Unicode font
ကျွန်တော့်ရဲ့ အပျိုကြီး (My Spinster)
အပိုင်း (၂)“အင်း ငါးကင်ပဲဝယ်ခဲ့လေ နင်ဆိုင်ရောက်နေပြီလား အေး အရွက်တွေငါအခုဝယ်လာပြီ အသားတွေနည်းနည်းပါးပါးတော့ ရှိသေးတယ် ပုဇွန်လား အေး ရှိတယ် အေးပါ အေး အဲ့ဒါဆိုဒါပဲနော် ခုနနေမှတွေ့မယ်”
ဂေါ်ရခါးညွှန့်နဲ့ကန်စွန်းရွက်စည်းတွေကို ပန်းစည်းလိုပွေ့ပိုက်ထားပြီး ဖုန်းပြောနေတဲ့အပျိုကြီးဟာ ဘေးပတ်ဝန်းကျင်ကိုလဲ စိတ်ဝင်စားပုံမရ။ အရွက်ပိုက်ထားတဲ့လက်ဖျံမှာ လက်ကိုင်အိတ်ချိတ်သလိုချိတ်ဆွဲထားတဲ့ကျွတ်ကျွတ်အိတ်ထဲမှာတော့ ဥနီ၊ ကြာစွယ်တွေနဲ့။ သူ့ကိုယ်သူတော့ လက်ကိုင်အိတ်အကောင်းစားချိတ်ထားပြီး ပန်းစည်းကိုပိုက်ထားတယ်ထင်နေလား မသိ။ ကျန်လက်တစ်ဖက်ကတော့ သော့တွဲ၊ ဖုန်းနဲ့ပိုက်ဆံအလိပ်ကို ကိုင်လျက်သား။ သူနဲ့ခြေလှမ်းလေးငါးလှမ်းလောက် အကွာမှာ ရပ်နေတဲ့သူရကိုမြင်ပုံမရ။ ဂရုလဲမစိုက်ပေ။ စပန့်ဝမ်းဆက်နဲ့ သနပ်ခါးဘဲကြားလိမ်းထားပုံကိုကြည့်ရသည်မှာ တနေကုန်အိမ်ကနေ မထွက်တော့ဘူးဆိုတဲ့ သဘောပင်။ သူမပုံစံကို ရယ်ချင်လွန်းလို့ ဖုန်းနဲ့ဓါတ်ပုံခိုးရိုက်ထားလိုက်သည်။ သိများသိလို့ကတော့ ဒေါသပုန်ထပြီး နေသူရတို့မလွယ်ကြောပင်။
“အား ဆယ်နာရီပဲရှိသေးတာကို နေကလဲပူလိုက်တာ”
ကောင်းကင်ကိုစိတ်ပျက်သလိုမော့ကြည့်ကာ တီးတိုးရေရွတ်ရင်း တိုက်ထဲ ဝင်သွားလေသည်။ အော် ဒီအပျိုကြီးက ဒီတိုက်မှာ နေတာပေါ့။ ဘယ်နလွှာမှာနေပါလိမ့်။
“ယသော် ယသော်”
လှေခါးသုံးလေးဆင့်တက်ပြီးနေပြီဖြစ်တဲ့ယသော်က နောက်ကခေါ်သံကြောင့်လှည့်ကြည့်လိုက်သည်။
“နင် နေသူရ”
“ဟာ မှတ်မိနေပြီပဲ ယသော် ဒီတိုက်မှာနေတာလား ဘယ်နလွှာမှာနေတာလဲ”
ဘယ်နလွှာနေနေသူနဲ့ဘာဆိုင်တာကျလို့။
“နင်ကရော ဒီနားဘာလာလုပ်တာလဲ”
မသင်္ကာသလိုအကြည့်နဲ့မေးလာသောယသော်ကိုကြည့်ပြီး သူရစ,ချင်စိတ်တွေပဲ ဖြစ်နေမိသည်။
“ဘာလာလုပ်တာလဲဆိုတော့ ကျွန်တော့မရီးကိုလိုက်ပို့ပေးတာ သူ့သူငယ်ချင်းကလေးမွေးလို့သတင်းလာမေးတာဆိုလား ဟိုရှေ့ကအိမ်မှာ အထဲမလိုက်ချင်လို့ဒီနားမှာစောင့်နေခဲ့တာ”
သူရက ယသော်တို့တိုက်ခန်းရှေ့က လုံးချင်းအိမ်လေးကိုလက်ညှိုးထိုးပြလိုက်သည်။
“အော် အော် အေး စောင့်လိုက်ဦး သွားပြီနော်”
“ဟာ သွားလို့မရသေးဘူး ကျွန်တော် ဟို”
“ဘာဟိုလဲ”
“အိမ်သာတက်ချင်လို့”
“အမ် တက်ချင်ရင် အဲ့အိမ်လိုက်သွားလိုက်လေ”
“ဟာ မသွားချင်ပါဘူး ယသော်တို့အခန်းထဲလိုက်ခဲ့လို့မရဘူးလား”
“မရပါဘူးနော် ငါကတစ်ယောက်ထဲနေတာ”
“အသည်းလဲရှိတယ်မလား”
“သူက ကလေးလေ အဲ့ဒီအိမ်မသွားချင်ရင်အောင့်ထားလိုက်တော့ သွားပြီ”
“ဟာ အဲလိုမလုပ်နဲ့လေ ယသော် ကိစ္စကထိပ်ဝရောက်နေပြီ”
“ဘာကိစ္စလဲ”
“ဟာ အိမ်သာတက်ချင်လို့လေ ကဲပါဗျာ တက်မှာသာတက်စမ်းပါ ထွက်ကျတော့မယ်”
မတွန်းရုံတမယ်အတင်းတက်ခိုင်းနေတဲ့ သူရရဲ့ရှုံ့မဲ့နေတဲ့မျက်နှာကို မယုံသလိုကြည့်ရင်း အပေါ်တက်လာခဲ့သည်။ ကိုယ်တော်ချောကလဲ ယသော်ရဲ့နောက်ကနေထပ်ကြပ်မကွာလိုက်တက်ခဲ့သည်။ ယသော်အခန်းက ပထမထပ်မို့ ခဏနဲ့ ရောက်ခဲ့သော်လဲ သော့ဖွင့်နေချိန်အတွင်းမှာတောင် သူရက မအောင့်နိုင်တော့သလိုပုံမျိုးဖြစ်နေသည်။
“နောက်မှာမလား ဝင်သွားပြီနော်”
TV ကြည့်နေတဲ့အသည်းက အနောက်ကို အလောတကြီးဝင်သွားတဲ့သူရကို အံအားသင့်စွာလှည့်ကြည့်နေသည်။ ယသော်က သံပန်းကိုသော့မခတ်ပဲစေ့ထားလိုက်ပြီး ပျဉ်တံခါးကိုသာပိတ်လိုက်သည်။ တခုခုဆိုပြေးထွက်ရလွယ်အောင် လုပ်ထားရမည်။ သူကဘယ်လိုအကြံအစည်နဲ့အခန်းထဲထိလိုက်ခဲ့မှန်းမသိ။ ယသော်က Stand by အနေအထားဖြင့် အပေါက်ဝနားမှာသာ မတ်တပ်ရပ်ပြီး စောင့်နေလိုက်သည်။
“ကျေးဇူးပဲယသော်”
အိမ်ရှေ့ထွက်လာတဲ့သူရက မပြန်သေးပဲ အသည်းဘေးကခုံမှာဝင်ထိုင်လိုက်သည်။ ယသော် ယသော်နဲ့တရင်းတနှီး ခေါ်နေရလောက်အောင် သူနဲ့ဘယ်တုန်းက ဒီလောက်ထိ ရင်းနှီးခဲ့လို့လဲ။သူ့ထက်အသက်ကြီးတဲ့လူကို မ,တပ်ခေါ်မယ်မရှိ။
“နင့်အစ်မစောင့်နေပြီထင်တယ်နော်”
“မပူနဲ့ သူကစောင့်နေမယ့်အမျိုးထဲမပါဘူး မတွေ့တာနဲ့ဖုန်းဆက်ခဲ့မှာ”
မြန်မြန်ပြန်စေချင်လို့ပြောနေပါတယ်ဆိုမှ အလိုက်မသိစွာ ဆက်ထိုင်နေတဲ့ကိုယ်တော်ကို ယသော်ကြည့်မရတော့။ နဂိုထဲက တိုက်ခန်းထဲမခေါ်ချင်ပါဘူးဆို။
“ဟာ အသည်း အဲ့ဒီကား ဦးဦးလဲကြိုက်တယ်”
သူရကအသည်းနဲ့အတူ How to train your dragon ကာတွန်းကားကိုစိတ်ဝင်တစားထိုင်ကြည့်နေလိုက်သည်။ အမှန်က မမဝင်းနဲ့အတူလိုက်သွားဖို့ပင်။ အင်မတန်လေပေါတဲ့သူ့မရီးမမဝင်းက သူ့မျက်နှာမြင်နေမှသာ မြန်မြန်ပြန်ပေလိမ့်မည်။ ဒီလိုမဟုတ်ရင်တော့ သူ့သူငယ်ချင်းနဲ့ ရှေးဟောင်းနှောင်းဖြစ်သာမက အနာဂတ်အကြောင်းတွေ အထိပါ ပြောမဆုံးနိုင် ဖြစ်နေပေတော့မည်။ တိုက်တိုက်ဆိုင်ဆိုင်ကားပေါ်ကအဆင်းမှာပဲ ခိုင်လေးဆီကဖုန်းလာလို့ ဖုန်းပြောရင်း ကျန်နေခဲ့သည်။ ဖုန်းပြောလို့အပြီးမှာပဲ ယသော်သူရတို့ သူ့ရှေ့မှောက်ရောက်လာခဲ့မှတော့ ဟိုအိမ်မှာ သွားထိုင်ပျင်းနေမယ့်အစား အပျိုကြီးကို စ,နေတာမှ ပျော်စရာကောင်းသေးတယ်လို့တွေးမိကာ သူ့ကိုမခေါ်ချင်မှန်း သိသိကြီးနဲ့ တမင်လိုက်ခဲ့ခြင်း ဖြစ်သည်။
ယသော်က သူရကိုမကျေမနပ်ကြည့်နေရင်း ဆွဲထုတ်ချင်စိတ်ပေါက်လာခဲ့သည်။ ဘယ်လိုလူလဲမသိ။ သူများကြိုက်မှန်း မသိ၊ မကြိုက်မှန်းမသိ အေးအေးဆေးဆေး ဇာတ်ကားထိုင်ကြည့်နေလိုက်သေးသည်။ မောင်းထုတ်လဲမကောင်းတတ်နဲ့။ ခနနေရင်တော့ မီမီ ရောက်လာတော့မှာပါ။ ယသော်စိတ်လျော့လိုက်ရင်း။
“ဒီမှာ နင် အဲ့ဒီမှာ ငြိမ်ငြိမ်ထိုင်နေနော်”
“ဗျာ ကျွန်တော့်ကိုပြောတာလားယသော်”
“ဟုတ်တယ် နောက်ကိုလိုက်မလာနဲ့”
“ဘာဟင်းချက်မလို့လဲ ဗိုက်ဆာလိုက်တာဗျာ”
“ဗိုက်ဆာရင် လမ်းထိပ်မှာဆိုင်ရှိတယ် သွားဝယ်စားချည်”
“အား ခုနက Output ထုတ်လိုက်တော့ Input ကချက်ချင်းလိုနေတာ ဗိုက်ကအဆာလွန်လို့နာလာသလိုပဲ”
“ဘာမှမချက်ရသေးပါဘူးဆို အခုမှချက်ဖို့ဝယ်ခဲ့တာတွေ့လား အရွက်တွေတောင်ဘာမှမလုပ်ရသေးဘူး သွား သွား ဆိုင်ကို ပြေးတော့ အဆာလွန်နေလိမ့်မယ်”
“ဆိုင်မသွားချင်ဘူး ခေါက်ဆွဲပြုတ်ကျွေးလေဗျာ ကပ်စီးနည်းလိုက်တာ ရေတောင်မတိုက်ဘူး”
“ဘာလို့ပြုတ်ကျွေးရမှာလဲ ဆိုင်မသွားချင်လဲဟိုရှေ့အိမ်ကိုလိုက်သွားပေါ့ သူများအိမ်မှာလာညော်နေတယ်”
မျက်စောင်းတထိုးထိုးနဲ့မကျေမနပ်ပြောနေတဲ့ယသော်ကိုကြည့်ပြီးသူရက တခွိခွိရယ်နေသည်။ သူရယ်လေ ယသော်က စိတ်တိုလေပင်။ ရယ်စရာတစ်ခုမှမပါပဲ အကြောင်းမဲ့ခွီနေတဲ့ဒီလူကို ဘယ်လိုမောင်းထုတ်ရမလဲစဉ်းစားနေမိသည်။
“တီးတောင် တီးတောင်”
ဘဲလ်သံကြားတော့ ယသော်က ဝမ်းသားအားရတံခါးအမြန်ဖွင့်ပေးလိုက်သည်။
“ဟဲ့ ဘယ်သူရောက်နေတာလဲ ဖိနပ်က”
မီမီက ဖိနပ်ငုံ့ချွတ်ရင်း ကလေးဖိနပ်သာမက၊ ယောက်ျားစီးရှုးဖိနပ်ပါတွေ့လို့ မေးလိုက်သည်။ ယသော်က ပြန်မဖြေပဲ မီမီလက်ထဲကငါးကင်ဗူးကိုသာ ဆွဲယူလိုက်သည်။
“ဘယ်သူလဲ နင့်အမေလွှတ်လိုက်တဲ့လူလား”
မီမီက အသံတိုးတိုးနဲ့ထပ်မေးပြန်သည်။
“ဟာ နမိတ်မရှိနမာမရှိ ဘာအမေလွှတ်လိုက်တဲ့လူလဲ မီမီနော် နင်ပြောမှ အဲ့ဒီလူတွေ ပေါ်လာဦးမယ် တံခါးပြန်ပိတ်ခဲ့ဦး”
“ဟိဟိ ငါမပြောလဲပေါ်လာမှာပဲကို အယ်”
ဇာတ်ကားကြည့်နေရာမှ နောက်ကိုလှည့်ကာ ပြုံးပြနေတဲ့သူရကိုတွေ့တော့ မီမီကကြောင်တောင်တောင်နဲ့ ပြန်ပြုံးပြလိုက်သည်။ တံခါးကို အမြန်ဆွဲပိတ်လိုက်ပြီး မီးဖိုထဲဝင်သွားတဲ့ယသော်နောက်ကိုအပြေးအလွှား လိုက်သွားလိုက်သည်။
“Who??? နင့်အမေလွှတ်လိုက်တဲ့လူမဟုတ်ရင် ဘယ်သူနည်း”
“နေသူရတဲ့”
“အမယ် နာမည်ရောလူရောမဆိုးဘူးပဲ ငါတို့ထက်ငယ်မယ်ထင်တယ်နော်”
“ငယ်တယ်လေ ကဲ အရွက်တွေလဲဘာမလုပ်ရသေးဘူး အသားတွေကို ရေခဲသေတ္တာထဲက ထုတ်ထားမှပဲ ကြာစွယ်တွေလဲ ရေဆေးပြီးလှီးရဦးမယ်”
ယသော်နဲ့မီမီက မာလာဟင်းချက်ဖို့အလျင်အမြန်ပြင်ဆင်နေရင်း လေပေါနေကြသည်။ မီမီက ယသော်နဲ့ပတ်သက်ပြီး နေသူရကို အတော်ကိုစိတ်ဝင်စားနေလေသည်။
“အေးပါ စကားပြောရင်းလုပ်တာပေါ့ ငါမေးတာပြန်ဖြေဦးလေ”
“ဘာကိုဖြေရမှာလဲ”
“ဘယ်သူလဲလို့”
“နေသူရလို့ဖြေပြီးပြီလေ”
“နိုး အဲ့ဒါကိုမေးတာမဟုတ် နင်နဲ့ဘယ်လိုပတ်သက်လဲ ဘာလုပ်တဲ့လူလဲ ဘယ်မှာနေသလဲ”
“ဟေအေး ငါနဲ့ဘာမပတ်သက်ဘူး ဘာလုပ်လဲ ဘယ်မှာနေလဲလဲမသိဘူး”
“နင်ဘာမှမသိဘူးလား”
“သိဘူးလေ”
“ဟဲ့ မသိဘူးဆိုရင် သူကနင့်အခန်းထဲမှာငုတ်တုတ်ကြီး ဘာလို့လာဝင်ထိုင်နေသလဲ ဟမ်”
“အေး ငါလဲအဲ့ဒါပဲပြောချင်နေတာ စိတ်လေလွန်းလို့ပါဟယ် သူ့အကြောင်းနောက်မှပြောမယ်”
“ပုံစံကမဆိုးဘူးဟဲ့ နင့်ကိုစိတ်ဝင်စားနေသလားမသိ ဖွင့်ပြောရင်လက်ခံလိုက်တော့”
“ခုနကတော့ဖွင့်ပြောတယ်လေ”
“ဟယ် ဟုတ်လား ဘယ်လိုဖွင့်ပြောတာလဲ”
မီမီက ဝမ်းသာအားရစိတ်ဝင်တစားမေးရှာသည်။
“ကိစ္စကထိပ်ဝရောက်နေလို့တဲ့”
“ဘာ ဘာကိစ္စလဲ”
“အိမ်သာတက်ချင်လို့လိုက်ခဲ့တာဟေ့ သိပြီလား”
“ဟီ ဟီ မသိပါဘူးဟယ် ငါကနင့်ကိုတမင်ဇာတ်လမ်းရှာပြီးလိုက်လာတယ်ထင်နေတာ ဒါနဲ့နင်နဲ့ဘယ်တုန်းကသိတာလဲ”
“မကြာသေးဘူး တစ်ပါတ်လောက်ပဲရှိဦးမယ်ထင်တယ်”
“ငါမရှိတဲ့ရက်ပိုင်းအတွင်း ယသော်သူရတို့အတော်ကိုတိုးတက်နေတယ်ပေါ့လေ အမယ် နာမည်ချင်းတောင် လာတူနေသေးတယ် ဖူးစာရှင်လားမသိဘူးနော် နေသူရနဲ့ယသော်သူရ”
“ဟဲ့ တိုးတိုးပြောပါ ကြားသွားဦးမယ် ဘယ်ကလာဖူးစာရှင်ရမှာလဲ ငါတို့ထက်အများကြီးငယ်တဲ့ဟာ”
“ဟယ် အရမ်းလဲမငယ်လောက်ပါဘူး”
“ငယ်တယ် အခုမှ ၂၉ နှစ်ပဲရှိသေးတယ်”
“အမယ် ဘာမှသာမသိတာ အသက်တော့အတိအကျသိတယ်နော်”
“သူပြောတာလေ”
မီမီက ယသော်ကို မသင်္ကာသလို့မျက်လုံးမှေးစဉ်းကြည့်ရင်း။
“ငါ့အထင်ပြောရရင် သူကနင့်ရဲ့ဖူးစာဖက်လားမသိ ခုနကတွေ့လိုက်တာနဲ့ ငါခံစားမိသလို”
“တော်ပါဟယ် ကျောင်းတက်ကထဲက နင့်ဖူးစာရှင်နင်မခံစားမိပဲ ငါ့ဖူးစာရှင်ကိုသာနင်ခံစားမိခဲ့တာ တစ်ခါမှလဲမမှန်ပဲ”
“အမယ် အခုကတကယ်”
“ပုဇွန်ကအခွံခွာထားပြီးသား လိုလိုမယ်မယ်ထမင်းနည်းနည်းချက်ထားတယ် ဗိုက်တောင်ဆာလာသလိုပဲ မာလာချောင်းတွေလဲ ရေစိမ်ထားတာကြာပြီ ကဲ ဟင်းချက်ဖို့ လုပ်တော့လေ”
