Part 5

6.3K 210 3
                                    

Unicode font

ကျွန်တော့်ရဲ့ အပျိုကြီး (My Spinster)
အပိုင်း (၅)

သူရက ထူးထူးဆန်းဆန်းဘုရားသွားဖို့လာခေါ်သောကြောင့် ယသော်ကပြာကယာအလှပြင်ပြီးလိုက်ခဲ့ရပေမယ့် သူကတော့ အကျီၤအဖြူနဲ့ ယောပုဆိုးနီညိုရောင်တွဲဝတ်ထားကာ ပဲအပြည့်နဲ့။ ခေါင်းကိုလဲသပ်သပ်ရပ်ရပ်ဖြီးထားပြီး ပါးသိုင်းမွေး၊ နုတ်ခမ်းမွေးတွေလဲ ရိတ်ထားသောကြောင့် အရင်ထက်ပိုပြီးနုပျိုကာ သန့်ပြန့်နေသလိုပင်။ သူရက ဘုရားဖူးပြီးအတူတူ လမ်းလျှောက်လာစဉ် သူ့မျက်နှာကို မော့ကြည့်နေတဲ့ယသော်ကို ငုံ့ကြည့်ပြီးမေးလိုက်သည်။
“ဘာကြည့်တာလဲယသော်”
“ဒီလိုဆိုတော့လဲ နေသူရတို့ဘယ်ဆိုးလို့လဲလို့ကြည့်နေတာလေ ပုဆိုးလေးနဲ့သန့်ပြန့်နေလို့”
“အားကိုးချင်စရာရော မကောင်းဘူးလား”
အင် ပြောနေတဲ့စကားနဲ့ဘာမှလဲမဆိုင်ပဲ။ ဘလိုင်းကြီးဆွဲစိမေးနေတဲ့သူရစကားကို မသိယောင်ဆောင်ရင်း။
“ဟား ဟား အဲ့ဒါတော့နင့်ရည်းစားကိုမေးကြည့်ပေါ့”
ဒါကတော့နည်းနည်းများသွားပြီ။ သူ့ကိုကြိုက်နေမှန်းသိသိကြီးနဲ့ စကားလွဲပုံက မပီပြင်ပါ။
“ကျွန်တော်ဘုရားမှာဘာဆုတောင်းခဲ့တယ်ထင်လဲ”
“သိဘူးလေ”
“ကျွန်တော့ဘေးမှာအတူတူထိုင်ပြီး ဘုရားကန်တော့နေတဲ့ယသော်သူရဆိုတဲ့အမျိုးသမီးနဲ့ တသက်လုံးရိုးမြေကျ ပေါင်းရပါစေလို့ ဆုတောင်းခဲ့တယ်”
ရုတ်တရက်ကြီး။ ဒါ ယသော်ကိုရည်းစားစကားပြောနေတာလား။ စနေတာလား ဝေခွဲမရဖြစ်သွားသည်။
“ရည်းစားစကားပြောနေတာမဟုတ်ဘူး လက်ထပ်ခွင့်တောင်းနေတာ သိပြီလား”
“င့ါကို…”
“ဟုတ်တယ် ယသော့်ကိုကျွန်တော်ချစ်တယ် လက်ထပ်ချင်တယ်”
သူရရဲ့ရည်းစားစကားကြောင့် ယသော့်မှာ ဘာမှန်းမသိတဲ့အူကြောင်ကြောင်ခံစားချက်တွေနဲ့။ မီမီအပြောများလွန်းလို့ သူရ ကိုယ့်အပေါ်မရိုးသားဘူးလို့ နည်းနည်းသံသယဝင်ခဲ့မိပေမယ့် အသက်လေးနှစ်ကျော်ငါးနှစ်နီးပါးကြီးတဲ့မိန်းမကို ကြိုက်ခဲ့ရင်တောင် အခုလိုဖွင့်ပြောလိမ့်မယ်လို့ မထင်ခဲ့ပေ။
“ယသော်က အဲ့ဒါတွေခက်တာပဲ သူစိမ်းယောကျာ်းလေးက ချစ်စကားကြိုက်စကားပြောနေတာကို ရှက်ရကောင်းမှန်းလဲ မသိ ဘာလေးမှန်းမသိဘူး”
