Part 4

6K 208 0
                                    

Unicode font

ကျွန်တော့်ရဲ့ အပျိုကြီး (My Spinster)
အပိုင်း (၄)

“အသည်းရဲ့ဘကြီးဆီကဘာအသံမှမကြားပါလား တစ်ပါတ်တောင်ပြည့်နေပြီကို”
“အင်းနော် သူ့အမေကိုပြောမထွက်လို့လားမသိ”
မီမီက မဲ့ပြုံးပြုံးလိုက်ရင်း။
“အမေကို ပြောမထွက်တာလဲမထွက်တာပေါ့ဟယ် တူမအရင်းကိုသူစိမ်းလက်ထဲထားထားရတာလဲထည့်တွက်ဦးလေ အတူတူလဲ မနေဖူးတော့သံယောဇဉ်လဲ မရှိလောက်ဘူးဖြစ်မယ်”
“မီမီကလဲ တစ်လလောက်စောင့်ပေးလို့ပြောထားတာကို”
“အင်းလေ နောက်နှစ်ပါတ်ပဲစောင့်မယ် တစ်လတော့မစောင့်ပေးနိုင်တော့ဘူး”
“ဘာဖြစ်လို့လဲ”
“သူက သြဇီပြန်သွားမှာလေ ဒီမှာနောက်တစ်လထိနေမယ်လို့ထင်နေလို့လား မိဘတွေကလဲကိုယ့်သားရဲ့ကလေးပဲ မခေါ်ပဲတော့မနေလောက်ဘူး သာမာန်မိသားစုဆိုရင်ပြောပါတယ် သူတို့မိသားစုကိုတော့ငါလဲမပြောတတ်ဘူး”
“ဟုတ်သားပဲ သူကဘယ်လောက်ထပ်နေမှာမို့ ငါတို့ကိုတစ်လစောင့်ခိုင်းရတာလဲ”
“တီးတောင် တီးတောင်”
“ဟော အသည်းပြန်လာပြီထင်တယ်”
ယသော်က တံခါးထဖွင့်ပေးလိုက်သည်။ ယသော်အိမ်ပြန်သွားစဉ်အချိန်အတွင်း မီမီကသူ့အိမ်နဲ့နီးတဲ့ပန်းချီသင်တန်းကို အပ်ထားပေးခဲ့သည်။ ယသော်ပြန်ရောက်လာတော့ အသည်းကိုပန်းချီသင်တန်းပို့ဖို့က ယသော်တာဝန်ဖြစ်ပြီး ကြိုဖို့ကိုတော့ သူရက တာဝန်ယူထားလေသည်။
“ပန်းချီဆရာမကြီးပြန်လာပါပြီ ဆူရှီလဲဝယ်လာပါတယ်”
“အန်တီတို့ကို အသည်းဆွဲခဲ့တဲ့ပုံပြမယ်”
“ကြွားလိုက်ဦးလေ အသည်းတို့ပုံကို Facebook မှာတင်ထားတယ်လို့”
“ဟုတ်တယ် ဟုတ်တယ် သမီးတစ်ယောက်ထဲပုံလဲရိုက်သွားသေးတယ် ဆရာမက Facebook ပေါ်တင်မလို့တဲ့”
“အမယ် ပန်းချီဆရာမကနေ မော်ဒယ်မမဖြစ်သွားပြန်ပြီပေါ့”
မီမီက အမှတ်တမဲ့ပြောလိုက်ပေမယ့် ယသော်က သူရမျက်နှာကိုကြည့်လိုက်မိသည်။ ကိုယ်တော်ကမကြားသလို ဆူရှီဗူးတွေ ဖောက်ပြီး အားရပါးရစားနေသည်။
“ဗိုက်ဆာနေတာ”
“အေးပါ စား စား မနက်ဖြန်မီမီမလာဘူးတဲ့ နင်ပဲအသည်းကိုကြိုပေးခဲ့နော်”
“ဟုတ်ကဲ့ ကျွန်တော်ပဲကြိုနေကျကို”
“အမယ် အသည်းကဓါတ်ပုံစားတယ်တော့ ဒီမှာကြည့်ပါဦး သူတို့သင်တန်းကပုံတွေတင်ထားပြီ”
မီမီဖုန်းကို လေးယောက်စလုံးဝိုင်းအုံကြည့်လိုက်ကြသည်။
“ဟုတ်ပ အသည်းတုန်ကိုပို့စ်ပေးကြမ်းချက်”
အသည်းက သဘောကျကာတဟီးဟီးရယ်လျက်။
“သမီးအခုဆွဲခဲ့တဲ့ပုံလေ ဒီပုံကိုကိုင်ထားတာ”
“အော် ဟုတ်သားပဲ ရှု့ခင်းပုံဆွဲထားတာ အရမ်းလှတာပဲ အသည်းကတော်လိုက်တာ”
အသည်းရဲ့ဆံပင်လေးတွေကိုသပ်ပေးရင်း ယသော်ကချီးကျူးစကားဆိုလိုက်သည်။
“အန်တီ သင်တန်းကနောက်တစ်ပါတ်ဆိုပြီးပြီတဲ့”
“အော် ဟုတ်မှာပေါ့ တစ်လပြည့်တော့မှာကို”
“သင်တန်းကသူငယ်ချင်းတွေကကျောင်းတက်ကြတယ်အန်တီ သမီးလဲတက်ချင်တယ် သမီးကိုထားပေးပါလားဟင်”
မီမီနဲ့ယသော်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိရင်း။
“ထားပေးမှာပေါ့အသည်းရယ် ကဲ မုန့်စားလိုက်ပါဦး ဗိုက်မဆာဘူးလား”
“နည်းနည်းပဲစားတော့မယ် အသည်းဗိုက်ကြီးပူနေတာ ဝိတ်လျော့မလို့”
“အမယ် သူကများကြီးကြီးကျယ်ကျယ် ဝိတ်လျော့မလို့တဲ့ ဟား ဟား ယသော်အသည်းကိုကြက်ကြော်မကျွေးနဲ့တော့နော် ကလေးဝိတ်လျော့နေတယ်”
“ဟီး ဟီး တကယ်ပြောတာအန်တီမီရဲ့ သမီးအကျီၤတွေကြပ်လာလို့”
ယသော်နဲ့ အတူတူနေလာတဲ့နှစ်လကျော်ကာလအတွင် အသည်းက အသားတွေပိုဖြူပြီး ပိုထွားလာတာသိသာသည်။ ရောက်ခါစကဝယ်ပေးထားတဲ့ဂါဝန်လေးတွေက ဗိုက်တွေကြပ်သလိုတောင်ဖြစ်နေသည်။
“ဟား ဟား ဟုတ်သားပဲ အသည်းကထွားလာတာကိုး နောက်မှအကျီၤအသစ်ဝယ်ပေးမယ်နော်”
“ဒီဂါဝန်တွေတော်ပါသေးတယ်အန်တီရဲ့ သမီးကိုကျောင်းပဲထားပေးနော် သမီးအန်တီလိုပညာတတ်ကြီးဖြစ်ချင်တယ်”
“ပန်းချီဆရာမရောမဖြစ်ချင်ဘူးလား”
“ပန်းချီဆရာမလဲဖြစ်ချင်ပေမယ့် ပညာတတ်ဖြစ်ရင် ပိုက်ဆံတွေအများကြီးှရှာပြီး အန်တီတို့ကိုပြန်ပေးမယ်လေ သမီးကို ပန်းချီသင်တန်းလဲပို့ရတယ် စားကောင်းတာတွေလဲအများကြီးကျွေးတယ် တကယ်အလုပ်ရှုပ်တယ်မလား သမီးရှိတာ”
အရွယ်နဲ့မလိုက်အောင်သိတတ်တဲ့အသည်းရဲ့စကားကြောင့် သူတို့ခဏတာဆွံအသွားရသည်။
“အာ မရှုပ်ပါဘူးအသည်းကလဲ ဦးကအသည်းနဲ့လျှောက်သွားရတာ ပျော်တောင်ပျော်သေး”
အသည်းကဘာမှပြန်မပြောတာ့ပဲ ဆူရှီတစ်ခုကောက်ဝါးကာ ငြိမ်သွားသည်။ အဲ့ဒီပုံစံဟာ သူသိပါတယ် လူကြီးတွေက ညာနေတာပါဆိုပြီး ပြောနေသယောင်။
“ကဲ မရွှေသည်း မဟုတ်တာတွေလျှောက်ပြောမနေနဲ့ အစာမစားခင်လက်ဆေးဖို့မှာထားတယ်လေ အကျီၤလဲလဲလိုက်ဦး ဆေးတွေပေလာတယ်”
“ဟုတ် ဆူရှီစားပြီးရင်အိမ်စာလုပ်ရဦးမယ် ဆရာမကစိတ်ကူးထဲရှိတာတစ်ပုံဆွဲခဲ့တဲ့”
သွက်သွက်လက်လက် အနောက်ထဲဝင်သွားတဲ့အသည်းကိုကြည့်ရင်း။
“အသည်းက အရမ်းနားလည်တယ်နော်”
“ဟုတ်တယ်သူရ နားလည်တာရဲ့နောက်ကွယ်ကဘာလဲသိလား ခံစားတတ်တာပဲ သူကတခြားကလေးတွေလို အေးအေး ချမ်းချမ်းနဲ့ကြီးလာခဲ့ရတာမဟုတ်ဘူးလေ ကြည်ကြည်နဲ့နေတုန်းကလဲကဲ့ရဲ့ခံရမှာပေါ့ မကောင်းတဲ့မိန်းမရဲ့ကလေး ဘာညာဆိုပြီး မိဘမရှိ၊ ဆွေမရှိမျိုးမရှိနဲ့ ကြည်ကြည်နေမကောင်းဘူး ရောဂါဖြစ်နေတယ်လို့သိတဲ့အချိန် သူအရမ်းအားငယ်ခဲ့ရှာမှာ အခုလဲသူ့စိတ်ထဲအဆင်ပြေနေမယ်ထင်လား ငါတို့သူ့ကိုဘယ်တော့စွန့်ပစ်ခံရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့နေနေရတာ အဲ့ဒါကြောင့်ငါက သူ့အဖိုးဖွားအရင်းနဲ့နေစေချင်တာ နင်တို့စိတ်ထဲမထူးဆန်းဘူးလား မိဘတွေကို မပြောရသေးဘူးဆိုရင်လဲ အရမ်းချစ်ရတဲ့ညီရဲ့ ကလေးကို အစ်ကိုဖြစ်သူကတစ်ခေါက်လောက်တော့ လာကြည့်သင့်တယ် မဟုတ်ဘူးလား”
သူရ အတွေးတွေနဲ့ငြိမ်သွားရသည်။ ဒီရက်ပိုင်းဆက်သွယ်ရမယ်ထင်ထားတဲ့ဇော်လင်းက သူ့ဆီကိုဖုန်းတစ်ချက်တောင် မဆက်ခဲ့ပါ။
“သူလဲ မပြောရသေးလို့လားမသိတာ မီမီကလဲ အကောင်းဘက်ကပဲတွေးရအောင်ပါ”
“ဖြစ်တတ်တာတွေကြိုတွေးထားမှယသော်ရေ လူ့စိတ်ဆိုတာပြောမရဘူး အခုတောင်ငါတို့ကို ကျေးဇူးတင်မယ့်အစား သူတို့စည်းစိမ်ဥစ္စာတွေ မက်မောလို့ ဂွင်ဖန်နေတယ်လို့မစွပ်စွဲရင်ကံကောင်း”
လက်ဆေးပြီး ပြန်ရောက်လာတဲ့အသည်းကြောင့် စကားစပြတ်သွားသည်။ ဒီအချိန်မှာပဲ သူရရဲ့ဖုန်းမြည်လာခဲ့သည်။
“ဟာ ဇော်လင်းပဲ ဟယ်လို ဇော်လင်း”
ယသော်နဲ့မီမီမှာ ဖုန်းပြောနေတဲ့သူရကိုစိတ်ဝင်တစားကြည့်နေမိသည်။
“အေး …… အာ…… အဲ့ဒီလိုကြီးလား…… အင်း ငါပြောကြည့်လိုက်ဦးမယ်လေ……. အေး အေး”
သူရ ဖုန်းချလိုက်ရင်း သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်သည်။
“အသည်း စားပြီးပြီမလား အခန်းထဲဝင် သွားအိပ်တော့ အိမ်စာကိုအိပ်ရာထလာမှလုပ်မယ် ကြားလား”
“ဟုတ် ဘာဘီရေ မမလာပြီ”
အသည်းအခန်းထဲဝင်သွားချိန်မှာတော့။
“ဘာတဲ့လဲ”
“သူပြောတဲ့ပုံက ကလေးကိုသူ့တူမဆိုတာလက်ခံတယ်ပေါ့ အခုသူ့အဖေကကျန်းမာရေးသိပ်မကောင်းသေးတော့ လူကြီးတွေကိုပြောပြလို့မဖြစ်သေးဘူးတဲ့ ကလေးကို ဆက်ကြည့်ထားပေးပါတဲ့ လစဉ်ထောက်ပံ့ကြေးပေးပါ့မယ်တဲ့ သူသြဇီ ပြန်သွားရင်လဲ အမြဲထောက်ပံ့နေပါ့မယ်တဲ့ နောက်အဆင်ပြေတဲ့အချိန်ကျမှ သူ့မိဘတွေကို ပြောပါ့မယ်တဲ့”
“ဟင် ဘယ်လိုကြီးလဲ”
“ငါထင်သားပဲ ဒီကောင်လူပါးဝတော့မယ်ဆိုတာ လစဉ်ထောက်ပံ့ကြေးယူပြီး ကလေးထိန်းပေးနေရအောင် ငါတို့က တအား အားနေတဲ့လူတွေလား ကလေးကိုသနားလို့ဘယ်သူဘယ်ဝါသားသမီးမှန်းမသိခင်ကတည်းကစောင့်ရှောက်ထားပေးတာကို သူ့တူမမို့မိဘမဲ့ကျောင်းလဲမပို့ရက် မိဘတွေကိုလဲ အသိမပေးချင်နဲ့ လူကြီးတွေကျန်းမာရေးမကောင်းရင် အချိန်မဆွဲပဲ အသိပေးသင့်တာမဟုတ်ဘူးလား သူတို့မသေခင်သူတို့မြေးအရင်းတစ်ယောက်ရှိမှန်းသိသွားအောင် ဇော်လင်း ဇော်လင်း သူ့အချိုးကို ငါတို့က အ,အတွေမို့ မသိရမှာလား အမွေခွဲပေးရမှာစိုးရိမ်နေတာ လူဆိုရင်လူလိုအသိရှိရမှာပေါ့ တကယ့်ကောင်ပဲ သူ့လောက်မှ လူတိုင်းမတွက်တတ်ဘူး ထင်နေသလားပဲ ဟွန့်”
ဒီတစ်ခါတော့ မီမီစကားကို ဘယ်သူမှစောဒကမတက်ကြတော့ပါ။
“ဒါဆိုဘယ်လိုလုပ်ကြမလဲ”
“အရင်ကသူရလုပ်ခဲ့သလို လူကြီးတွေနဲ့အသည်းကို တမင်တကာတိုက်ဆိုင်ပြီးတွေ့ပေးကြတာပေါ့”
================================================================
“ဖွားဖွား”
လုံချည်စကိုဆွဲကိုင်ပြီး လာနုတ်ဆက်တဲ့ကလေးမလေးကို ဒေါ်ခင်စိန်ငုံ့ကြည့်လိုက်မိသည်။
“ဟင် အသည်းတုန် ဒီကိုဘယ်သူနဲ့လာတာလဲမြေးလေး”
“အန်တီတို့နဲ့လာတာဖွား အသည်းကအဖွားကိုတွေ့လို့ဝင်လာတာ”
ဒေါ်ခင်စိန် အသည်းတုန်ရဲ့အန်တီနှစ်ယောက်ကိုရယ်ပြလိုက်ရင်း။
“အသည်းရဲ့အဒေါ်တွေလား အသည်းက အန်တီကိုခင်နေတာသမီးတို့ရေ ထိုင်ပါဦးလား”
“မထိုင်တော့ဘူးအန်တီ ဒီနားဖြတ်သွားတာကို အသည်းက အန်တီကိုမြင်တော့ အဖွားဆိုင်ဝင်ချင်တယ်ပြောလို့”
“ဟုတ်လား သမီးတို့ဈေးဝယ်စရာရှိရင်သွားဝယ်လေ အသည်းကိုအန်တီနဲ့ထားခဲ့”
“အဲ ဟို အားနာစရာကြီး အန်တီကလေးထိန်းနေရမှာပေါ့”
“အမလေး ရပါ့တော် အသည်းတုန်ကအဖွားနဲ့နေဖူးပါတယ်ရှင်လို့ အန်တီတို့ကိုပြောလိုက်လေ”
ဒေါ်ခင်စိန်ကအသည်းကိုချစ်စနိုးစရင်း ပါးလေးကိုလိမ်ဆွဲလိုက်သည်။
“ဟုတ်ကဲ့အန်တီ ဒါဆိုကျွန်မတို့သွားလိုက်ဦးမယ်ရှင့် အသည်း တာ့တာ”
ယသော်တို့နှစ်ယောက် ချစ်ကြည်နူးနေတဲ့မြေးအဖွားကို နုတ်ဆက်ပြီး ထွက်လာခဲ့သည်။
“မြေးအရင်းမှန်းမသိတာတောင် ဒီလောက်ချစ်နေတာ သိများသွားရင်းဘယ်လိုနေမလဲမသိဘူးနော်”
“အေးလေ နင်ထင်သလိုဇော်လင်းတမင်မပြောချင်တာလားတော့မသိ”
“ငါတို့ Juction City သွားရအောင်”
ယသော်နဲ့မီမီတို့က အသည်းတို့မြေးအဖွားနီးစပ်အောင် တွေ့ဆုံပေးရန်တာဝန်ယူထားသည်။ ဇော်လင်းကိုမျက်နှာပူတဲ့ သူရကတော့ ဒေါ်ခင်စိန် ဘယ်နေ့ဘယ်မှာရှိတတ်မလဲဆိုတာ စုံစမ်းပေးရန်သာဖြစ်သည်။
“နင်မင်္ဂလာဆောင်ဖို့ဘယ်လောက်မှမလိုတော့တာ ရုံးကလဲခွင့်ယူလို့မရနဲ့ ပိတ်ရက်တိုင်း ငါ့ဆီလာလို့ အဆင်ပြေပါ့မလား”
“ပြေပါတယ် ငါကငါမင်္ဂလာမဆောင်ခင်အသည်းကိစ္စပြီးပြတ်စေချင်တာ မင်္ဂလာဆောင်ပြီးနေမယ့်နေရာနဲ့ နင့်အိမ်နဲ့ကလဲ ဝေးတော့နင့်ဆီမလာနိုင်မှာစိုးလို့ ဒါပေမယ့်သူရရှိလို့တော်သေးတယ်ပြောရမယ် မိုးကျရွှေကိုယ်လေး ယသော်ဖူးစာရှင်လေး”