“နင်ကလဲ အရွက်တွေအခုမှသင်ပြီးလို့ရေဆေးနေတုန်းလေ ဘာလို့လောနေတာလဲ အေးဆေးပေါ့”
မီမီစကားကြောင့် ယသော်ကိုယ့်ကိုကိုယ်သတိထားမိသွားသည်။ တကယ်ဆို ယသော်ဗိုက်ဆာနေတာလဲမဟုတ်ပဲနဲ့ ဘာလို့ လောနေသလဲမသိတော့။
“မကျက်သေးဘူးလားဗျို့ ဗိုက်ဆာလှပြီ”
ဧည့်ခန်းထဲကနေလှမ်းအော်နေတဲ့သူရအသံကြောင့် မီမီမျက်နှာပြုံးစိစိဖြစ်လာရင်း။
“သူဗိုက်ဆာနေတယ်ပြောလို့ လောနေတာလား”
“အမယ် မဟုတ်ပါဘူးနော် ငါဗိုက်ဆာလို့ပါ”
“အေး အေး သမာဓိအားကောင်းတဲ့အပျိုကြီးရဲ့စကားကို ဒီတစ်ခါတော့ယုံပေးလိုက်ပါ့မယ်နော်”
ယုံချင်ယုံ၊ မယုံချင်နေပေါ့လို့ စိတ်ထဲကပြန်ပြောလိုက်မိပေမယ့် ပါးစပ်ကတော့မထွက်ရဲပေ။ ထွက်များသာထွက်လိုက်မိရင် ယသော်ကို ခွီလို့ဆုံးမည်မထင်။ မီမီက ယသော်လိုမဟုတ်။ ရုပ်လေးလှသလို အချက်အပြုတ်လဲ ဝါသနာပါသည်။ အဖက်ဖက်ကပြည့်စုံတယ်လို့ပြောရမလိုပင်။
“ဟဲ့ ငါးကင်ကိုပန်းကန်ထဲပြောင်းထည့်လိုက်ဦးလေ မာလာဟင်းကရတော့မယ် အချဉ်ရောထည့်ထားနော်”
“အိုကေ”
မီမီညွှန်ကြားတဲ့အတိုင်း ငါးကင်ကိုပန်းကန်ထဲပြောင်းထည့်လိုက်ပြီး ပန်းကန်လုံးအသေးလေးထဲ အချဉ်ထုပ်ကိုလဲ ဖောက်ထည့်လိုက်သည်။
“ကဲ ရပါပြီ”
မီမီကမာလာဟင်းကို ကြွေဇလုံအကြီးကြီးနဲ့ထည့်ပြီး စားပွဲအလယ်မှာတင်လိုက်သည်။
“ဝါး နင့်လက်ရာမစားရတာကြာလို့ ဗိုက်တောင်တဂွီဂွီမြည်လာပြီ”
“သွားခေါ်လိုက်တော့လေ နင့်ကိုယ်တော်ကို”
“အောင်မာ ဘာနင့်ကိုယ်တော်လဲ”
“ဟိဟိ အေးပါ ငါကနင့်သူငယ်ချင်းဆိုတဲ့သဘောနဲ့ရိုးရိုးသားသားပြောတာပါ နင့်ဘာသာ ဘာတွေးလိုက်လဲတော့မသိ”
မီမီကို မျက်စောင်းထိုးလိုက်ရင်း အရှေ့ကိုလှမ်းအော်လိုက်သည်။
“အသည်း ထမင်းစားလို့ရပြီ”
“အသည်းကိုပဲခေါ်တာလား ကျွန်တော်ရောမပါဘူးလား”
စကားသံတောင်မဆုံးသေး အသည်းနဲ့နေသူရနှစ်ယောက်စလုံး မီးဖိုထဲရောက်လာခဲ့သည်။
“အမယ် ဘယ်ကတည်းကဒီနားရောက်နေတာလဲ”
“အနံ့တွေကဆွဲဆောင်နေလို့ ရပြီလားလို့လာချောင်းတာ ယသော်က အသည်းကိုပဲခေါ်ပြီး ကျွန်တော့ကိုတော့မခေါ်ဘူး အမရော ကျွန်တော်ကိုထမင်းစားဖို့မခေါ်ချင်ဘူးလား”
“ခေါ်ပါတယ်ရှင် ထိုင်ပါ အမနာမည်က မီမီမျိုးပါ မောင်လေးနာမည်ကရော”
“ကျွန်တော့နာမည်နေသူရပါ မမီ သူရလို့ပဲခေါ်ပါဗျာ ယသော်ထိုင်လေ စားကြစို့ အားပါး ငါးကင်ပါပါတယ် မာလာဟင်းက ဘယ်သူ့လက်ရာလဲ ကျွန်တော်ကြိုက်တာတွေချည်းပဲ အကြီးတွေကိုအရင်ဦးချရမယ်”
သူရက သူ့အိမ်သူ့ယာသဖွယ် ပြောပြောဆိုဆိုနဲ့ ယသော်နဲ့မီမီရဲ့ပန်းကန်လုံးတွေဆွဲယူက မာလာဟင်းတွေ ထည့်ပေးနေသေးသည်။ မီမီကတော့ သူရကိုတလှည့်၊ ယသော်ကိုတလှည့်ပြုံးပြုံးကြီးကြည့်နေလေသည်။
“အသည်း ဒါနည်းနည်းစပ်မယ်ထင်တယ် အစပ်စားနိုင်လား”
“စားနိုင်တယ်ဦးဦး အသည်းကို အများကြီးထည့်ပေး”
“အိုကေ”
အိမ်ရှင်ဖြစ်တဲ့ယသော်က ဘာမှဧည့်ခံစရာမလိုပဲ ဒီအိမ်ကို အခုမှရောက်ဖူးတဲ့သူရကသာ ဦးဆောင် ပြောဆိုနေလေသည်။ မီမီက ပြုံးစိစိနဲ့ ယသော်ကို မျက်ခုံးပင့်ပြလိုက်သည်။ ဒီကောင်လေးဟာ လူတိုင်းနဲ့တည့်အောင် ပေါင်းတတ်တဲ့ လူလည်တစ်ယောက်ပဲ ဖြစ်မည်ထင်။ အခုမှတွေ့တဲ့မီမီကိုပင် မမီလို့တန်းခေါ်ကာ ရင်းနှီးပြနေသေးသည်။
“မနက်ဖြန်ဘယ်သွားကြမှာလဲ မမီ”
“ဘယ်မသွားပါဘူး မနက်ဖြန်လဲယသော်ဆီပဲလာမလို့”
“ဒါဆို ကျွန်တော်လဲလာခဲ့မယ်”
“အမယ် နင်ကဘာလာလုပ်ဦးမလို့လဲ”
ယသော်က မနေနိုင်တော့ပဲ ဝင်ဟောက်လိုက်သည်။ စပ်ဖြီးဖြီးမီမီရဲ့မျက်နှာက ပိုပြီးဖြီးလာသလိုပင်။
“ဒီနေ့ယသော်တို့ဆီက ကပ်စားထားတာဆိုတော့ မနက်ဖြန်ကျွန်တော့အလှည့်လေ ဘာစားချင်လဲ ပါဆယ်ဆွဲခဲ့မယ်”
“ရပါတယ် သူရရဲ့ မီမီတို့က တကူးတကကျွေးရတာမှမဟုတ်တာ”
“အာ ကျွန်တော် ပြန်ဝယ်ကျွေးချင်လို့ပါ အသည်းရောဘာစားချင်လဲ”
သူမကို တကူးတကထည့်မေးတဲ့အတွက် အသည်းက ကျေနပ်စွာနဲ့သူရကိုမော့ပြီးပြုံးပြနေသည်။
“ရတယ် မစားတော့ဘူး နင့်ရည်းစားနဲ့မချိန်းထားဘူးလား”
“မချိန်းထားဘူး သူဘန်ကောက်သွားတယ် ခုနတုန်းကတော့လေဆိပ်ကနေဖုန်းဆက်သေးတယ် အခုလောက်ဆို လေယာဉ်ပေါ်ရောက်နေလောက်ရောပေါ့ နောက်သုံးလေးရက်မှပြန်ရောက်မှာ ရုံးပိတ်ရက်မှာတစ်ယောက်ထဲပျင်းနေတာနဲ့ ယသော်ရာ လာခဲ့ပါမယ်ဆို”
“ဟဲ့ နင့်တခြားသူငယ်ချင်းတွေဆီသွားပေါ့ ငါတို့နဲ့ဆိုပိုပျင်းမှာ တစ်ယောက်အကြောင်းတစ်ယောက်လဲမသိနဲ့ ပြောစရာစကားလဲမရှိ”
“အိုကေ ရပြီ ခေါင်းစဉ်ရပြီလေ မနက်ဖြန် ကျွန်တော်တို့အကြောင်းတွေပြောကြတာပေါ့ ဟုတ်တယ်မလား မမီ”
“ခွိခွိ ဟုတ်တယ် ဟုတ်တယ်”
“တွေ့တယ်မလား မမီကတောင်သဘောကောင်းသေး ယသော်ကသာ…”
သူရဖုန်းမြည်လာလို့ပြောလက်စစကားကိုရပ်ပြီး ဖုန်းကိုင်လိုက်သည်။
“ဟယ်လို မမဝင်း ထွက်လာပြီလား အိုကေ သုံးမိနစ်ပဲစောင့် ကျွန်တော်လာခဲ့မယ်”
ဖုန်းချပြီး သူ့ပန်းကန်လုံးထဲက မာလားဟင်းတွေကို လက်စသတ်စားလိုက်သည်။
“မမဝင်းပြန်ထွက်လာပြီတဲ့ ကျွန်တော်သွားတော့မယ် မနက်ဖြန် ၁၁ နာရီအရောက်လာခဲ့မယ်နော် ယသော် တံခါးလိုက်ပိတ်ဦးလေ”
သူ့ကိုဘုကြည့်ကြည့်နေတဲ့ယသော်ကို သူရရယ်ချင်မိသည်။ စိတ်ဆိုးနေတဲ့အပျိုကြီးမမ ဂွကျကျကို တွေ့ရင် စိတ်တိုအောင် မစပဲ မနေနိုင်ပေ။
ယသော်က သူရနောက်ကနေ လိုက်လျှောက်လာရင်း ပြောလိုက်သည်။
“မနက်ဖြန်မလာနဲ့နော် ငါတို့အပြင်သွားမှာ”
“အပြင်သွားရင်လဲလိုက်ခဲ့မယ်လေ ကျွန်တော်အားတယ်ယသော်ရဲ့”
“မလာစေချင်လို့ပြောနေတာကို နေသူရဘယ်လိုဖြစ်နေတာလဲ”
“ဘာလို့မလာစေချင်တာလဲ ခိုင်လုံတဲ့အကြောင်းပြချက်ပေးလေ”
“အောင်မာ မလာစေချင်လို့မလာခိုင်းတာပေ့ါ အကြောင်းပြချက်လာတောင်းနေသေးတယ်”
“ဟုတ်တယ်လ ကျွန်တော်လို ခန့်ညားတဲ့ယောက်ျားတစ်ယောက်နဲ့မိတ်ဆွေဖြစ်ချင်တဲ့မိန်းမတွေမှဝိုင်းနေတာပဲကို”
သူ့ကိုယ်သူများ ခန့်ညားတယ်လေး၊ ဘာလေးနဲ့။ စိတ်လေပြီးရှုံ့မဲ့သွားတဲ့ယသော်ကိုကြည့်ပြီး သူရရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
“အေး အေး အဲ့ဒီမိန်းမတွေနဲ့သွားခင်ချည် ငါ့ဆီမလာရင်ပြီးရော”
“လာမှာပဲ ဟဲဟဲ တာ့တာဗျာ သွားပြီ”
မကျေမနပ်နဲ့တံခါးကိုဆောင့်ပိတ်လိုက်သည်။ မလာစေချင်မှန်းသိလို့အရွဲ့တိုက်နေသလားပင်။
“ဟီးဟီး ကောင်လေးကမဆိုးဘူးဟဲ့ အသားညိုစိုစို ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်နဲ့ Gym ဆော့တယ်ထင်တယ် မျက်နှာပေါ်မှာပါးသိုင်းမွေးရေးရေးလေးတွေတောင်မြင်နေရသေး စတိုင်လ်က နုတ်ခမ်းနီမလေးများအကြိုက်ပဲ နုတ်ခမ်းနီမကြီးတော့ မသိဘူး”
ယသော်က မီမီကို အသံမထွက်ပဲ ကျိန်ဆဲလိုက်သည်။
“အသည်း အန်တီကိုမှတ်ထားနော် အန်တီမီလို့ခေါ် ကြားလား”
“ဟုတ်ကဲ့ အန်တီမီ”
မီမီက ယသော်ကို ဆက်မစတော့ပဲ မာလာဟင်းစားနေတဲ့အသည်းကို စိတ်ဝင်တစားအကဲခတ်နေသည်။ ဒီနေ့ယသော်ဆီ လာရတဲ့အဓိက အကြောင်းရင်းက ဒီကလေးကိစ္စဖြစ်ပေမယ့် အခုအချိန်ထိ အသည်းနဲ့ပတ်သက်ပြီးတစ်ခွန်းမှ မပြောရသေးပေ။ ငထွန်းနဲ့ဘယ်ရှု့ထောင့်ကကြည့်ကြည့်လုံးဝမတူတဲ့ကလေးပင်။ အသားဖြူဖြူ ရုပ်သန့်သန့်လေးနဲ့ ဒီကလေးဟာ ဘယ်သူနဲ့ ရခဲ့တာများလဲ။
စားသောက်ပြီး ရေသောက်နေတဲ့အသည်းကို ယသော်က။
“အသည်း စားပြီးရင် အရှေ့သွားနေတော့ ကာတွန်းကားထပ်မကြည့်နဲ့တော့ ဘာဘီနဲ့မဆော့ရင်လဲ ရောင်စုံခြယ်နေ ကြားလား”
“ဟုတ် အန်တီ သမီးအခန်းထဲသွားတော့မယ်”
အသည်းရဲ့နောက်ကျောကိုလိုက်ကြည့်နေတဲ့မီမီက ယသော်ခုံနားကပ်ထိုင်လာပြီး တိုးတိုးပြောသည်။
“ဟဲ့ အသည်းက ငထွန်းနဲ့ရတာမှ ဟုတ်ရဲ့လား အဖေနဲ့သမီးဆို နည်းနည်းပါးပါးတော့တူရမှာမဟုတ်ဘူးလား”
“အေး ငါလဲအဲ့ဒီလိုပဲထင်နေတာပဲ အသည်းရဲ့ရုပ်ကိုကြည့်လေ သန့်သန့်လေး ဟို ငကျီးခြောက်နဲ့ဘယ်နားမှမတူ”
“ဟုတ်ပ ပန်းချီကသူဇာနဲ့တူလို့သာကံကောင်းတယ်ပြောရမယ် အယ် အသည်းလဲအမေတူလားမသိနော်”
“ငါမေးကြည့်သေးတယ် သူ့အမေက အသားညိုတယ်တဲ့”
“အမ် အဖေရောအမေရော ညိုတာကိုသူကဘာလို့ကွက်ဖြူနေတာလဲ”
ယသော်က ခေါင်းငြိမ့်လိုက်ရင်း။
“အဲ့ဒါကိုငါလဲစဉ်းစားနေတာ ငထွန်းသမီးမဟုတ်လောက်ဘူး ဘယ်သူနဲ့ရထားလဲမသိ စိတ်ပျက်စရာကောင်းလိုက်တာ ယောကျာ်းတွေများ တစ်ညတာပျော်ပါးပြီး ကိုယ့်ကလေးတစ်ယောက်လောကကြီးထဲမှာရှိနေလို့ရှိနေမှန်းမသိ”
“အဲ့ဒါတော့ဟုတ်တယ် သူတို့ကအသည်းအမေကိုမှတ်တောင်မှတ်မိတော့မယ်မထင် အဲ ဒါနဲ့ငထွန်းသမီးမဟုတ်ဘူးဆိုရင် အသည်းကိုဘယ်လိုဆက်လုပ်ကြမှာလဲ သူ့အမေကလုံးဝပေါ်မလာတော့ဘူးဆို”
“အေးဟယ် ငါလဲမပြောတတ်တော့ဘူး”
“နင့်အဖြစ်ကလဲ ငထွန်းသမီးသာဖြစ်ပါစေလို့ဆုတောင်းရမယ့်ပုံ”
“သူ့သမီးဖြစ်လဲ သူဇာလက်ထဲ အသက်ရှည်ပါ့မလားဟယ်”
“ဟုတ်သား သူဇာအကျင့်နဲ့တော့ ဒီကလေးသနားပါတယ်”
နှစ်ယောက်သားစိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်မိသည်။
“အသည်းက ကလေးဆိုပေမယ့် တော်တော်နပ်တယ်ဟဲ့ အခုလဲငါတို့သူ့အကြောင်းပြောမယ်ဆိုတာသိတယ်”
“အေးပေါ့ လည်တော့မပေါ့ အခုခေတ်ကလေးတွေ အ,တာဘယ်သူရှိလို့လဲ ဒါပေမယ့်လိမ္မာတယ်မလား”
“အဲ့ဒါကိုပြောတာလေ ငါ့ဆီမနေရမှာစိုးလို့ အသက်အရွယ်နဲ့မလိုက်လိမ္မာပြနေတယ်ဆို”
“ဟားဟား ယသော်ရယ် နင့်အထာကိုကလေးတောင်နပ်တယ် နင်ကလဲရိုးလွန်းတာကိုး ဒါနဲ့ နင့်အမေဖုန်းဆက်သေးလား”
“မဆက်ဘူး အဲ့ဒီနေ့ထဲကစိတ်ဆိုးသွားတယ်ထင်တယ် ငါလဲခုထိထပ်မဆက်တော့ဘူး”
“ဒီလိုနဲ့ပဲ အပျိုကြီးယသော်သူရတစ်ယောက် မိဘပေးစားတဲ့လူနဲ့သာ ဒန်တန့်တန်”
“ဘာ ဒန်တန့်တန်လဲ”
မီမီတစ်ယောက် ကိုယ့်စကားကိုယ်သဘောကျရင်း တခွီခွီရယ်နေပြန်သည်။
“နင် ခုနကတစ်ယောက်ကိုစဉ်းစားသင့်တယ်နော်”
“ဘာစဉ်းစားရမှာလဲ လျှောက်ပြောမနေနဲ့ သူကသူ့ရည်းစားနဲ့သူ”
“အော် ဟုတ်သား ရည်းစားမရှိရင်ကောင်းမှာဟယ် မယသော်အတွက်သတို့သားလောင်းကဘယ်သူများဖြစ်မလဲပဲ”
“ငါ့သတို့သားလောင်းက မမွေးသေးတာမဟုတ်ဘူး မွေးဖို့ကိုမရှိတာတဲ့ဟေ့ သိပြီလား”
ယသော်ရဲ့မကျေမနပ်ရန်ရှာသံကို သဘောကျကာ တဟားဟားရယ်နေတဲ့မီမီနဲ့အတူ ယသော်ပါလိုက်ရယ်မိတော့သည်။ တကယ်ပါပဲ။ ကာယကံရှင်ထက်သူကပိုပြီး စိတ်ဝင်စားပြနေတယ်။