“အောင်မာ ဘာလို့ရှက်ရမှာလဲ နင်ကသူစိမ်းလား”
“အဲ့လိုပြောတာမဟုတ်ဘူးလေ ရင်တွေဘာတွေဖိုပြီး ရှက်သွေးဖြာတာကိုပြောတာ လက်ဖျားတွေဘာတွေအေးစက်တာ အကြည့်တွေရင်မဆိုင်ရဲလို့ ရှက်ကိုးရှက်ကန်းတွေဖြစ်တာကိုပြောတာ အခုတော့အူကြောင်ကြောင်ရုပ်ကြီးနဲ့ ကျွန်တော့ကို ပြန်ကြည့်နေတာဆိုတော့ ရည်းစားစကားပြောရတဲ့ ကျွန်တော့မှာယသော့်စိတ်ထဲဘာရှိလဲခန့်မှန်းရခက်တယ်”
“အော်”
သေလိုက်တာ့ နေသူရ။ ရှင်းပြမှပိုရှုပ်ရော။ စိတ်လဲမဆိုး၊ ဒေါသလဲမထွက်ပဲ အူကြောင်ကြောင်ဖြစ်နေတဲ့ယသော်စိတ့်ကို သူရဘယ်လိုခန့်မှန်းရမလဲမသိပေ။ မမီဆီဖုန်းဆက်တုန်းကတော့ ယသော်က သူ့ကိုပြန်ကြိုက်မှာလို့ ပြောခဲ့တာပင်။
“နင်သူ့နားမှာကပ်နေ သူရ သူကဘယ်ယောကျာ်းလေးကိုမှရင်ခုန်မှာမဟုတ်ဘူး အစ်ကိုသုံးယောက်နဲ့အစ်ကိုတွေရဲ့ သူငယ်ချင်းတွေကြားကြီးခဲ့တဲ့သူ Tomboy မဖြစ်တာကံကောင်း ယောကျာ်းတစ်ယောက်နဲ့လက်ဖျားလေးဘာလေး ထိမိတာလောက်ကို သူကသတိတောင်မထားမိဘူး သူ့စိတ်ထဲယောကျာ်းဆိုပြီးခွဲခြားပြီးခံစားရမယ့်အတွေးမျိုးကိုမရှိတာ ရည်းစားစကားပြောရင်လဲနားထောင်ပေးတယ် အားနာပါးနာနဲ့ပေါ့ဟယ် ဒါပေမယ့်ပြောလို့ပြီးတာနဲ့တခါထဲ အပြတ်ကို ငြင်းတာ ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့ရာဇဝင်သူ့မှာမရှိဘူး သူ့အချစ်ကိုရချင်ရင်တော့ နင်နည်းနည်းစိတ်ရှည်ရလိမ့်မယ် သူ့ဘေးနား ကပ်ပါးကောင်လိုတွယ်ကပ်နေမှပဲရမယ် သူကနင့်ကိုအရမ်းသံယောဇဉ်ရှိတာ ငါသိတယ် အရင်ကတည်းက ခင်ခဲ့တဲလူတွေကလွဲလို့ တခြားယောကျာ်းတွေဆို နင့်လောက်ရင်းရင်းနှီးနှီးမဆက်ဆံဘူး”
“ကျွန်တော်ဖွင့်ပြောရင် ပါးချခံရမလားပဲ”
“မချပါဘူး ဒါပေမယ့် ဖွင့်ပြောတဲ့အချိန် နည်းနည်းတော့သီးခံရလိမ့်မယ် ဟီး ဟီး”
“ဘာဖြစ်လို့လဲမမီ”
“ပြောတဲ့အခါသိလိမ့်မယ် ကြိုမပြောပြတော့ဘူး”
အခုတော့မမီပြောခဲ့တဲ့အတိုင်း သိရပါပြီ။ လူပုံစံကပုပုသေးသေးကွေးကွေးနဲ့မိန်းကလေးဆန်သလောက် စိတ်ဓါတ်က ယောကျာ်းဆန်တာထက်ကိုပိုနေသည်။ ရည်းစားစကားပြောခံရတာကို တုံ့ပြန်ပုံက။
“ယသော် ရင်ခုန်နေတာလားဟင်”