“မီမီနော် နင်လျှောက်စမနေနဲ့ နေရခက်အောင်”
“ဘာလို့နေရခက်မှာလဲ အခုနှစ်ယောက်စလုံးအလွတ်တွေဖြစ်နေပြီပဲ ချိတ်လိုက်တော့”
“အမယ် ဘာလို့ချိတ်ရမှာလဲ သူကကြိုက်တဲ့လူတောင်တွေ့နေပြီ”
“ဟင် ဟုတ်လား မြန်တာ ဘယ်သူတဲ့လဲ”
“နာမည်တော့မပြောသွားဘူး သူ့ကိုယ်သူမသေချာသေးလို့ဆိုလား”
စကားလေးတပြောပြောနဲ့လမ်းလျှောက်လာခဲ့ရာ Juction City ထဲရောက်လာခဲ့သည်။
“ငါထင်တာလွဲခဲပါတယ်”
“အမြဲလွဲနေကျပဲကို ဘာလွဲခဲပါတယ်လဲ”
“ဟဲ့ အခုကမတူတော့ဘူးလေ Past Experience တွေအရ ငါ့အထင်တော့ သူကနင့်ကိုကြိုက်နေတယ်ထင်တာပဲ နင်လဲ သူ့ကိုကြိုက်နေတယ်လို့……”
“ဘာ အားအားယားယား ကိုယ့်ဘာသာနေစမ်းပါမီမီရယ် လျှောက်စမနေနဲ့ နင်ယောကျာ်းယူပြီး ငါ့ဆီမလာနိုင်ရင် ငါ့မှာသူ့ပဲအားကိုးရမှာ”
မီမီက မသင်္ကာနဲ့အကြည့်တွေနဲ့ယသော်ကို ကြည့်မိသည်။
“နင်က သူ့ကိုအားကိုးမှာ ဘယ်လိုပုံစံမျိုးနဲ့အားကိုးချင်တာလဲ သူငယ်ချင်းလိုလား ချစ်သူလိုလား နင်ပဲပြောတော့ ကိုယ့်အားကိုယ်ကိုးမယ် ဘာညာနဲ့ တသက်လုံးကြွေးကျော်လာခဲ့ပြီး အခုမှ လေသံပြောင်းရခြင်းအကြောင်းရင်းကို လင်းစမ်းပါဦး ငါသိပ်တော့မသင်္ကာသလိုပဲနော် ယသော်…”
“အော် ဒုက္ခပါပဲ လျှောက်တွေးနေပြန်ပြီ ငါပြောချင်တာကိုသိရဲ့သားနဲ့”
“မသိပါဘူး ငါသိချင်တာပဲသိတာ”
“အေးဟယ် သိချင်သလိုသာသိတော့ အာညောင်းတယ်”
မီမီက တခွီခွီရယ်ရင်း ယသော်ကိုဆက်စချင်မိသည်။ ရည်းစားတစ်ခါမှမထားဖူးပါသော ဂွကျကျအပျိုကြီးကို နေသူရနဲ့ ရစေချင်ပါသည်။ နေသူရက အသက်သာငယ်တာ ယသော်ရဲ့ဂွကျမှုတွေကိုအတော်သီးခံရှာသည်။ သူတို့နှစ်ယောက်ကို အောင်သွယ်ဖို့ မီမီစိတ်ကူးထားပေမယ့် သူရက တခြားကြိုက်တဲ့လူရှိနေပြန်တယ်ဆိုတော့လဲ မတတ်နိုင်တော့ပါ။
ဒီနေ့မနက်စောစော ဒေါ်ခင်စိန်တို့မိသားစု ဘုရားသွားမယ်လို့ကြားသောကြောင့် ယသော်တစ်ယောက် အသည်းကို ခေါ်ပြီး ရွှေတိဂုံဘုရားသို့ အပြေးချီတက်လာခဲ့သည်။ ရုံးဖွင့်ရက်ဖြစ်သောကြောင့်မီမီနဲ့သူရကမလိုက်နိုင်ပဲ ဒီနေ့တော့ ယသော် တစ်ယောက်သာ လှုပ်ရှားရလေသည်။ ဘုရားပေါ်ရောက်တာနဲ့ ဘုရားမကန်တော့နိုင်သေးပဲ ဒေါ်ခင်စိန်ရဲ့မွေးနေ့ တနင်္လာထောင့်ကို ဦးဆုံးသွားလိုက်သည်။ အသည်းတစ်ယောက် ဒေါ်ခင်စိန်ကိုမြင်တာနဲ့ ပျော်ရွှင်စွာ ပြေးသွားလေသည်။ တမင်ဟန်ဆောင်ခိုင်းရင်တောင် ခက်ခဲနေဦးမည်။ အဖွားဖြစ်သူကလဲ ဝမ်းသာအားရကြိုဆိုပွေ့ဖက်လေသည်။ သွေးက စကားပြောတယ်ဆိုတာ ဒါမျိုးကိုပြောတာလားတော့မသိ။
“ဖွား ဘုရားလာတာလား အသည်းလဲ အန်တီနဲ့ဘုရားလာဖူးတာ”
“ဟုတ်တာပေါ့ ဒီနေ့ဖွားမွေးနေ့မို့ ဘုရားလာတာ”
ပျက်ချင်ချင်ဖြစ်နေသောမျက်နှာနဲ့ဇော်လင်းကို မပွင့်တပွင့်ပြုံးလိုက်ရင်း ဒေါ်ခင်စိန်ကိုနုတ်ဆက်စကားဆိုလိုက်သည်။
“အော် အန်တီမွေးနေ့လား Happy Birthday ပါအန်တီ ကျွန်မတို့လဲဒီနေ့မနက်စောစောနိုးနေတာနဲ့ တူအရီးနှစ်ယောက် ဘုရားလာဖူးကြတာ”
“ကောင်းတာပေါ့ အန်တီလဲအသည်းနဲ့တွေ့ရတာပေါ့ နော် မြေးလေး”
ဒေါ်ခင်စိန်ရဲ့ပေါင်ကိုဖက်ထားတဲ့အသည်းက အဖွားဖြစ်သူကိုမော့ကြည့်ပြီးရယ်ပြနေသည်။ ဒီပုံစံကိုမြင်ပြီး ဇော်လင်း မလုံမလဲဖြစ်ကာ မျက်နှာလွဲသွားတာကို ယသော်သတိထားမိသည်။ ဦးမောင်ဦးကတော့ စကားနည်းသူဖြစ်မည်ထင်။ ယသော်ကို တစ်ချက်ရယ်ပြပြီး စကားတစ်ခွန်းမှမပြောပေ။ သူဌေးတွေမို့မာနကြီးတာလားတော့မသိပေ။
“ဖွားမွေးနေ့ဆို ကိတ်မုန့်အကြီးကြီးခွဲမှာလား အန်တီမွေးနေ့တုန်းကတောင်ကိတ်မုန့်ခွဲတယ်နော့ ဘုရားလဲဖူးတယ်”
“အသည်းကကိတ်မုန့်ခွဲချင်လို့လား”
“ဖွားကလဲ သမီးမွေးနေ့မှမဟုတ်တာ အန်တီကသမီးမွေးနေ့ကျရင်ဘာဘီအရုပ်နဲ့ကိတ်မုန့်ဝယ်ပေးမယ်လို့ပြောထားတယ် အဲ့ဒီအခါကျမှဖွားဖွားကိုလဲကျွေးမယ်နော်”
“အမလေး အသည်းတုန်မွေးနေ့ကိုမျှော်နေတော့မှာဖွားက လာ လာ အဖွားနဲ့အတူတူဘုရားကန်တော့ရအောင်”
ရယ်မောနေတဲ့မြေးအဖွားနှစ်ယောက်ကိုကြည့်ပြီး ဦးမောင်ဦးသက်ပြင်းချလိုက်တာကို မြင်လိုက်မိသည်။ သူ့သားနဲ့အလွန် တူသောအသည်းမျက်နှာကိုကြည့်ပြီး သူ့သားကိုသတိရနေတာများလား။ ဒါမှမဟုတ် ဇော်လင်း အသည်းအကြောင်း ပြောပြထားလို့လား။ ယသော် မိသားစုတစ်ယောက်ချင်းစီရဲ့မျက်နှာတွေလိုက်အကဲခတ်နေမိသည်။
အသည်းတစ်ယောက်အဖိုးအဖွားနဲ့ အတူတူဘုရားကန်တော့နေတာကို ကြည့်ပြီးပြုံးလိုက်မိသည်။ မိဘတွေမရှိတော့တဲ့ ဒီကလေးကို အဖိုးအဖွားတွေနဲ့ အခုလိုလုံလုံခြုံခြုံအေးအေးချမ်းချမ်းလေး နေစေချင်ပါသည်။
“မယသော် ကျွန်တော်တို့ခဏလောက်စကားပြောရအောင်”
အသည်းအကြောင်းဖွင့်ပြောလိုက်မှာစိုးရိမ်နေပုံရသည်။ ယသော် စိတ်ထဲကနေ မပြောချင်ဘူးလို့ ပြန်ပြောနေသော်လည်း ဇော်လင်းနောက်က လိုက်ခဲ့လိုက်သည်။ ဇော်လင်းက လူကြီးတွေနဲ့ခပ်လှမ်းလှမ်းနေရာမှာရပ်လိုက်ပြီး။
“နောက်တစ်ပါတ်ထဲ ကျွန်တော်ပြန်တော့မယ်”
သူ့ဘာသာပြန်ချင်ပြန် မပြန်ချင်နေ ယသော်စိတ်မဝင်စားပါ။ အရင်တော့သူ့စကားကိုယုံပြီး စောင့်ပေးချင်ခဲ့ပေမယ့် အခုလို အကြောင်းပြချက်မခိုင်လုံပဲ တမင်သက်သက်အချိန်ဆွဲနေတဲ့သူကို ဆက်ပြီးမယုံကြည်နိုင်တော့ပေ။
မထုံတက်တေးရုပ်နဲ့ယသော့်မျက်နှာကိုကြည့်ပြီး ဇော်လင်း စိုးရိမ်လာပုံရသည်။
“ဒီတော့ နောက်တစ်ရက်နှစ်ရက်လောက်ဆို ကျွန်တော့မိဘတွေကို အသည်းအကြောင်းပြောပြတော့မှာပါ အဲ့ဒီအချိန်အထိ ခဏစောင့်ပေးပါ”
“ကျွန်မအထင်တော ဒီနေ့ပြောသင့်တယ်ထင်တယ်နော်”
“ဗျာ”
“အန်တီမွေးနေ့ဆိုတော့ မွေးနေ့လက်ဆောင်ပေးရမှာမလား အဲ့ဒီတော့ မြေးအရင်းတစ်ယောက်လက်ဆောင်ပေးလိုက်တာ မကောင်းဘူးလား အရမ်းချစ်ဖို့ကောင်းတဲ့ကလေးကို ကိုဇော်လင်းမိဘတွေလဲချစ်မှာသေချာပါတယ်”
ဇော်လင်းတစ်ယောက် ကြံရာမရတဲ့ပုံစံဖြစ်သွားရင်း။
“ကျွန်တော်ဒီနေ့ညနေပြောလိုက်ပါ့မယ်”
“ကောင်းပြီလေ ဓါတ်ပုံလိုဦးမလား အသည်းမိဘတွေရဲ့ပုံ ကျွန်မ Scan ဖတ်ပြီးကူးထားတယ် ဒီမှာ”
ယသော်က အမြင်ကတ်ကတ်နဲ့အိတ်ထဲက အသည်းမိဘတွေရဲ့ဓါတ်ပုံကိုထုတ်ပေးလိုက်သည်။ ဒီနေ့မှမပြောရင်တော့ ကိုယ့်ဘာသာပဲပြောလိုက်တော့မယ်လို့တောင် စိတ်ထဲကနေပြောနေမိသည်။ လက်ခံတာမခံတာ လူကြီးတွေအပိုင်း၊ ပြောပြရမှာကိုယ့်အပိုင်းလေ။ ဇော်လင်းကိုယုံစားပြီးစောင့်ခဲ့မိတာအမှားပင်။ မီမီပြောသလို လူကြီးတွေကို မသိစေချင်သူက ဒင်းသာဖြစ်မည်။
“ဒက်ဒီ….”
ယသော်လက်ထဲကဓါတ်ပုံကို ယူလိုက်တာက ဇော်လင်းမဟုတ်ပဲ ဦးမောင်ဦးဖြစ်နေသည်။ မထင်မှတ်ထားသောကြောင့် နှစ်ယောက်စလုံး ဦးမောင်ဦးကို ကြောင်ပြီးကြည့်နေမိသည်။ စကားတစ်ခွန်းမှမပြောပဲဓါတ်ပုံကိုကြည့်ရင်း လှည့်ထွက် သွားသောကြောင့် ဇော်လင်းနဲ့ယသော် ဘာပြောရမှန်းမသိတော့ပေ။ အဖေဖြစ်သူနောက်ကနေ ခပ်ကုတ်ကုတ် လိုက်သွားတဲ့ဇော်လင်းကြောင့် ယသော်လဲချွေးပြန်လာခဲ့သည်။ တကယ်ဆိုအခုလိုဖြစ်ဖို့ရည်ရွယ်ခဲ့တာမှမဟုတ်တာ။
ယသော်တို့ဖြစ်သမျှတွေကို ဘာမှမသိတဲ့မြေးအဖွားနှစ်ယောက်ကတော့ အေးအေးဆေးဆေးဘုရားကန်တော့နေကြသည်။ အသည်းကကန်တော့ပြီးတာကိုမထပဲ မျက်လုံးမှိတ်ကာဘုရားကန်တော့နေတဲ့အဖွားဖြစ်သူကိုမှီရင်း ဆက်ထိုင်နေသည်။
“အသည်း ဒီကိုလာခဲ့ အဖွားဘုရားကန်တော့နေတာကို”
ဇော်လင်းကိုစိတ်တိုလို့လုပ်ချင်တာတွေလုပ်လိုက်ပြီးမှ ဦးမောင်ဦးရဲ့ခပ်တည်တည်မျက်နှာကြောင့် လန့်လာမိသည်။
“ဟို အန်ကယ် ကျွန်မတို့သွားလိုက်ပါဦးမယ်ရှင့်”
“အန်ကယ်တို့ဆက်သွယ်တာကိုစောင့်နေပါ”
“ရှင်…. ဟုတ်ကဲ့”
ဘာမှအကျိုးအကြောင်းမသိခင်ကတည်းက အသည်းကသူတို့မြေးဖြစ်လိမ့်မယ်လို့ ရိပ်မိနေခဲ့ပုံပေါ်သည်။ ဒါမှမဟုတ်လဲ ယသော်ကိုအချဉ်လာဖမ်းတဲ့လူလို့ထင်နေသလားတော့မသိ။
အသည်းလက်ကိုဆွဲကာ အတွေးတွေလွန်ပြီးထွက်လာရာ ဘုရားမကန်တော့ပဲပြန်တော့မှာကို သတိရသွားသည်။
“အော် ငါ့နှယ် ဘုရားတောင်ဦးမချရသေး”
ယောင်ပြီးရေရွတ်လိုက်တဲ့ယသော်ကို အသည်းကမော့ကြည့်ပြီး။
“အသည်းက ကန်တော့ပြီးပြီ အန်တီ”
မရွှေသည်းကတော့ ဘာမှပူပန်ပုံမရပဲ အဖိုးအဖွားတွေနဲ့တွေ့ခဲ့လို့ပျော်နေပုံပင်။
“ဟုတ်ပါပြီ ဘေးနားမှာငြိမ်ငြိမ်လေးထိုင်နေ ဘယ်မှမသွားနဲ့နော် အန်တီဘုရားကန်တော့ဦးမယ်”
“ဟုတ်”
သက်ပြင်းရှည်ကြီးချလိုက်ပြီး လက်အုပ်ချီကာဘုရားကိုသာ အာရုံပြုလိုက်တော့သည်။ ဘုရားသိကြားမ,လို့။ အသည်းကို လက်ခံပါစေလို့သားဆုတောင်းရတော့ပေမည်။
“ဟယ် ဒါဆိုငါတို့တကူးတကသွားပြောနေစရာတောင်မလိုပဲ လူကြီးတွေသိသွားတာပေါ့”
“အဲ့လိုသိသွားတော့လဲကောင်းတာပဲလေ ကျွန်တော်တို့လူကြီးတွေဆက်သွယ်တာကိုစောင့်ရုံပဲပေါ့”
မီမီနဲ့သူရကို ယသော်ဖုန်းဆက်ခေါ်ထားသောကြောင့် ညနေပိုင်းရုံးဆင်းချိန်မှာရောက်လာခဲ့သည်။ သူ့အကြောင်း ပြောနေတာကိုမသိတဲ့အသည်းက လူကြီးတွေစကားဝိုင်းကို စိတ်မဝင်စားပဲ ဖျာပေါ်မှာမှောက်ခုံအိပ်ရာ ကာတွန်းရုပ်တွေ ဆွဲနေလေသည်။
“နင်တို့တော့မျက်နှာမပူဘူးပေါ့ ငါကတော့လန့်သွားတာ အန်ကယ့်မျက်နှာကိုနင်တို့မတွေ့လို့ တင်းနေတာပဲ”
“ဟုတ်တယ် အန်ကယ်က နဂိုကတည်းကမျက်နှာကြောတင်းတယ် ပြီးတော့စကားလဲနည်းတယ်”
“အေးလေ ဒါပေမယ့် သူတို့ဆက်သွယ်တာကိုစောင့်နေပါလို့ပြောခဲ့တာဆိုတော့ အရင်ကတည်းက သူတို့မြေးမှန်း ရိပ်မိလို့လားမသိဘူးနော်”
“ဇော်လင်းကဘာမှမပြောထားပဲ သူ့မိဘတွေဘယ်လိုသိမလဲ”
“မမီကလဲ သူဌေးတွေကကိုယ့်ထက်ပိုလည်တယ်ဆိုတာသိတယ်မလား သူ့မြေးမျက်နှာမြင်ကတည်းက ရိပ်မိနေတယ် ထင်တယ် ဒါမှမဟုတ်လဲ အရင်ကတည်းကတခုခုသိထားတာရှိလို့ဖြစ်မယ်”
“အေးနော် သူတို့ဆီကအဖြေစောင့်နေရတာကို ငါတော့ရင်ခုန်တယ် ရည်းစားစကားပြောခံရတာတောင်ဒီလောက် စိတ်မလှုပ်ရှားခဲ့ဖူးဘူး ထင်တာပဲ”
မီမီစကားကြောင့်ယသော်ရယ်လိုက်မိသည်။
“ခိ”
“ဘာရယ်တာလဲ ယသော်နော်”
“ဘာမရယ်ပါဘူး ခိ”
မီမီကိုလှောင်ပြီး စပ်ဖြီးဖြီးရယ်ပြနေတဲ့ယသော်မျက်နှာကိုကြည့်ရင်း သူရပါပြုံးလိုက်မိသည်။ ဒီအပျိုကြီး ပျော်ရင် သူပါလိုက်ပျော်တတ်ပြီး သူမစိတ်တိုဝမ်းနည်းနေရင်သူပါစိတ်မကောင်းဖြစ်နေတတ်တာကို အခုတော့ ကောင်းကောင်းကြီး သတိထားမိခဲ့ပါပြီ။