================================================================
“ဟဲ့ ငါ့မွေးနေ့မနက်တုန်းက ထူးထူးဆန်းဆန်းအိမ်မက်မက်တယ်သိလား”
“ဘာအိမ်မက်တုန်း”
“သိပါဘူး ရယ်တော့ရယ်ရသား ညသန်းခေါင်လဲမဟုတ် မနက်အစောကြီးလဲမဟုတ်ပဲ မနက်ကိုးနာရီထိုးခါနီးလောက်မှာ မက်တာ”
ယသော်က မီမီကို အိမ်မက်အကြောင်းပြောပြလိုက်သည်။
“ခိ ခိ အပြင်မှာတစ်ခါမှအနမ်းမခံရဖူးတဲ့နင်ကအိမ်မက်ထဲ ပုကျွတ်ဆိုတဲ့အသံမြည်လောက်အောင်အထိ အနမ်းခံလိုက်ရတယ်ပေါ့ အပျိုကြီးဘာတွေစိတ်ကူးအယဉ်လွန်းပြီးအိပ်ပျော်သွားလဲမှမသိတာ”
“အမယ် ဟုတ်မနေပါဘူးနော် နင့်ကိုရယ်ရလို့ပြောပြတာ”
“ငါထင်တာတော့ အိမ်မက်ကတကယ်ဖြစ်လာတော့မယ်ထင်တယ်”
“ဘာလို့လဲ”
“ဟိုတစ်ယောက်လေ”
“ဘယ်တစ်ယောက်လဲ”
ယသော်က မီမီပြောတဲ့လူကိုမသဘောမပေါက်ပဲ ထပ်မေးလိုက်သည်။
“တီးတောင် တီးတောင်”
ဘဲလ်မြည်သံကြောင့် မီမီက ယသော်ကိုစပ်ဖြီးဖြီးပြုံးပြကာ တံခါးဖွင့်ပေးဖို့ထရင်း။
“အခုလာတဲ့တစ်ယောက်ဟေ့”
မီမီရဲ့နောက်ကျောကို မျက်စောင်းထိုးလိုက်မိသည်။ နေသူရတစ်ယောက်ဟာ မလာပါနဲ့လို့ပေါ်တင်ပြောလိုက်တာတောင် လာဖြစ်အောင်လာသေးရဲ့။
“မမီရောက်နေပြီလား ကျွန်တော်ဘာဝယ်ရမယ်မှန်းမသိလို့ ဒါတွေပဲဝယ်လာတယ် ဘာစားချင်လဲဖုန်းဆက်မေးမလို့ကို ဖုန်းနံပါတ်မသိလို့”
ကိုင်ဆွဲလာတဲ့ကျွတ်ကျွတ်အိတ်နှစ်အိတ်ထဲမှာ ဖော့ဗူးတွေ လေးငါးဗူးလောက်ရှိမည်ထင်။
“ဘာတွေဝယ်လာတာလဲ”
“မင်းလမ်းကဝင်ဝယ်ခဲ့တာ မိန်းကလေးအများစုက အစပ်ကြိုက်ကြတယ်လေ ဂဏာန်းမဆလာရောဝယ်ခဲ့တယ်”
“အိုင်းစ် တော်လိုက်တဲ့မောင်မင်းလူကလေး လာ လာ မြန်မြန်ဝင်”
မီမီရဲ့ပြောင်ချော်ချော်စကားကြောင့် သူရတဟားဟားရယ်ရင်း အခန်းထဲဝင်ခဲ့သည်။ သူ့ကိုခပ်တည်တည်ကြည့်နေတဲ့ ယသော်ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး အသည်းရဲ့ခေါင်းကိုဖွဖွပုတ်ကာနုတ်ဆက်လိုက်သည်။
အောင်မာ။ ဂြိုလ်ပေးနေပါတယ်ဆို မျက်လုံးကလာမှိတ်ပြနေသေးတယ်။ ယသော်အမြင်ကတ်ကတ်နဲ့မျက်စောင်းထိုးရင်း။
“မလာပါနဲ့ပြောတာကို လာဖြစ်အောင်လာသေးတယ်”
“လာမယ်လို့ပြောသွားတာကို ကျွန်တော်လာတော့ပိုပျော်စရာကောင်းတယ်လေ ဟုတ်တယ်မလား မမီ”
“ဟုတ်တယ် ဟုတ်တယ် လောလောဆယ်တော့ဂဏာန်းမဆလာဘက်ပါရမှာပဲဟေ့ အနံ့ရတာနဲ့သရေယိုလာပြီ အနောက်လာကြတော့လေ စားကြစို့”
မီမီရဲ့ဆော်အောမှုကြောင့် အားလုံးမီးဖိုခန်းထဲဝင်လာကြသည်။
“အများကြီးဝယ်လာတယ်သူရရယ် နောက်တပါတ်ကျရင် အမကျွေးမယ်လေ”
“ဟာ တကယ်လား ပျော်စရာကြီး”
“နောက်တပါတ် နင့်ရည်းစားပြန်လာတော့မှာလေ”
ရှုပ်ရှုပ်ယှက်ယှက်ဖိတ်မန္တကပြုနေတဲ့မီမီကို မျက်လုံးပြူးပြလိုက်ရင်း ယသော်က ဝင်သတိပေးလိုက်သည်။ နောက်တပါတ် တွေ့ဖို့အထိပါ ချိန်းနေစရာလား။
“အဲ ဟုတ်သားပဲ မေ့သွားလို့သူရရေ နောက်ခါကြုံမှပေါ့ဟယ်”
“အာ ရတယ် ကျွန်တော်နဲ့သူနဲ့က ရုံးပိတ်ရက်မှမဟုတ်ဘူး တခြားရက်လဲတွေ့နေကြတာပဲကို ကျွန်တော်လာလို့ရတယ်”
“မလာပါနဲ့ နင့်ရည်းစားစိတ်ဆိုးနေဦးမယ် သူ့ကိုပဲအချိန်ပေးလိုက်ပါ မိန်းကလေးတွေကအဲ့ဒီလိုမျိုးမှပိုသဘောကျတာ”
“ဟုတ်လား ယသော်ကအဲ့ဒီလိုယောကျာ်းမျိုးမှသဘောကျတာလား”
သူရစကားကြောင့်ယသော်ကြောင်သွားပြီး သူ့မျက်နှာကိုကြည့်နေမိသည်။
“ခိခိ ဟုတ်လောက်မယ်ထင်တယ်သူရရယ် ဒီအပျိုကြီးကဘယ်လိုယောကျာ်းမျိုးကိုသဘောကျမှန်းမသိလို့ အခုအချိန်ထိ ရည်းစားတောင်တစ်ယောက်မှထားဖူးရှာတာမဟုတ်ဘူး”
“မီမီ”
ယသော်ရဲ့စကားကိုဂရုမစိုက်ပဲ နှစ်ယောက်သားဆက်ပြောနေကြသည်။
“ဗျာ ဟုတ်လား ဒီခေတ်ကြီးမှာ ဒီလိုလူမျိုးရှိသေးတယ်ပေါ့ ပြတိုက်ပို့ထားသင့်ပြီ”
“ဟုတ်တယ် ငါလဲမကြာခင်ပို့မလားလို့ ခိခိ”
ယသော်မှာ ဘယ်လိုမှပြောမနိုင်တဲ့သူတို့နှစ်ယောက်ကို စိတ်တိုတိုနဲ့ဂဏာန်းကို နှစ်ခြမ်းဆွဲဖြဲလိုက်သည်။
“အန်တီ အသည်းကို အနှစ်ထည့်ပေးပါလား”
“အော် အေး အေး ဂဏာန်းပျော့ကြော်လဲပါတာပဲ အသည်းစားမလား”
“ဟုတ်”
“ပြည်ကြီးငါးသုပ်က တအားစပ်တယ် နည်းနည်းပဲစားနော်”
အသည်းပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးနေတဲ့ယသော်ကိုကြည့်ပြီး မီမီသက်ပြင်းချလိုက်မိသည်။ ယသော်သူရဆိုတဲ့ ဒီသူငယ်ချင်းလေးဟာ တခါတလေကျွပ်ဆတ်ဆတ်နိုင်တယ်လို့ထင်ရပေမယ့် အင်မတန်စိတ်ပျော့ပြီးစိတ်ကောင်းရှိတာကို မီမီအသိဆုံးပါ။ ဒါကြောင့်လဲ သူဇာတို့ကိုယ့်ပြသနာကိုယ်မဖြေရှင်းပဲ ဒီကလေးကို ယသော်ဆီမှာ လာထားသွားခဲ့သည်။
စားသောက်ပြီးတော့ အသည်းက သူ့ဘာသာဧည့်ခန်းထောင့်မှာ ဘာဘီရုပ်ကိုဘေးနားချပြီး ရောင်စုံခြယ်နေလေသည်။ သူတို့ သုံးယောက်ကတော့ ကော်ဖီခွက်ကိုယ်စီနဲ့ ဟိုဟိုဒီဒီလျှောက်ပြောရင်း ထမင်းလုံးစီနေချိန်တွင် ယသော်က သူ့အမေဆီက ဖုန်းလာလို့ စကားပြောဖို့အခန်းထဲဝင်သွားသည်။
“အီး ဗိုက်ကိုတင်းသွားတာပဲ အများကြီးစားလိုက်မိပြီ”
“ဟုတ်တယ် ကျွန်တော့ရောပဲ ဒီညနေတော့ Gym သွားရမယ် ပျက်လို့မဖြစ်ဘူး”
“ဒါနဲ့ မေးပါဦးမယ် နင်နဲ့ယသော်က တအားလဲမရင်းနှီးပဲ ဘာလို့လာနေရတာလဲ”
“ဗျာ ကျွန်တော်လား ယသော်ကိုခင်လို့လေ”
မထင်မှတ်ထားတဲ့မီမီရဲ့မေးခွန်းကြောင့် သူရကြောင်အမ်းအမ်းဖြစ်သွားသည်။ မီမီက သူရကိုမသင်္ကာသလို မျက်လုံး မှေးစဉ်းကြည့်ရင်း။
“သေချာတယ်နော်”
“သေချာပါတယ်ဗျာ မမီသူငယ်ချင်းက စူပုတ်ပုတ်ဂျစ်တစ်တစ်ပေမယ့်သဘောကောင်းတယ်ဗျ”
“အမယ် နင်ကဘယ်လိုသိ”
“သိတာပေါ့ သူ့ဘာသာပြောနေတာတွေရော ဖုန်းပြောနေတာရော ကျွန်တော်ကြားတယ်လေ သူနဲ့ဘာမှမတော်စပ်တဲ့ ကလေးတစ်ယောက်ကို လူရောငွေပါစိုက်ပြီးထိန်းပေးနေတာ ကျွန်တော်အားလုံးသိ သူ့သူငယ်ချင်းကလဲ တအားဆိုးတာပဲ ကလေးတစ်ယောက်ကိုလက်လွှတ်စပယ်လာပစ်သွားတယ် ဒါနဲ့အဲ့ဒီတစ်ယောက်ကမမီနဲ့ရော သူငယ်ချင်းပဲလား”
“ဟုတ်တယ် ငါတို့သုံးယောက်ကတက္ကသိုလ်အတူတူတက်ခဲ့တာလေ အဲ့ဒီအချိန်ကတည်းခင်လာတာအခုဆို ဆယ့်ရှစ်နှစ် လောက်တောင်ရှိတော့မယ် ကျောင်းပြီးတော့လဲ သူဇာတစ်ယောက်ပဲအိမ်ထောင်ကျပြီး ငါတို့နှစ်ယောက်က အပျိုကြီးတွေ ဆိုပါတော့ နင်မသိလို့ ငါတို့သုံးယောက်ထဲယသော်ကခေါင်းအမာဆုံး အပြတ်သားဆုံးလူသား”
“ပုံစံကြည့်ကတည်းကသိသာပါတယ်ဗျာ တခုခုမကျေနပ်ရင် မှုန်ကုတ်ကုတ်နဲ့ပေါ်တင်ပြောတာ”
“ဟား ဟား ဟုတ်ပ သူ့ကိုလာကြိုက်တဲ့လူတွေဆိုမလွယ်ဘူး ရည်းစားစကားပြောခံရတာကို မကောင်းတတ်လို့ အီးမှန်ထားတဲ့ရုပ်နဲ့နားထောင်နေတာ ပြောနေတဲ့လူက ဆက်ပြောဖို့စိတ်ညစ်သွားရော”
“တကယ်ရည်းစားတစ်ယောက်မှမထားခဲ့ဘူးလား ယသော်က”
“ဟုတ်ပါတယ်ဆို အခုချိန်အထိတစ်ယောက်မှကိုမထားဖူးတာ ငါကတော့ရည်းစားတွေထားပါရဲ့ ကျောင်းတက်ကတည်းက B.com ဘွဲ့ရခဲ့ပေမယ့် နင်သိတဲ့အတိုင်း Account Department ကမိန်းမတွေအများစုက အပျိုကြီးတွေချည်းပဲ ငါကလုံး၀ အပျိုကြီးမလုပ်နိုင်ဘူးဆိုပြီး Accountant မလုပ်ခဲ့တာ ဒါပေမယ့်လဲ အခုချိန်ထိ အပျိုကြီးဖြစ်နေတာပါပဲ ဟဲ ဟဲ”
ပျော်ပျော်နေတတ်တဲ့မမီဟာ အခုအချိန်ထိနုပျိုလှပနေဆဲပါ။ ဘာကြောင့်များအပျိုကြီးဖြစ်နေပါသလဲမစဉ်းစားတတ်တော့။
“အာ ဒါကတော့ မမီကြောင့်ပဲနေမှာပါ”
“ငါကဘာဖြစ်လို့လဲ”
“ဒီအဆင်နဲ့လေ မမီငြင်းခဲ့လို့ပဲအပျိုကြီးဖြစ်နေတာပေါ့”
“မြှောက်နေပြန်ပြီ နင်သိလားငါအခုလက်ရှိတွဲနေတဲ့ရည်းစားနဲ့ဆို ထားခဲ့ဖူးတဲ့ရည်းစားပေါင်း ဆယ်ယောက်ရှိပြီ”
“ဗျာ ဆယ်ယောက်တောင်”
“အေး နင်ယသော်ကိုတော့သွားမမေးနဲ့ သူကတော့ဆယ်ယောက်မကမှန်းသိတယ် ခိခိ”
သူရတို့ ဗျာ ဆိုတဲ့အသံပင်မထွက်နိုင်တော့ပေ။ သူတောင် အီစီကလီမပါပဲ အခုချိန်ထိ တရားဝင်ရည်းစားသုံးယောက်သာ ထားဖူးသေးတာ။ မမီကိုတော့ လေးစားသွားချေပြီ။
မီမီက တခိခိရယ်ရင်း ဆက်ပြောသည်။
“နင်တို့ယောကျာ်းတွေကအမျိုးမျိုးပဲဟဲ့ ဆင်ခြေကလဲအမျိုးမျိုး တချို့လူတွေဆိုအဖြေပေးပြီး သုံးလေးရက်လောက်နဲ့ ပြတ်ရော ဘာလို့လဲသိလား သူတို့က သားကိုသခင်၊ လင်ကိုဘုရား ထားစေချင်ကြတဲ့ ယောကျ်ားပီသသူတွေ ငါကတော့ ငါချစ်ရင်ချစ်သလို င့ါအပေါ်ကောင်းရင်ကောင်းသလို သခင်ကြီးတစ်ပါးလို အိမ်ဦးခန်းမှာ စင်ကြီးရိုက်ပြီး ထားပေးလိုက်ဦးမှာ ဒင်းတို့ကအဲ့ဒီလိုမဟုတ်ဘူး ငါယောက်ျားဆိုတဲ့အတွေးနဲ့ သူတို့ကို တအားလေးစားအားကိုးစေချင်ကြတာ ကိုယ်တိုင်ကျတော့ ဘာပြည့်စုံတာကျလို့ တချို့ကလဲသူတို့ဘာသာရှာမစားချင်လို့ မိန်းမယူပြီးရှာကျွေးစေချင်ကြတာ အခုလက်ရှိ တစ်ယောက်ကတော့မဆိုးပါဘူးဟဲ့ ငါ့အပေါ်နားလည်မှုရှိသား အသက်ကလေး ဆယ်နှစ်လောက် ငယ်တာကလွဲလို့”
“ဗျာ”
သူရ အံ့သြတကြီး ဗျာဆိုတဲ့အသံအကျယ်ကြီးထွက်သွားမိသည်။
“ဟား ဟား နင်အံသြသွားလား ရယ်ရတယ်နော် ငါလဲသူရည်းစားစကားလာပြောတော့ နင့်ထက်တောင်ပိုအံ့သြမိသေး”
ထိုစဉ် ရှုံ့မဲ့နေတဲ့ယသော်က ရှုပ်ပွနေတဲ့ဆံပင်တွေကိုထပ်ပြီးကုတ်ဖွနေရင်း အခန်းထဲကထွက်လာခဲ့သည်။
“ကဲ မမ ဘာတွေဖြစ်လာပြန်ပြီလဲ ခေါင်းကလဲငှက်သိုက်ကျနေတာပဲ ဘယ်လောက်အထိကုတ်ခဲ့ပြန်တာလဲ”
“စိတ်ညစ်တယ် စိတ်ညစ်တယ် အမေကြောင့်လဲ”
“ဘာတဲ့လဲ သတို့သားလောင်းကြီးကိုလွှတ်လိုက်မယ်တဲ့လား”
“အေး စိတ်ညစ်တယ်ဗျိုးးးးးး အဲ့ဒီယောကျာ်းကြီးကိုမယူလို့မရဘူးလား ဟမ် အသက်သုံးဆယ့်လေးပြည့်ပြီးတာ အပြစ်လား ဘယ်သူကယောကျာ်းမဖြစ်မနေယူရမယ်လို့ပြောခဲ့သလဲ အဲ့ပြောခဲ့တဲ့လူကို အကြိမ်တစ်ရာသေဒဏ်ပေးသင့်တယ် ဘာမှန်းလဲမသိဘူး ကိုယ့်ဘာသာအေးဆေးနေနေတာကို အသက်ကြီးလာရင်ဆေးပေးမီးယူဘာညာသာရကာ လိုတယ်လေး၊ဘာလေးနဲ့ အိပ်ရာထဲလဲနေတဲ့မိန်းမကို ပြုစုနေတဲ့ယောကျာ်းဘယ်နယောက်များတွေ့ဖူးသလဲ နင်စဉ်းစားကြည့်စမ်း မိန်းမတွေကသာ ဒင်းတို့ကိုပြုစုနေရတာကို တကယ်ပဲ စိတ်လေတယ် ယောကျာ်းမယူချင်ဘူး အီးးးး”
ဆိုဖာပေါ်ခြေပစ်လက်ပစ်ကျောမှီထိုင်ချကာ မျက်နှာကျက်ကိုမော့ကြည့်ရင်း မကျေမနပ်တရစပ်ရွတ်ဆိုနေတဲ့ယသော်ကို မီမီတို့အားလုံး ဝိုင်းကြည့်နေမိသည်။
“ဘယ်တော့လာမယ်တဲ့လဲ”