“ခိ ရင်ခုန်တာကမွေးကတည်းကပဲ တမျိုးကြီးတော့ဖြစ်တယ် ဘာမှန်းတော့မသိဘူး”
အဲ့ဒီလိုပွင့်ပွင့်လင်းလင်းပြောတတ်တာကိုတော့ သူရသဘောကျမိသည်။
“အဲ့ဒါ ဟုတ်တယ် ကျွန်တော့ကိုကြိုက်နေလို့တမျိုးကြီးဖြစ်တာ”
“ဆုတောင်းလေ ဘုရားပေါ်ကမဆင်းရသေးဘူး ထပ်ဆုတောင်းလိုက်ဦး လူကိုဘုရားခေါ်လာပြီး ရည်းစားစကား လာပြောနေတယ်”
“ယသော်ကိုအလေးအနက်ထားပြီးချစ်တယ်ဆိုတာ ဘုရားရှေ့မှာသက်သေပြတာလေ”
သူရကသာ လမ်းလျှောက်နေရင်း ယသော်ရဲ့ဘယ်ဘက်ကိုသွားလိုက် ညာဘက်ကိုသွားလိုက်နဲ့ စိတ်လှုပ်ရှားနေခဲ့ရတာ။ သူမကတော့ အေးဆေးလျှောက်နေသည်။
“သူရ နင်ဘာဖြစ်လို့ဆပ်စလူးခါနေတာလဲ လမ်းလျှောက်တာကောင်းကောင်းလျှောက်လေ”
“ကျွန်တော်ရင်တွေခုန်နေတာလေ ယသော့်ဆီကအဖြေကိုကြားချင်လို့ ငြင်းတော့မငြင်းဘူးမလား”
“အေး ချက်ချင်းငြင်းသင့်လား စဉ်းစားပြီးမှငြင်းသင့်လား”
ပြောပုံက။ သူ့လိုအဖြစ်မျိုးတခြားသူတွေကြုံဖူးမည်မထင်။ ဒီအပျိုကြီးကိုမှချစ်မိတဲ့ သူရအဖြစ်ကဂွကျလွန်းလှသည်။
“ငြင်းစရာလား စဉ်းစားလိုက်ဦး ငြင်းဖို့စဉ်းစားခိုင်းတာမဟုတ်ဘူး နောက်ရက်မှအဖြေတောင်းတော့မယ်”
စူပုတ်ပုတ်ပြန်ဖြေတဲ့သူရမျက်နှာကို ချစ်စနိုးမော့ကြည့်ရင်းပြုံးလိုက်မိသည်။ ဂျစ်ကန်ကန်ဖြစ်နေချိန်ဆို ဒီကောင်လေးက ဘယ်လိုချစ်စရာကောင်းမှမန်းမသိ။ အင် ငါဘာတွေတွေးလိုက်မိပါလိမ့်။ ချက်ချင်းမျက်နှာကိုပြန်တည်လိုက်မိသော်လည်း ရင်ထဲက အမျိုးအမည်မသိတဲ့ခံစားချက်ကတော့ ပျောက်ပျက်မသွားပေ။
“ဟား ဟား ငါပြောသားပဲ သူကအဲ့လိုပါပဲဆို အရင်ကလူတွေဆိုချက်ချင်းငြင်းခဲ့တာ နင့်ကိုမငြင်းဘူးဆိုတော့…”
“ချက်ချင်းငြင်းသင့်လားလို့ပြောသေးတယ်”
“နင့်ကိုသူမငြင်းရက်ပါဘူးဟယ် ဒါပေမယ့်လဲသူ့စိတ်ကိုသူအလိုမလိုက်လောက်ဘူး နင့်ကိုအကောင်းဆုံးဘယ်လို ငြင်းရမလဲဆိုတာစဉ်းစားနေလောက်ပြီ နင်သိတယ်အတိုင်း ငါတို့အပျိုကြီးတွေက အဖက်ဖက်ကစဉ်းစားတယ်လေ သူလဲလေးနှစ်ကျော်ငယ်တဲ့နင့်ကို ပြန်မကြိုက်ချင်လောက်ဘူး အရမ်းသံယောဇဉ်ရှိတယ်ဆိုပေမယ့်လဲ နင်နဲ့လက်ထပ်ဖို့ဆိုတာက နင်တစ်ယောက်ထဲနဲ့ပြီးတာမဟုတ်တာ မိဘအသိုင်းအဝိုင်းတွေရှိသေးတယ်လေ ပြီးတော့ ပတ်ဝန်းကျင်”