================================================================
နေ့လယ်စာစားပြီးချိန်တွင် အသည်းက အခန်းထဲမှာဆော့ရင်းအိပ်ပျော်သွားသလို ယသော်တစ်ယောက်လဲ အိပ်ချင်မူးတူးနဲ့ ဇာတ်ကားထိုင်ကြည့်နေသည်။
“တီးတောင်”
ဘဲလ်မြည်သံကြောင့် သူရပဲဆိုတာ တန်းသိနေသည်။ အခုတလော ယသော့်ဆီအလာစိတ်နေတဲ့သူရကိုသတိထားမိသည်။ သူရတစ်ယောက် အသည်းကွဲပြီးနောက်ပိုင်း ဘာဖြစ်သွားမှန်းမသိ။ တခါတလေငိုင်တိငိုင်တိုင်နဲ့ အတွေးတွေ လွန်နေတတ်သည်။
“အသည်းရော”
“အိပ်နေပြီ အခန်းထဲမှာ”
“ယသော် တစ်ယောက်ထဲပျင်းနေတာမလား ကျွန်တော်လာလည်ပေးတာကျေးဇူးတင် မုန့်လဲဝယ်လာပေးတယ်”
“အေးပါကွာ ကျေးဇူးတင်ပါတယ် ခုနနေမှစားတော့မယ် နင်ဆာရင်စားလေ”
အမြဲတမ်းဗိုက်ဆာနေတတ်တဲ့သူရက သူဝယ်လာတဲ့မုန့်တွေကိုသူ့ဘာသာဖောက်စားရင်း ယသော်နဲ့အတူဇာတ်ကား ထိုင်ကြည့်နေသည်။ ဘာရယ်မဟုတ်ကြည့်မိချိန်တွင် ဇာတ်ကားထဲက မင်းသားနဲ့မင်းသမီးအနမ်းခန်းနဲ့ကြုံနေသည်။ သူရမှာစားလက်စကို မနည်းမြိုချရင်း ယသော်ကိုမလုံမလဲခိုးကြည့်လိုက်မိသည်။ အိပ်ချင်မူးတူးပုံနဲ့ဆိုဖာလက်တန်းကိုမှီရင်း ထိုင်နေတဲ့အပျိုကြီးဟာ သူရကြည့်နေတာကိုသတိထားမိပုံမပေါ်။ တီဗွီကိုကြည့်နေပေမယ့် ဇာတ်ဝင်ခန်းထဲဘာလုပ်နေလဲ ဆိုတာကိုအာရုံရပုံမပေါ်။ အာသန်းရင်း ပါးစပ်ကို လက်ဝါးနဲ့ပုတ်ကာ တဝါးဝါးမြည်အောင် လုပ်ပြီးတော့အပျင်းကြောတောင် ဆန့်နေလိုက်သေးသည်။ ကိုယ်ကသာလျှောက်တွေးရင်း ရင်ခုန်နေရတာ။ သူမကတော့ နေချင်သလိုနေပြီး သူ့ကိုဂရုကို မစိုက်ပေ။ သူစိမ်းယောကျာ်းတစ်ယောက်နဲ့ နှစ်ယောက်ထဲဇာတ်ကားကြည့်ရင်း အခုလိုအခန်းပါခဲ့တာကို စိတ်ထဲတမျိုး ဖြစ်ရကောင်းမှန်းလဲမသိနဲ့။ သူရှိနေလို့ရှက်ကိုရှက်ကန်းဖြစ်သွားမယ်လို့ထင်ထားမိပေမယ့် ဒီအပျိုကြီးနဲ့တော့ခက်ပါတယ်။
“ယသော်”
“အင်း”
သူ့ကိုမကြည့်ပဲ အင်းလို့ထူးနေတဲ့ယသော်ကို သူရအသည်းယားလာမိသည်။
“ရည်းစားမထားချင်ဘူးလား”
“ထားချင်ဘူး”
“တစ်ခါမှမချစ်ဖူးဘူးလား”
“အောင်မာ ထူးထူးဆန်းဆန်း ဘာတွေလာမေးနေတာတုန်း”
အခုမှသူရကို အဖက်လုပ်ပြီးကြည့်ဖော်ရသည်။ ယသော် သူရကို အကဲခတ်လိုက်မိသည်။ ဒီလူသားလေးဟာ  အခုတလော ဘာဖြစ်နေမှန်းကိုမသိတော့ပေ။ မေးတော့လဲကောင်းကောင်းပြန်မဖြေ။ ဂျစ်ကန်ကန်နဲ့။
“တချို့တွေကရည်းစားသာမထားဖူးပေမယ့် ချစ်ဖူးတယ်လေဗျာ”
သူရ ယသော်ရှေ့မှာချထားတဲ့ Remote Control ယူပြီးတီဗီပိတ်လိုက်ရင်း။
“တရားဝင်ရည်းစားမဟုတ်လဲ တိတ်တခိုးအချစ် ဘာညာပေါ့”
“မသိဘူးလေ ချစ်ဖူးချင်လဲချစ်ဖူးခဲ့မှာပေါ့”
“ဟာ မသိလို့မရဘူးလေ ယသော်ကလျှိုထားတာပဲ အရင်ကတစ်ယောက်ယောက်ကိုကြိုက်ခဲ့ဖူးတာလား”
ယသော်အဖြေကိုမကျေနပ်သလိုမျက်မှောင်ကြုံ့ပြီးထပ်မေးနေတဲ့သူရကို ပြုံးစိစိကြည့်ရင်းဖြေလိုက်သည်။ ဒီကောင်လေး ခုတလောပုံမှန်မဟုတ်ပဲ တခုခုဖြစ်နေတာကိုယသော်သိပါသည်။ သူရကိုစချင်စိတ်ကြောင့် အိပ်ချင်စိတ်လေးတောင် နည်းနည်းပြေသွားသလိုပင်။
“နင်ပြောမှကိုယ့်ကိုကိုယ်တောင်သံသယဖြစ်လာပြီ ဘယ်သူ့ကိုကြိုက်ဖူးခဲ့လဲဆိုတာသေချာပြန်စဉ်းစားကြည့်ရတော့မယ်”
အဲ့ဒီလိုဖြေတော့လဲသူရမကျေနပ်ချင်ပြန်။ ဘယ်သူ့ကိုမှမချစ်ဘူးပါဘူးလို့ဖြေစေချင်သည်။
“ဘာကိုမကျေနပ်လို့စူပုတ်ပွနေတာလဲ ရည်းစားထားဖူးတာအခုမှလဲမဟုတ် အရင်ရည်းစားတွေပြတ်လို့ခိုင်နဲ့ကြိုက်တာလေ အခုပြတ်သွားလဲတခြားတစ်ယောက်ကို အချိန်တန်ရင် နောက်ထပ်တွေ့ဦးမှာပဲကို ဘာတွေအလိုမကျတွေဖြစ်နေတာလဲ”
“နောက်ထပ်တစ်ယောက်ကတွေ့နေပြီ အဲ့ဒီတစ်ယောက်ကြောင့်အခုလိုတွေဖြစ်နေတာ”
“ဟုတ်လား သူကဘာပြောလို့လဲ နင့်ကိုမကြိုက်ဘူးတဲ့လား”
“ကျွန်တော်ကြိုက်နေမှန်းတောင်သူမသိဘူး”
သူ့အပြောကို နည်းနည်းလေးများရိပ်မိသွားမလားလို့်မျှော်လင့်ခဲ့ပေမယ့်လဲ။
“အော် အေး အဲ့ဒါများဖွင့်ပြောလိုက်လေ ပြောမှအဖြူအမည်းသဲသဲကွဲကွဲသိမှာပေါ့”
“ယသော် အချစ်ကိုဘယ်လိုထင်လဲ”
“အင် ငါ့ကိုလာမေးနေတယ် အချစ်တော့မသိဘူး လက်ထပ်ဖို့ကတော့တစ်ယောက်နဲ့တစ်ယောက်ကြိုက်မှ အဆင်ပြေမယ် ထင်တာပဲ သူစိမ်းတစ်ယောက်နဲ့တသက်လုံးအတူတူနေဖို့အရေးတော့ ပေါ့ပေါ့တန်တန်မဆုံးဖြတ်တာကောင်းတယ်”
“အဲ့ဒါကြောင့် အပျိုကြီးဖြစ်နေခဲ့တာလား”
သူရကိုမျက်စောင်းထိုးလိုက်မိသည်။ မေးတဲ့ပုံကလဲ။
“အေးပေါ့ ကြိုက်တဲ့လူမှမတွေ့ခဲ့တာကို ငါကတစ်ယောက်ထဲကြိုက်ပြီးအဲ့ဒီတစ်ယောက်ကိုပဲလက်ထပ်ချင်တာ ကြိုက်ပြီး ကွဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ အဲ့ဒါကြောင့်ကိုယ့်ကိုတကယ်ချစ် ကိုယ်ကလဲတကယ်ချစ်တဲ့လူမျိုးကိုစောင့်နေတာ ဟိ ငါ့အမေကြားရင်တော့ ဒီတသက်အဲ့ဒီလူပေါ်လာမှာမဟုတ်ဘူးလို့ပြောမှာပဲ”
“ပေါ်လာရင်ရော”
“ပေါ်လာရင်တော့ယူမှာပေါ့ ဒါနဲ့ နင်အခုဘယ်လိုလုပ်မှာလဲ”
“ကျွန်တော် …. အရင်က လှတာတွေ့ရင်ရင်ခုန်တယ် သူနဲ့တွဲချင်တယ် သူနဲ့အတူရှိရင်ပျော်တယ် ကျေနပ်တယ်”
“အေးပေါ့ အေးပေါ့ ခိုင်ကတော်တော်လှတာကို”
သူရခံစားချက်ကိုနားလည်သလို ခေါင်းတငြိမ့်ငြိမ့်ထောက်ခံနေတဲ့ယသော်ကို စိတ်ပျက်မိသည်။ သူ့ကိုရည်းစားစကား ပြောဖို့အရေး အရိပ်အခြေကြည့်နေရတာ ပင်ပန်းလွန်းလှသည်။
“ခိုင်တစ်ယောက်ထဲကို ပြောတာမဟုတ်ဘူး ထားခဲ့ဖူးတဲ့ရည်းစားတွေအပေါ်ခံစားချက်ကိုပြောနေတာ သူတို့ကိုရည်းစား စကားပြောတော့လဲအေးဆေးပြောထွက်ခဲ့တယ် ပြတ်သွားတော့လဲခံစားလိုက်တာပဲ ပြီးတော့ တခြားတစ်ယောက် ထပ်တွေ့တာပဲ”
“မှန်တယ် အခုလဲခိုင်နဲ့ပြတ်တာနဲ့ တခြားတစ်ယောက်ထပ်တွေ့တာပဲမလား”
“မဟုတ်ဘူး”
“ဟင် မဟုတ်ဘူးလား အဲ့ဒီတစ်ယောက်ကိုလဲမကြိုက်တော့ပြန်ဘူးလား”
နားမလည်သလို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့အပျိုကြီးကိုကြည့်ပြီး သူရနုတ်ခမ်းကိုက်လိုက်မိသည်။
“အခုတစ်ယောက်ကိုက… ကြိုက်နေမှန်းကိုမသိခဲ့တာ”
“အင် ဘယ်လိုကြီးလဲ ကြိုက်နေမှန်းမသိဘူးဆိုတော့ အခုကဘယ်လိုသိတာလဲ”
“ဒီလိုလေ ယသော်ကကျွန်တော်မလာရင် မျှော်နေတတ်တယ်မလား”
“အင်းးးး မျှော်တယ်လေ ပျင်းနေတဲ့အချိန်ဆိုသူရလာမလားမသိဘူးပေါ့ ဗိုက်ဆာရင်လဲ သူရမုန့်ဝယ်ပြီးလာရင် ကောင်းမယ်ပေါ့ အဲ့ဒီလိုတွေတွေးမိတယ် ငါအခုတလောအလုပ်မရှိအကိုင်မရှိဆိုတော့အားနေလို့ နင်နဲ့မီမီကိုပဲ မျှော်နေမိတာထင်တယ် မဖြစ်ပါဘူး အသည်းကိစ္စပြီးရင် အလုပ်လျှောက်တော့မှပဲ Passport တောင်သက်တမ်း ကုန်ပြီလားလို့ အခုမှထုတ်ကြည့်ထားတာ နှစ်နှစ်တောင်လိုသေးတာပဲ နိုင်ငံခြားအေးဆေးသွားလို့ရပါသေးတယ်”
သူရမှာ ခံစားချက်အပြည့်နဲ့မေးလိုက်တဲ့ကိုယ့်ကိုကိုယ် သနားမိသွားသည်။ ယသော်သူရကိုမေးရင် ဒီလိုအဖြေပဲ ထွက်လာမယ်ဆိုတာ သိသိကြီးနဲ့မေးချင်ဦးလို့သာ တွေးလိုက်မိတော့သည်။ စားပွဲပေါ်တင်ထားတဲ့ Passport စာအုပ် အနီလေးကို လက်ညှိုးထိုးပြရင်းပြောနေတဲ့ယသော်က သူရခံစားချက်ကိုရိပ်မိပုံမပေါ်။
“ဟင် သွားတော့မလို့လား”
“အေးလေ အသည်းကိုသူ့အဖိုးအဖွားဆီအပ်ပြီးရင် စင်္ကာပူကိုအလည်သွားရင်းတခါထဲအလုပ်ရှာမလားလို့ မရလဲ ပြန်လာတာပေါ့ ပြီးမှပြန်သွား ရရင်တော့တခါထဲနေလိုက်တော့မယ်လေ ကောင်းတယ်မလား”
“အင်း အင်း ကောင်းပါတယ် ကျွန်တော့ကိုကော်ဖီဖျော်တိုက်ပါလား”
“အိုကေ ခနစောင့် ငါလဲအိပ်ချင်နေတာဆိုတော့ သောက်ရင်ကောင်းမလား”
ပြောပြောဆိုဆိုနဲ့ထထွက်သွားတဲ့ယသော်ရဲ့နောက်ကျောကိုကြည့်ရင်း သူရ ကူလီကူမာပြုံးလိုက်မိသည်။ ဒီအပျိုကြီးဟာ လူတိုင်းကိုစိတ်ရင်းအတိုင်းရိုးသားစွာဆက်ဆံတတ်လို့သူချစ်သွားခဲ့မိတာလား။ ချစ်မိတာထက်ကို ပိုတဲ့နက်ရှိုင်းတဲ့ သံယောဇဉ်ကြီးက ဖြတ်ရခက်လွန်းလှသည်။ သိပ်မကြာတဲ့အချိန်ပိုင်းအတွင်းမှာပဲ သူ့ရင်ထဲအခိုင်အမာနေရာယူထားခဲ့တဲ့ ယသော်ကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်မခံနိုင်တော့ပါ။ ဒီတော့ ခွင့်လွှတ်ပါလို့ပဲ တောင်းပန်ရင်း….. ။
================================================================
“ယသော်ဘယ်မှာလဲ အိမ်မှာလား”
“မဟုတ်ဘူး အပြင်မှာ အသည်းနဲ့ဆံပင်ညှပ်နေတယ်”
“အော် ပြီးတော့မှာလား ကျွန်တော်လာကြိုမယ်လေ”
“ရတယ် မလာနဲ့ ငါတို့ဘာသာပြန်မယ်”
“အခုယသော်ဆီလာမလို့ တခါထဲလာဝင်ကြိုပါမယ်ဆို ဘယ်မှာလဲသာပြော”
“အမလေး ကြောက်နေရပါလားသူရရယ် ပြီးခါနီးပြီ လာကြိုချင်လဲကြိုပေ့ါ သူအလုပ်ရှုပ်မှာစိုးလို့လဲပြောရသေးတယ်”
ဖုန်းချလိုက်ရင်း ပြုံးလိုက်မိသည်။ ပွစိပွစိပြောတတ်တဲ့ယသော်အသံကို တစ်နေ့တစ်နေ့မကြားရရင် မနေတတ်သလိုတောင် ဖြစ်နေမိပါပြီ။ ကိုယ့်ဘာသာတဖက်သတ်ကြိတ်ကြွေနေတာ။ သိလို့ကတော့ ဘယ်လိုတုံ့ပြန်မလဲမသိပေ။ ဘာပဲဖြစ်ဖြစ် သူ့အချစ်ကိုလိုချင်မှတော့ ဖွင့်မပြောလို့မှမဖြစ်တာ။ ပြောဖို့အရေးအရှိန်ယူနေတာနဲ့တင် အချိန်ကုန်နေသည်။ ဖွင့်ပြောပြီး အငြင်းခံရမှာလဲစိုးရိမ်မိပါသည်။ ယသော်ရဲ့သဘောထားကို အခုချိန်ထိသူမခန့်မှန်းတတ်သေးပေ။
ကားဆီသို့တက်ညီလက်ညီလျှောက်လာတဲ့ ယသော်နဲ့အသည်းကိုကြည့်ပြီး သူရရယ်နေမိသည်။ ယသော်က ကားနောက်ခန်းထဲ အသည်းနဲ့အတူ တက်ထိုင်လိုက်ရင်း တဟိဟိဖြစ်နေတဲ့သူရကိုလှမ်းမေးလိုက်သည်။
“ဘာတွေသဘောကျနေတာလဲ”
“ယသော်နဲ့အသည်းကိုကြည့်ပြီးရယ်နေတာလေ”
“ဟင် ငါတို့ကဘာဖြစ်နေလို့လဲ”
“အုန်းမုတ်ခွက်ကေဆင်တူနဲ့လေ ဆိုင်ထဲကထွက်လာကတည်းကနေကြည့်ပြီးရယ်နေတာ ဟား ဟား”
“ဘာ ဘာအုန်းမုတ်ခွက်ကေလဲ လူကြီးကို သူရနော်”
သူရပြောမှသတိထားမိသည်။ ရှေ့ဆံမြိတ်လေးတွေတိတိရိရိညှပ်ပေးလိုက်တဲ့သူတို့နှစ်ယောက်စလုံးရဲ့ဆံပင်က တပုံစံထဲ မဟုတ်ပေမယ့်ခပ်ဆင်ဆင်လေးဖြစ်နေသည်။ ညှပ်တုန်းကတော့ ဆံပင်ညှပ်ပေးတဲ့ဆရာက အရမ်းနုသွားတယ်ပြောလို့ ကျေနပ်သလိုရှိခဲ့ပေမယ့် သူရပြောမှ အုန်းမုတ်ခွက်ကေနဲ့တူလာသလိုပင်။
“အသည်းနဲ့ကလိုက်တယ် ကလေးဆိုတော့ အုန်းမုတ်ခွက်ကေလေးနဲ့ချစ်စရာလေး ယသော်ကတော့….”