“အခုလာနေပြီတဲ့”
“အမ် ချက်ချင်းကြီး နင့်ကိုကြိုပြောရင်ရှောင်နေမှာစိုးလို့မပြောတာဖြစ်မယ် ဟီဟီ”
မီမီက ပြောနေတုန်းရှိသေး။
“တီးတောင် တီးတောင်”
“ဟဲ့ ယသော်လာနေပြီထင်တယ် ငါတံခါးဖွင့်ပေးလိုက်မယ် သွား သွား နင်အခန်းထဲဝင်ပြီး အဲ့ဒီစပန့်ဂါဝန်ကြီးကိုလဲလိုက်ဦး ခေါင်းလဲဖြီးခဲ့ဦးနော်”
“နိုး”
ခေါင်းကို လက်နဲ့ဖြီးကာ ဂျစ်တစ်တစ်ပြန်ပြောလိုက်တဲ့ယသော်ကို မီမီကမျက်စောင်းထိုးရင်းတံခါးသွားဖွင့်ပေးလိုက်သည်။ သူရကလဲ ယသော်ရဲ့သတို့သားလောင်းကို ဘယ်လိုပုံစံဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်နေမိသည်။
“ယသော်သူရလား”
“မဟုတ်ပါဘူးရှင် ကျွန်မကယသော်သူငယ်ချင်းပါ ဒီက…”
“ကျွန်တော်က ယသော်နဲ့လူကြီးချင်းသဘောတူထားတဲ့ ဝေယံမြင့်ပါ”
“အော် ဟုတ်ကဲ့ အထဲဝင်ပါရှင့်”
လူကအပေါက်ဝနားရှိသေး ဝေယံမြင့်ရဲ့အနံ့ကအခန်းထဲရောက်နေပြီ။ သူရနှာခေါင်းတရှုံ့ရှုံ့နဲ့အနံ့ခံမိရင်း အတော်ရေမွှေး ကြိုက်တဲ့လူကြီးလို့ မှတ်ချက်ချမိသည်။ ဝေယံမြင့်ရဲ့ပုံစံဟာ အသားကညိုတဲ့အဆင့်ထက်ကျော်လွန်ကာ တူးတဲ့အဆင့်ထဲ ရောက်နေသည်။ နဖူးကလဲငယ်ထိပ်အထိပြောင်ချင်ချင်။ အရပ်မြင့်ကာ ခပ်၀၀၊ဗိုက်ပူပူကိုခါးပတ်နဲ့ပင့်တင်ထားသေးသည်။
ယသော်က ထိုလူကြီးကို စိတ်ပျက်မှုအပေါင်းသရဖူဆောင်းတဲ့မျက်လုံးများနဲ့ကြည့်နေမိသည်။ သူ့ကိုယ်သူများ ယသော်နဲ့ လူကြီးချင်းသဘောတူထားတယ်လေးဘာလေးနဲ့။ တင်တင်စီးစီး။
“ကျွန်မက ယသော်သူရပါ ထိုင်ပါဦးရှင်”
“ယသော်က အပြင်မှာပိုနုတယ်နော် ဟဲဟဲ ပိုလဲလှတယ် ဒါကယသော်အတွက်လက်ဆောင်”
ဝေယံမြင့်ရဲ့လက်ဆောင်နဲ့ချီးကျူးစကားကို ယသော်ကမချိသွားဖြဲရယ်ကာ လက်ခံလိုက်ရင်း။
“အဟင်းဟင်း ကျေးဇူးတင်ပါတယ်နော် ခဏထိုင်ပါဦး ကျွန်မအအေးသွားဖျော်လိုက်ဦးမယ်”
“နေ နေ ယသော် ငါသွားဖျော်လိုက်မယ်”
မီမီစကားကြောင့် ထရပ်မလို့ပြင်နေတဲ့ယသော်က အောင့်သက်သက်နဲ့ဆက်ထိုင်နေလိုက်သည်။ သူရကတော့ သူတို့နှစ်ယောက်ကို တလှည့်စီကြည့်ရင်း သူ့ကော်ဖီကို အေးဆေးဆက်သောက်နေသည်။ ဒီလူနဲ့ယသော်ဟာ ဆန့်ကျင်ဘက်တော့လိုက်ဖက်သား။ ဆင်နဲ့ဆိတ်ကိုတွဲထားပေးတဲ့ပုံမျိုးပင်။
အခုမှသူရကို သတိရမိကာ ယသော်ပိုပြီးစိတ်ရှုပ်သွားရသည်။ ဒီအချိန်မှ သူကဘာလို့ရှိနေမှန်းမသိ။
“ကျွန်တော် မနေ့ကမှပြန်ရောက်တာ ဒီတစ်ခါပြန်လာရင်မင်္ဂလာဆောင်ဖို့အမေကတိုက်တွန်းနေတာ တကယ်တမ်းယူမယ် ဆိုပြန်တော့လဲရည်းစားမရှိတော့ အန်တီမြင့်က အသိတစ်ယောက်ရှိတယ်ဆိုပြီးယသော်ပုံကို ပို့ပေးခဲ့တယ်လေ အဲ့ဒီပုံကို တွေ့ပြီးကတည်းက သဘောကျနေခဲ့တာ”
ငင်။ သဘောကျတော်မူတယ်ဆိုပဲ။ ယသော်မှာ အီးပိန့်ပိန့်နဲ့သူ့စကားတွေကို ငြိမ်ပြီးနားထောင်နေရသည်။ သူက အိမ်ဘေးက အန်တီမြင့်ရဲ့အမျိုး သဘောၤသီး အဲ့လေ သဘောၤသားပေါ့။ မဲနက်ပြောင်နေတဲ့အသားအရည်ကြောင့် မသိတဲ့လူဆို နီဂရိုးလေးလား ထင်မှတ်မှားရပါမယ် ကိုဝေယံမြင့်ရယ်။ ယသော်ကတော့ နိုးပါရှင် လို့စိတ်ထဲက ပြန်ပြောနေမိသည်။
စိတ်ညစ်နေတဲ့ယသော်မျက်နှာကိုကြည့်ြ့ပီးသူရမှာ ရယ်လဲရယ်ချင်၊ သနားလဲသနားဖြစ်မိသည်။ ယသော်ပုံစံလေးနဲ့ ဒီလူကြီးက ဘယ်လိုမှလိုက်ဖက်မညီပါ။ ယသော်အမေလဲမတွေ့ဖူးလို့သာ သဘောတူတာဖြစ်ပေလိမ့်မည်။
ဝေယံမြင့်က သူရနဲ့အသည်းကိုတစ်ချက်လှမ်းရှိုးရင်း ဆက်ပြောသည်။
“ယသော်သူငယ်ချင်းတွေအလည်ရောက်နေတာလား”
“ဟုတ်တယ် ဒါနဲ့တမျိုးတော့မထင်နဲ့နော် ကိုဝေယံမြင့်အသက်ဘယ်လောက်ရှိပြီလဲ”
ယသော်က သူရနဲ့မိတ်မဆက်ပေးချင်တာကြောင့် တမင်စကားလွဲလိုက်သည်။
“ကျွန်တော်က သုံးဆယ်လေးပြည့်ပြီးပါပြီ ပြောမလို့တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်နဲ့ယသော်ကမွေးနေ့တူတယ် ကျွန်တော်တို့ ရေစက်ပါတယ်ထင်တယ် သိလား အဲ့ဒီတစ်ချက်နဲ့တင်ကျွန်တော်တို့ရေစက်ကို တော်တော်အံ့သြသွားတာ”
ကံဆိုးစွာနဲ့သူနဲ့သွားပြီးမွေးနေ့တူနေလိုက်သေးသည်။ ဘာလို့သူနဲ့ရေစက်ပါရမှာလဲ။ လာပြီးရေစက်ပါချင်နေသေးတယ်။ အဲ့ဒီနေ့မှမွေးတဲ့လူတွေမှ တပုံကြီးရှိနေဦးမှာကို။ ဘဝမှာပထမဆုံးအကြိမ်အဖြစ် ကိုယ့်မွေးနေ့ကို စိတ်ကုန်သွားမိသည်။
ယသော်နဲ့တစ်နေ့ထဲမွေးတဲ့လူလို့မထင်ရက်စရာ ဝေယံမြင့်ဟာ ဘယ်သူ့ကိုပဲမေးမေး သူ့ကအသက်ကို လေးဆယ်ကျော် အနည်းဆုံးလို့သာ ဖြေကြပါလိမ့်မည်။
“အော် ဟင်း ဟင်း”
မီမီက အအေးခွက်ကိုချပေးရင်း ရယ်ချင်နေတဲ့မျက်နှာကို မနည်းထိန်းနေရသည်။
“အအေးသုံးဆောင်ပါဦးရှင် ဘယ်လိုလုပ်မလဲယသော် အခုပဲအပြင်သွားဖို့ကို ဧည့်သည်ကရောက်လာတော့”
“ဘယ်သွားကြမလို့လဲ”
ဝေယံမြင့်က မီမီကိုကြည့်ရင်းမေးလိုက်သည်။
“အော် ကျွန်မတို့ကဟိုသူငယ်ချင်းအိမ်မှာသွားမလို့ သူတို့အိမ်ကမနက်ဖြန်အလှူလုပ်မှာဆိုတော့ နည်းနည်းပါးပါးလုပ်စရာ ရှိတာလေးသွားကူပေးမလို့ပါ ကိုဝေယံမြင့်ကကြိုမချိန်းထားပဲရောက်လာတယ်ဆိုတော့ အားနာစရာတွေဖြစ်ကုန်ပြီ”
သူရကိုလက်ညှိုးထိုးပြရင်း လျှောက်ပြောနေတဲ့မီမီကို ယသော်ကျေးဇူးတွေတင်နေမိသည်။ မြန်မြန်ပြန်သွားရင် ကောင်းမည်။ ဒီမျက်နှာကြီးကို တစ်မိနစ်တောင် ထပ်မကြည့်ချင်တော့ပေ။
“ကျွန်တောရောလိုက်ခဲ့လို့ရလား”
“ဘယ်အဆင်ပြေမလဲ ကျွန်မတို့ကသန့်ရှင်းရေးလုပ်ပေးရမှာ ကိုဝေယံမြင့်ကရှိုးအပြည့်နဲ့သန့်ပြန့်နေတာကို မခိုင်းရက်ပါဘူးရှင် နောက်ရက်မှ ယသော်နဲ့အေးဆေးတွေ့ကြပေါ့”
မီမီက ပြုံးပြုံးလေးနဲ့ ဝေယံမြင့်ကိုမြှောက်ပင့်ပြောဆိုကာမောင်းထုတ်နေသည်။ ဝေယံမြင့်ကလဲကျေနပ်သွားတဲ့ မျက်နှာကြီးဖြင့်။
“ဟဲ ဟဲ ဒါဆိုကျွန်တော်နောက်ရက်မှ ထပ်လာခဲ့မယ်လေ နော် ယသော်”
“ဟုတ် အဲ နောက်ရက်ကျွန်မအိမ်ပြန်မှာဆိုတော့ အိမ်ကနေပြန်လာမှပဲတွေ့ကြတာပေါ့”
“ဟုတ်လား ကျွန်တော်လဲယသော်နဲ့တွေ့ဖို့အန်တီမြင့်တို့ဆီလိုက်လည်ဦးမှာပါ ယသော်ကမနက်ဖြန်ပြန်မှာလား”
“ဟုတ်တယ် ဟုတ်တယ် မနက်ဖြန်ပြန်မှာ ကားလက်မှတ်တောင်ဖြတ်ထားပြီးပြီ”
“အဲ့ဒါဆို ကျွန်တော် သုံးလေးရက်နေရင်လိုက်လာခဲ့မယ်လေ ကြိုသိရင်ကောင်းသား အခုတော့ယသော်တစ်ယောက်ထဲ ဖြစ်နေပြီ အဆင်ပြေရဲ့လား”
အခုမှတွေ့ဖူးတဲ့လူကို အတင်းကြီးစိတ်တွေလာပူပြနေသေးသည်။
“ပြေတယ် ပြေတယ် ကျွန်မကဒီခရီးကိုသွားနေကျပါ”
“မနက်ဖြန်ဘယ်အချိန်လဲ ကျွန်တော်ကားဂိတ်လိုက်ပို့ပေးမယ်လေ”
“ရတယ် တကူးတကကြီးဖြစ်နေလိမ့်မယ် Grab နဲ့ပဲသွားလိုက်မယ်”
“အဆင်ပြေပါတယ်နော် ကျွန်တော်လိုက်မပို့လို့ကောင်းပါ့မလား”
“ဟုတ်ကဲ့ ကောင်းပါတယ် နောက်မှတွေ့မယ်လေ အခုကကျွန်မတို့အပြင်သွားတော့မှာဆိုတော့”
“ဆောရီးဗျာ ကျွန်တော်ကယသော်ကိုတွေ့ချင်ဇောနဲ့ကြိုမပြောပဲလာခဲ့မိတာ အော် ဘာကြိုက်တတ်မှန်းမသိလို့ ရေမွှေးပဲ လက်ဆောင်ဝယ်ခဲ့တာ ယသော်အကြိုက်တွေနောက်မှဝယ်ပေးမယ်နော် ဒါဆိုကျွန်တော်ပြန်လိုက်ဦးမယ် ဆက်ဆက်တွေ့မယ်နော်”
“ဟုတ်ကဲ့”
အလှဆုံးပြုံးပြကာနုတ်ဆက်နေတဲ့ ဝေယံမြင့်မျက်နှာကြီးကိုကြည့်ပြီး စိတ်ပျက်စွာနဲ့ပြန်ရယ်ပြလိုက်ရသည်။ မီမီနဲ့သူရကလဲ ဝေယံမြင့်အမြန်ပြန်အောင် ခေါင်းတငြိမ့်ငြိမ့်နဲ့ပြုံးပြနုတ်ဆက်နေကြသည်။
အခန်းတံခါးလိုက်ပိတ်တဲ့မီမီဟာ ပြန်ဝင်လာချိန်မှာတော့ အိနြေ္ဒမဆည်နိုင်တော့ပဲ တဟားဟား ထရယ်လေတော့သည်။
“မီမီ နင်မရယ်နဲ့နော်”
ယသော်က စိတ်တိုကာအော်လိုက်ပေမယ့် မီမီမှာအရယ်ရပ်မသွားပေ။
“ရယ်ချင်လွန်းလို့ပါဟယ် သူလာတာ ကုလားသဘောၤဆိုက်လာတဲ့အတိုင်းပဲ ငါဖြင့်ခေါင်းတောင်မူးတယ်သူ့ရေမွှေးနံ့ကြီးကို အသည်း Air Fresher ဖြန်းလိုက် နင့်အန်တီအဲ့ဒီအနံ့လေးကြောင့်တစ်ညလုံးဝေယံမြင့်ကိုသတိရနေလိမ့်မယ် ဟား ဟား နင့်ကိုလက်ဆောင်ပေးတဲ့ ရေမွှေးကလဲ အဲ့ဒီအနံ့ပဲလားမသိ ဟား ဟား”
မီမီကို ပါးစပ်လှုပ်စိလှုပ်စိနဲ့အသံတိတ်ကျိန်ဆဲနေတဲ့ယသော်ကြောင့် သူရမှာ ပေါ်တင်မရယ်ရဲသော်လည်း မျက်နှာပိုးမသတ်နိုင်ပဲ ပြုံးစိစိဖြစ်နေလေသည်။
================================================================
ပထမဦးဆုံးသော သတို့သားလောင်းကိုတွေ့ပြီးနောက်မှာတော့ ယသော်ဟာ ကျန်နှစ်ယောက်နဲ့တွေ့ဖို့အင်မတန်ကို စိတ်ညစ်နေရသည်။ အမေကလဲမလျော့သောဇွဲဖြင့် ဝေယံမြင့်ကိုလက်လျော့ပြီး တခြားနှစ်ယောက်နဲ့ထပ် တွေ့ခိုင်းနေပြန်သည်။
“မငြင်းနဲ့ယသော် အမေတို့လဲအသက်ကြီးလာပြီ သမီးကညာအခါမလင့်စေနဲ့ဆိုတဲ့စကားဟာ ညီးအတွက်မဟုတ်တော့ဘူး ညီးကလင့်နေတာကြာပေါ့ ကိုယ့်သမီးလေးမို့မပြောရက်လို့သာပ”
မာတာမိခင်ကြီးမှာ မပြောရက်လို့သာတော်တော့သည်။ ပြောရက်ရင်များ ယသော်ဘဝမတွေးရဲစရာပင်။
“အမေ အဲ့ဒီလိုတွေဆက်လုပ်နေရင် သမီးအိမ်ပြန်မလာဘူးနော်”
“မလာနဲ့လေ ဟိုနှစ်ယောက်ကိုလဲအဲ့ဒီကိုလွှတ်လိုက်ရုံပေါ့”
အမေ့စကားကြောင့်ယသော်မှာ အသံပင်မထွက်နိုင်တော့။ ဝေယံမြင့်တစ်ယောက်နဲ့တင်မှတ်နေပြီကို။
“နင့်ကိုလာတွေ့တဲ့အခါ ကောင်းကောင်းဧည့်ခံလိုက်နော် ကြားလား မောင်မြတ်သူက နင့်ကိုတွေ့ဖို့တကူးတက ရန်ကုန်ကို သွားရတာ”
“မောင်မြတ်သူ??? လာပြန်ပြီ ဘယ်သူကြီးလဲ”
“နင့်ယောင်းမရဲ့သူငယ်ချင်းလေ တွေ့ကြည့်လိုက်ပါ သူ့ကိုတော့အမေလဲတွေ့ဖူးတယ် မဆိုးပါဘူး ဟိုတစ်ယောက်လို အသားမမည်းဘူး နင်ကလဲဂျီးကိုများလွန်းတာပါအေ ချစ်သုဝေနဲ့လင်းလင်းကိုကြည့် လင်းလင်းကချစ်သုဝေကို ချစ်လိုက်ပုံများ ဝေယံမြင့်ကမမြင့်ကိုပြောနေတယ်တဲ့ ယသော်ကိုရအောင်တောင်းပေးပါဆိုပြီး ညီးကိုတော်တော် သဘောကျပုံပဲ”
ခေတ်အဖွားကြီးလို့ပြောရမယ့်အမေဟာ လင်းလင်းနဲ့ချစ်သုဝေအကြောင်းတွေပါ သိနေလိုက်သေးသည်။
“အမလေးလေး အမေရယ် သမီးမောင်မြတ်သူဆိုတဲ့လူနဲ့တွေ့ပါ့မယ် ဟုတ်ပြီလား”
မသိမသာခြိမ်းခြောက်နေတဲ့အမေ့ရဲ့စကားများကို ယသော်က သားအမိပီပီသဘောပေါက်ပါသည်။
“အေး အေး အဲ့ဒါဆိုလဲပြီးတာပဲ အမေစိတ်ပျက်အောင်မလုပ်နဲ့ ကောင်းကောင်းဧည့်ခံလိုက် ဒါပဲနော်”