“ဟာ မမီကလဲ ဘာလို့အရှည်ကြီးလျှောက်စဉ်းစားနေတာလဲ ကျွန်တော်ယသော်နဲ့တကယ်လက်ထပ်ချင်တာ”
“နင့်ထက်ငါးနှစ်နီးပါးတောင်ကြီးတယ်လေ ယောကျာ်းတွေက ကိုယ့်ထက်ငယ်တာကိုပဲကြိုက်တာမဟုတ်ဘူးလား”
“ကြိုက်တာတော့အဲ့ဒီလိုပဲဖြစ်ချင်ဖြစ်မှာပေါ့ ကျွန်တော်ကယသော့်ကိုချစ်တာ ကြိုက်တာမဟုတ်ဘူး”
မီမီသဘောကျစွာကြိတ်ပြုံးလိုက်ရင်း။
“နင်ကအတည်ကြံတာပေါ့”
“အပျော်မကြံရဲပါဘူးဗျာ မမီသူငယ်ချင်းကိုကျွန်တော်က ချစ်ကြောက်ရိုသေတန်ဖိုးထားတယ်ဆိုတာ မမီသိပါတယ်”
“အရင်ရည်းစားတွေလိုခဏနဲ့မထားခဲ့ပါဘူးနော်”
“ကျွန်တော့ကိုမယုံလို့လား မမီစဉ်းစားကြည့် ယသော့်ကိုအလှပြင်ထားတဲ့ပုံလဲမြင်ဖူးတယ် သနပ်ခါးလိမ်းထားတာရော ဘာမှမလိမ်းတဲ့မျက်နှာပြောင်နဲ့ပါမြင်ဖူးတယ် အဝတ်အစားဆိုလဲလှလှပပကနေ အိမ်နေရင်းဝတ်နဲ့အထိမြင်ဖူးနေတာကို မမီသူငယ်ချင်းကကျွန်တော်နဲ့တွေ့ဖို့ဆိုပြီး အလှတွေဂရုတစိုက်ပြင်ပြဖူးလို့လား သူ့ဘာသာနေချင်သလိုနေ ပြောချင်သလို ပြောနဲ့ သူ့အကြောင်းတွေအားလုံးသိပြီးချစ်တာလေ ဒီထက်ပိုပြီးသိစရာကျန်သေးလို့လား သူ့ကိုတကယ်ကိုချစ်တာပါဗျာ သူ့ဆီကအဖြေရတာနဲ့လက်ထပ်မှာ”
“ဟဲ့ နင့်မိဘတွေကရော”
“အဲ့ဒါကကျွန်တော့တာဝန်ထားပါ မိဘတွေသဘောတူအောင်ကြိုးစားရမှာပေါ့ အခုအရေးကြီးတာက သူ့ဆီကအဖြေရဖို့ပဲ”
“အဲ့ဒါတော့ငါတို့ဂွင်ဖန်မှဖြစ်မယ် ရိုးရိုးသားသားဆိုအငြင်းခံရမှာ 100% ပဲ”
“အငြင်းတော့မခံနိုင်ပါဘူးဗျာ ကျွန်တော့မှာအဝေးမခံနိုင်လို့သူ့ Passport ကိုတောင်ဘတ်ထားရတာ”
“ဟယ် သူရ ဟိုကသိရင် နင်သေမှာနော်”
“မတတ်နိုင်ဘူး သူ့ကိုဘယ်မှမသွားစေချင်တာကို တားဖို့ကဒီတစ်နည်းပဲရှိတာလေ”
မီမီကသဘောကျကာရယ်လိုက်ပြီး။
“ဟား ဟား ငါထင်တော့ထင်တယ် ဒါကြောင့်နင်အေးဆေးဖြစ်နေတာကိုး အေးပါ နင့်ဘက်က သေချာတယ်ဆိုရင်လဲ သူ့ဆီကအဖြေရအောင် ငါတို့ပူးပေါင်းလုပ်ကြံကြတာပေါ့ ဒါပဲနော် နောက်မှတွေ့မယ်”
“ဟုတ် မမီ”