မလုံမလဲနဲ့ရှေ့ဆံပင်တွေကိုသပ်နေတဲ့ ယသော်ကို နောက်ကြည့်မှန်ထဲကနေကြည့်ပြီး ဆက်စချင်မိသည်။
“ဘာဖြစ်လဲ ဘာဖြစ်လဲမလှလဲ ငါ့ဘာသာလှရင်ပြီးရော”
နုတ်ခမ်းစူစူနဲ့ပြန်ဖြေနေတဲ့ယသော်ဟာ သူ့မျက်လုံးထဲတွင်တော့အုန်းမုတ်ခွက်ကေနဲ့အလွန်လိုက်ဖက်ပြီး ပိုနုကာပိုချစ်ဖို့ ကောင်းနေပါသည်။ မှန်ထဲကနေခိုးခိုးကြည့်ရင်း ပြုံးနေမိသည်။ ဒီအပျိုကြီးကို စိတ်တိုအောင်စရရင် သူဘယ်လိုပျော်မှန်း မသိပေ။ အပြင်ဘက်ကိုကြည့်ပြီးစကားမပြောပဲစိတ်ဆိုးနေတဲ့အပျိုကြီးကိုသူရလှမ်းမေးလိုက်သည်။
“ကဲ အခုအိမ်ပြန်မှာလား ဗိုက်မဆာဘူးလား တခုခုဝင်စားမလား”
“မစားဘူး ပြန်မယ်”
“ဦးဦး အသည်းဗိုက်ဆာတယ်”
“အဲဗားဆာနှစ်ယောက်ကတော့ စားသောက်ဖို့ပဲ”
ယသော်စကားကိုဂရုမစိုက်ပဲ သူတို့ဘာသာစားသောက်ဖို့ရွေးချယ်နေကြသည်။
“အသည်း ဦးကြက်ကြော်တော့မစားချင်ဘူးကွာ တခြားရွေး”
အသည်းက သဘောကျသလိုခွီခနဲ့ရယ်လိုက်ရင်း။
“ဦးကလဲ အသည်းကြိုက်တာရွေးလဲပြောသေးတယ်”
“ကြက်ကြော်ကလွဲပြီး ကျန်တာအကုန်စားမယ်ကွာ အသည်းတုန်ကြိုက်တာပြော ယသော်လဲအဆိုတင်သွင်းလို့ရတယ်နော်”
နှာခေါင်းရှုံ့ပြီးမသိမသာမျက်စောင်းလှမ်းထိုးကာ အသံတိတ်ပွစိပွစိပြောလိုက်တာကို သူရမြင်နေရပါသည်။
“ဟင် ယသော်ဘာပြောလိုက်တာလဲ ကျွန်တော်မကြားလိုက်လို့”
အခုမှ ဘက်မှန်ထဲကနေပြုံးစိစိလှမ်းကြည့်နေတဲ့သူရကို ယသော်သတိထားမိသွားသည်။
“မစားချင်ဘူးလို့ပြောတာ”
“ဒါဆိုပါဆယ်ဆွဲသွားမယ်လေ ယသော်ကတော့ဆာတဲ့အခါမှစားပေါ့ အဲဗားဆာနှစ်ယောက်ကတော့ အိမ်ရောက်တာနဲ့ ဆွဲမယ် နော့ အသည်း အိုကေလား”
“ကေ ဦးဦး ကြေးအိုးစားမလား”
“ရတယ်လေ ဒီနား YKKO နီးသားပဲ ဝင်လိုက်တော့မယ် ယသော်ကဘာစားမလဲ”
“မစားတော့ပါဘူးဆို”
“ကျွန်တော်ကစတာပါဗျာ ယသော်အဲ့ဒီဆံပင်နဲ့အရမ်းချစ်ဖို့ကောင်းလို့ ကလေးလေးလိုပဲချစ်ဖို့ကောင်းတယ်”
မသိမသာနဲ့ထည့်လိုက်တဲ့စကားတွေကို အပျိုကြီးတစ်ယောက်ကြားသလိုမကြားသလိုနဲ့ အပြင်ကိုသာ ကြည့်ရင်း ဘာဆိုဘာမှ မတုံ့ပြန်ပေ။ ဘာပဲဖြစ်ဖြစ်သူရကတော့ ရင်ထဲကခံစားချက်အစစ်ကြီးနဲ့ ဘက်မှန်ထဲကနေမျက်နှာလေးကို ခိုးကြည့်ပြီး ချစ်ဖို့ကောင်းတယ်လို့ ပြောလိုက်ရတော့ ကျေနပ်သွားမိသည်။
================================================================
“ကလေးကိုရော ခေါ်လာရမှာတဲ့လား”
“အသည်းမပါဘူးယသော် လူကြီးတွေနဲ့ပဲအရင်တွေ့ချင်တယ်တဲ့”
“ဟင် ဘယ်လိုကြီးလဲ ကလေးကိုလက်မခံချင်လို့များလား”
အခန်းထဲမှာအိပ်ပျော်နေတဲ့အသည်းမကြားနိုင်မှန်းသိပေမယ့် သူတို့သုံးယောက်သားတိုးတိုးလေးပြောနေကြသည်။
“ဟူးးးး ဘယ်လိုလဲတော့မပြောတတ်တော့ဘူး ဇော်လင်းဖုန်းဆက်ခဲ့တာတော့ ဒီနေ့ညနေအချိန်ရရင် လူကြီးတွေနဲ့ ခဏလောက် တွေ့ချင်တယ်တဲ့ မမီ ညနေသွားတွေ့ဖို့ အဆင်ပြေလား”
“ပြေပါတယ် ဖြိုးကိုနဲ့တွေ့ဖို့ကလွဲပြီးတခြားအထွေအထူးကိစ္စမရှိဘူး ညနေအသည်းကို ငါ့အိမ်မှာထားခဲ့မယ်လေ”
“ငါရင်တောင်တုန်လာပြီ ဘုရားသိကြားမလို့ လက်ခံပါစေ”
လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားရင်း စိတ်လှုပ်ရှားနေတဲ့ယသော်ကို သူရကအားပေးပြုံးလေးပြုံးပြလိုက်ပေမယ့် သူ့စိတ်ထဲတော့ လက်မခံချင်လို့ဒီလိုမျိုးတွေ့ဖို့ချိန်းတယ်လို့ပဲ ထင်မိပါသည်။
ညနေပိုင်းတွေ့ချိန်မှာတော့ ဦးမောင်ဦးနဲ့ဒေါ်ခင်စိန်ကမျက်နှာထားတင်းနေသလောက် ဇော်လင်းကတော့ ကြားထဲကနေ အားနာနေပုံရသည်။ ဦးမောင်ဦးကနဂိုထဲကနေ မျက်နှာတည်တဲ့လူဖြစ်ပေမယ့် ဒေါ်ခင်စိန်ကတော့ အရင်လိုမဟုတ်။ တင်းတာထက်ပိုတဲ့ မျက်နှာပေးမျိုးနဲ့ ချေမိုးနေလေသည်။ သူတို့ရဲ့ပုံစံတွေကိုကြည့်ပြီး ယသော်မှာ စိတ်ဓါတ်ကျချင်ချင် ဖြစ်လာတော့သည်။ မီမီနဲ့သူရကတည်ငြိမ်နေသလောက် ယသော်ကတော့ အသည်းအတွက်စိတ်မကောင်း ဖြစ်နေမိသည်။ စားပွဲပေါ်မှာရှိနေတဲ့အစားအသောက်တွေကို တစ်ယောက်မှမတို့မထိနိုင်ပဲ အတွေးကိုယ်စီနဲ့ငြိမ်သက်နေကြသည်။
“ကလေးနာမည်က အသည်းတုန်နော်”
“ဟုတ်ပါတယ်အန်ကယ်”
“အန်ကယ်အားလုံးစုံစမ်းပြီးသွားပြီ အသည်းတုန်ကအန်ကယ့်မြေးဆိုတာမှန်ပါတယ် ဒါပေမယ့်…”
တော်သေးတာပေါ့ဆိုတဲ့အတွေးမဆုံးခင် ထွက်လာတဲ့ ဒါပေမယ့်ဆိုပြီးရပ်ထားတဲ့ ဆက်ပြောမယ့်နောက်ဆက်တွဲစကားကို ယသော်မှာ ရင်တမမနဲ့နားစွင့်နေမိသည်။ ဦးမောင်ဦးက ဆုံးဖြတ်ချက်ချပြီးသလို ခေါင်းတချက်ငြိမ့်လိုက်ပြီး။
“ကလေးကို အန်ကယ်တို့ပဲစောင့်ရှောက်ပါ့မယ် ဒါပေမယ့်အန်ကယ်တို့မြေးဆိုတဲ့အကြောင်းကို သူ့ကိုဖွင့်မပြောပါနဲ့ ကလေးထိန်းတစ်ယောက်နဲ့အတူထားပြီး အဝေးကပဲမသိမသာစောင့်ရှောက်ပါ့မယ်”
“အန်ကယ် ဘာကိုဆိုလိုချင်တာလဲမသိဘူးနော်”
ဦးမောင်ဦးပြောတဲ့စကားတွေကို ယသော်က မရှင်းသလိုထပ်မေးလိုက်မိသည်။
“သူ့ကိုအန်ကယ်တို့မြေးအဖြစ်အသိအမှတ်မပြုနိုင်ဘူး ဒါပေမယ့်ကိုယ့်သားရဲ့သွေးသားဆိုတော့လဲ စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လေ ဒါကြောင့်သူ့ဘဝကိုလိုလေးသေးမရှိပြည့်စုံအောင်တော့ထောက်ပံ့ပေးမှာပါ”
ဦးမောင်ဦးစကားကို သုံးယောက်သား အံ့သြပြီးနားထောင်နေမိသည်။
“သူ့ကိုလူတစ်ယောက်လာခေါ်လိမ့်မယ် အဲ့ဒီလူနဲ့ထည့်ပေးလိုက်ပါ အန်ကယ်တို့နဲ့ပတ်သက်ပြီးအသည်းတုန်ကို တစ်ခွန်းမှ မပြောပါနဲ့လို့မေတ္တာရပ်ခံချင်ပါတယ် ပြီးတော့ သမီးတို့ကိုလဲ ကလေးကို စောင့်ရှောက်ပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့”
“ခဏ ခဏနေပါဦးအန်ကယ် စကားဖြတ်ပြောလိုက်ရတာအားနာပေမယ့် ကျွန်မသိချင်တာတစ်ခုရှိလို့ပါ အသည်းကိုလေ ဘာလို့အန်ကယ်တို့မြေးအဖြစ်အသိအမှတ်မပြုတာလဲဟင်”
“နင်တို့လဲအကြောင်းစုံသိပြီးသားပါ ငါ့သားကိုမရရအောင်အပိုင်ဖမ်းခဲ့တဲ့အဲ့ဒီမိန်းမကို ငါအရမ်းမုန်းတယ် သူ့ကြောင့်ငါတို့သားအမိတွေ သွေးကွဲခဲ့ရတာ ဘာကြောင့်သူမွေးတဲ့ကလေးကိုအသိအမှတ်ပြုရမှာလဲ ပြီးတော့ ဒီကလေးကြောင့်ငါ့သားဆုံးသွားရတာ သူ့ကိုမွေးတဲ့နေ့မှာပဲငါ့သားဆုံးခဲ့တာ သူ့ကိုမွေးလို့အဖေတင်မကဘူး အမေပါဆုံးသွားရတယ်လေ ဒီလောက်ဆိုးရွားပြီး အကျိုးမပေးတဲ့ကလေးက ငါတို့မြေးမဟုတ်ဘူး ငါတို့အိမ်ထဲလဲ အဝင်မခံနိုင်ဘူး ကျက်သရေတုံးတယ်”
စိတ်ဆိုးမာန်ဆိုးဝင်ဖြေလိုက်တဲ့ဒေါ်ခင်စိန်စကားကို ယသော်နားမလည်နိုင်ပါ။
“အသည်းကြောင့် သူ့မိဘတွေဆုံးရတာလို့ အန်တီတို့ဆိုလိုချင်တာလား”
မီမီက မနေနိုင်ပဲ ထပ်မေးလိုက်တော့သည်။ သူရလဲ ဇော်လင်းတို့မိသားစုကို စိတ်ကုန်သွားမိသည်။ ဒီခေတ်ကြီးမှာ အလွန်ချမ်းသာပြီးခေတ်မှီတဲ့သူတို့မိသားစုက ဒီလိုအတွေးအခေါ်မျိုးရှိလိမ့်မယ်လို့သူမထင်ထားခဲ့ပေ။
ဒေါ်ခင်စိန်က ပြန်မဖြေပဲ တဖက်သို့မျက်နှာလွဲသွားသည်။
“ကလေးကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပေးလို့ သမီးတို့ကိုကျေးဇူးတင်ပါတယ် အခုအချိန်ကစပြီး အန်ကယ်တို့ကပဲ တာဝန်ယူပါ့မယ် မနက်ဖြန်လာခေါ်ခိုင်းလိုက်မယ်”
“ကျွန်မ ဉာဏ်မှီသလောက်ပြောရရင် အပြင်လောကကိုတောင်မရောက်လာသေးပဲဗိုက်ထဲမှာရှိနေတဲ့ကလေးက မိဘကို ခိုက်တယ်ဆိုတာမဟုတ်နိုင်လောက်ပါဘူးအန်ကယ် အသည်းအဖေရဲ့ကံကိုက အဲ့ဒီလိုဖြစ်ဖို့ပါလာလို့ဖြစ်တယ်လို့ပဲ ထင်ပါတယ် ပြီးတော့သူ့အမေဆုံးသွားတာလဲ အဓိကက ငွေကြေးမပြည့်စုံလို့ပါ အသည်းကြောင့်မဟုတ်ပါဘူး လူတစ်ယောက် သေဖို့ရှင်ဖို့ကံဇာတာက အခြားသူတစ်ယောက်ပေါ်မူတည်နေတာမဟုတ်ပါဘူး သူ့ကံနဲ့သူလာတာပါ အန်တီလဲအသည်းကိုတွေ့ဖူးပါတယ် အသည်းကထက်မြက်ပြီးချစ်ဖို့ကောင်းတဲ့ကလေးဆိုတာ အန်တီသိပါတယ် သူ့မျက်နှာလေး ကြည့်တာနဲ့တင် လာခြင်းကောင်းတဲ့ကလေးဆိုတာ သိသာပါတယ်”
ယသော့်စကားကြောင့် ဒေါ်ခင်စိန်ကမဲ့ရွဲ့သွားပြီး။
“ဟွန်း သူ့အမေတင်မကဘူး သူ့ကိုမွေးထားတဲ့ဟိုကြည်ကြည်ဆိုတဲ့မိန်းမတောင်မကြာခင်ဆုံးတော့မှာမလား”
“အဲ့ဒါလဲအသည်းနဲ့မဆိုင်ပါဘူးအန်တီ ဘာမှနားမလည်တဲ့ကလေးကသူ့ကိုအဲ့ဒီအလုပ်တွေလုပ်ဖို့တိုက်တွန်းခဲ့တာ မဟုတ်ပါဘူး သူ့လမ်းသူရွေးခဲ့တာပါ”
“ဘာပဲဖြစ်ဖြစ်လေ မနက်ဖြန်အဲ့ဒီကလေးကိုလာခေါ်ခိုင်းလိုက်မယ် သူ့ကြောင့်နင်တို့လဲ အချိန်ကုန်အလုပ်ပျက်နဲ့”
“လာမခေါ်ပါဦးအန်တီ ကျွန်မတို့လဲစဉ်းစားပါရစေဦး သွေးသားရင်းဖြစ်တဲ့အန်တီတို့သာကလေးကိုသံယောဇဉ်မရှိပေမယ့် ကျွန်မတို့သံယောဇဉ်ရှိတယ် မိဘဆွေမျိုးရင်းတစ်ယောက်မှမရှိပဲ စွန့်ပစ်ခံရမှာစိုးလို့ အမြဲတမ်းစိတ်အားငယ်ပူပင်နေရတဲ့ ကလေးလေးကို ဒီထက်ပိုပြီးစိတ်ဒဏ်ရာမရစေချင်တော့ဘူး မိဘတွေမရှိတော့ပေမယ့် ဆွေမျိုးအရင်းတွေကြားမှာ ပျော်ပျော်ရွှင်ရွှင်နေစေချင်တာ ကျွန်မတို့ရဲ့ဆန္ဒအမှန်ပါ အန်တီ့သားသာရှိနေရင် အရမ်းချစ်ဖို့ကောင်းတဲ့သူ့သမီးလေးကို ဘယ်လောက်ထိချစ်လိုက်မလဲ သူ့သမီးကို ဆွေမျိုးမှန်းမသိမခံပဲ နောက်ကွယ်ကနေထောက်ပံ့ပေးပြီး သူစိမ်းတွေနဲ့ ထားထားတာကိုသိရင် သူစိတ်ကောင်းနိုင်မယ်မထင်ဘူးအန်တီ ခြောက်နှစ်အရွယ်ကလေးလေးကို တစ်ကောင်ကြွက်ဘဝနဲ့ တသက်လုံးနေခိုင်းတော့မှာလား တကယ်တော့သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် အသည်းဟာလူကြီးတွေကို ခိုက်စေတဲ့ ကလေးမဟုတ်ပါဘူး အန်တီသားပေးသွားတဲ့လက်ဆောင်ပါ သူဆုံးတဲ့နေ့မှာပဲသူ့ကိုယ်ပွားလေးအဖြစ် ချန်ထားပေးခဲ့တဲ့ အန်တီ့သားရဲ့နောက်ဆုံးလက်ဆောင်ပါ ဒါကိုအန်တီတို့ တန်ဖိုးမထားရင်လဲ… ”
ယသော်မှာဆက်မပြောနိုင်တော့ပဲ စိတ်ဆိုးဝမ်းနည်းကာ မျက်ရည်တွေကျလာခဲ့သည်။ သူရကယသော်ကို တစ်သျှူးတွေနဲ့ မျက်ရည်သုတ်ပေးရင်း။
“ယသော် စိတ်လျော့ပါ အရမ်းဝမ်းမနည်းပါနဲ့”
ရှိုက်သံတစ်ချက်မှမထွက်ပဲ မျက်ရည်တွေကျလာတဲ့ဒေါ်ခင်စိန်က။
“နင်စဉ်းစားကြည့်စမ်း အဲ့ဒီကလေးကိုခေါ်ထားပြီး ငါ့သားဆုံးတဲ့နေ့မှာ သူ့မွေးနေ့ပွဲကိုပျော်ပျော်ရွှင်ရွှင်ကျင်းပပေးရမှာလား ငါ့သားအတွက် နှစ်ပတ်လည်ဆွမ်းကျွေးပေးရမှာလားဆိုတာ”