ယသော်က စိတ်ပျက်လက်ပျက်ဖုန်းချလိုက်ရင်း သက်ပြင်းရှည်ကြီးချလိုက်မိသည်။ အသည်းကိုကြည့်လိုက်တော့ ပါးစပ်ကတတွတ်တွတ်နဲ့ ဘာဘီကိုဘာတွေပြောပြီး ဆော့နေလဲမသိ။ အခုလိုအခြေအနေကြုံလာရတော့ အသည်း ရောက်လာတာကိုတောင် ကျေးဇူးတင်ရပေဦးမည်။ ဒါမဟုတ်ရင်တော့ ယသော်မှာ အိမ်ပြန်ရောက်ပြီး တစ်ခါမှ မတွ့ဖူးတဲ့ လူသုံးယောက်ထဲကတစ်ယောက်နဲ့ မင်္ဂလာပွဲကြီးကျင်းပေနေရပေလိမ့်မည်။
================================================================
ဒုတိယမြောက်သတို့သားလောင်းကြီးနဲ့တွေ့မယ့်တွေ့တော့လဲ ကြိုတင်ချိန်းဆိုစရာမလိုခဲ့ပေ။ ယသော်နဲ့အသည်း နှစ်ယောက်သား Ocean မှာလိုတဲ့အိမ်သုံးပစ္စည်းတွေ ဝင်ဝယ်ဖို့ လျှောက်ပတ်ကြည့်နေကြသည်။ ယသော်က တွန်းလှည်းကို တွန်းရင်းလျှောက်ကြည့်နေသလို အသည်းကလဲ ဟိုငေးဒီငေးနဲ့လိုက်ခဲ့လေသည်။
“ဟာ ယသော် ဈေးလာဝယ်တာလား”
ယသော်နာမည်ခေါ်သံကြားလို့ကြည့်လိုက်တော့ နေသူရကို တွေ့လိုက်ရသည်။ သူ့ရဲ့နောက်မှာမိန်းမလှလေးတစ်ယောက် လာရပ်ကာ သူရရဲ့လက်မောင်းကိုကိုင်ဆွဲလိုက်သည်။ သူရရဲ့ချစ်သူကောင်မလးဖြစ်မည်ထင်။ ထိုမိန်းကလေးဟာ လှတယ်ဆိုတာထက်ကိုပိုပါသည်။ မော်ဒယ်လ်လေးလို ဖြူဖြူရှည်ရှည်သွယ်သွယ်နဲ့ မြင်တဲ့လူတိုင်းသမင်လည်ပြန် ငေးချင်စရာဆွဲဆောင်မှုရှိလှပေသည်။ သူရနဲ့လဲလိုက်ဖက်ညီပေသည်။ ယသော်က သူတို့ကိုပြုံးပြလိုက်ရင်း။
“ဟုတ်တယ် ကြုံတုန်းတခါထဲ အိမ်အတွက်လိုတာလေးတွေဝယ်သွားမလို့”
“မိတ်ဆက်ပေးရဦးမယ် ဒါကကျွန်တော့ချစ်သူ ခိုင်ရည်မွန်တဲ့ ခိုင့်ကိုယသော်သိပြီးသားနေမှာပါ ခိုင်လေး ဒါကကိုကို သူငယ်ချင်း ယသော်သူရတဲ့ သူကအသည်းတုန်တဲ့”
သူ့ချစ်သူကို ယသော်မသိပါ။ ဒါပေမယ့်လဲ ထပ်မမေးချင်သောကြောင့် ခေါင်းငြိမ့်ပြီးပြုံးပြလိုက်သည်။
“အော် ဟုတ်ကဲ့”
ခိုင်လေးက ယသော်နဲ့အသည်းနဲ့ကို မသိမသာအကဲခတ်နေသည်။
“အသည်း ဦးဦးကိုတောင်နုတ်မဆက်တော့ဘူးလား”
“ဟီး ဟီး အသည်းကဦးဦးရဲ့ချစ်သူအရမ်းလှလို့ငေးနေတာ”
“အသည်းကစကားတတ်လိုက်တာ အမသမီးကအရမ်းချစ်ဖို့ကောင်းတယ်နော်”
ခိုင်လေးစကားကြောင့် သူရမှာမျက်လုံးပြူးသွားမိရင်း ယသော်ကိုလှမ်းကြည့်လိုက်သည်။
“အော် အဟင်း ကျေးဇူးပဲ သွားတော့မယ်နော်ညီမ နောက်မှအေးဆေးတွေ့တာပေါ့ ဝယ်စရာလေးရှိသေးလို့ ကဲ အသည်း ဟိုဘက်လိုင်းကို သွားမယ်”
ယသော်တို့နှစ်ယောက်ထွက်သွားမှ သူရကခိုင်လေးကို ပြောလိုက်သည်။
“ခိုင်ကလဲ သူတို့ကသားအမိမဟုတ်ဘူး အပျိုကြီးစိတ်ဆိုးသွားပြီလားမသိပါဘူးကွာ”
“မသိဘူးလေ သားအမိမဟုတ်လဲဘာဖြစ်လဲ ခိုင်ကမသိလို့ပြောမိတာကို ကိုကဘာတွေစိတ်ပူနေတာလဲ သူ့ဘာသာ စိတ်ဆိုးချင်လဲဆိုးပါစေပေါ့ ခိုင်နဲ့နောက်ထပ်တွေ့စရာမှမလိုတာ”
သူရ ခိုင်ကိုဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။
“ဘာလဲ ကိုကိုကအဲ့အပျိုကြီးစိတ်ဆိုးမှာကို အတော်စိတ်ပူနေတယ်ပေါ့ ရှင့်ချစ်သူကျွန်မစိတ်ဆိုးမှာကိုတော့ စိတ်မပူဘူးလား အဲ့ဒီမိန်းမကိုတွေ့တာနဲ့ ခိုင့်လက်ကိုဖြုတ်ပြီးထွက်သွားတာက ဘာသဘောလဲ”
“ဟာ အဲ့ဒါက ခိုင်ကပစ္စည်းတွေကြည့်နေတော့ ခဏသွားလိုက်တာလေ”
“မဆိုင်ပါဘူး ခိုင့်ကိုတခါထဲလက်ဆွဲခေါ်သွားရင်ရတာပဲကို ဘာလို့ချန်ထားခဲ့တာလဲ တမင်လုပ်တာမလား”
“ခိုင်ကတော့ ဘာမဟုတ်တာလေးနဲ့ရစ်ပြီကွာ ဒါကကိုယ့်ကိုသဝန်တိုနေတာပေါ့ နုတ်ခမ်းစူနေပုံလေးက ချစ်ဖို့ကောင်းလိုက်တာ ကလေးလေးကျနေတာပဲ အရမ်းချစ်ဖို့ကောင်းတယ် အသည်းတွေယားနေပြီနော်”
ခိုင့်ပါးကိုဆွဲလိမ်လိုက်ရင်း ချစ်စနိုးပြောလိုက်မိသည်။ ခိုင်ကလဲ အဲ့ဒီအခါကျမှစိတ်ပြေသွားသလို မျက်စောင်းထိုးရင်း လိုက်ရယ်သည်။ သူရသက်ပြင်းကြိတ်ချလိုက်ရင်း သူဘာလုပ်လိုက်သလဲဆိုတာကို ခိုင်ပြောမှပြန်တွေးမိတော့သည်။
“ဟယ် မမယသော်”
ဘေးနားကနေဝမ်းသာအားရနုတ်ဆက်လိုက်တဲ့အသံကြောင့် ယသော်စိတ်ရှု့ပ်ရှုပ်နဲ့ကြည့်လိုက်မိသည်။ ဒီနေ့မှ တွေ့လိုက်ရတဲ့ အသိတွေလို့လဲ တွေးလိုက်မိသေးသည်။ ဒီမိန်းကလေးကို သိသလို၊မသိသလိုနဲ့ မမှတ်မိပေ။ မလှမ်းမကမ်း အရုပ်စင်မှာ အရုပ်ရွေးနေတဲ့အသည်းကိုလဲ လှမ်းကြည့်ရသေးသည်။ မွှေးပွအရုပ်တစ်ခု ဝယ်ပေးမယ်ပြောတာနဲ့ အရုပ်တွေကို စိတ်ကြိုက်ရွေးရင်း ယသော်တို့ကို လှည့်တောင်မကြည့်ပေ။
“အယ် ချမ်းချမ်းကိုမမှတ်မိတော့ဘူးလား မမယသော်တို့အစ်ကိုအိမ်ဘေးမှာနေတာလေ”
“အော် မှတ်မိပြီ မတွေ့တာလဲကြာ ချမ်းချမ်းကလဲပိုလှလာတော့ ဘယ်မှတ်မိတော့မလဲ”
“ဟီး ဟီး အော် မမသိတယ်မလား ချမ်းချမ်းအစ်ကိုက မမနဲ့တွေ့ဖို့ရန်ကုန်လာမယ်ဆိုတာလေ ဒီမနက်ပဲရောက်လာတယ် မမဆီဖုန်းမဆက်ရသေးတာ အခုတော့တိုက်တိုက်ဆိုင်ဆိုင်လာတွေ့နေတယ် ကိုကို လာဦး ဒီမှာ မမယသော်”
ချမ်းချမ်းခေါ်သံကြောင့် ယသော်ကိုပြုံးပြကာ လျှောက်လှမ်းလာတဲ့လူဟာ သိပ်တော့မဆိုးဘူးလို့ထင်တာပဲ။ တခြားတော့ မသိပေမယ့် ဝေယံမြင့်ထက်တော့ ရုပ်ရည်ရူပကာက အပုံကြီးသာပါသေးသည်။
“ဒါက ချမ်းအစ်ကို ကိုမြတ်သူတဲ့ ကိုကို ဒါကမမယသော် ဘယ်လိုလဲ အဆင်ပြေတယ်မို့လား”
ဘာအဆင်ပြေတာကိုမေးလဲမသိ။ ယသော်က သူတို့မောင်နှမနှစ်ယောက်ကို အူကြောင်ကြောင်နဲ့ကြည့်နေမိသည်။
မြတ်သူက မြန်မာဝတ်စုံဝမ်းဆက်လေးနဲ့လှနေတဲ့ယသော်ကို ခြေဆုံးခေါင်းဆုံးပေါ်တင်ကြည့်ရင်း။
“ကျွန်တော်ဒီနေ့မနက်ကရောက်တာ ယသော်ဆီမနက်ဖြန်လာမလို့ အခုလိုတွေ့လိုက်ရတော့လဲ အဆင်ပြေတာပေါ့ တခုခုသွားစားရအောင်လေ”
“မစားတော့ပါဘူးကိုမြတ်သူ မောင်နှမနှစ်ယောက်တွေ့တုန်းအေးအေးဆေးဆေးလည်ကြပါ ကိုမြတ်သူတို့အစီအစဉ် အတိုင်း နောက်ရက်မှတွေ့ကြတာပေ့ါ”
ယသော်က မောင်နှမနှစ်ယောက် အေးအေးဆေးဆေးလည်လို့ရအောင် ဘာရယ်မဟုတ်ပဲ ပြောလိုက်မိသည်။ ပြီးတော့ ယသော်တကိုယ်လုံးကို အစုန်အဆန်ကြည့်ပြီးအကဲခတ်နေတဲ့ ဒီမောင်နှမနှစ်ယောက်ရဲ့မျက်လုံးများကိုလဲ မနှစ်မြို့သလို ခံစားမိသောကြောင့် သူတို့နဲ့သွားချင်စိတ်မရှိပေ။ ပစ္စည်းတစ်ခုဝယ်ဖို့ အနာအဆာပါမလား အသေအချာကြည့်နေတဲ့ပုံမျိုးနဲ့။ လူကိုဘယ်လိုပုံစံ လာဆက်ဆံနေသလဲမသိပေ။
ဒီအချိန်မှာပဲ အသည်းက ဝက်ဝံရုပ်အညိုလေးကို ယသော်ကိုင်ထားတဲ့တွန်းလှည်းထဲလာထည့်လေသည်။
“ဒီကလေးကဘယ်သူလဲမမယသော်”
အသည်းကိုလက်ညှိုးထိုးပြီး အလန့်တကြားထမေးလိုက်တဲ့ချမ်းချမ်းရဲ့အသံကနည်းနည်းကျယ်သွားတာမို့ အသည်းတောင် လန့်ပြီးတုန်သွားသည်။ ယသော်လဲ ခပ်တည်တည်နဲ့မေးလိုက်တဲ့ချမ်းချမ်းမျက်နှာကိုကြည့်ပြီး အံသြသွားသည်။
“သူက…. အော်….သူငယ်ချင်းရဲ့ကလေးပါ”
ဘယ်လိုဖြေရမလဲစဉ်းစားရင်း ထစ်အအဖြစ်သွားတဲ့ယသော်ကို မောင်နှမနှစ်ယောက်က မသင်္ကာသလိုစူးစိုက် ကြည့်နေ ကြသည်။ ငထွန်းရဲ့ကလေးဆိုတော့ သူငယ်ချင်းရဲ့ကလေးပဲပေါ့။ ယသော်က ရိုးရှင်းတဲ့အတွေးနဲ့ပြန်ဖြေလိုက်သော်လည်း။
“သူ့မိဘတွေကရော ဘယ်မှာလဲ”
ယသော်ကို တရားခံစစ် စစ်မေးနေသော ချမ်းချမ်းကို အံ့သြစွာကြည့်မိရင်း သူတို့ဘာတွေဖြစ်နေပါလဲ နားမလည်နိုင်ပေ။ သူတို့မျက်နှာကိုကြည့်ပြီး ယသော်လည်း တင်းလာမိသည်။
“စင်္ကာပူသွားလို့ ယသော်ဆီခဏလာထားထားတာ”
“ဖြစ်နိုင်ပါ့မလား သူ့မိဘတွေကသူစိမ်းလက်ထဲကလေးကိုဘာလို့ထားခဲ့ရတာလဲ တခါထဲခေါ်သွားမှာပေါ့ ထားမယ့်ထားလဲ အမျိုးအရင်းဆီပဲ အပ်ခဲ့မှာပေါ့ တမျိုးကြီးပဲနော် ကလေးနဲ့လဲနည်းနည်းတူသလိုပဲ ကိုကိုရောဘယ်လိုထင်လဲ”
“ကိုကိုလဲ ချမ်းချမ်းလိုပဲ မရိုးသားဘူးလို့ထင်တယ်”
အစ်ကိုဖြစ်သူကလဲ ညီမစကားကို ထောက်ခံသည်။ မောင်နှမနှစ်ယောက်တိုင်ပင်သလို တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ရင်း ပြောနေကြပေမယ့် ယသော်ကိုရှေ့ထားပြီး ပေါ်တင်ပြောနေတဲ့စကားတွေဟာ သူမကိုစော်ကားနေသလိုပင်။
“ဘာမရိုးသားတာလဲ”
“ထားလိုက်ပါတော့မမယသော် မနက်ဖြန်လဲချမ်းအစ်ကို အမဆီမလာတော့ဘူး ကိုကိုကတစ်ခုလပ်ဆိုပေမယ့် အပျိုလေးတွေ ခေါင်းခေါက်ရွေးနိုင်တဲ့အခြေအနေပါ သွားတော့မယ်နော် တော်သေးတယ် အခုလိုမထင်မှတ်ပဲ တွေ့လိုက်ရလို့ ကံကောင်းတယ်ပြောရမယ် နော် ကိုကို”
သူ့အစ်ကိုတစ်ခုလပ်ကြီးရဲ့လက်မောင်းကို ဆွဲခေါ်သွားတဲ့ ချမ်းချမ်းကို ယသော်ကိုင်ပေါက်ချင်စိတ်ပေါက်လာခဲ့သည်။ လူကိုများ ပြောသွားပုံက အပျိုကြီးအမည်ခံကာ ကလေးတစ်ယောက် ခိုးမွေးထားတဲ့ပုံမျိုး။ ယသော်မှာ သေချာမမေးပဲ ဘလိုင်းကြီးစော်ကားသွားသောသူတို့နှစ်ယောက် နောက်ကျောကို ကြည့်ပြီးစိတ်တိုကာကျန်နေခဲ့သည်။ အသည်းကတော့ ယသော်ကို ဘာမှနားမလည်တဲ့မျက်လုံးတွေနဲ့ မော့ကြည့်နေသည်။ သူမနောက် မနီးမဝေးမှာ ရှိနေတဲ့သူရကို မမြင်နိုင်ပဲ လေပူတွေမှုတ်ထုတ်လိုက်ပြီး လှည်းကိုတွန်းကာ ငွေရှင်းဖို့ ထွက်လာခဲ့လိုက်သည်။ စိတ်လိုက်မာန်ပါလုပ်လိုက်ရရင်တော့။ စိတ်လျော့၊ စိတ်လျော့ ယသော်သူရရေ။
================================================================
“ဘယ်ကသာအမေရယ် သမီးက ကလေးတစ်ယောက်မွေးထားစရာလား သမီးမွေးချင်ပါတယ်ဆိုရင်တောင် ဘယ်က ယောကျာ်းနဲ့ သွားမွေးရမှာလဲ သမီးကိုမယုံဘူးလား”
“ဒါဆိုသူတို့ကဘာလို့ နင့်ကိုကလေးတစ်ယောက်နဲ့တွေ့တယ်ပြောသလဲ”
“အဲ့ဒါက သူဇာယောကျာ်းရဲ့ကလေး”
“သူဇာရဲ့ကလေးက ဘာလို့နင့်ဆီရောက်နေရသလဲ”
“သူဇာရဲ့ကလေးမဟုတ်ဘူး ငထွန်းက တခြားမိန်းမနဲ့ရထားတဲ့ကလေး သူတို့လင်မယားပြသနာဖြစ်လို့ သမီးဆီခဏ လာထားထားတာ”
“ဟေ”
“ဒါနဲ့အဲ့ဒီလူက တစ်ခုလပ်ဆို ဘာလို့သမီးနဲ့ပေးစားဖို့သဘောတူရတာလဲအမေက”
အမေ့လေသံပျော့သွားပြီး။
“တစ်ခုလပ်ပေမယ့် လူပျိုလိုပါပဲ ကလေးမရှိဘူးလေ မိန်းမနဲ့လဲတရားဝင်ကွာရှင်းပြီးသား ရုပ်ရည်လေးလဲရှိတယ်လေ”
“အမေ သမီးအရမ်းစိတ်ဆိုးတယ်နော် သမီးကဘာလို့တစ်ခုလပ်နဲ့ယူရမှာလဲ ပြီးတော့ သူတို့ပြောဆိုသွားတဲ့ပုံစံကို အမေ မတွေ့လို့ အမေ့သမီးကို အခုလိုပြောဆိုသွားတာ အမေစိတ်မတိုဘူးလား နောက်တစ်ယောက်နဲ့တွေ့ဖို့ထပ်မပြောနဲ့တော့ သမီးအိမ်ကိုလုံးဝပြန်မလာစေချင်ရင် ထပ်စီစဉ်လိုက် ဒါပဲနော်”
ယသော်စိတ်တိုတိုနဲ့ဖုန်းချလိုက်သည်။ အမေကတော့ဘယ်လိုနေမယ်မသိ။ ယသော်ကတော့ စိတ်တိုလို့မဆုံးပေ။
“ဟဲ့ နင်ကလဲစိတ်လျော့ပါ အန်တီကလဲကောင်းမယ်ထင်လို့စီစဉ်ပေးတာနေမှာပါ”