ဖုန်းချလိုက်ပြီး ဖုန်းနဲ့ခိုးရိုက်ထားတဲ့ယသော်ရဲ့ပုံတွေကို ဖွင့်ကြည့်ကာ ပြုံးနေမိသည်။ ဒီအပျိုကြီးနဲ့တွေ့မှပဲ သူဟာ မင်းမှမင်းဆိုတဲ့ခံစားချက်ကို နားလည်ခဲ့သည်။ စိတ်ချပါ ယသော်။ ခင်ဗျားကို ကျွန်တော် ရအောင်လက်ထပ်မှာပါ။
================================================================
“နင်ရင်မခုန်ဘူးမလား”
“မခုန်ပါဘူး ဒါပေမယ့်တမျိုးကြီးပဲ”
ယသော်ကသူ့ခံစားချက်ကို ကွယ်ဝှက်မထားပဲ ပွင့်ပွင့်လင်းလင်းပြောပြသည်။
“ဘာကိုတမျိုးကြီးလဲ”
“ငါသူ့ကိုငြင်းချင်ပေမယ့် သူ့စိတ်မကောင်းဖြစ်မှာကိုမလိုလားဘူး သနားတယ်လို့ပြောရမလား ရင်းနှီးနေလို့ အားနာတာလားတော့ မပြောတတ်တော့ဘူး”
မီမီက ငါသိပါတယ်ဆိုတဲ့အပြုံးမျိုးနဲ့။
“မငြင်းရက်တာပါယသော်ရယ် နင်သူ့ကိုချစ်နေလို့လေ”
“အောင်မာ မဟုတ်ပါဘူးနော်”
“ဒါဆိုဘာလို့သူဝမ်းနည်းဝမ်းသာတာတွေကို ဂရုစိုက်နေလဲ တခါထဲငြင်းလိုက်လေ အရင်ကနင်လုပ်နေကျအတိုင်း သူဝမ်းနည်းမှာကို ထည့်တွက်နေစရာကို သူကအခုမှအခုရည်းစားထားဖူးတာလဲမဟုတ် နင်ငြင်းလို့စိတ်မကောင်းဖြစ်လဲ ခဏပါ ထည့်တွက်မနေနဲ့ နောက်ကျတခြားတစ်ယောက်ထပ်တွေ့ဦးမှာပဲကို”
ယသော်က မျက်နှာငယ်လေးနဲ့ပြောသည်။
“ဒါဆို….. ငါငြင်းလိုက်တော့မယ်နော်”
“ဒါပေါ့ အပြတ်ငြင်းလိုက် အဲ့ဒီကိစ္စတွေခေါင်းထဲထည့်မနေနဲ့ အာရုံနောက်တယ် နင်စင်္ကာပူသွားဖို့သာလုပ်တော့”
“အဲ့ဒါကလဲ လုပ်လို့မရသေးဘူး Passport ပျောက်နေတယ် အသစ်ထပ်လုပ်ရတော့မယ်နဲ့တူပါတယ်”
Passport ပျောက်လို့စိတ်ညစ်သလား၊ သူရကိုငြင်းရမှာမို့ စိတ်မကောင်းဖြစ်နေသလားမပြောတတ်တဲ့ရုပ်လေးကိုကြည့်ပြီး မီမီသနားသွားမိသည်။ ရိုးသားပြီးစိတ်ထားကောင်းတဲ့သူငယ်ချင်းလေးကို တစ်သက်လုံးတစ်ယောက်ထဲလဲ မနေစေချင်ပါ။ ဒီတော့ရည်းစားရဖို့အရေးလူယုံကပါ ပူးပေါင်းပြီးလုပ်ကြံတော့မှာမို့ခွင့်လွှတ်ပါလို့ တိတ်တိတ်လေးတောင်းပန်လိုက်သည်။
“တီးတောင်”
“ကဲ သူရလာပြီထင်တယ် ဒီနေ့တခါထဲငြင်းလိုက်တော့နော် ငါရှောင်ပေးမယ်”
မီမီက သူရကိုတံခါးဖွင့်ပေးပြီး အနောက်ထဲဝင်သွားသည်။
“ယသော် ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား”
“ဘာမှမဖြစ်ပါဘူး ကောင်းပါတယ် ထိုင်လေ”