ယသော်မှာဒေါ်ခင်စိန်ကိုပြန်ပြောစရာစကားရှာမရတော့ပဲ သူရလက်ထဲကတစ်သျှူးကိုဆွဲယူက ကိုယ့်ဘာသာမျက်ရည် သုတ်နေလိုက်သည်။ သူတို့ဘက်ကလဲသူတို့ခံစားချက်နဲ့သူတို့ရှိနေတယ်ဆိုပေမယ့် အသည်းကို သနားနေမိသည်။
“ကျေးဇူးတင်ပါတယ်အန်ကယ် အန်ကယ်တို့သဘောထားကိုအခုလိုပွင့်ပွင့်လင်းလင်းပြောပြပေးလို့ ဒီတစ်ခါတော့ ကျွန်မတို့ဘက်က ဆက်သွယ်တာကို အန်ကယ်တို့ကစောင့်ပေးပါ ခွင့်ပြုပါဦး”
မီမီကပြန်ဖို့နုတ်ဆက်လိုက်ပြီး သုံးယောက်သားထရပ်လိုက်ချိန်မှာတော့ ဒေါ်ခင်စိန်ကစိုးရိမ်တကြီးလှမ်းပြောသည်။
“ကလေးကို မိဘမဲ့ကျောင်းတော့လုံးဝမပို့နိုင်ဘူးနော်”
ဒေါ်ခင်စိန်မျက်နှာကိုမီမီကစိတ်ပျက်သလိုကြည့်ရင်း ဖြေလိုက်သည်။
“မပို့ပါဘူးအန်တီ ဟိုတခါတုန်းကအန်တီ့သားကိုစိတ်တိုလို့ကျွန်မအဲ့ဒီလိုပြောခဲ့တာပါ ရေကသွေးထက်ပြစ်နေပါတယ်”
ဘာပြန်ပြောရမှန်းမသိပဲ ဆွံ့အပြီးကျန်နေခဲ့တဲ့ဒေါ်ခင်စိန်တို့မိသားစုကို မီမီကတလမ်းလုံး စိတ်တိုလို့မဆုံးတော့ပေ။
“ကိုယ့်အရမ်းချစ်ရတဲ့သားရဲ့ကလေးကိုများ ကျက်သရေတုံးတယ်လေးဘာလေးနဲ့ ငါနော် ငါ မပြောလိုက်ချင်ဘူး ကလေးမျက်နှာကြောင့် မနည်းစိတ်ထိန်းပြီးပြန်လာရတယ်”
“အသည်းကိုသနားလိုက်တာ ဒီကလေးလေးအခုချိန်အထိကံမကောင်းရှာဘူး”
“ကံကောင်းတော့မှာပါ သူတို့ကလေးကိုခေါ်ထားမှာပါ”
ကားမောင်းနေတဲ့သူရကို နောက်ခန်းထဲထိုင်နေတဲ့နှစ်ယောက်သား ပြိုင်တူမေးလိုက်ကြသည်။
“ဘယ်လို့လဲ”
“ဟင် နင်ဘယ်လိုသိ”
“အင်းးး ကျွန်တော်ထင်တာပေါ့နော် အကဲခတ်မိသလောက်ပြောရရင် အန်တီကြောင့် အန်ကယ်က အဲ့ဒီလိုဆုံးဖြတ်လိုက်ပုံ ရတယ် အန်တီစိတ်ဆင်းရဲမှာစိုးလို့သူ့မိန်းမသဘောအတိုင်းလိုက်လုပ်ပေးတာဖြစ်မယ် အန်တီက အသည်းကိုချစ်တော့ ချစ်ပေမယ့် သူ့သားသေရတာကလေးကြောင့်ဆိုပြီးအပြစ်မြင်နေတာလေ အသည်းအမေနဲ့လဲသဘောမတူခဲ့ဘူးဆိုတော့ ဒါပေမယ့်လဲလုံးဝပစ်မထားရက်လို့ ဒီလိုလုပ်ဖို့ စီစဉ်တာပေါ့ ကလေးကိုမိဘမဲ့ကျောင်းမပို့ရက်တာပဲကြည့်လေ မထင်ထားပဲ ရုတ်တရက်ပေါ်လာတဲ့ မြေးဆိုတော့ သူတို့လဲ လန့်သွားမှာပေါ့ ဒီကြားထဲကလေးမွေးနေ့ကလဲသူ့အဖေဆုံးတဲ့နေ့နဲ့သွားပြီး တိုက်ဆိုင်နေတော့… ဖြစ်တတ်ပါတယ်လေ လောလောဆယ်တော့သူတို့ကိုအချိန်ခဏပေးလိုက်ရအောင်ပါ နားလည်ပေးလိုက်ပါမမီနဲ့ယသော် မကြာခင် အဆင်ပြေသွားမှာပါ”
“နင်ပြောတော့လဲဟုတ်သလိုပဲ သူတို့လဲအရမ်းချစ်ရတဲ့သားဆုံးထားတာဆိုတော့ ဟူးးးး နားလည်ပေးကြတာပေါ့”
“ဒါပေမယ့်လဲလူကြီးတွေက အသည်းကြောင့်ဆုံးတာမှမဟုတ်တာ ကလေးကိုအပြစ်မြင်နေတယ် လူဆိုတာ မွေးလာကတည်းက သေဖို့ပဲလေ ကမ္ဘာတည်သရွှေ့အသက်ရှင်နေတဲ့လူဘယ်သူရှိလို့လဲ သူ့ဘာသာကံကုန်နေ့စေ့လို့ သွားရတာကို သူ့ဘာသာကားမောင်းသွားပြီး သူ့ဘာသာဖြစ်တဲ့ကိစ္စကို ကလေးကမောင်းသွားပါလို့ခိုင်းတာလဲမဟုတ် အသည်းကလဲ သူ့မိဘတွေကို သေစေချင်ပ့ါမလား ဒီလောက်လိမ္မာသိတတ်တဲ့ကလေးကို ရက်ရက်စက်စက် ပြောပေးနေကြတာ”
“ဒါကတော့ယသော်ရယ် လူကြီးတွေဆိုတော့ရှေးရိုးစွဲရှိတတ်ပါတယ် လူကြီးတွေမပြောနဲ့ လူငယ်တွေတောင် အဲ့ဒီလို အယူအဆတွေရှိနေကြသေးတာပဲ ဒါနဲ့ဒီနေ့ယသော်နဲ့မမီပြောတာမိုက်တယ် အသည်းကအန်တီ့သားရဲ့နောက်ဆုံး လက်ဆောင်ဆိုပဲ ကျွန်တော်တောင်ကြွေသွားတယ် ဒါကြောင့်အန်တီ Heart ထိပြီးငိုသွားတာ အခုအချိန်မှာ သူတို့သားရဲ့ ကလေးလေးတစ်ယောက်ပေါ်လာတာကို သူတို့တကယ်တန်ဖိုးထားပြီးချစ်ရမှာ ဘယ်လိုမှ ပြန်မရနိုင်တဲ့သွေးသားရင်းလေ ပြီးတော့ ရေကသွေးထက်ပြစ်နေပါတယ်လို့ မမီပြောလိုက်လို့ အရှိုက်ထိသွားတယ်လေ စိတ်မပူပါနဲ့ သူတို့အသည်းကို လက်ခံမှာပါ အပျိုကြီးနှစ်ယောက်ရဲ့ပြောင်မြောက်တဲ့စကားလုံးတွေကြောင့် ဟား ဟား”
သူရက ကားနောက်ခန်းထဲက အပျိုကြီးနှစ်ယောက်စလုံးရဲ့မျက်စောင်းကို အပြုံးမပျက်ပဲလက်ခံလိုက်ရင်း သူ့အထင် မှန်ပါစေလို့သာ ကြိတ်ပြီး ဆုတောင်းလိုက်မိသည်။
================================================================
“တီးတောင် တီးတောင်”
ဘဲလ်မြည်သံကြောင့် ဧည့်ခန်းထဲပုံပြင်စာအုပ်ကြည့်နေတဲ့အသည်းကအခန်းပေါက်ဝကနေ လာပြောသည်။
“အန်တီ ဦးဦးလာတာလားမသိဘူး”
“အင်း အင်း အန်တီလာပြီ”
ခေါင်းလျှော်ပြီးဆံပင်မုတ်နေတဲ့ယသော်က Hair Dryer ကိုပလပ်ဖြုတ်လိုက်ပြီး ဗီရိုထဲတွေ့ရာအကျီၤတွေကို ကောက်ဆွဲဝတ်ကာ အမြန်ထွက်လာခဲ့သည်။
“ဒီလောက်ခြောက်ရင်ရပါပြီ”
မစိုမခြောက်ဖြစ်နေတဲ့ဆံပင်တွေကိုကိုင်ကြည့်ပြီး တံခါးဖွင့်ကြည့်စဉ် တံခါးပေါက်မှာ သူရနဲ့အတူရပ်နေတဲ့ ဇော်လင်းကြောင့် ယသော်အံ့သြသွားမိသည်။
“အော် ကိုဇော်လင်းရောပါတာလား ဝင်ပါ ခနထိုင်ဦးနော် ကော်ဖီဖျော်လိုက်ဦးမယ် သူရဧည့်ခံထားလိုက်ဦး”
ယသော်ဝတ်ထားတဲ့တီရှပ်အဖြူပွပွကြီးကရှည်လွန်းတာကြောင့် အောက်ကဝတ်ထားတဲ့ဘောင်းဘီတိုအစင်းကို ဖုံးလုနီးပါး ဖြစ်နေသည်။ သူရက ဇော်လင်းကိုလက်ပြကာ ယသော်နောက်ကနေလိုက်ဝင်ခဲ့ရင်း အသံတိုးတိုးနဲ့ကပ်ပြောလိုက်သည်။
“ဘာလို့အတိုကြီးဝတ်ထားတာလဲ”
“ဟမ် ဟုတ်သား နင်ပြောမှသတိထားမိတယ် ဘဲလ်သံကြားလို့တွေ့တာကောက်ဝတ်ပြီးထွက်လာခဲ့တာ”
“သွားလဲ ကျွန်တော်ကော်ဖီဖျော်လိုက်မယ် လူကသေးပါတယ်ဆို တီရှပ်ကလဲအကြီးကြီးနဲ့ ပြာဂလောင်ပြာလချောင် ကျနေတာပဲ အကုန်လဲခဲ့ လုံလုံခြုံခြုံဝတ်ပြီးထွက်ခဲ့ ဒူးပေါ်ပေါင်ပေါ်နဲ့”
“အောင်မာ အခုဝတ်ထားတာလဲလုံခြုံတာပဲလေ ဘောင်းဘီပဲတိုတာပါ ငါ့ကိုများ ပြာဂလောင်ပြာလချောင်တဲ့ အဲ့ဒါဆို နင်က ကိုပြာလောင် မျက်မှန်တပ်လိုက်ရင်တပုံစံထဲပဲ”
သူ့ကိုရန်ရှာရင်းထွက်သွားတဲ့ယသော်မကြားအောင် တိုးတိုးလေးပြန်ပြောလိုက်သည်။
“မဟုတ်ဘူး ကျွန်တော်ကကိုထူးဆန်း ယသော်ကခင်ချောစွိ  ယသော်စွိကပြာဂလောင်ပြာလချောင်လေးကိုမွေးပေးပါ”
ကြားများကြားရင် မလွယ်ကြောဆိုပေမယ့် လောလောဆယ်တော့ ခဏတာစိတ်ကူးယဉ်မိသွားသည်။ ယသော်နဲ့သူသာ လက်ထပ်ပြီးရင် သူ့ဘဝဟာ တင်အောင်နီကာတွန်းထဲက ကိုထူးဆန်းလိုများ တကယ်ကိုမိန်းမကြောက်နေရမလားလို့ တွေးရင်းသဘောကျနေမိသည်။
“Cindrella ထွက်ပြေးသွားတော့ မင်းသားလေးကလိုက်ဖမ်းလို့ ဖန်ဒေါက်ဖိနပ်လေးကျွတ်ကျန်ခဲ့တာတဲ့”
စပန့်ဝမ်းဆက်လဲဝတ်ပြီးထွက်လာတဲ့ယသော်က ဇော်လင်းဘေးနားမှာထိုင်ပြီး ပုံပြင်စာအုပ်ကိုတစ်ရွက်ချင်းစီလှန်ပြကာ ပုံပြင်ပြောပြနေတဲ့ အသည်းကိုကြည့်ပြီး ချစ်စနိုးပြုံးလိုက်မိသည်။ ဘကြီးဖြစ်သူက အသည်းမျက်နှာကိုငုံ့ကြည့်ပြီး ပြုံးနေတာမြင်တော့လဲ စိတ်ချမ်းသာသလိုပင်။
“ကော်ဖီရပါပြီ ဇော်လင်း ကော်ဖီသောက်ဦး အသည်းက အခန်းထဲသွားပြီးဘာဘီကိုပုံပြင်ဆက်ပြောပြမယ် အိုကေ”
“အိုကေ ဦးဦးနောက်ခါလာမှအသည်းပုံပြင်ဆက်ပြောပြမယ်နော် တာ့တာ”
အသည်းက ဇော်လင်းကိုအမျိုးအရင်းမှန်းမသိပဲ နုတ်ဆက်ပြီးအခန်းထဲကိုအပြေးတပိုင်းနဲ့ဝင်သွားလေသည်။
“ကလေးက အရမ်းသွက်တာပဲနော်”
“ဟုတ်တယ် အသည်းကအရမ်းထက်တာအရမ်းလဲပါးနပ်တယ် ဒါနဲ့မင်းပြောစရာရှိတယ်ဆို”
“အင်း အရင်ဆုံး မယသော်တို့ကိုတောင်းပန်ချင်ပါတယ် ဟိုတနေ့မာမီပြောခဲ့တာတွေကို ဘယ်လိုမှသဘောမထားပါနဲ့ဗျာ”
“ရပါတယ် ကျွန်မတို့လဲလွန်သွားတယ် အားလုံးကလူလွတ်တွေပဲဆိုတော့ မိဘတွေရဲ့ခံစားချက်ကို ကိုယ်ချင်းမစာမိခဲ့ဘူး သားတစ်ယောက်ဆုံးရှုံးထားတဲ့မိခင်ရဲ့စိတ်ကို မသိခဲ့လို့ပါ”
“နားလည်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ အမတို့လဲခန့်မှန်းမိခဲ့မှာပါ ကျွန်တော့သဘောထားကို စစချင်းတုန်းက တကယ်ပဲ အမတို့ထင်သလိုမိဘတွေကိုပြောဖို့အချိန်ဆွဲနေမိတယ် တူမအရင်းဟုတ်တာမဟုတ်တာထက်…. ရှက်ရှက်နဲ့ဝန်ခံရရင် ကျွန်တော်ပိုင်ဆိုင်ရမယ့်အထဲကနေခွဲမပေးချင်တဲ့လောဘကြောင့်ပေါ့ ဒါပေမယ့်ကိုယ့်ကိုကိုယ်မတရား လုပ်နေမိတယ်လို့ ခံစားရတဲ့အချိန်မှာပြောပြဖို့ဆုံးဖြတ်ခဲ့တယ် အဲ့ဒီအချိန်မှ မွေးစာရင်းကိုသေချာကြည့်မိတော့ ကလေးမွေးနေ့က အဲ့ဒီလို ဖြစ်နေပြန်ရော ကျွန်တော်နေရာကနေစဉ်းစားကြည့်ပါ ဘာဆက်လုပ်ရမလဲကိုမသိတော့တာ ဒါပေမယ့် ဒက်ဒီကိုကျွန်တော် ညာလို့မရဘူး အသည်းကိုမြင်ကတည်းက အသည်းအကြောင်းကြားပြီးကတည်းက သူ့မြေးဖြစ်နေမလားဆိုပြီး သံသယ ဝင်နေခဲ့တာ တစ်ခွန်းမှမမေးပဲ ကျွန်တော်တို့ကိုသတိထားစောင့်ကြည့်နေခဲ့တာ ဒက်ဒီကအသည်းအမေကို ကိုယ်ဝန်နဲ့ မြင်ဖူးထားတယ်တဲ့ သူ့မြေးသားဆိုရင်သူ့ဆီတစ်နေ့တော့ခေါ်လာမှာပဲဆိုပြီး စောင့်နေခဲ့ပေမယ့် သုံးလေးနှစ်ကြာတဲ့အထိ မပေါ်လာခဲ့တော့ သူ့သားရဲ့ကလေးမဟုတ်လောက်ဘူးလို့ ထင်သွားတော့တာပေါ့”
“ဒါဆို ဘာလို့ကလေးကိုမခေါ်ထားချင်ရတာလဲ”
“အဲ့ဒါကမာမီ့ကြောင့်ပါ မာမီကသိတဲ့အတိုင်း အစကတည်းကသဘောမတူခဲ့တာကို အသည်းအမေကြောင့် သားအမိတွေ သွေးကွဲရပါတယ်ဆိုပြီးမုန်းနေခဲ့တာ နောင်နောင်ဆုံးသွားတော့ပိုဆိုးပေါ့ အခုကလေးမွေးနေ့ကိုသိပြီးတော့လဲ ဒီကလေးကြောင့် ဆုံးရပါတယ်ဆိုပြီးငိုလိုက်တာ ကျွန်တော်နဲ့ဒက်ဒီမနည်းတားယူခဲ့ရတယ် ကြားကြားချင်းတုန်းက ကလေးကိုလုံးဝမမြင်ချင်ဘူး တစ်ပြားမှမထောက်ပံ့နိုင်ဘူးလို့ပြောခဲ့တာ နည်းနည်းသွေးအေးသွားတော့မှ မယသော်တို့ကိုလဲ အားနာလို့ ကလေးထိန်းနဲ့ ထားပေးမယ်ဆိုပြီးဆုံးဖြတ်ခဲ့တာ နည်းနည်းတော့စောင့်ပေးပါဗျာ မာမီက အသည်းကိုချစ်တာမယသော်လဲသိပါတယ် နောက်သုံးလေးရက်လောက်နေရင် လာခေါ်နိုင်အောင်ကျွန်တော် ကြိုးစားပါ့မယ်”
“ရပါတယ် ကျွန်မလဲကလေးကိုသူ့အဖေဆုံးသွားပြီဆိုတာ အခုအချိန်ထိပြောမထွက်နိုင်သေးဘူး”
သူတို့စကားဝိုင်းလေး ခဏတာတိတ်ဆိတ်သွားရသည်။
“ကျေးဇူးတင်ပါတယ်မယသော် ကျွန်တော်တကယ်ကိုကျေးဇူးတင်ပါတယ် အမျိုးအရင်းဖြစ်တဲ့ကျွန်တော်တောင် မယသော်တို့လို စိတ်မျိုးမထားနိုင်ခဲ့ဘူး ဆုံးသွားတဲ့ညီမျက်နှာကိုမှမထောက်ပစ္စည်းဥစ္စာမက်နေတာနဲ့ကလေးကို ထည့်မတွက်ခဲ့မိဘူး သူရ ကျေးဇူးပဲကွာ”
