်နေတာ.. တကယ်ဟုတ်နေတာပဲ"

နေရီက ကားကို ဝင်းထဲကို မောင်းဝင်နေရင်း အံ့ဩတကြီးဖြင့် ရေရွတ်လာသည်။ လွှမ်း မျက်မှောင်ကုတ်လျက် သူငယ်ချင်းမလေးကို ဘုကြည့်ကြည့်လိုက်မိတော့ နေရီက ပြာပြာသလဲဖြင့် လက်ကာလျက် ဖြေရှင်းချက်ပေးလာသည်။

"အိုး ဟိုး.. Not me နော်.. ငါမဟုတ်ဘူး.. ငါတစ်ခါမှ နင်နဲ့ပတ်သက်လို့ သူ့ကို မပြောခဲ့ဖူးဘူး.. တကယ်ပြောတာ"

လွှမ်းသက်ပြင်းချမိသည်။ နေရီ့လက်ချက်မဟုတ်ဘူးဆိုတာကို လွှမ်း ချွင်းချက်မရှိယုံကြည်ပါသည်။ ဆယ်နှစ်ကျော်ကြာ အဆက်အသွယ်မရှိခဲ့ဘူး မဟုတ်ပါလား။ ကစားကွင်းမှာ ပြန်လည်တွေ့ဆုံခဲ့ခြင်း၏ အကျိုးဆက်တစ်ခုဆိုသော်လည်း လွှမ်းကို ဒီလိုမျိုး ဆက်သွယ်လာမည်ဟု မထင်ခဲ့သည်ကတော့အမှန်။

"ငါနင့်ကို ယုံပါတယ်"

လွှမ်းခပ်တိုးတိုးဖြင့် ပြောရင်း လေပူတွေကို ဝူးခနဲမှုတ်ထုတ်လိုက်ရာ နေရီက လွှမ်းကို ဘာလဲဆိုသော သဘောဖြင့် သိချင်စိတ်ပြင်းပြနေဟန်ကြည့်လာသည်။

နေရီက နန်းတော်နှင့်ရင်းနှီးပြီးသားလူဖြစ်သဖြင့် ကားကို ကျွမ်းကျင်စွာဖြင့် နန်းတော်ပင်မအဆောက်အဦးကြီး၏ မုဏ်ဦးနားထိ မောင်းလာလိုက်သည်။ တီဗီထဲတွင် မြင်နေကြဖြစ်သော်လည်း အပြင်မှာ ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်သဖြင့် လွှမ်း နန်းတော်ကြီး၏ ခမ်းနားလှပမှုနှင့် အရှိန်အဝါကို ငေးမောမိသည်ကတော့ အမှန်။

You've reached the end of published parts.

⏰ Last updated: Sep 29, 2021 ⏰

Add this story to your Library to get notified about new parts!

Royal & LoyalWhere stories live. Discover now