“မျက်နှာကတမျိုးဖြစ်နေလို့လေ ချစ်ရတဲ့သူဆိုတော့လဲစိတ်ပူသွားတာပေါ့”
ယသော်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ရင်းပြောလိုက်သည်။
“ဘာချစ်ရတဲ့လူလဲ နင်နော် ကိုယ့်ထက်အကြီးကို မလေးမစားနဲ့”
“ဟောဗျာ ဘယ်မှာမလေးမစားလုပ်နေလို့လဲ ဒီလောက်ဂရုတစိုက်ချစ်နေတာကို”
“ပြောလေ ကဲလေပါလား နင့်ကိုပြောမလို့ ငါ့ကိုလာမကြိုက်နဲ့ ငါလဲနင့်ကိုမကြိုက်ဘူး အရင်လိုရိုးရိုးသားသားပဲနေရအောင်”
“အရင်လိုရိုးသားချင်ရင်ယသော့်ဘာသာရိုးသားပေါ့ ကျွန်တော်ကတော့မရိုးသားနိုင်တော့ဘူး”
“အဲ့ဒါကတော့နင့်အပိုင်းပဲ ငါ့နင့်ကိုမချစ်ဘူး”
ခပ်တည်တည်နဲ့အပြတ်ငြင်းခံလိုက်ရတာကြောင့် သူရမျက်နှာငယ်လေးနဲ့ ခေါင်းငိုက်စိုက်ကျသွားသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ လေသံတိုးတိုးနဲ့မေးခဲ့သည်။
“အရင်ကတော့ မောင်လေးတစ်ယောက်လိုချစ်ခဲ့တယ်မလား”
ဝမ်းနည်းသွားတဲ့သူရကိုကြည့်ပြီး ယသော်စိတ်မကောင်းဖြစ်သွားမိကာ လိုက်လျောညီထွေပြန်ဖြေလိုက်မိသည်။
“အင်းလေ အဲ့လိုတော့… ချစ်တာပေါ့”
“ဘာ ယသော် နင်ပြောတော့ငြင်းမှာဆို အခုတော့ဘာချစ်တယ်လဲ”
အလန့်တကြားအော်လိုက်တဲ့မီမီအသံကြောင့် ယသော်လန့်ပြီးတုန်သွားသည်။ သူရ တိတ်တိတ်လေးပြုံးလိုက်မိရင်း။
“မမီလဲကြားသွားတာလား ကျွန်တော့ကိုအဖြေပေးတာကို”
မီမီက ကော်ဖီဗန်းကိုစားပွဲပေါ်ချကာ ယသော့်ဘေးနားဝင်ထိုင်လိုက်သည်။
“ငါကော်ဖီဖျော်နေတဲ့မိနစ်ပိုင်းအတွင်းမှာ နင်သူ့ကိုဘယ်လိုချုပ်လိုက်တာလဲသူရ ငါ့နားနဲ့ဆတ်ဆတ်ကြားတယ် ချစ်တာပေါ့ ဆိုပါလား ယသော်နင်ခုနကပြောတော့တမျိုး အခုတော့တမျိုးနဲ့ ငါသိပါတယ် နင်သူရကိုပြန်ကြိုက်မယ်ဆိုတာ”
“မဟုတ်ဘူး နင်မှားနေပြီမီမီ သူရ နင်ရှင်းပြလိုက်ဦးလေ”
အထင်လွဲသွားတဲ့မီမီကို ယသော်ကပြန်ရှင်းပြဖို့ကြိုးစားသော်လည်းမအောင်မြင်ပါ။
“တော်ပါယသော်ရယ် အပျိုကြီးတစ်ယောက်ရည်းစားထားရမှာရှက်တာနဲ့ပဲ တိတ်တိတ်လေးထားဖို့ကြံစည်မနေနဲ့ ငါ့ကိုမပြောဖို့သူရကိုနုတ်ပိတ်နေတာလား မလိုပါဘူးဟာ နင်တို့နှစ်ယောက်ကိုအရင်ကတည်းကသဘောတူပြီးသား မြန်မြန် လက်ထပ်ကြတော့ နင့်အရွယ်ကအမြန်လက်ထပ်ရမယ့်အရွယ်ရောက်နေပြီ ငါ့လက်ထပ်စာချုပ်သက်သေနေရာမှာ နင်တို့စုံတွဲလက်မှတ်ထိုးပေး နင်တို့လက်ထပ်စာချုပ်မှာ ငါတို့စုံတွဲပြန်ထိုးပေးမယ် ဘယ်လောက်မိုက်လဲ ဟား ဟား”