“မလိုပါဘူးကွာ မင်းလဲအရမ်းစိတ်မကောင်းဖြစ်မနေပါနဲ့ ငါလဲမင်းနေရာဆိုအဲ့ဒီထက်တောင်ပိုဆိုးချင်ဆိုးဦးမှာ ရှေ့လျှောက် ကလေးအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးရင်အဆင်ပြေပါတယ်”
“အေးပါ ငါသွားတော့မယ် အလုပ်ရှိသေးလို့ မယသော် ကျွန်တော်ပြန်လိုက်ပါဦးမယ်”
ဇော်လင်းထွက်သွားတော့ ယသော်က သူရကိုအပြစ်တင်စကားစပြောလိုက်သည်။
“သူပါလာမယ်ဆိုလဲ ဖုန်းလေးဘာလေးကြိုဆက်လေ”
“ဆက်တာပဲ ယသော်မှမကိုင်တာ”
“အော် ငါရေချိုးနေလို့ဖြစ်မယ် တွေ့ပြီ နင်သုံးခါတောင်ခေါ်ထားတာပဲ”
“ဟုတ်ပါတယ်ဗျာ Missed Call တွေ့ရင်ပြန်ခေါ်လေ အရေးကြီးကိစ္စဘာရှိလို့ခေါ်မှန်းမသိတာကို”
“ဟင် ရှေ့တည့်တည့်ထိုင်နေတဲ့လူကို ဘာလို့ပြန်ခေါ်ရမှာလဲ ပြောတောင်ပြောပြီးပြီလေ”
သူရကခပ်တည်တည်နဲ့ ယသော့်ဖုန်းကိုခေါ်လိုက်သည်။
“ဘာလို့ခေါ်နေတာလဲသူရ ရူးနေလား”
ယသော်ကဖုန်းမကိုင်ပဲ သူရကို လှမ်းပြောလိုက်သည်။
“ဘာလို့ဖုန်းမကိုင်တာလဲ အိပ်ပျော်နေလို့လား တစ်ယောက်ထဲဘာတွေဖြစ်နေလို့လဲ ဘယ်သွားနေတာလဲ နေမကောင်းလို့လား ဖုန်းကိုင်စမ်းပါ ဟာ ဘာလို့ဖုန်းပြန်မခေါ်တာလဲ”
ဖုန်းကနားနားကပ်ထားပြီး တစ်ယောက်ထဲစကားတွေတရစပ်ပြောနေတဲ့သူရကို ယသော်က အံ့သြတကြီးကြည့်ရင်း။
“တကယ်ကိုရူးနေပြီပဲ”
“ဟုတ်တယ် ယသော်ဖုန်းမကိုင်တဲ့အချိန်ဆိုစိတ်ထဲကနေအဲ့ဒီလိုတွေးပြီးစိတ်ပူနေခဲ့ရတာ ဒါကြောင့် Missed call တွေ့ရင် အလေးထားပြီးပြန်ခေါ်ပါ ကြားလား”
“အံ့သြပ အရင်ကဆိုပြန်ခေါ်တာပဲလေ အခုကမျက်နှာချင်းဆိုင်ကြီးထိုင်နေတာကို ပြန်ခေါ်စရာမှမလိုတော့ပဲ”
“အခုကိုပြောတာမဟုတ်ဘူး ယသော်ကတစ်ယောက်ထဲနေတာလေ ကျွန်တော်စိတ်မပူသင့်ဘူးလား”
“မပူသင့်ပါဘူး တစ်ယောက်ထဲကအခုမှနေတာလဲမဟုတ်”
“ကျွန်တော့သဘောဗျာ ပူချင်ပူမှာပဲ”
ယသော်က မပြောချင်ဘူးဆိုတဲ့သဘောမျိုးနဲ့သူရကို ပေစောင်းစောင်းကြည့်ရင်း ဆက်မပြောတော့ပေ။ ဂျစ်ကန်ကန်ရုပ်နဲ့ အကဲပိုနေတဲ့လူကို ကြည့်မရချင်တော့ပေ။
================================================================
“အဲ့ဒီသူရဟာလေ အခုတလောဘာဖြစ်နေမှန်းကိုမသိဘူး”
“နင်သာမသိတာ ငါသိတယ်”
“ဟင် နင်သိတယ်လား ဘာဖြစ်နေတာတဲ့လဲ”
“နင့်ကိုကြိုက်နေတာတဲ့”
“ဘာ မီမီ နင့်ကိုအဲ့လိုတွေမစနဲ့လို့ပြောထားတယ်လေ”
“မစပါဘူး ငါအတည်ပြောနေတာ သူနင့်ကိုဘယ်လိုဖွင့်ပြောရမလဲမသိဖြစ်နေတာ”
“တော်စမ်း တော်စမ်း မဟုတ်တာတွေ”
“နင်ကရောဘယ်လိုလဲ သူ့ကိုမကြိုက်ဘူးလား”
“အောင်မာ ဘာလို့ကြိုက်ရမှာလဲ ငါကသူ့ကိုမောင်လေးတစ်ယောက်လိုပဲသဘောထားတာ”
“လေးကိုဖြုတ်ပြီး မောင်တစ်ယောက်လိုသဘောထားလိုက်ပါ ရင်ထဲကတစ်ဦးတည်းသောမောင်ပေါ့”
“အေးလေ ဟာ ဘာမောင်လဲ လုပ်ပြန်ပြီ”
“ငါနင့်ကိုအတည်ပြောနေတာယသော် နင်သူရကိုဘယ်လိုသဘောထားလဲ ဘာမှမောင်လေးတွေဘာတွေလုပ်မနေနဲ့ ဟိုကနင့်ကို အစ်မလိုသဘောထားတာမဟုတ်ဘူး နင့်ကိုကြိုက်နေတာ နင်သိလား”
အတည်ပေါက်ကြီးပြောနေတဲ့မီမီမျက်နှာကိုကြည့်ရင်း ယသော် ကြောင်နေမိသည်။
“သူ့ရည်းစားနဲ့မပြတ်ခင်ကတည်းက နင့်ကိုကြိုက်နေတာ ငါတောင်ရိပ်မိတယ် ကာယကံရှင်နှစ်ယောက်က မသိကြဘူး လေပါတယ်ကွာ မင်းတို့ဇာတ်လမ်းကိုလဲ”
“ဟာ မဟုတ်ပဲနဲ့လျှောက်ပြောမနေနဲ့ ဟိုကကြားသွားရင်အားနာစရာကြီး သူ့ဘာသာတခြားကြိုက်တဲ့လူရှိနေတာကို”
“အဲ့ဒီလူက နင်လေ နင့်ကိုကြိုက်နေတာ မယုံဘူးလား ငါဖုန်းဆက်ခေါ်လိုက်ရမလား”
“မခေါ်ပါနဲ့ သူ့ဘာသာမအားလို့မလာတာကို”
“မအားလို့မလာလဲ အပေါက်ကိုပဲကြည့်ပြီးမျှော်မနေနဲ့လေ ငါစရောက်ကတည်းကကြည့်နေတာ တံခါးကိုပဲ တကြည့်ကြည့်နဲ့”
“မဟုတ်ပါဘူးနော် ကိုယ့်ဘာသာတောင်ကြည့်နေမိမှန်းမသိဘူး”
မလုံမလဲဖြစ်သွားတဲ့ယသော်ကို မီမီက ကျေနပ်စွာပြုံးပြလိုက်ရင်း။
“အဲ့ဒါပဲလေ နင့်ကိုယ်နင်မသိဘူးဆိုတာ နင်အဲ့ဒီကောင်လေးကိုကြိုက်နေတာဟဲ့ သိပြီလား”
“ဟား ဟား ဟား နင်ပေါက်တတ်ကရတွေပြောနေတာ ငါဖြင့်သူ့ကိုကြည့်ပြီးတစ်ခါမှရင်မခုန်ခဲ့ဖူးဘူး”
“သေလေ ဒီအသက်အရွယ်နဲ့ကလေးတွေလိုအကြည့်ချင်းဆုံရင်တွေခုန်ဖြစ်ချင်နေသေးတာလား ဒီမှာနင့်ရဲ့ဒီရင်ဘတ်ထဲက အနက်ရှိုင်းဆုံးနေရာမှာ နေသူရဆိုတဲ့နာမည်ကရှိနေခဲ့ပြီ”
ယသော်ရဲ့ဘယ်ဘက်ရင်အုံအပေါ်ကိုလက်ဖဝါးကပ်လိုက်ပြီး ရုပ်တည်ကြီးနဲ့ပြောနေတဲ့မီမီကို ယသော်က ပြန်ပြောင်ပြလိုက်သည်။
“ဘယ်နှပေအနက်မှာရှိနေတာတဲ့လဲ”
“နင်ပြောင်ချော်ချော်လုပ်မနေနဲ့ယသော် ငါအတည်ပြောနေတာ နင်သူနဲ့လက်ထပ်သင့်တယ်”
“မီမီရယ် သူကကြိုက်ပါလို့တစ်ခွန်းတောင်မပြောရသေးပဲ ငါကလက်ထပ်စရာလား”
“သူဖွင့်ပြောရင်နင်ကလက်ခံမယ်ပေါ့”
“ဟာ မဟုတ်ဘူးလေ နင့်စကားကိုပြန်ဖြေတာလေ သူလဲငါ့ကိုမကြိုက်သလိုငါလဲသူ့ကိုမကြိုက်ဘူး”
“ထားပါတော့ မျှော်နေသူကြီး ပေါ်လာပါပြီနော် ခြေသံကြားတယ် သွားဖွင့်ပေးလိုက်ဦး”
“ဘဲလ်လဲမတီးပဲ”
“အခန်းပေါက်မှာရပ်နေတယ် မယုံရင်ဖွင့်ကြည့်လိုက်”
မီမီကိုမယုံသလိုကြည့်ရင်း အခန်းတံခါး ထဖွင့်ကြည့်လိုက်သည်။ တံခါးရှေ့မှာ ဖုန်းနားထောင်ရင်းရပ်နေတဲ့သူရက ယသော်ကို ပြုံးပြခဲ့သည်။
“ဟုတ် အဖေ ဟုတ် ဒါပဲနော် ယသော် ဘဲလ်တောင်မနှိပ်ရသေးဘူး တံခါးဖွင့်ကြည့်နေတယ် ကျွန်တော့ကိုမျှော်နေတာလား”
“မျှော်မနေဘူး မီမီကနင်ရှေ့မှာရောက်နေတယ်ပြောလို့တံခါးဖွင့်ကြည့်တာ”
“မသိပါဘူး မျှော်နေတယ်ထင်လို့ပျော်သွားတာ”
သူရမျက်နှာကိုတစ်ချက်ကြည့်မိလိုက်ပြီး မီမီပြောတာ တကယ်များဖြစ်နေမလားလို့တွေးမိသွားသည်။
“ဘာတွေတွေးနေပြန်ပြီလဲ ပေး ကျွန်တော်သော့ခတ်လိုက်မယ်”
“အဲ့ဒီအမကြီးက တံခါးကိုတကြည့်ကြည့်နဲ့တစ်ယောက်ယောက်ကို စောင့်မျှော်နေတယ်ထင်လို့ အခန်းပေါက်နား ခြေသံကြားတယ် နင်ရောက်နေပြီ ထဖွင့်ကြည့်လို့ စလိုက်မိတာ တကယ်ရောက်နေတာပဲ ဟိ”
“အဲဗားဆာကြီးက ဒီနေ့တော့မုန့်မဝယ်လာဘူးပေါ့”
“မဝယ်လာခဲ့ဘူး အမှန်ကဒီနေ့ရုံးပိတ်ပေမယ့်မအားဘူး အိမ်အလုပ်တွေနဲ့ရှုပ်နေလို့ ယသော်ဆီမလာဖြစ်လောက်ဘူးလို့ ထင်ထားတာ ဒီနားဖြတ်တော့မထူးပါဘူးဆိုပြီး ခဏဝင်ခဲ့တာ အဖေကအလုပ်ပြီးတာနဲ့ တန်းပြန်လာခဲ့ဖို့ဖုန်းဆက်နေလို့ ဘဲလ်မတီးသေးပဲ အပေါက်နားရပ်ပြီး အဖေ့စကား နားထောင်နေတာ ဟဲ ဟဲ”
“အော် အေး အေး အဖေစကားကိုအတော်နားထောင်ရှာတယ်”
“နားထောင်တယ်လေ ဖုန်းချလိုက်လို့လား ဟား ဟား မမီလဲရောက်နေတာကိုး”
မီမီက စားပွဲပေါ်က Pizza ကိုမေးငေါ့ပြလိုက်ရင်း။
“ဒီနေ့တော့ အမမုန့်ဝယ်ခဲ့ပါတယ်နော် သူရကိုဖုန်းဆက်ခေါ်မလို့ကို မတ်မတ်ယသော်က မဆက်နဲ့လို့တားနေလို့”
“ရပါတယ်ယသော်ရဲ့ ဆက်လဲဘာဖြစ်လဲ အားနေရင်တော့လာပြီပဲ”
“ငါကနင့်ကိုမေးစရာရှိတာကို မမေးရဘူးတဲ့”
“မေးလို့ရပါတယ်မမီရ ဘာမေးချင်လို့လဲ”
ပြုံးဖြီးဖြီးဖြစ်နေတဲ့မီမီက ဂြိုလ်ပေးနေတဲ့ယသော်ကို မျက်စပစ်ပြကာ လက်မနဲ့လက်သန်းနဲ့ကိုဆန့်တန်းပြီးနားနားကပ်ကာ ဖုန်းဆက်လိုက်မယ်ဆိုတဲ့ပုံစံမျိုးလုပ်ပြနေလို့ သူရခေါင်းငြိမ့်ပြလိုက်သည်။
“အသည်းရော”
“မုန့်စားပြီးအခန်းထဲဝင်သွားတာ အခုလောက်ဆိုအိပ်ပျော်နေပြီထင်တယ်”
“ညက ဇော်လင်းဖုန်းဆက်တယ် အန်တီနည်းနည်းစိတ်ယိုင်လာပြီပြောတယ် သူလဲသူ့မိန်းမဆီပြန်သွားဖို့လုပ်ထားတာ နောက်ဆုတ်လိုက်တယ်တဲ့ ကလေးကိစ္စပြီးမှစိတ်ချလက်ချသွားတော့မယ်တဲ့”
“ကောင်းပါတယ် အစထဲကအဲ့လိုဖြစ်သင့်တာကို ဒါနဲ့အသည်းကိုဘယ်လိုပြောကြမလဲ”
“အသည်းကသူ့အဖိုးဖွားတွေကိုချစ်ပါတယ် အဲ့ဒီအဖိုးနဲ့အဖွားကသူ့ဖိုးဖိုးဖွားဖွားဖြစ်ရင် ကောင်းမယ်လို့တောင်ပြောနေသေး”
“အဲ့လောက်ပဲပြောတာလားသူရ ငါ့ကိုပြောတာတော့အဲ့ဒါထက်ပိုပါတယ်”
“ဗျာ”
မီမီစကားကြောင့် သူရမှာယသော်ကိုကြည့်မိလိုက်ရင်း ဘာပြန်ဖြေရမယ်မှန်းမသိဖြစ်သွားသည်။
“ဦးဦးသူရက အသည်းဖေဖေ အန်တီယသော်က အသည်းမေမေဖြစ်ရင်ကောင်းမှာလို့ ငါ့ကိုပြောဖူးတယ်”
ယသော်ရဲ့စိတ်ကုန်သလိုစွေစောင်းအကြည့်ကိုမီမီက မသိချင်ယောင်ဆောင်ရင်းဆက်ပြောလိုက်သည်။
“နင့်ကိုရောမပြောဖူးဘူးလား သူရ”
“ပြောဖူးပါတယ်”
ယသော်မျက်နှာကို မသိမသာအကဲခတ်ရင်း ပြန်ဖြေလိုက်သည်။
“ယသော်ကိုပဲကြောက်လို့မပြောရဲတာဖြစ်မယ် အင်း အသည်းစိတ်ကူးတွေကတကယ်ဖြစ်လာတော့မှာပဲ”
“ဟဲ့ နင်တို့နှစ်ယောက်မပြန်သေးဘူးလား ငါအိပ်ချင်လို့”
မကျေမနပ်စူပုတ်ပွနေတဲ့ယသော်ကိုကြည့်ပြီး သူရရင်ခုန်လာမိသည်။ ဒီအပျိုကြီးသူကြိုက်နေကြောင်းကို ရိပ်မိနေပြီပေါ့။
“အိပ်ချင်သွားအိပ်လေ ငါသူရကိုမေးစရာရှိတာဆက်မေးထားလိုက်မယ်”
“မီမီ”
“ဘာတုန်း ပြောစရာရှိတာပြော ငါ့နာမည်ခဏခဏခေါ်မနေနဲ့”
သူရကအခြေအနေကိုသဘောပေါက်သလိုရှိလာကာ။
“မမီ မေးစရာရှိတာမေးလေ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြန်ဖြေပါ့မယ်”
မီမီက ယသော့်ကိုဘယ်လိုလဲဆိုတဲ့သဘောနဲ့ မျက်စပစ်ပြီး ကူလီကူမာပြုံးပြလိုက်သည်။ မီမီကိုမနိုင်တဲ့ယသော်က သူရဘက်ကိုလှည့်ကာ။
“ဘာကိုပွင့်ပွင့်လင်းလင်းပြန်ဖြေချင်နေရတာလဲ အရမ်းကိုဖြေချင်နေတယ်ပေါ့”
“ဟောဗျာ မမီကကျွန်တော့အမလိုခင်နေရတဲ့လူလေ သူမေးတာကိုအတတ်နိုင်ဆုံးကောင်းကောင်းပြန်ဖြေရမှာပေါ့ ယသော်ရောမေးစရာရှိလို့လား မေးလေ”
သူရမျက်နှာကလဲ ပြုံးစိစိမို့ အတိုင်အဖောက်ညီနေတဲ့သူတို့နှစ်ယောက်ကို ယသော်အမြင်ကတ်လာရသည်။
“မရှိပါဘူး နင့်အဖေကအိမ်အမြန်ပြန်ခိုင်းထားတာကို ပြန်တော့လေ”
“ရပါတယ် ကျွန်တော်က အဖေဆူတာခံနေကျပဲ ပြသနာမရှိဘူး”
“နင့်ရဲ့အဲ့ဒီလိုအချိုးတွေကြောင့် ဘယ်ရည်းစားနဲ့မှကြာရှည်မခံပဲပြတ်ခဲ့တာဖြစ်မယ် ဘာကိုမှအလေးအနက်မထားဘူး”
“ဟာ ယသော်ကလဲ ကျွတ် ပြီးရော အခုပြန်မယ် ယသော့်စကားကိုကျွန်တော်နားထောင်တယ်နော် မမီညမှ ဖုန်းဆက်ခဲ့မယ် I need your help.”