“ဘာကောင်းမယ်ထင်လို့လဲ အဲ့ဒီလိုလူနဲ့ငါကယူစရာလား အမေကလဲသဘောတူစရာလား တစ်ခုလပ်ကြီးနဲ့ အံ့သြပ”
မီမီက လေးလေးနက်နက်တွေးတောဟန်ဖြင့်။
“မိန်းမတွေက အသက်ကြီးလာရင် အဲ့ဒီလိုပဲ လူပျိုသိုးကြီးတွေ၊တစ်ခုလပ်တွေ၊မုဆိုးဖိုတွေရဲ့မျက်စိကျစရာဖြစ်လာရော ငါတို့အခုတောင် သုံးဆယ့်ငါးမရှိသေးဘူး ဒီလိုအဖြစ်တွေပြီဆိုတော့ မဖြစ်ဘူး ငါလဲမြန်မြန်ယူမှ ဖြစ်တော့မယ် ဒီထက် အသက်ကြီးရင် မလွယ်ဘူး”
စကားပြောနေရင်း မီမီက ကျောချမ်းသလို တုန်ပြနေသေးသည်။ ယသော်ကအမြင်ကတ်ကတ်နဲ့မျက်စောင်းထိုးရင်း။
“ဘယ်သူ့မျက်စိထဲမှအကျမခံနိုင်ပါဘူးနော် ကိုယ့်ဘာသာရှာစားနိုင်တာကို”
“အော် နင့်ကိုပြောမလို့မေ့နေတာ ငါ့မောင်လေးနဲ့ပြတ်သွားပြီ”
“အယ် ဘာဖြစ်လို့လဲ နင်ပြောတော့ သူကမဆိုးဘူးဆို”
“မဆိုးတော့မဆိုးပေမယ့် သူနဲ့တော့မယူချင်ဘူးဟယ် အသက်ကအရမ်းကွာတော့ ငါမမိုက်ရဲဘူး ငါတို့လမ်းခွဲရအောင် ဆိုတော့ သူကငါ့ကို ဘာပြောသွားတယ်မှတ်လဲ မကမောင့်ကို အပျော်ကြံတာလားတဲ့ ဟားဟား အဲ့ဒီလိုဖြစ်သွားတယ်လို့ ဟားဟား”
ရည်းစားနဲ့ပြတ်သွားတာကို စိတ်မညစ်တဲ့အပြင်တဟားဟားအော်ရယ်နေတဲ့မီမီကို ယသော်အားကျမိသည်။ သူ့လို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်ခြင်းဟာလဲ ကံကောင်းခြင်းတစ်မျိုးဖြစ်မည်။
“သူရလဲလာမယ်ဆိုပြီး အခုချိန်ထိပေါ်မလာပါလား”
“ဟင် သူကဘာလာလုပ်မှာလဲ သူ့ရည်းစားလဲပြန်ရောက်နေပြီကို”
“ဟုတ်လား မနေ့ညကပဲ ငါ့ကိုဖုန်းဆက်တယ် မနက်ဖြန်ယသော်အိမ်သွားမှာဆိုသူလဲလာခဲ့မယ်ဆိုပြီး”
“ဟိုမောင်နှမနှစ်ကောင်နဲ့မတွေ့ခင် သူတို့အတွဲနဲ့အရင်တွေ့တာ သူ့ရည်းစားက ချောချောလေးဟဲ့”
“အေး ချောမှာပေါ့ သူရကလဲ သန့်သန့်လေးကို ကောင်းပါတယ် ဘယ်တတ်နိုင်မလဲ”
“ဘာကိုမတတ်နိုင်ပြန်တာလဲ”
“ငါက နင်နဲ့သူရကိုသဘောတူနေတာလေ တကယ်ရည်းစားရှိတယ်ဆိုတော့လဲ”
“တော်ပါအေ သူ့ရည်းစားကြားမှ ဆံပင်ဆွဲပြီးပါးလာရိုက်နေဦးမယ် ခုခေတ်ကလွယ်တာမဟုတ်ဘူး အလကားနေရင်း စနိုက်ကျော်မဆိုပြီး Facebook ပေါ်တင်ခံနေရဦးမယ်”
“နာမည်ကြီးတာပေါ့အေ ဆယ်လီယသော်ဖြစ်ရင် ငါ့ကိုမမေ့နဲ့နော် ခိခိ”
“သေလေ”
မီမီက ယသော်ကိုပေါက်ကရတွေလျှောက်စရင်း ခွီနေပြန်သည်။
“တီးတောင် တီးတောင်”
“နင့်မောင်လေး လာတယ် တံခါးသွားဖွင့်ပေးလိုက်တော့ ရည်းစားနဲ့လောလောလတ်လတ်ပြတ်ထားသူကိုကြင်နာပါ အသဲတွေကွဲပြီးမထနိုုင်တော့ဘူး သွား သွား သွားဖွင့်ပေးလိုက်ယသော်”
မီမီကို ပေစောင်းစောင်းကြည့်ရင်း တံခါးဖွင့်ပေးလိုက်သည်။
“Tea Time”
လက်ထဲကအိတ်ကို မြှောက်ပြရင်း အော်ဟစ်ဝင်လာတဲ့သူရဟာ ယသော်နဲ့အနှစ်နှစ်အလလရင်းနှီးခဲ့သလိုပင်။
“အရမ်းတော်တဲ့ငါ့မောင်လေး လာ လာ ဒီမှာလာထိုင်”
ခုနတုန်းက နင့်မောင်လေးလို့ပြောနေတဲ့မီမီကလေသံပြောင်းကာ ထိုင်ရာကမထ ဝမ်းသာအားရကြိုဆိုလေသည်။ သူတို့ နှစ်ယောက်ကိုကြည့်ပြီး စိတ်တိုနေတာတွေတောင်ဘယ်ရောက်သွားမှန်းမသိပေ။
“အသည်းအတွက်က အထူးစပါယ်ရှယ်စတော်ဘယ်ရီရေခဲမုန့်”
“ကျေးဇူးတင်ပါတယ်ဦးဦး”
အသည်းက ပျော်ရွှင်စွာရေခဲမုန့်ဗူးကိုလက်နှစ်ဖက်နဲ့လှမ်းယူသည်။
“ကျွန်တော်တို့အတွက်က Bubble Milk Tea မမီ ယသော် ကျွန်တော်”
သူရက Tea သုံးဗူးကို သုံးယောက်ရှေ့မှာချလိုက်ပြီး။
“Sandwich လဲပါတယ် အဆာပြေမုန့်လာပို့တဲ့နေသူရတော်တယ်မလား ဟဲ ဟဲ”
စကားပြောနေရင်း ယသော်မျက်နှာကိုလဲမသိမသာအကဲခတ်ရသေးသည်။ မနေ့က ခိုင်လေး အသည်းနဲ့ယသော်ကို သားအမိလို့ပြောလိုက်လို့ စိတ်ဆိုးသွားမယ်လို့ ထင်နေမိသည်။ ပြီးတော့ ဟိုမောင်နှမနှစ်ယောက်နဲ့ကိစ္စ။
“တော်တယ် တော်တယ် ငါ့မောင်လေး ဒါနဲ့ဘာလို့နောက်ကျနေတာလဲ”
“ခိုင်နဲ့သွားတွေ့နေလို့မမီ သူ့ဆီကအပြန်လာခဲ့တာ”
“ကိုယ့်ချစ်သူနဲ့အေးဆေးတွေ့တာမဟုတ်ဘူး ငါတို့ဆီလာနေသေးတယ်”
“အာ ယသော်ကမသိလို့ ကျွန်တော်က သူ့အနားမှာနေချင်တာမှတပိုင်းကိုသေလို့ သူကမအားဘူးဗျ ညနေပိုင်း ရှိုးလျှောက်ရမှာမို့ ပြန်ပို့ခဲ့ရပြီ”
“ဟင် နင့်ရည်းစားက မော်ဒယ်လ်လား”
“ဟုတ်တယ်လေ မနေ့ကယသော်နဲ့မိတ်ဆက်ပေးတယ်လေ ယသော်သူ့ကိုမသိဘူးလား”
အူကြောင်ကြောင်ဖြစ်နေတဲ့ယသော်မျက်နှာကို နှစ်ယောက်သားဝိုင်းကြည့်နေကြသည်။
“အသည်းသိတယ် TV ကြော်ငြာတွေမှာတွေ့ဖူးတယ်”
“ကြည့် ကလေးတောင်သိတယ်”
“ဟဲ့ ငါကသိချင်မှသိမှာပေါ့ သူ့ရည်းစားကိုမသိတိုင်းလာအပြစ်ပြောနေတယ်”
မီမီက တဟိဟိရယ်နေရင်း။
“ယသော်ကပြောတယ် နင့်ရည်းစားကချောချောလေးတဲ့”
“ဟဲ ဟဲ ကျွန်တော့်တောင်သူ့အချစ်ကိုရဖို့မနည်းလိုက်ထားရတာဗျ သူ့ကိုလိုချင်သူတွေဝိုင်းဝိုင်းလည်နေတာ”
“ဟုတ်မှာပေါ့ လှလဲလှနာမည်လဲကြီးတယ်ဆိုတော့ တော်ရုံလူဘယ်ကပ်လို့ရမလဲ”
မီမီရဲ့မှတ်ချက်ကို သူရကခေါင်းငြိမ့်ထောက်ခံလိုက်သည်။ ယသော်ကတော့ သူမဘာသာ အအေးသောက်ရင်း အသည်းကို ဆရာလုပ်နေသည်။
“အသည်းကောင်းကောင်းစားလေ ပါးစပ်မှာပေကုန်ပြီ”
မနေ့တုန်းက ဟိုမောင်နှမနှစ်ယောက်နဲ့ယသော်နဲ့ ပြောနေတဲ့ စကားတွေအားလုံးကို သူရကြားလိုက်ပါသည်။ ယသော် စိတ်ဆိုးသလို သူလဲ အဲ့ဒီနှစ်ယောက်ကို စိတ်တိုနေမိသည်။ ဒါပေမယ့် အကောင်းဘက်ကကြည့်ရင်တော့ ဘာမသိ ညာမသိနဲ့ လူတစ်ယောက်ကို မဆင်မခြင်ထင်သလိုစွပ်စွဲသွားတဲ့ ထိုလူမျိုးနဲ့ လွဲသွားတာပဲ ကောင်းပါတယ်လို့ တွေးရပေမည်။
“ဟဲ့ နင့်ကိုမပြောရသေးဘူးမလား ငါ့မောင်လေးနဲ့ပြတ်သွားပြီလို့”
“ဗျာ ဘယ်လိုဖြစ်တာလဲ”
“မယူနိုင်မယ့်အတူတူ မြန်မြန်ဖြတ်လိုက်တာပဲကောင်းပါတယ်လို့တွေးမိလို့လေ ပြီးတော့သိပ်မကြာခင်လဲရည်းစား ထပ်ရတော့မယ်ထင်တယ်”
“နင်ကလဲ မြန်တာ”
“ဟိဟိ မတတ်နိုင်ဘူးလေ ကံစီမံရာပေါ့ ဟဲဟဲ”
မီမီဟာ ရည်းစားများသလောက် ပဲများပြီးမာယာကြွယ်သူလဲမဟုတ်ပြန်။ ဒီခေတ်အပျိုကြီးပီပီ ခေတ်မှီပွင့်လင်းကာလူတိုင်းနဲ့ အဆင်ပြေပြေ ခင်ခင်မင်မင်ပေါင်းသင်းတတ်သည်။ တခုခုဆို ပက်ခနဲပြန်ပြောတတ်တြဲ့ဖတ်ထိုးဉာဏ်လဲကောင်းကာ ဟာသဉာဏ်လဲရွှင်သည်။ မီမီကို တွေ့လိုက်ရင် အမြဲတမ်းတက်ကြွလန်းဆန်းကာ လှပနေသလိုပင်။
ယသော်ကတော့ မီမီနဲ့ခြားနားစွာ။ သူမနေချင်သလိုနေသည်။ ပြောစရာရှိလဲ ဘုနဲ့ဘောက်ပြောချင်တာပြောတတ်သည်။ စိတ်ရင်းလေးအင်မတန်ကောင်းရှာသော်လည်း ဟန်မဆောင်တတ်သူပီပီ အများအမြင်မှာတော့ ဂွကျတဲ့အပျိုကြီး တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
“ယသော် အခုတစ်ယောက်က နင်နဲ့ထပ်မိတ်ဆက်ပေးစရာမလိုဘူး”
“ဘယ်သူလဲ ငါနဲ့သိပြီးသားလူလား”
“အေးလေ အရင်ကဇာတ်လမ်းလေးပေါ့ဟယ် ငါ့ရဲ့အချစ်ဦး ဖြိုးကိုလေ”
“ဟင် သူမိန်းမရသွားပြီမဟုတ်ဘူးလား”
“မရသေးပါဘူးဟယ် ငါကလွဲရင်ဘယ်မိန်းမကိုသူတကယ်ချစ်မှာလဲ ခွီခွီ စေ့စပ်ပွဲပျက်သွားတယ်တဲ့ ဒီကိုပြန်ရောက်တာ မကြာသေးဘူး ငါနဲ့လေယာဉ်အတူစီးပြီးပြန်ခဲ့တာလေ”
“နင်နဲ့စင်္ကာပူမှာပြန်တွေ့တာလား”
“မဟုတ်ဘူး ကံစီမံရာလို့ပြောသားပဲ လေယာဉ်ပေါ်မှာ သူနဲ့ငါခုံဘေးချင်းကပ်ကျတာ အမယ် ကိုယ်တော်ကအချေတော့ ငါ့ကိုမခေါ်ဘူး အရင်ကအတိုင်းစိတ်ကောက်နေသေးတာ ငါကလဲအမြင်ကတ်ကတ်နဲ့ွှရွဲ့ပြီးရွှန်းရွှန်းဝေနုတ်ဆက်ပြလိုက်မှ ခေါ်ရှာတယ်”
“ဒါများငါ့ကိုပြန်ရောက်ကတည်းကမပြောပြဘူး”
“မဟုတ်ပါဘူး ပြောဖိုမေ့နေတာ သူဖုန်းဆက်တာအခုမှသုံးလေးရက်ပဲရှိသေးတယ် ပြန်ရောက်တဲ့နေ့ထဲကဆက်တာ မဟုတ်ဘူး ငါလဲဒီတိုင်းသူငယ်ချင်းလိုပဲထင်တာပေါ့ ဟဲ ဟဲ ဒါပေမယ့်မနေ့ညကမှ အချစ်ဟောင်းပန်းကလေးက အချစ်အတွက်တဖန်မွေးဖွားပြန်ပြီဆိုတော့လဲ ငါဘယ်အင်အားနဲ့ငြင်းနိုင်မလဲ”
“အော် ဒါကြောင့် ဟိုကောင်လေးကိုဖြတ်လိုက်တာလား မီမီစုတ်”
မီမီတစ်ယောက် ရည်းစားတွေဘယ်နှယောက်ထားထား ဖြိုးကိုလောက်မချစ်ခဲ့တာကို ယသော် အသိဆုံုးပါ။
“အဲ့ဒီလိုမစွပ်စွဲပါနဲ့မတ်မတ်ယသော် မောင်လေးကိုဖြတ်ပြီးမှ ဖြိုးကိုကဖုန်းဆက်လာတာပါနော်”
သူရက အအေးပိုက်ကိုကိုက်ကာငြိမ်ပြီး သူတို့နှစ်ယောက်စကားတွေနားထောင်နေသည်။
“နင်လက်ခံလိုက်ပြီလား”
“စဉ်းစားဦးမယ်လို့ပြောထားတယ်”
“အင်း နင်သေချာစဉ်းစားသင့်တယ် အသက်တွေကလဲကြီးလာပြီကိုး သူနဲ့နင်ရဲ့အကျင့်စရိုက်တွေကလဲ အရင်လို မဟုတ်ဘူး ပြောင်းသွားပြီလေ အခုဆို သူကညတိုင်းသောက်စားတတ်မလား မိန်းမရှုပ်လား နောက်ကြောင်း ဘယ်လိုရှိခဲ့သလဲ သေချာမသိပဲနဲ့ သူသောက်စားဖို့အမြည်းတွေကြော်လှော်ပေးရတဲ့ ဘဝမျိုးတော့ အခုအသက်အရွယ်နဲ့ မလိုချင်စမ်းပါနဲ့တော့မီမီရယ် ကိုယ့်ဘာသာလဲရှာစားနိုင်တာပဲကို နင်သေချာစုံစမ်းပြီးမှလက်ခံချင်ခံပေါ့”
မီမီမှာ မျက်လုံးလေးပေကလပ်၊ ပေကလပ်လုပ်ရင်း။
“ငါကလက်ခံဖို့စဉ်းစားထားတာ သူ့ကိုစဉ်းစားမယ်ပြောလိုက်တာကပဲများချင်လို့အကြောင်းပြတာ နင်ပြောမှပဲ တကယ်ကြီးကို စဉ်းစားရတော့မယ် သူကအရင်လိုမဟုတ်တော့ဘူး နည်းနည်းဝလာပြီ အသက်ကြီးတဲ့ပုံပေါက်လာတာပေါ့ အဲ့ဒီလိုသောက်စားနေလို့များလားနော်”
သူတို့အပျိုကြီးဖြစ်ရတဲ့အကြောင်းရင်းကို သူရအခုမှပဲသိတော့သည်။ ဒီလောက်ထိ ဇီဇာကြောင်ပြီးအသေးစိတ်လွန်းမက စိတ်ကာ လိုက်စဉ်းစားနေမှတော့ ဘယ်ယောကျာ်းကိုမှ သူတို့လက်ထပ်ချင်မည်မဟုတ်ပေ။
“သူရ ဘာတွေငေးနေတာလဲ ပိုက်ကြီးကိုက်ပြီးတော့”
“ခိခိ ငါတို့ပြောတာတွေကြားပြီး မိန်းမယူဖို့လန့်သွားပြီနေမှာယသော်ရေ”
သူရပုံစံကိုကြည့်ပြီး သူတို့နှစ်ယောက်ရယ်နေစဉ်မှာပဲ ဘဲလ်သံမြည်လာခဲ့သည်။
“ဘယ်သူပါလိမ့် သူရသွားဖွင့်ကြည့်လိုက် နင်နဲ့အနီးဆုံးနေရာမှာရှိနေတယ်ဆိုတော့”
မီမီနဲ့ယသော်ဟာ ထရမှာပျင်းသောကြောင့် တံခါးနဲ့အနီးဆုံးနေရာမှာထိုင်နေတဲ့သူရကို ခိုင်းစားလိုက်သည်။
သူရတံခါးဖွင့်ကြည့်လိုက်တော့ ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရသည်။ သူရကိုမြင်တော့ ထိုယောကျာ်းကအံ့သြသလိုမေးသည်။
“ယသော်မရှိဘူးလား”
“ရှိတယ် အခန်းထဲမှာ ခင်ဗျားကဘယ်သူလဲ”
“ငါက သူ့သူငယ်ချင်း”