“ရတယ်လေမမီ ကျွန်တော်နဲ့ယသော်ကအဆင်သင့်ပဲ နော် ယသော် ဟုတ်တယ်မလား”
“ဟင် မဟုတ်ပါဘူး နင်ဘာတွေလျှောက်ပြောနေတာလဲသူရ မဟုတ်ဘူးဆိုတာပြောလိုက်ဦးလေ”
“ဘာကိုမဟုတ်တာလဲယသော် မမီအကုန်ကြားပြီးပြီပဲ လျှို့ဝှက်ထားစရာမှမလိုတော့တာ”
အင် သူ့ကိုပြောခိုင်းမှပိုဆိုးနေပြီ။ ယသော်မှာ သူတို့နှစ်ယောက်ကြား ဘာပြန်ပြောရမယ်မှန်းမသိတော့ပဲ ချွေးပြန်လာသည်။
“နင်အထင်လွဲနေတာမီမီ သူရနင်ချော်လဲရောထိုင်မလုပ်နဲ့နော်”
“ကြည့် ကြည့် မမီသူငယ်ချင်းကတအားရှက်တတ်တာ”
“ရှက်မနေပါနဲ့ယသော်ရယ် ရည်းစားထားတာရှက်စရာမှမဟုတ်တာ ငါတော့နင့်အတွက်စိတ်အေးသွားပြီ သူရ နင်ငါ့သူငယ်ချင်းကို စိတ်ဆင်းရဲအောင်မလုပ်ရဘူးနော်”
“မလုပ်ပါဘူးဗျာ စိတ်ချ ကျွန်တော်အရမ်းချစ်တဲ့လူကို တသက်လုံးစိတ်ချမ်းသာအောင်ထားမှာ နော် ယသော် ကျွန်တော့ကို စိတ်ချလက်ချရွေးချယ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ် ယသော့်ကိုစိတ်ရောလူပါချမ်းသာအောင်ထားပါ့မယ်လို့ကတိပေးတယ် မမီသက်သေရှိတယ် ကတိမတည်ရင်ကြိုက်သလိုသာပြော”
သူ့ကို ပြူးကြောင်ကြောင်ကြည့်နေတဲ့ယသော့်ရဲ့လက်ကိုပိုင်စိုးပိုင်နင်းဆုပ်ကိုင်ကာ ကတိပေးလိုက်သည်။ ဆောရီးပါ ယသော်ရယ်။ ဒီလိုမှမလုပ်ရင် ယသော်နဲ့ဝေးရမှာကြောက်လို့ပါ။
“ဟေး သက်သေရှေ့ဘာလို့လက်ကိုင်တာလဲ ငါရှက်တယ်နော်”
မီမီကပြောင်ချော်ချော်လှမ်းပြောရင်း သူငယ်ချင်းအရင်းရဲ့လုပ်ကြံမှုအောက်မှာ ကြံရာမရချွေးပြန်နေတဲ့ယသော်ကို သနားကာ စိတ်မဆိုးပါနဲ့လို့သာ စိတ်ထဲကနေပြောလိုက်မိသည်။
ယသော်မှာ သူရကိုင်ထားတဲ့လက်ကို ရုန်းထွက်နေရင်း ငြင်းလေပိုဆိုးလေဖြစ်နေသော ဘာဖြစ်သွားမှန်းမသိတဲ့ အခြေအနေကို စိတ်ရှုပ်ရှုပ်နဲ့ကြည့်နေရတော့သည်။
================================================================
“အန်တီ”
“ဟယ် အသည်း အန်တီကလွမ်းနေတာ ကလေးကို”