“ကူညီပါရစေ xxxx ကူညီပါရစေရှင့်”
ယသော့်ကိုရှေ့မှာထားကာ အထာကျကျပြောဆိုနေကြတဲ့သူတို့နှစ်ယောက်ကို လုံးဝမတားနိုင်တော့ပါ။ သူရက စားပွဲပေါ် တင်ထားတဲ့ကားသော့ကို ကောက်ယူလိုက်ပြီး။
“ယသော် တံခါးလိုက်ပိတ်လေ”
စူပွပွဖြစ်နေတဲ့သူရကိုကြည့်ပြီး ယသော်သဘောကျသလိုပြုံးလိုက်မိသည်။ ဂျစ်ကန်ကန်နဲ့ဒီကောင်လေးက ဒီလိုကျတော့လဲ ချစ်ဖို့ကောင်းသားပင်။ အမ် ဘာတွေတွေးနေမိပါလိမ့်။ မလုံမလဲနဲ့မီမီကိုကြည့်လိုက်မိစဉ် အောင်နိုင်သူအပြုံးနဲ့ဖြီးဖြီးကြီး ကြည့်နေတဲ့မရွှေချောကို တွေ့လိုက်ရသည်။
“အဟမ်း ယသော့်စကားကိုနားထောင်တယ်တဲ့နော် ငါ့ကိုဂြိုလ်ပေးမနေနဲ့ ငါပြောတာမဟုတ်ဘူး”
“နင်ကအစဆွဲထုတ်သူဖြစ်နေတာ မီမီနင်ကိုယ့်ဘာသာငြိမ်ငြိမ်နေလို့မရဘူးလား”
“မရဘူး ငါမကယ်ရင်သေဖွယ်ဖြစ်နေတဲ့လူနှစ်ယောက်ကိုကယ်တင်ရမယ် ဟဲ ဟဲ”
“သေလေ”
================================================================
“အသည်း အခုအန်တီပြောမယ့်စကားတွေကိုသေချာနားထောင်နော်”
ခုံပေါ်ထိုင်နေတဲ့အသည်းရဲ့ ရှေ့မှာယသော်က ဒူးထောက်ထိုင်ချလိုက်မသည်။ ငြိမ်ငြိမ်လေးထိုင်နေတဲ့အသည်းက ခေါင်းငြိမ့်ပြလေသည်။
“အသည်း အိမ်ပြောင်းနေရတော့မယ် အသည်းအဖေရဲ့အိမ်ကိုပေါ့ အသည်းအဖေကဒီမှာမရှိတော့ဘူး အမေနောက် လိုက်သွားပြီတဲ့ အဲ့ဒါကြောင့် ဖိုးဖိုးဖွားဖွားနဲ့အတူနေရမယ် အသည်းသိတယ်မလား ဦးဦးသူရရဲ့သူငယ်ချင်းဦးဇော်လင်းလေ အဲ့ဒါကအသည်းရဲ့ဘကြီးတော်တယ် အသည်းချစ်တဲ့ဖိုးဖိုးဖွားဖွားက အသည်းရဲ့အဖိုးနဲ့အဖွားအရင်းတဲ့ ပျော်တယ်မလား”
မမျှော်လင့်ထားတဲ့စကားကြားလိုက်ရတဲ့ပုံမပေါက်ပဲ အေးဆေးခေါင်းငြိမ့်ပြနေတဲ့အသည်းကို ယသော်ဘယ်လို နားလည်ရမယ်မှန်းမသိတော့။
“အသည်း မပျော်ဘူးလားဟင်”
“ပျော်ပါတယ်အန်တီ”
“ပျော်တယ်ဆိုရင် မျက်နှာကြီးကဘယ်လိုဖြစ်နေတာလဲ ဘာမှမခံစားရသလိုတည်ငြိမ်နေပါလား”
“အသည်းဟိုနေ့ကတည်းက အဲ့ဒီအကြောင်းတွေကိုသိပြီးပါပြီ”
“ဟင် ဘယ်နေ့တုန်းကလဲ ဘယ်သူပြောတာလဲ”
“ဦးဦးဇော်လင်းလာတဲ့နေ့တုန်းကလေ အသည်းရှုးပေါက်ချင်လို့အပြင်ထွက်မလို့တံခါးဖွင့်တဲ့အချိန်မှာကြားလိုက်တာ သမီးခိုးနားထောင်တာမဟုတ်ဘူးနော်”
“ဒါဆို အားလုံးသိထားပြီးပြီပေါ့ သမီးအဖွားအကြောင်းကိုရော…”
အသည်းက ဘာမှမခံစားရသလိုခေါင်းငြိမ့်ပြသည်။ ယသော်မှာသာ သူ့ကိုဘယ်လိုနှစ်သိမ့်ရမလဲ စကားလုံးရှာမရ ဖြစ်နေတာ။ တည်ငြိမ်နေတဲ့ရွှေသည်းတို့က ခြောက်နှစ်ပြည့်တော့မယ့်ကလေးမဟုတ်ပဲ ထုသားပေသားရနေတဲ့ လူကြီးတစ်ယောက်လိုပင်။
“သမီးအဖွားနဲ့သွားနေမှာပါအန်တီ စိတ်မပူပါနဲ့အသည်းနေတတ်ပါတယ်”
ယသော်ပါးပြင်လေးကိုဖွဖွပွတ်ပေးရင်း နှစ်သိမ့်ပေးနေတဲ့အသည်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ အသည်းရဲ့ လက်ဖဝါးသေးသေးလေးကိုဆုပ်ကိုင်လိုက်ရင်း။
“မပူပါဘူး အသည်းကအရမ်းလိမ္မာတဲ့ကလေးဆိုတာ အန်တီသိပြီးသားပါ အဖွားနဲ့သွားနေလဲ အန်တီ့ဆီလာလည်လို့ ရတာပဲ သတိရရင်ဖုန်းသာဆက်ခဲ့ အန်တီလာကြိုမယ် နော်”
“ဟုတ် အန်တီမသိလို့ပါ အဖွားကသမီးကိုချစ်ပါတယ် အဖွားမြေးလေးသားဖြစ်ရင်ဘယ်လောက်ကောင်းမလဲလို့ ခဏခဏ ပြောဖူးတယ်”
“အသည်းကရော အဖွားကိုချစ်တယ်မလား”
“ချစ်တာပေါ့ အခုဆိုပိုချစ်တယ် အဖွားရဲ့ကလေးလေးက အသည်းကြောင့်သေသွားတာဆိုတော့….”
ဆက်မပြောနိုင်တော့ပဲ စိတ်မကောင်းသလိုငိုင်ကျသွားတဲ့အသည်းမျက်နှာကိုကြည့်ပြီးသနားသွားမိသည်။ ဒီကလေးလေး တစ်ယောက်ထဲဘယ်လောက်များကြိတ်ပြီးဝမ်းနည်းနေခဲ့မလဲ။
“ဟယ် မဟုတ်တာအသည်းရယ် အသည်းရဲ့အဖေကသူ့ဘာသာကားမတော်တဆဖြစ်ပြီးဆုံးသွားတာ အသည်းနဲ့ဘာဆို ဘာမှမဆိုင်ဘူး အဲ့ဒီအချိန်တုန်းကအသည်းက အသည်းအမေဗိုက်ထဲကနေအတင်းရုန်းထွက်နေတဲ့ အချိန်ပဲရှိသေးတယ် အပြင်ကိုတောင်ရောက်မလာသေးတာ ဘာလို့အသည်းကြောင့်ဖြစ်ရမှာလဲ ဒါကြောင့် အဖေဆုံးတာက အသည်းနဲ့ဘာမှ မဆိုင်ဘူးဆိုတာ မှတ်ထားရမယ်နော်”
“တကယ်လားအန်တီ”
“တကယ်ပေါ့ အဖွားကအသည်းကိုမြင်တော့သူ့သားလေးကိုသတိရလို့ ဝမ်းနည်းပြီးပြောမိသွားတာပါ တကယ်တော့ အသည်းကိုအရမ်းချစ်တာ အသည်းဖေဖေရဲ့ကိုယ်ပွားလေးမို့ အရမ်းရမ်းကိုချစ်တာတဲ့ အန်တီကိုဖုန်းဆက်ပြီးပြောတယ် သမီးအဆင်သင့်ဖြစ်ရင် အမြန်ဆုံးလာခေါ်ပြီးအသည်းနဲ့အတူတူနေချင်လှပါပြီတဲ့”
အဲ့ဒီစကားကြားမှ အသည်းမျက်လုံးတွေ ဝမ်းသာပြီးတဖြတ်ဖြတ်လက်လာသလိုထင်ရသည်။
“ဒါကြောင့် အန်တီမှာချင်တာ အဖွားကအသက်ကြီးပြီ ပြီးတော့ဝမ်းနည်းတတ်တဲ့လူမို့ အဖွားကိုဂရုစိုက်ပြီးချစ်ပေးရမယ် မဆိုးရဘူးနော် ဖိုးဖိုးကတော့ သမီးကိုအရမ်းချစ်တာ သမီးသိတယ်မလား”
“ဟုတ်”
“အဖွားတို့ဆီဘယ်နေ့သွားချင်လဲ အသည်းသွားချင်တဲ့နေ့မှာအန်တီလိုက်ပို့ပေးမယ်”
“အန်တီမီနဲ့ဦးဦးကိုရောခေါ်ပြီး အတူတူသွားချင်တယ်အန်တီ”
“အင်းပါ စိတ်ချ အန်တီတို့ကလဲအသည်းကိုလိုက်ပို့မှာပါ သမီးသာဘယ်နေ့သွားချင်လဲစဉ်းစား”
“မနက်ဖြန်သွားမယ်အန်တီ”
လာမယ့်ဘေး ပြေးတွေ့တာပဲကောင်းပါတယ်ဆိုတဲ့အိုက်တင်မျိုးနဲ့ ဆုံးဖြတ်ချက်ချလိုက်တဲ့အသည်းဟာ အခုအချိန်မှာ ယသော်ထက်ပင် ရင့်ကျက်နေသေးသည်။
ယသော့်အိမ်ရောက်ခါစက ကျွတ်ကျွတ်အိတ်လေးတစ်လုံးသာပါလာတဲ့အသည်းတုန်ဟာ ပြန်ထွက်ချိန်မှာတော့ ယသော်သာမက မီမီနဲ့သူရကပါ ကြုံရင်ကြုံသလိုဝယ်ပေးတတ်သောကြောင့် အဝတ်အိတ်ကြီးတစ်ထုပ်၊ ကစားစရာများ၊ ပုံပြင်စာအုပ်များနဲ့ အများကြီးဖြစ်နေခဲ့သည်။ ကျောပိုးအိတ်လေးနဲ့ဘာဘီရုပ်ကိုနံဘေးနားချပြီးထိုင်နေတဲ့အသည်းက အိမ်ပြောင်းရန်အဆင်သင့်ဖြစ်နေလေပြီ။
“အန်တီ အသည်း အန်တီတို့ကိုကန်တော့ချင်တယ်”
သုံးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြသည်။
“အန်တီမီအိမ်ကပြန်တုန်းက အိမ်ကလူကြီးတွေကိုကန်တော့နုတ်ဆက်ပြီးမှ ပြန်လာလို့ အန်တီယသော်မှာထားတယ်လေ အခုလဲ အဖွားအိမ်ပြောင်းရတော့မှာဆိုတော့ ဦးဦးတို့ကိုကန်တော့သွားချင်တယ်”
“အသည်း အသည်း အိမ်မပြောင်းခင်ဦးတို့အသည်းတွေကိုပါ တဖြုတ်ဖြုတ်ခြွေချနေတော့တာပဲ အရမ်းလိမ္မာတဲ့ ကလေးလေးပါဗျာ အိမ်း ကန်တော့ ကန်တော့”
အသည်းကန်တော့တာကိုကြည့်ရင်း ယသော်နဲ့မီမီကသာ ဝမ်းနည်းပြီးအသံတောင်မထွက်နိုင်ပဲ မျက်ရည်တွေဝဲနေခဲ့တာ။ အသည်းနဲ့သူရကတော့ တဟိဟိနဲ့ပျော်နေလေသည်။
“ဦးကို လူရာသွင်းပြီးကန်တော့တာ အသည်းတုန်တို့ပထမဦးဆုံးပဲ သီတင်းကျွတ်တိုင်းလာကန်တော့ဗျာ ဦးဦးသူရ မုန့်ဖိုးပေးမယ်”
“တကယ်လားဦးဦး ဒါဆိုအခုလဲပေးလေ”
“ဟာ အခုရောပေးရမှာလား ဘယ်လောက်ယူမှာလဲပြော အိတ်ထဲမှာတော့နှစ်ရာတန်တွေအပြည့်ပဲ ဟား ဟား”
အပျိုကြီးနှစ်ယောက် စိတ်မကောင်းနေမှန်းသိလို့ သူရ တမင်ဟာသလုပ်ခြင်းဖြစ်သည်။ အသည်းတုန်ကန်တော့မယ်လဲ ပြောလိုက်ရော နှစ်ယောက်သားငိုချင်နေတာကို မနည်းဟန်ဆောင်ထိန်းထားကြလေသည်။ အသည်းနုတဲ့အပျိုကြီးတွေပင်။
“အထုပ်တွေက ဒါအကုန်ပဲနော် အသည်း ထ အိတ်လွယ် အရုပ်ယူ ဦးဦးနဲ့ဆင်းမယ်”
သူရရဲ့သွက်သွက်လက်လက်ဦးဆောင်မှုကြောင့်သာ ကားပေါ်ရောက်ခဲ့ကြလေသည်။
“အသည်း လိမ်လိမ်မာမာနေနော် အန်တီမှာထားတာတွေမမေ့နဲ့”
ရှေ့ခန်းမှာထိုင်နေတဲ့အသည်းကို ယသော်က စိတ်မချနိုင်စွာ မှာတမ်းခြွေနေပြန်သည်။
“ဟာ ယသော်ကလဲ ကလေးပဲ ဆိုးချင်ဆိုးပါစေ”
“သူရ နင်ဝင်မပါနဲ့ ငါ့ဘာသာကလေးနဲ့ပြောနေတာကို”
“အသည်း ဦးဦးမှာထားတာလဲမမေ့နဲ့နော် ကိုယ့်ကိုမတရားပြန်လုပ်ရင် ဘာလုပ်ရမယ်မှာထားလဲ”
“မခံရဘူး ပြန်ချရမယ်လို့မှာထားတယ်”
“ဒါပဲလေ ဒါမှအသည်းတုန်ကွ”
ယသော်တစ်ယောက် အသံတိတ်သွားပေမယ့် မကျေမနပ်မျက်စောင်းနေမယ်ဆိုတာ သူရသိပါသည်။ ဇော်လင်းတို့အိမ်ကိုရောက်တော့ သူတို့ဘယ်လောက်ချမ်းသာလဲဆိုတာ ပိုခန့်မှန်းမိပါသည်။ သူရမှာ အသည်းအတွက် ကြိတ်ဝမ်းသာနေမိသည်။ အဖိုးအဖွားတွေသာ အရမ်းချစ်မယ်ဆိုရင် ဒီကလေးဘဝလေး ရှေ့လျှောက်လုံခြုံ နွေးထွေးမှုတွေနဲ့ စိတ်အေးချမ်းသာစွာနေနိုင်တော့မှာပါ။
“ရောက်လာကြပြီပဲ လာပါ ဝင်သွားလိုက်အမ ကျွန်တော်သူရကိုအထုပ်တွေသယ်ကူလိုက်ဦးမယ်”
ဇော်လင်းက လှိုက်လှိုက်လဲှလဲှကြိုဆိုလေသည်။
“ဖိုးနဲ့ဖွား မင်္ဂလာပါ”
ဧည့်ခန်းထဲထိုင်နေတဲ့ဒေါ်ခင်စိန်က အသည်းကိုတစ်ခါမှမမြင်ဖူးတဲ့လူလိုကြည့်နေပေမယ့် အသည်းက ဘာမှမသိသလို ပုံမှန်အတိုင်း နုတ်ဆက်လိုက်သည်။ ဦးမောင်ဦးကတော့ သူ့မြေးကိုချစ်စနိုးတစ်ချက်ပြုံးပြလေသည်။ ယသော်မှာ ဦးမောင်ဦးရဲ့အပြုံးကိုမြင်မှ သက်ပြင်းချနိုင်လေသည်။ တကယ်တော့ အန်ကယ်ကသာ အသည်းကို သူ့မြေးအဖြစ်အရင် ရိပ်မိခဲ့သူပါ။ သူ့သားနဲ့ချွတ်စွပ်နီးပါးတူတဲ့ကလေးလေးကို ဘယ်လောက်တောင်ချစ်နေခဲ့သလဲမသိ။
“ထိုင်ပါသမီးတို့ အသည်းလေး ဖိုးဖိုးဆီလာပါဦး”
အဖိုးဖြစ်သူရဲ့ခေါ်သံကြောင့်အသည်း ပြေးသွားလိုက်သည်။
“ငါ့မြေးလေး မကြာခင်ခြောက်နှစ်ပြည့်တော့မှာပဲ အခုမှပဲကိုယ့်မြေးလေးကိုဒီလိုပွေ့ဖက်ရတော့မယ် အမေကြီး ကြည့်ပါဦး မြေးလေးကို သားနောင်နဲ့ဘယ်လောက်ထိတူလဲဆိုတာ အဖွားဆီသွား မြေးလေး”
အသည်းမျက်နှာကိုစိုက်ကြည့်ရင်း မျက်ရည်တွေကျလာတဲ့ဒေါ်ခင်စိန်က အခုအချိန်ထိစကားတစ်ခွန်းမှမပြောပေ။
“ဖွားက ဘာလို့ငိုနေတာလဲ မငိုနဲ့တော့နော် အသည်းမျက်ရည်တွေသုတ်ပေးမယ်”
ပါးပြင်ပေါ်ကမျက်ရည်တွေသုတ်ပေးနေတဲ့အသည်းကို ဟန်မဆောင်နိုင်တော့ပဲ ပွေ့ဖက်လိုက်ကာ အားရပါးရငိုနေသော ဒေါ်ခင်စိန်ကိုကြည့်ပြီး ယသော်တို့ပါမျက်ရည်ဝဲလာခဲ့သည်။ မြေးမျက်နှာကိုမြင်တော့ သားဖြစ်သူကို သတိရကာအလွန် ဝမ်းနည်းနေပုံရသည်။ အထုပ်တွေဆွဲပြီးသူရနဲ့အတူဝင်လာတဲ့ဇော်လင်းက အမေဖြစ်သူကိုကြည့်ပြီး ပြုံးကာပြောသည်။