မိန်းမရဲ့လက်ကောက်ဝတ်ကိုဆောင့်ဆွဲကာ အခန်းထဲကို အလောတကြီးဝင်လာတဲ့ထိုလူဟာ သူရပုခုံးကိုတောင် တိုက်သွားလိုက်သေးသည်။
“ငထွန်း သူကဘယ်သူလဲ”
လုံးဝဖုန်းမကိုင်ပဲ ပုန်းနေတဲ့ငထွန်းဟာ လာမယ့်လာတော့လဲ ဆိုင်းမဆင့်၊ဗုံမဆင့်ပေါက်ချလာသည်။ မီမီရဲ့မွေးခွန်းကြောင့် ငထွန်းပြန်ဖြေလေသည်။
“အဲ့ဒါ ကလေးအမေပဲ”
သူတို့သုံးယောက်သား အသည်းအမေဆိုတဲ့မိန်းမကို ဝိုင်းပြီးအကဲခတ်လိုက်ကြသည်။ အသားညိုညို၊ လိုတာထက် ပိုပိန်လွန်းသောမိန်းမမှာ နွမ်းဖတ်ဖတ်အဝတ်အစားများနဲ့။ အိတ်တစ်အိတ်ကိုကိုင်ဆွဲထားရင်း ယသော်တို့ကို ရင်မဆိုင်ရဲပဲ မျက်နှာငယ်နဲ့ ခေါင်းငုံ့နေသည်။ အသည်းဟာ အဖေအမေဆိုသော ထိုနှစ်ယောက်နဲ့ဘယ်နေရာမှမတူပေ။ ယသော်နဲ့မီမီက သူတို့နှစ်ယောက်နဲ့အသည်းကို တလှည့်စီယှဉ်ကြည့်ရင်း မျက်လုံးချင်းစကားပြောနေကြသည်။
အသည်းကရေခဲမုန့်ဆက်မစားနိုင်တော့ပဲ မျက်ရည်အဝိုင်းသားနဲ့ထိုမိန်းမကိုကြည့်နေသည်။ အသည်းမျက်နှာကိုကြည့်မိပြီး စိတ်မကောင်းစွာ သက်ပြင်းချလိုက်မိသည်။ ခဏငြိမ်သက်သွားတဲ့အခန်းတွင်းမှာ ယသော်ရဲ့သက်ပြင်းချသံက ကျယ်လွန်းနေသလားထင်ရသည်။
“နင်ဘာလို့ဒီအိမ်နားလာချောင်းနေရတာလဲ”
ငထွန်းရဲ့ဒေါသသံကြောင့် ထိုမိန်းမက လန့်ပြီးတုန်သွားသည်။ အားလုံးကသူ့အဖြေကို စိတ်ဝင်တစားနားစွင့်နေစဉ်မှာပဲ သူမက ယသော်ရှေ့မှာဒူးထောက်ထိုင်ချလိုက်သည်။
“အမရယ် ကျွန်မတောင်းပန်ပါတယ် အသည်းကိုစောင့်ရှောက်ပေးပါနော် အသည်းကဘာအပြစ်မှမရှိတဲ့ကလေး တစ်ယောက်ပါ ကျွန်မလိမ်ညာခဲ့တာတွေအတွက် အသည်းကိုမမုန်းပါနဲ့”
ယသော်ရဲ့ခြေသလုံးကိုကိုင်ပြီး တောင်းပန်ပြောဆိုနေတဲ့သူမကို ကြောင်ပြီးကြည့်နေမိသည်။
“ဘာ ဘာလုပ်တာလဲ ဖယ်ပါ အဲ့ဒီလိုမလုပ်ပါနဲ့”
“မင်း ဘာမာယာများဦးမလို့လဲ အဲ့ဒီလက်ကိုလွှတ်လိုက်စမ်း”
ငထွန်းငေါက်လိုက်လို့ ယသော်ရဲ့ခြေထောက်ကိုလွှတ်လိုက်သော်လည်း ယသော်ရှေ့ကနေထမသွားပဲ ဆက်ထိုင်နေသည်။
“သူ့ကိုလှေကားနားမှာတွေ့တာ နင့်ဆီသူ့ကလေးထားထားတာတစ်လလောက်ရှိနေလို့ငါနင့်ကိုအားနာလို့ လာကြည့်တာ သူကနင့်အခန်းအောက်ထပ်ကလှေကားထဲမှာထိုင်နေတယ် ခိုးကြောင်ခိုးဝှက်နဲ့ဘာလုပ်နေလဲမသိ နင့်သမီး ဒီအခန်းမှာ ရှိနေတာသိလို့လာနေနေတာလား လူလစ်ရင်သားအမိနှစ်ယောက်ပေါင်းပြီးဘာကြံစည်ကြမလို့လဲ ပြောစမ်း”
“အဲ့ဒီလိုမဟုတ်ရပါဘူးအစ်ကိုရယ် ဘာမှမကြံစည်ပါဘူး ကျွန်မဒီနားမှာရှိနေမှန်းတောင်အသည်းမသိပါဘူး ကျွန်မနာမည် ကြည်ကြည်နုပါအစ်မ အစ်မကို အကူအညီတောင်းစရာရှိလို့လာကြည့်နေတာ သုံးရက်ရှိပြီ”
“ဘာအကူအညီတောင်းစရာရှိလို့လဲ နင့်ကလေးကိုပြန်ခေါ်ချင်လို့လား”
မီမီက ဝင်မေးလိုက်သည်။
“မဟုတ်ဘူးအမ ကျွန်မသူ့ကိုမစောင့်ရှောက်နိုင်တော့ဘူး ကျွန်မှာက ရောဂါဖြစ်နေပြီ”
ငထွန်းမှာခုနတုန်းက ကြည်ကြည်လက်ကို ကိုင်ဆွဲခဲ့မိတဲ့သူ့ကလက်ဖဝါးကိုသူ ယောင်ယမ်းပြီးငုံကြည့်မိသွားသည်။
“ဘာရောဂါလဲ”
“AIDS ပါအမ သိပ်မကြာခင်အချိန်အတွင်းမှာပဲ ကျွန်မသေရတော့မှာပါ ဒါကြောင့်အသည်းကို မစောင့်ရှောက်နိုင်တော့လို့ အမကိုအကူအညီတောင်းဖို့အရဲစွန့်မိတာပါ တကယ်တော့အသည်းက အစ်ကိုရဲ့ကလေးမဟုတ်သလို ကျွန်မရဲ့ကလေးလဲ မဟုတ်ဘူး သူက … ”
ပြောလက်စ စကားကိုရပ်ထားပြီး ကြည်ကြည်က အထုပ်ထဲကဓါတ်ပုံတစ်ပုံထုတ်ပြီး ယသော်ကိုလှမ်းပေးသည်။
“ဘာ မင်း မင်း မင်းကြောင့်ငါ့မိန်းမနဲ့ငါပြသနာတွေဘယ်လောက်ထိတက်နေလဲ မင်းသိလား မင်းဘာသာ AIDS မကလို့ ဘာရောဂါပဲဖြစ်ဖြစ် သူများမိသားစုကိုနှောင့်ယှက်စရာလား တောက် မင်းကွာ”
“အဲ့ဒီအတွက်တော့ကျွန်မမတောင်းပန်နိုင်ဘူးအစ်ကို ကျွန်မမှာအစ်ကိုနဲ့ရခဲ့တဲ့ကိုယ်ဝန်ရှိခဲ့တာအမှန်ပဲ ဒါပေမယ့် အဲ့ဒီကိုယ်ဝန်က ပျက်ကျသွားခဲ့တယ် ကျွန်မတို့ဘယ်လိုပတ်သက်ခဲ့သလဲအစ်ကိုအသိဆုံးပါ”
မီမီနဲ့ယသော်မှာ မျက်လုံးပြူးပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်။ သူတို့သူငယ်ချင်းသူဇာကို တွေးမိပြီး စိတ်ပူသွားကြသည်။ ငထွန်းမှာလဲ ကြည်ကြည်မျက်နှာကိုထိတ်လန့်စွာကြည့်ရင်း ဆွံ့အသွားသည်။
ကြည်ကြည်က ငထွန်းကိုစိတ်နာသလိုကြည့်ကာ ခပ်ရွဲ့ရွဲ့ရယ်လိုက်ရင်း။
“ဟင်း ဟင်း စိတ်မပူပါနဲ့ အဲ့ဒီအချိန်တုန်းကကျွန်မမှာဘာရောဂါမှမရှိသေးပါဘူး ဒီကြားထဲအစ်ကိုတခြားမိန်းမတွေနဲ့ ပတ်သက်ရင်တော့မပြောတတ်ဘူးပေါ့လေ”
အဲ့ဒီအခါမှ စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်တဲ့ငထွန်းကို ယသော်နဲ့မီမီက ပြိုင်တူဂြိုလ်ပေးလိုက်ကြသည်။ သူဇာကတော့ သူ့ယောက်ျားဖြစ်သူကို မီမီတို့ရှေ့ဆို အမွှန်းတင်ပြောဆိုရတာမမောပန်းနိုင်။ ဒင်းကတော့ လစ်ရင်လစ်သလို ကမြင်းကြောထတတ်တဲ့လူစားမျိုးဖြစ်သည်။
မီမီနဲ့ယသော်ရဲ့အကြည့်တွေကြောင့် ငထွန်းမှာ နေရခက်လာပြီး။
“တော်ပြီ ငါနဲ့ဘာမှမဆိုင်ရင် ပြန်ပြီ”
“ဟဲ့ နင်စခဲ့တဲ့ဇာတ်လမ်းလေ နင်ကပြန်စရာလား”
မီမီက တားလိုက်သော်လည်း။
“အခုငါနဲ့မှမဆိုင်တော့တာ ပြန်ပြီ”
သူဇာယောကျာ်းပီသစွာ ပြောပြောဆိုဆိုနဲ့မပြေးရုံတမည်ထွက်သွားတဲ့ငထွန်းဆိုတဲ့လူကြောင့် သူရမျက်မှောင်ကြုံ့ သွားမိသည်။ သူနဲ့မဆိုင်ဘူးဆိုတဲ့စကားတစ်ခွန်းနဲ့ပဲ အလွတ်ရုန်းသွားတဲ့ထိုလူကို ယသော်ကိုယ်စား စိတ်တိုမိတော့သည်။ သူရမျက်နှာကိုကြည့်လိုက်တာနဲ့ငထွန်းကိုစိတ်ဆိုးနေမှန်း မီမီရိပ်မိလိုက်သည်။ သူရထရပ်လိုက်ချိန်မှာပဲ။
“ဟဲ့ သူရ ဘယ်သွားမလို့လဲ ထားလိုက်ပါ သူရှိနေလဲအကူအညီဖြစ်မှာမဟုတ်ဘူး ပြန်ထိုင် ပြန်ထိုင် ကဲ ညီမခုနက စကားဆက်ပြော”
သူရစိတ်လျော့လိုက်ရင်း ပြန်ထိုင်လိုက်သည်။ တကယ်တော့ သူတို့သုံးယောက်စလုံးဟာ အသည်းကို သံယောဇဉ် တွယ်နေကြပြီဖြစ်သည်။ ဒါကြောင့်လဲ ကြည်ကြည်ဆက်ပြောမယ့်စကားတွေကို ဆက်ပြီးနားထောင်ချင်ကြသည်။
“အဲ့ဒီဓါတ်ပုံထဲကနှစ်ယောက်ကသာ အသည်းရဲ့မိဘတွေပါ”
ပုံထဲကလူနှစ်ယောက်က အသည်းရဲ့မိဘတွေဆိုတာ ယသော်ယုံပါသည်။ နှစ်ယောက်စလုံးက အသက်ငယ်ငယ် ချောချောလေးတွေပင်။ အသည်းက အမေထက် အဖေနဲ့ပိုတူသည်။ မီမီက ယသော်လက်ထဲကဓါတ်ပုံကို ဆွဲယူကြည့်လိုက်သည်။ သူမကြည့်ပြီးတော့ သူရကို လှမ်းပေးလိုက်သည်။
“ကျွန်မနဲ့အသည်းအမေက ငယ်ငယ်ကတည်းကသူငယ်ချင်းတွေပါ သူ့နာမည်ကသီတာတဲ့ သီတာကအဖေမရှိတော့ဘူး သူ့အမေနဲ့သားအမိနှစ်ယောက်ပဲအိမ်ငှားနေကြတယ် အဒေါ်ကစက်ချုပ်တယ် ဆယ်တန်းဖြေတော့သီတာကအောင်ပြီး ကျွန်မကကျတယ် သီတာကအဝေးသင်တက်ပြီး သူ့အမေစက်ချုပ်တဲ့ဆီကူတယ် ညနေပိုင်းဆို အိမ်နားကကလေးတွေကို ကျူရှင်သင်တယ် သီတာကလှလဲလှအရမ်းလဲရိုးအေးပါတယ် ကျွန်မကတော့ဆယ်တန်းလဲပြန်မဖြေဖြစ်ဘူး စိတ်တွေလေပြီး ပထွေးရှိနေတဲ့အိမ်ကိုပြန်ချင်တဲ့အခါမှပြန်တယ် ရည်းစားတွေထားပြီးဘဝမပျက်ရုံတမည်ဖြစ်ခဲ့တယ် အစ်ကိုထွန်းနဲ့လဲ အဲ့ဒီအချိန်တုန်းကကြိုက်ခဲ့တာပါ သူအိမ်ထောင်ရှိမှန်းလဲမသိခဲ့ပါဘူး လူပျိုထင်ပြီးကြိုက်ခဲ့မိတာပါ ပြီးတော့သူနဲ့ ကိုယ်ဝန်ရခဲ့တာလဲအမှန်ပါ သီတာကတော့ အဝေးသင်တက်တဲ့အချိန် အသည်းရဲ့အဖေနဲ့တွေ့တာ သူ့အဖေကချောလဲချော ပိုက်ဆံလဲချမ်းသာတယ် သူ့မိဘတွေက သီတာနဲ့လုံးဝသဘောမတူကြဘူး အဲ့ဒါနဲ့သူတို့ နှစ်ယောက်ခိုးပြေးပြီးပုန်းနေကြတယ် နောက်သုံးလေးလလောက်ကြာမှ သီတာတို့ပုန်းနေတဲ့နေရာကိုသိပြီး သူတို့သားကို အတင်းပြန်ခေါ်သွားပြီး ခွဲလိုက်ကြတယ် သီတာမှာကိုယ်ဝန်ရှိနေမှန်းတောင် သူတို့မသိကြဘူး အဲ့ဒီအချိန်တုန်းကသီတာလဲ မသိခဲ့ဘူး သူ့အမေဆီ ပြန်ရောက်ပြီးမှ ကိုယ်ဝန်ရှိနေမှန်းသိတာ သီတာပြန်လာတဲ့ အချိန်ကစပြီး ကျွန်မလဲအိမ်လုံးဝမပြန်ပဲ သူတ့ိုသားအမိနဲ့ အတူနေခဲ့တယ် အိမ်ပိုင်မရှိတော့အိမ်ငှားဘဝနဲ့ ဈေးသက်သာတဲ့အိမ်ပေါင်းစုံပြောင်းရွေ့နေရင်း ကလေးမွေးခဲ့တယ် မွေးပြီးသိပ်မကြာဘူး မီးတွင်းထဲမှာပဲသီတာဆုံးသွားတယ် အသည်းကကျွန်မနဲ့သူ့အဖွားလက်ထဲမှာ ကြီးခဲ့တာပါ ကျွန်မရဲ့မွေးထားတဲ့သမီးအရင်း တစ်ယောက်လိုပဲသူ့ကိုချစ်ခဲ့တာပါ လွန်ခဲ့တဲ့နှစ်နှစ်လောက်က အမေကြီး ဆုံးသွားတော့ ကျွန်မလဲဘာမှမလုပ်တတ်၊ မကိုင်တတ်နဲ့ ငွေရလွယ်တဲ့ဒီအလုပ်ကိုပဲလုပ်ဖြစ်ခဲ့တယ် ပိုက်ဆံတွေ အများကြီးရမယ်လို့ထင်ခဲ့ပေမယ့် ထင်သလို မရတဲ့အပြင် ရောဂါပဲရလာခဲ့တယ် ဒီရောဂါဖြစ်လာတော့ ကျွန်မသေရမှာ မကြောက်ပေမယ့် အသည်းအတွက်နောက်ဆံ တင်းနေရတယ် သူ့အဖေကိုရှာပြီးပို့ပေးချင်ပေမယ့် အဲ့ဒီလူကိုဒီဓါတ်ပုံထဲက လွဲပြီး တစ်ခါမှမတွေ့ဖူးဘူး တွေ့ဖူးရအောင်လဲ ကျွန်မတို့နေတဲ့ဆီတစ်ခါမှမလာခဲ့ဖူးဘူး နောင်နောင်ဆိုတဲ့နာမည်ကလွဲပြီး တခြားဘာတစ်ခုမှမသိဘူး ရှာလဲမရှာတတ်ဘူး ကျွန်မတို့ကိုသူ့ယောကျာ်းအကြောင်းတစ်ခွန်းမှမပြောခဲ့ဘူး စိတ်နာလို့ထင်တယ် အဲ့ဒီတော့အသည်းအတွက်စိတ်ပူနေတဲ့ အချိန် ဘာလုပ်ရမယ်မှန်းကြံရာမရဖြစ်နေချိန်မှာ အစ်ကိုထွန်းကို လမ်းမှာ အမှတ်မထင်တွေ့လိုက်ရတော့ သူနဲ့ရတဲ့ကလေး ဆိုပြီး သူ့ဆီပို့ဖို့စိတ်ကူးမိခဲ့တာပါ”
ဇာတ်မနာနာအောင် တမင်ဖန်တီးရေးထားသလား ထင်ရတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုနားထောင်ပြီးချိန်မှာတော့ သူတို့ သုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။
“နင့်ရဲ့တစ်ထွာတစ်မိုက်ဦးနှောက်ဉာဏ်နဲ့ မဆင်ခြင်ပဲလျှောက်လုပ်တော့ သူများမိသားစုပြသနာဖြစ်တာပေါ့ အခုသူတို့ နှစ်ယောက် ကွဲမလိုဖြစ်နေတာ နင့်ကြောင့်ဆိုတာနင်သိရဲ့လား”
မီမီက မျက်နှာထားတင်းတင်းနဲ့ဟောက်လိုက်သည်။ အခုမှတွေ့ဖူးတဲ့လူပါးစပ်ကထွက်သမျှစကားကို ယုံပြီးဇွတ် သနားနေရလောက်အောင် ဦးနှောက်မရှိတဲ့လူတွေမှမဟုတ်တာ။
“ကျွန်မသိပါတယ်အမရယ် ဒါကြောင့်လဲ အမတို့ကိုရှင်းပြပြီးအကူအညီတောင်းဖို့အခုလိုအရဲစွန့်လာခဲ့တာပါ”
“နေစမ်းပါဦး ဘာအကူအညီလာတောင်းချင်တာလဲ နင်က ငါတို့အားလုံးကိုလိမ်ထားတဲ့လူတစ်ယောက်ဆိုတာ သတိမရတော့ဘူးလား နင့်လိုလူလိမ်တစ်ယောက်ကိုအကူအညီပေးရအောင် ငါတို့ကနလပိန်းတုန်းတွေမဟုတ်ဘူး”
“ကျွန်မညာခဲ့မိပါတယ်အမရယ် ဒါပေမယ့်အဲ့ဒီကိစ္စတွေကအသည်းနဲ့မဆိုင်ပါဘူး ကလေးကိုမမုန်းလိုက်ပါနဲ့နော် ကလေးက ဘာအပြစ်မှမရှိပါဘူး”
အသည်းက မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျကာငြိမ်ငြိမ်လေးထိုင်နေသည်။ ယသော်အခုမှသူမကို အမေလို့ခေါ်ခဲ့တာကို သတိပြန်ရမိသွားသည်။ ဒါကြောင့် အမေရချင်တယ်လို့ပြောခဲ့တာကိုး။
ကြည်ကြည်က ယသော်ခြေထောက်ကိုကိုင်ပြီး။
“အမ အမအသည်းအပေါ်ကောင်းတာကျွန်မသိပါတယ် အမဆီရောက်မှအသည်းဟာ လူမွေးလူတောင်ပြောင်လာတာပါ ကျွန်မတောင်းပန်ပါတယ်အမရယ် အသည်းကိုသူ့အဖေရှာပြီးပို့ပေးပါနော် အဖေရှာမတွေ့ခင်အချိန်မှာအမ စောင့်ရှောက် ပေးပါလို့ အကူအညီတောင်းချင်ပါတယ် ကျွန်မကမကြာခင်သေရတော့မှာပါ အသိမိတ်ဆွေလဲမရှိငွေအင်အားလဲမရှိပဲ နာမည်တစ်ခုပဲသိတဲ့သူ့အဖေကို ကျွန်မဘယ်လိုမှမရှာတတ်လို့ပါအမရယ် ကူညီပေးပါနော်”
ယသော်မှာ နေရခက်စွာနဲ့ထရပ်လိုက်မိသည်။
“ဘယ်လိုဖြစ်နေတာလဲ ဟိုခုံမှာသွားထိုင်ပြီးပြောလို့မရဘူးလား”
ငထွန်းထသွားလို့လွတ်သွားတဲ့ခုံကိုလက်ညှိုးထိုးပြရင်း အော်ပြောလိုက်မိသည်။
သူရကတော့မိန်းမသုံးယောက်ကြားဘာတစ်ခုမှဝင်မပြောပဲ နားထောင်နေလိုက်သည်။
“နင်ဒီလိုလုပ်ပြနေလို့ ငါတို့ကသနားလာမယ်ထင်မနေနဲ့ ဘာတွေထပ်လိမ်ဦးမလို့လဲ ယသော်သူပြောတာတွေယုံမနေနဲ့”
“အခုပြောနေတာတွေကတစ်ခုမှလိမ်တာမပါပါဘူးအမရယ် ကျွန်မကိုမုန်းရင်တောင် အသည်းကိုကူညီပေးပါ အဲ့ဒီဓါတ်ပုံက သူ့မိဘတွေဆိုတာအမှန်ပါအမ ကျွန်မကန်တော့ပြီးတောင်းပန်ပါတယ် ကူညီပေးပါနော်”
နဂိုကတည်းက စိတ်ရင်းကောင်းပြီးသားအပျိုကြီးနှစ်ယောက်ဟာ ဘယ်လိုပဲတင်းခံနေပေမယ့် နောက်ဆုံးတော့သူတို့ လက်ခံလိုက်မှာကို သူရကြိုမြင်နေပါသည်။ ကလေးကိုသံယောဇဉ်လဲရှိ၊ သနားလဲသနားဆိုတော့ ယသော်သူရရဲ့ စိတ်ရင်းနဲ့သာဆို ငြင်းနိုင်မည်မထင်ပါ။
“ဒီမှာညီမ ခုံမှာထိုင်ပြီး အေးအေးဆေးဆေးစကားပြောပါ”
ကြည်ကြည်က သူရကိုမော့ကြည့်ပြီး ခုံပေါ်ကျုံ့ကျုံလေးဝင်ထိုင်လိုက်သည်။
“ကျွန်မကရောဂါသည်ဆိုတော့ အစ်ကိုတို့ရွံမှာစိုးလို့ပါ”
“ကဲပါ နင်အခုဘာဆက်လုပ်မှာလဲသာပြော”
“အသည်းကိုဒီမှာပဲလက်ခံထားပေးပါနော် ကျွန်မဒီရောဂါရှိမှန်းသိကတည်းက အသည်းနဲ့ညလဲအတူတူမအိပ်ဘူး အစာလဲ အတူတူမစားဘူး ကလေးကိုရောဂါကူးမှာစိုးလို့ သူနဲ့အဝေးဆုံးမှာပဲနေခဲ့တာ ငှားထားတဲ့အခန်းလဲပြန်အပ်လိုက်ပြီ အခန်းငှားခပေးဖို့လဲကျွန်မမရှာနိုင်တော့ဘူး အစ်ကိုတို့အမတို့ရယ် တကယ်ကိုတောင်းပန်ပါတယ် အသည်းအဖေကို ရှာပြီးပို့ပေးပါနော် ကျွန်မတကယ်ကိုမတတ်နိုင်တော့လို့တောင်းပန်တာပါ”
“တောင်းပန်တာတွေအသာထားဦး ငါတို့ကနင့်ပြောစကားအရသာ အသည်းကဒီပုံထဲကလူရဲ့ကလေးလို့ ယုံရမှာလေ ဒီပုံထဲကလူကို ရှာတွေ့ပြီထားပါဦး ဒီဓါတ်ပုံကိုပြပြီး ဒါခင်ဗျားသမီးပါလို့ပြောရင် ကလေးအဖေကယုံပြီး ကြည်ကြည်ဖြူဖြူ လက်ခံမှာလား ခုနကလူကိုပဲကြည့်လေ သူနဲ့ပတ်သက်ခဲ့တဲ့နင်ကိုယ်တိုင်ပြောတာကို သူယုံလို့လား လက်ခံလို့လား ပြီးတော့ဒီကလေးက နင့်သူငယ်ချင်းရဲ့ကလေး နင့်လက်ပေါ်မှာကြီးလာတယ်ဆိုတာလဲနင်ပြောတာလေ ဟုတ်မဟုတ်ဆိုတာ ငါတို့ကဘာမှ သေချာမသိဘူး ကူညီပေးတယ်ထား ကလေးနဲ့ပတ်သက်ပြီးပြသနာ တခုခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ”
သူရပြောတာကိုနားထောင်ကြည့်မှပဲ ယသော်မှာအရင်ကမစဉ်းစားမိခဲ့သမျှ အခုမှလန့်ရကောင်းမှန်းသိလာသည်။ တော်သေးတယ် အသည်းကိုခိုးပြီး လာအပ်ထားတာမဟုတ်လို့။ ဒါမဟုတ်ရင်တော့ ဘာမဆိုင်ညာမဆိုင် ကလေးခိုးမှုနဲ့ ကိုယ်ပါအမှုပါတ်နေပေဦးမည်။
“ကျွန်မမှာ အသည်းရဲ့မွေးစာရင်းပါပါတယ်အစ်ကို ဒီမှာပါ အတုမဟုတ်ပါဘူး ကျွန်မတို့ငှားနေတဲ့အိမ်ရှင်ကိုလဲမေးကြည့်လို့ ရပါတယ် အဲ့ဒီအိမ်မှာငှားနေခဲ့တာ အသည်းမမွေးခင်ကတည်းကပါ ပြီးတော့အိမ်နားပတ်ဝန်းကျင်ကလူတွေကိုလဲ မေးကြည့်လို့ရပါတယ် ကျွန်မအခုပြောနေတာတွေက တကယ်အမှန်တွေပါ အသည်းကိုလဲမေးကြည့်ပါ သူကနားလည်တဲ့ အရွယ်ရောက်နေပါပြီ သူ့အဖွားဆုံးသွားတာလွန်ခဲ့တဲ့နှစ်နှစ်ကဆိုပေမယ့် သူအားလုံးမှတ်မိပါတယ် သူက ဉာဏ်ကောင်းတယ် စာတော်တယ် ကျွန်မမူကြိုတောင်မထားပေးနိုင်ခဲ့ပေမယ့် အိမ်နားကဆရာမကသနားလို့ ကျူရှင် သင်တဲ့အခါ အလကားခေါ်သင်ပေးမယ် ညနေပိုင်းလေးပဲ တက်ရတာတောင် တခြားကလေးတွေထက်သူကစာပိုရတယ် အရွယ်နဲ့မလိုက်အရမ်းသိတတ်တဲ့ ကလေးပါ ကျွန်မနဲ့နေရင် သူ့ဘဝလေး ကောင်းလာတာတစ်ခုမှရှိမှာမဟုတ်ဘူး ပိုပြီး ဆိုးလာမှာပဲရှိတယ် အခုလိုရောဂါဖြစ်လာတော့ သူ့ကိုမိဘမဲ့ကျောင်းကိုလဲမပို့ရက်ဘူး မပို့ချင်ပေမယ့်လဲ ဘာတစ်ခုမှလဲ မလုပ်ပေးနိုင် ကျွန်မတတ်နိုင်တာ လုပ်ပေးနိုင်တာ ဘာတစ်ခုမှမရှိတော့ဘူး အဲ့ဒါကြောင့် အမကိုအကူအညီတောင်းတာပါ ကျွန်မကိုမကူညီရင်တောင် အသည်းကို ကူညီပေးပါနော် သူ့အဖေကိုရှာပေးပါ”
သူရသက်ပြင်းရှည်ကြီးမှုတ်ထုတ်ပြီး အသည်းကိုကြည့်လိုက်မိသည်။ ခေါင်းငုံ့ပြီးငြိမ်သက်နေတဲ့ကလေးကိုကြည့်ပြီး သူသနားမိသည်။ ကူညီသင့်ရဲ့လားဆိုတာလဲ မဆုံးဖြတ်တတ်တော့။
“နင်က အိမ်မငှားနိုင်တော့ဘူးဆိုတော့ ဘယ်မှာနေနေတာလဲ”
“ကျွန်မနဲ့အလုပ်အတူတူလုပ်ခဲ့တဲ့သူငယ်ချင်းအိမ်မှာပါ”
“ဟင် နင်ကအခုထိအဲ့ဒီအလုပ်လုပ်တုန်းလား”
“မလုပ်တော့ပါဘူးအမ ကျွန်မကိုယ်တိုင်တောင်ရောဂါဖြစ်နေတာ တခြားလူတွေကိုလဲကိုယ်ချင်းစာပါတယ်”
ယသော်က ကြည်ကြည်ရဲ့ညိုညစ်ညစ်နဲ့ချောင်ကျနေတဲ့မျက်နှာကိုကြည့်ပြီး စိတ်ထဲကနေ တော်သေးတာပေါ့လို့ တွေးလိုက်မိတော့သည်။
“နင်ဘာလို့ဒီလိုတွေလုပ်ခဲ့တာလဲ ကိုယ့်ဘာသာမရှာစားနိုင်လဲယောကျာ်းယူလိုက်တာမဟုတ်ဘူး”
ပြုံးရယ်လိုက်တဲ့ကြည်ကြည်ရဲ့အပြုံးဟာ အသက်မပါ။
“ကျွန်မကံလို့ပြောရမှာပေါ့ ကျွန်မနဲ့ပတ်သက်ခဲ့တဲ့ယောက်ျားတွေအားလုံးက ကျွန်မဒီလိုဘဝမရောက်ခင်ကတည်းက အတည်ယူဖို့စိတ်ကူးမရှိကြဘူး အပျော်ကြံပြီးပစ်ထားခဲ့ကြတာချည်းပဲ ပထွေးနဲ့နေခဲ့ရတဲ့ကျွန်မကမိသားစုဘဝလေးကို သိပ်လိုချင်ခဲ့တာ ကြီးလာလို့ အိမ်ထောင်ကျရင် သားသမီးကိုသေချာစောင့်ရှောက်ပြီး ကိုယ်လိုဘဝမျိုးမဖြစ်အောင် ထားမယ်ဆိုတဲ့ အတွေးတွေနဲ့ အမေကိုအမြဲမုန်းနေခဲ့တာ အဟင်း အခုတော့အသည်းတစ်ယောက်ကိုတောင်လူမွေး လူတောင်ပြောင်အောင် ကျွေးမွေးနိုင်တဲ့အရည်အချင်းမရှိခဲ့ပါဘူး တခြားလူတစ်ယောက်ကိုမပြောနဲ့ ကိုယ့်ဝမ်းကိုယ်တောင် ကောင်းကောင်းမွန်မွန်မရှာစားနိုင်ခဲ့ဘူး အစ်မတို့သူငယ်ချင်းကိုနှောက်ယှက်ခဲ့တဲ့ကျွန်မကိုမုန်းပေမယ့် အသည်းကိုတော့ မမုန်းပါနဲ့ ကူညီပါနော် တစ်ခုလေးပါပဲ အဲ့ဒီတစ်ခုပဲ တောင်းဆိုပါတယ် အသည်းရဲ့အဖေကိုရှာပေးပါနော်”
မီမီနဲ့ယသော် တိုင်ပင်သလိုတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း။
“အမတို့သိတဲ့အတိုင်းပါပဲ အသည်းကကျွန်မလက်ပေါ်ကြီးခဲ့ပေမယ့် ကျွန်မနဲ့အကျင့်စရိုက်တွေလဲတစ်ခုမှမတူဘူး သန့်သန့်ရှင်းရှင်းနေတတ်တယ် ရုပ်ရည်လဲသန့်ပြန့်ပြီးတော့ဉာဏ်လဲအရမ်းကောင်းပြီးထက်မြက်တဲ့ကလေးပါ သူ့အဖေ အရင်းလဲရှိနေရဲ့သားနဲ့ ဒီကလေးလေးကို မိဘမဲ့ကျောင်းမပို့ရက်ဘူး သူ့အဖေကိုရှာပေးပါအမရယ် သူ့ကိုသနားပါနော် ကူညီပေးပါ”
ဘာလုပ်သင့်သလဲဆိုတာ ယသော်လဲ မဆုံးဖြတ်တတ်တော့ပေ။ ဓါတ်ပုံထဲကနောင်နောင်ဆိုတဲ့လူကို ဘယ်နား သွားရှာရမလဲ မသိနဲ့။ အသည်းကို လှမ်းကြည့်ရင်း ဓါတ်ပုံထဲကလူနဲ့အတော်တူတဲ့ အဖေတူသမီးဖြစ်နေလို့သာ တော်သေးတယ်လို့ တွေးမိသွားသည်။
သူရကတော့ ယသော်နဲ့မီမီကို ကြည့်ပြီးဘာမှဝင်မပြောတော့ပေ။
“နင်ဒီမှာခဏစောင့် ယသော်”
မီမီက ယသော်ကို အခန်းထဲလိုက်ခဲဖို့မျက်စပစ်ပြပြီးခေါ်သွားသည်။ အပျိုကြီးနှစ်ယောက် အခန်းထဲဝင်သွားချိန်မှာ အသည်းက ကြည်ကြည်အနားလျှောက်လာခဲ့သည်။
“ကြည်ကြည် ဘယ်မှာနေနေတာလဲ”
“အသည်းအဲ့ဒီနားမှာပဲရပ်နေ ကြည်ကြည်အနားမလာခဲ့နဲ့ အန်တီနဲ့နေရတာပျော်တယ်မလား သမီးလေးကလှလာလိုက်တာ ကြည်ကြည်ကိုသတိမရနဲ့တော့ မေ့လိုက်နော် အသည်းအဖေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေသွားနော်”
သူရ လက်ထဲကိုင်ထားတဲ့ဓါတ်ပုံကိုအခါခါပြန်ကြည့်နေမိသည်။
“ဦးဦး သမီးအဖေကို ရှာပေးပါနော် သမီးလိမ်လိမ်မာမာနေပါ့မယ် ကြည်ကြည်ကနေမကောင်းဖြစ်နေတာ သမီးနဲ့အတူတူ နေလို့မရတော့ဘူးတဲ့ ဆေးရုံမှာသွားနေရတော့မှာတဲ့ အန်တီကိုလဲပြောပေးပါနော် အသည်းအဖေကိုရှာပေးဖို့”
သူရကအသည်းခေါင်းကိုပွတ်ပေးလိုက်ရင်း။
“အေးပါကလေးရယ် အေးပါ”
ယသော်နဲ့မီမီ အခန်းထဲကပြန်ထွက်လာကြသည်။ မီမီက ကြည်ကြည်ကိုခပ်တည်တည်ကြည့်ရင်း။
“အသည်းအဖေကိုငါတို့ရှာပေးမယ် ဒါပေမယ့်နင်ငါတို့ပြောတဲ့အတိုင်းအားလုံးလိုက်လုပ်ပေးရမယ် ရပ်ကွက်လူကြီး အသိသက်သေတွေရှေ့မှာ ဒီကလေးကိုခဏအပ်ထားခဲ့ကြောင်းလက်မှတ်ထိုးပေးရမယ် ကလေးနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေအားလုံးထားခဲ့ ပြီးတော့ နင်နေတဲ့လိပ်စာနဲ့ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်လဲပေးထားခဲ့ရမယ် အရင်ကလို ပုန်းနေဖို့မစဉ်းစားနဲ့”
“ကျေးဇူးတင်လိုက်တာအမရယ် အမတို့လုပ်ခိုင်းတဲ့အတိုင်းအားလုံးလုပ်ပါ့မယ် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”
ကြည်ကြည်မှာ ကျေးဇူးတင်စကားအထပ်ထပ်ဆိုရင်း ဝမ်းသာလွန်းလို့မျက်ရည်တွေကျလာခဲ့သည်။ သူရက ဓါတ်ပုံကို စားပွဲပေါ်ချလိုက်ရင်း အပျိုကြီးနှစ်ယောက်ကိုကြည့်ကာ ပြုံးလိုက်မိသည်။ အစကတည်းက သူတို့မငြင်းနိုင်လောက်ဘူး ဆိုတာ သူသိပြီးသားပင်။
ВЫ ЧИТАЕТЕ
3️⃣ ကျွန်တော့်ရဲ့ အပျိုကြီး [ My spinster ]
Любовные романыဇီဇာကြောင်သော အပျိုကြီးမမခွကျကျ ယသော်သူရနဲ့ နေသူရတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဂျီးများတာမဟုတ်ဘဲ ဘယ်သူ့ကိုမှ ရင်ခုန်လို့မရ၊ ချစ်လို့မရဘဲ နေလာခဲ့သူ ယယော်တစ်ယောက် သူမထက် အသက်လေးနှစ်ကျော်ငယ်သော နေသူရနဲ့ အမှတ်တမဲ့ တွေ့ဆုံပြီး ဖူးစာဖက် ဖြစ်ခဲ့ရပုံကို 📖 ဖ...