“မာမီကလဲ မငိုပါနဲ့တော့ အခုညီလေးအစားအသည်းရောက်လာပြီလေ သမီးရချင်တဲ့မာမီ့အတွက်နောင်က မြေးချောလေး မွေးထားပေးခဲ့တာပဲ”
သားဖြစ်သူစကားကို ခေါင်းတငြိမ့်ငြိမ့်ထောက်ခံရင်း မျက်ရည်တွေသုတ်နေတဲ့ဒေါ်ခင်စိန်ကို အသည်းကပါ မျက်ရည်သုတ်ကူနေသည်။
“ကျေးဇူးတင်ပါတယ် သမီးတို့ရယ် သားသူရကိုလဲကျေးဇူးတင်ပါတယ် အန်တီ့မြေးလေးကို အခုလိုကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးခဲ့လို့ အန်တီဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်မသိတော့ဘူး”
“ရပါတယ်အန်တီ ဘယ်လိုမှဆပ်စရာမလိုပါဘူး အသည်းကိုသာဂရုတစိုက်ချစ်ပေးရင်ကျွန်တော်တို့ကျေနပ်ပါတယ်”
“အဲ့ဒါတော့အထွေအထူးမှာစရာမလိုပါဘူးကွယ် အန်တီသူ့ကိုအရမ်းချစ်ပါတယ် ဂရုလဲစိုက်မှာပါ သိသိချင်းတုန်းကသာ ကမူးရှုးတိုးနဲ့အမှားတွေလုပ်ခဲ့မိတာ အခုပြန်တွေးမိရင် နောင်တရလို့မဆုံးဘူး”
“နောင်တမရပါနဲ့တော့အန်တီရယ် အသည်းကအရမ်းချွဲတတ်ပြီး အရမ်းလိမ္မာတယ် အဖိုးနဲ့အဖွားကို အရည်ပျော်အောင် ချွဲပါလိမ့်မယ်ရှင်”
မီမီက ဒေါ်ခင်စိန်ကိုနှစ်သိမ့်ပေးလိုက်သည်။
“ဟုတ်လား ဖွားမြေးလေးကအရမ်းလိမ္မာတာလား”
ရင်ခွင်ထဲကမြေးရဲ့ပါးလေးကိုချစ်စနိုးကိုင်ရင်း ကျီစယ်နေတဲ့ဒေါ်ခင်စိန်ကိုကြည့်ပြီး ယသော်ပါပြုံးနေမိသည်။ ဒီကလေး ဘဝလေး အခုအချိန်ကစပြီး အေးချမ်းတော့မှာပါ။ သူမဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာခဲ့တော့လဲ အသည်းအတွက် ဝမ်းသာနေမိသည်။
အိမ်ပြန်လမ်းမှာတော့ အတွေးကိုယ်စီနဲ့တိတ်ဆိတ်လျက်ရှိသည်။ သူရက ကားမောင်းနေရင်း ယသော်ကို ဘက်မှန်ကနေ ကြည့်ကြည့်နေမိသည်။ အတူနေတာကြာနေပြီဆိုတော့ အသည်းကိုအရမ်းသံယောဇဉ်ရှိတာ သူအသိဆုံးပင်။ မီမီက သက်ပြင်းရှည်ကြီးချလိုက်ရင်း။
“ကဲ အခုအသည်းကိစ္စပြီးသွားပြီတော့ နင့်ကိစ္စပဲကျန်တော့တယ်”
“ဟင် ဘာငါ့ကိစ္စလဲ”
“နင်ယောကျ်ားယူဖို့ကိစ္စလေ”
“ဟာ မယူပါဘူးဆို အခုချိန်လေယာဉ်လက်မှတ်တွေလဲဝယ်ရလွယ်တယ် Visa လဲလျှောက်စရာမှမလိုတော့တာ နောက်တပါတ်ထဲဖြစ်ဖြစ် အလည်သွားရမလားလို့”
“ယသော်ကတစ်ယောက်ထဲအလည်သွားရင် ဟိုကျဘယ်လိုနေမလဲ”
“အသိတွေမှပေါ အရင်ကလဲသုံးခါလောက်သွားဖူးတာကို စိတ်ပူစရာမရှိပါဘူး အဆင်ပြေသွားမှာပါ”
“အော်”
ယသော်သွားမယ့်အရေးကို တားဖို့စိတ်မကူးပဲ ဘယ်မှာနေမလဲထမေးနေတဲ့သူရကို မီမီမသင်္ကာပေ။ ဘာအကြံအစည်များ ရှိနေလို့ စိတ်အေးလက်အေးပုံစံမျိုးနဲ့မေးနေရသလဲ။
“အသည်းတုန်လေး အခုလိုအဆင်ပြေသွားတာမြင်တော့လဲဝမ်းသာလိုက်တာ”
“ဟုတ်တယ် ဖြိုးကိုတောင်အသည်းကိုတစ်ခါမှမမြင်ဖူးပဲဝမ်းသာပေးနေသေး ဟား ဟား ရယ်သာနေတယ် ရင်ထဲတမျိုးကြီး ဟာတာတာနဲ့ အတူတူနေတဲ့နင်ကဘယ်လိုနေမလဲမသိဘူး ငါကလာပြီးဟာတာတာဖြစ်နေတယ်”
“ငါလဲအဲ့ဒီလိုပါပဲဟယ် အခန်းပြန်ရောက်မှသာဘယ်လိုနေမလဲမသိ”
“အေးလေ အသည်းမရှိတော့နင်ပျင်းနေမှာပေါ့ ငါဒီညလာအိပ်ပေးရမလား”
“ရပါတယ် နေသားကျသွားမှာပါ”
ဝေ့၀ဲလာမျက်ရည်စတွေကို မျက်တောင်ခတ်ကာသိမ်းဆည်းလိုက်ရင်း ထိုင်ခုံကို ခပ်လျော့လျော့မှီထားကာ လေသံပျော့ပျော့နဲ့ပြန်ဖြေလိုက်မိသည်။ ဒီညတော့ အသည်းကိုတော်တော်ကြီး သတိရနေမိမှာ အသေအချာပင်။
================================================================
တအိမ်လုံးဗြောင်းဆန်နေအောင်ရှာဖွေနေခဲ့ပေမယ့် ဘယ်နေရာမှာမှမတွေ့နိုင်သော Passport ပျောက်ခြင်းမလှ ပျောက်နေတာကို အံ့သြနေမိသည်။
“အဲ့ဒီနေ့က နင့်ကိုတောင်ငါပြောလိုက်သေးတယ်နော် သက်တမ်းကုန်ဖို့နှစ်နှစ်တောင်လိုသေးတယ်ဆိုပြီး”
“အော် ဟုတ်တယ် ယသော်ပြောတာမှတ်မိတယ် ဘယ်နားထားလိုက်လဲပြန်စဉ်းစားကြည့်လေ”
“ဒီစားပွဲပေါ်ပဲတင်ထားခဲ့တာပဲ အသည်းပစ္စည်းတွေနဲ့များရောပါသွားသလား ပါနိုင်စရာအကြောင်းလဲမရှိပါဘူး အားးးး အဲ့ဒါမရှိရင်ဘယ်လိုလုပ်မလဲ သွားချင်တာလဲမသွားရတော့ဘူး ထပ်လျှောက်ရတော့မယ် အလုပ်ရှုပ်တာကွာ”
စိတ်ညစ်နေတဲ့ယသော်ကို သူရသနားပေမယ့် သူခိုးယူထားတဲ့ ယသော်ရဲ့ Passport ကိုပြန်ပေးဖို့စိတ်ကူးလုံးဝမရှိပါ။ သူ့ကိုထားပြီးထွက်သွားမှာကို ဘာအကြောင်းနဲ့မှခွင့်မပြုနိုင်ပေ။
“တော်ပြီ မရှာချင်တော့ဘူး သူ့ဘာသာထွက်လာလိမ့်မယ် နင်ကလဲအားမကိုးရဘူး ရှာကူမယ်တော့မရှိဘူး သူများရှာတာကို လာထိုင်ကြည့်နေတယ်”
ဘယ်ကနေမှထွက်လာမှာမဟုတ်ဘူးဆိုတာသိသိကြီးနဲ့တော့ သူရမရှာချင်ပေ။ ဒါကြောင့်ယသော်မွှေနှောက်ရှာဖွေတာကို ထိုင်ကြည့်နေခြင်းဖြစ်သည်။
“တီးတောင်”
ဘဲလ်သံကြောင့် တံခါးဖွင့်ဖို့လျှောက်လာရင်း ဘေးဘီတွေဝဲပြီးကြည့်လိုက်မိသေးသည်။
“နင်ကလဲ ကြာတာ ငါရပ်စောင့်နေရတယ်”
“အမလေးသူဇာရယ် ဒီနားကနေလျှောက်လာတာကို ဘယ်လောက်ကြာနေလို့လဲ လာမယ်ဆိုလဲဖုန်းလေးကြိုဆက်ပေါ့ ငါအပြင်သွားနေရင်ဘယ်လိုလုပ်မလဲ”
“နင်လားအပြင်သွားမှာ အားနေရင်အခန်းထဲအောင်းနေတဲ့လူကများ ဟဲ့ ဘယ်သူရောက်….”
မိန့်မိန့်ကြီးထိုင်နေတဲ့သူရကိုမြင်ပြီး သူဇာတစ်ယောက် ခြေလှမ်းပင်ဆက်မလှမ်းနိုင်တော့ပဲ ရပ်သွားမိသည်။
“လာလေ ထိုင် ဘယ်ကနေဝင်လာတာလဲ ငါ့ဆီမပေါ်လာတာ အသည်းကိုလာထားသွားပြီးကတည်းကပဲ”
“တော်စမ်းပါအေ အဲ့ဒီကလေးအကြောင်းမပြောစမ်းပါနဲ့ မီမီဆီကငါကြားပြီးပြီ တော်သေးတာပေါ့ သူ့အဖိုးဖွားရှိနေသေးလို့ နင့်ကို ဒါလာပေးရင်းရန်ရှာမလို့ဝင်လာတာ”
ယသော်အတွက်စင်္ကာပြန်လက်ဆောင်အကျီၤတစ်ထည်ကို အခုမှလာပေးဖြစ်သည်။
“ဟမ် ဘာကိုရန်ရှာမလို့လဲ”
“ငါ့သမီးပန်းချီလေ နင့်ကြောင့်ဘယ်လောက်ဝမ်းနည်းနေရတယ်ထင်လဲ”
“ငါကဘာလုပ်လို့လဲ ပန်းချီနဲ့ဟိုတစ်ခါတွေ့ပြီးကတည်းက ထပ်မတွေ့တော့တာကို”
“အေးလေ အဲ့ဒီတုန်းကပေါ့ နင်ကသူ့ကိုမချစ်တော့ပဲဟိုကလေးကိုပဲချစ်သွားပြီဆိုပြီး ဝမ်းနည်းပြီးငိုနေခဲ့တာ ငါ့သမီးလေး သနားပါတယ်”
ဂိမ်းဆော့နေတဲ့သူရမှာ ဆက်နားထောင်ချင်စိတ်ကုန်ခမ်းလာပြီး ဘုရားစင်ရှေ့ကဖျာပေါ်သွားထိုင်လိုက်သည်။ ဖုန်းကို တမင်သက်သက် အသံအကျယ်ကြီးချဲ့ကာ တဒုံးဒုံး၊ တဒိုင်းဒိုင်းနဲ့စစ်ပွဲတွေတိုက်နေတဲ့သူရကို သူဇာက မသိမသာ မျက်စောင်းထိုးလိုက်ရင်း အသံတိုးတိုးနဲ့မေးသည်။
“ဟဲ့ သူကဘယ်သူလဲ နင့်အခန်းထဲ ဒီလိုပုံစံနဲ့နေနေတာ”
ဂိမ်းဆော့ရင်း ဘာကိုမှဂရုမစိုက်တော့တဲ့သူရဟာ ဂိမ်းထဲဈာန်ဝင်ရင်း ထိုင်နေရုံမကတော့ပဲ ဖျာပေါ်မှောက်ခုံအိပ်ကာ ဆက်ဆော့နေလေသည်။
“သူက ငါ့အသိပါဟယ် အသည်းရှိကတည်းက အဲ့ဒီဖျာပေါ်မှာသူတို့နှစ်ယောက်ဆော့ရင်း အဲ့ဒီလိုနေနေကျဖြစ်သွားတာ”
“ဘယ်အချိန်တုန်းကသိလိုက်တာလဲ နင်ကအပျိုလေ တစ်ယောက်ထဲနေတာကို သူစိမ်းယောကျာ်းတစ်ယောက်ကအခုလို ဝင်ထွက်နေတာ ဘယ်သင့်တော်မလဲ”
“အေးပါ ဒါနဲ့နင်လာတာအဲ့ဒီကိစ္စတစ်ခုပဲလား တခြားရှိသေးလား”
“ဘာလဲ နင်ကငါ့ကိုပြန်စေချင်လို့အဲ့လိုမေးတာလား”
“ဟယ် မဟုတ်ရပါဘူးတော် နင်ကြာကြာနေမယ်ဆို ကော်ဖီဖျော်တိုက်မယ်လို့ပြောမလို့ပါ”
“မီးဖိုထဲသွားမယ်လေ”
သူရအကြောင်းကို အင်မတန်စပ်စုချင်နေတဲ့သူဇာက ယသော်နဲ့အတူအနောက်ထဲလိုက်ဝင်ခဲ့သည်။
“အဲ့ဒီလူက နင့်ကိုကြိုက်နေတာလား”
“အမ် မဟုတ်ပါဘူး သူ့ဘာသာပျင်းလို့လာလည်တာပါ”
“ပျင်းလို့အိမ်လည်တဲ့ခေတ်ကုန်သွားပြီးယသော် ဖုန်းတစ်လုံးရှိနေရင်မပျင်းတဲ့ခေတ်ရောက်နေပြီ အခုတောင် သူ ဂိမ်းဆော့ နေသေးတာပဲ ကိုယ့်အခန်းထဲတံခါးပိတ်ပြီး အေးဆေးဆော့လို့ရနေတာ နင့်ဆီဘာလို့တကူးတကလာဆော့နေရတာလဲ”
“နင်သိချင်ရင်သူ့ကိုသွားမေးလိုက်လေ ငါဘယ်သိမလဲ”
“အဲ့ဒါပဲ ဘယ်ယောကျာ်းကအားအားယားယားအချိန်ကုန်ခံပြီးမိန်းမတစ်ယောက်ဆီလာလည်နေမလဲ တခုခုလိုချင်လို့ပေါ့”
“အင်း အင်း နင့်အထင်မှန်တယ်ပဲထားလိုက်တော့ ဒီမှာကော်ဖီ”
“ထားရမှာမဟုတ်ဘူး သေချာအောင်အတည်ပြုရမယ်လေ ငါသူ့ကိုမျက်နှာကြောတော့မတည့်ပေမယ့် သူ့နောက်ကြောင်း စုံစမ်းပေးမယ် နင်မပူနဲ့အတိအကျသိစေရမယ်”
“အင် ဘာမှစုံစမ်းစရာမလိုဘူး ငါနဲ့မှမဆိုင်ပဲ ခဏ ငါကော်ဖီသွားပေးလိုက်ဦးမယ်”
ကော်ဖီသွားပေးပြီး မီးဖိုထဲပြန်ဝင်လာတဲ့ယသော်ကို သူဇာက။
“မစုံစမ်းလို့မရဘူးလေ နင်နဲ့ဆိုင်ချင်လဲဆိုင်လာမှာပေါ့”
“ဇွတ်ကြီးပါလား စုံစမ်းချင်စုံစမ်း မစုံစမ်းချင်နေ နင့်သဘောပဲ”
“နင့်ဒီလိုပုံစံနဲ့ငါဘယ်စိတ်ချမလဲဟဲ့ အကျိုးအကြောင်းသိထားတာ အကျိုးမယုတ်ပါဘူး”
မီမီနဲ့သူဇာဟာ အရင်ကတည်းက ရိုးသားပွင့်လင်းလွန်းတဲ့ယသော့်ကိုစိတ်ပူတတ်ကြတာ အခုအချိန်ထိလဲ အကျင့်ပါနေသေးသည်။
“ငါ့အသက်သုံးဆယ့်လေးနော်”
“လေးဆယ့်သုံးဆိုလဲစိတ်ပူသင့်တာပူရမှာပဲ အခုတလောအပျိုကြီးတွေကိုချုစားနေကြတာတွေကြားနေရတယ်”
“အော် သူဇာရယ် လျှောက်ပြောမနေနဲ့ သူကဖြင့်ငါ့ထက်တောင်ချမ်းသာဦးမယ်”
“ဟုတ်လား ဘာလုပ်တာတဲ့လဲ”
“နင်စုံစမ်းမယ်ဆို အဲ့ဒါပါထည့်စုံစမ်းလိုက်လေ ငါတော့သေချာမသိဘူး”
စကားကိုဘုနဲ့ဘောက်ပြောနေကြတဲ့သူငယ်ချင်းနှစ်ယောက်ဟာ နှစ်ချို့နေတဲ့သံယောဇဉ်တွေနဲ့ မခေါ်မပြောပဲလဲ မနေနိုင်ပေ။
================================================================
အားပေးမှုကို အထူးကျေးဇူးတင်ရှိပါတယ်
N. Maria Seng

3️⃣ ကျွန်တော့်ရဲ့ အပျိုကြီး [ My spinster ]Where stories live. Discover now