မထင်မှတ်ထားပဲ သူရနဲ့အတူပါလာတဲ့အသည်းကြောင့် ဝမ်းသာသွားမိသည်။ တံခါးအမြန်ဖွင့်ပေးလိုက်ပြီး အသည်းပုခုံးကို ဖက်ကာ အထဲခေါ်ခဲ့လိုက်သည်။
“အသည်းလဲအန်တီတို့ကိုလွမ်းနေတာ”
သူရကတံခါးပိတ်ရင်း တိတ်တိတ်လေးပြုံးလိုက်မိသည်။ သူ့တစ်ယောက်ထဲသာဆိုရင် မနေ့တုန်းကကိစ္စကြောင့် တံခါးတောင်ဖွင့်ပေးမှာမဟုတ်ဘူးဆိုတာ ကြိုသိနေလို့ အသည်းကိုသွားခေါ်ခဲ့ခြင်းဖြစ်သည်။
“အဖွားတို့နဲ့နေရတာပျော်လားအသည်း”
“ပျော်တယ်အန်တီ နောက်တစ်ပါတ်ဆို သမီးကျောင်းတက်ရတော့မှာတဲ့”
“ကောင်းတာပေါ့ အသည်းပညာတတ်ကြီးဖြစ်ချင်တယ်ဆို”
“ဟုတ် အန်တီလိုပညာတတ်ကြီးဖြစ်အောင်ကြိုးစားမှာ”
သူရက သူ့ကိုတမင်သက်သက်ကျောပေးထိုင်နေတဲ့ ယသော်နောက်ကခုံမှာဝင်ထိုင်လိုက်ပြီး အသည်းကို မျက်လုံးမှိတ်ပြလိုက်သည်။ အဲ့ဒါအခါမှ အသည်းတုန်တစ်ယောက် သူမှာထားတာကို သတိရသွားပုံပေါ်သည်။
“အန်တီက ဦးဦးသူရနဲ့လက်ထပ်တော့မှာဆို”
“ဟင် ဘယ်သူပြော…”
ကလေးကိုလျှောက်ပြောထားတဲ့သူရကို လှည့်ကြည့်ပြီး ဂြိုလ်ပေးလိုက်သည်။
“ဘာမှလက်မထပ်ဘူး နင့်ဦးဦးကရူးလို့လျှောက်ပြောနေတာ”
“ဦးဦးကပြောတယ် အန်တီတို့မင်္ဂလာဆောင်မှာအသည်းကိုပန်းကြဲခိုင်းမယ်တဲ့ သမီးဂါဝန်လှလှလေးဝတ်ပြီး ပန်းကြဲချင်တယ် အန်တီဦးဦးနဲ့မင်္ဂလာဆောင်လိုက်နော်”
မှာထားတဲ့အတိုင်း တထပ်ထဲပြန်ပြောနေတဲ့အသည်းကို သူရက လက်ညှိုးနဲ့လက်မကိုဝိုင်းကာ အိုကေလုပ်ပြလိုက်သည်။ နောက်ထပ်တစ်ကြိမ် ပေစောင်းစောင်းလှည့်ကြည့်လာတဲ့ယသော်ကို မသိယောင်ဆောင်ပြီး ဖုန်းပွတ်နေလိုက်သည်။
“ဦးဦးက အသည်းအတွက်မောင်လေးမွေးပေးမှာတဲ့ အန်တီမွေးပေးနော် မောင်လေးရော ညီမလေးရော နှစ်ယောက်”
လက်နှစ်ချောင်းထောင်ပြီး ပြောနေတဲ့အသည်းကိုကြည့်ပြီး ကလေးကိုလျှောက်ပြောထားတဲ့သူရကိုသာ စိတ်တိုလာတော့သည်။
“နေသူရ နင်ကလေးကိုဘာတွေလျှောက်ပြောထားတာလဲ”
“ဗျာ ဘာမှလျှောက်မပြောပါဘူး အမှန်တွေပဲပြောထားတာပါ”
“ဘာအမှန်တွေလဲ နင်နာတော့မယ်နော်”
နောက်ကိုလှည့်ပြီးရန်ရှာနေတဲ့ယသော်ကို သူရပိုပြီးစချင်လာမိသည်။
“လုပ်လိုက်လေ ဆံပင်ဆွဲမလား နားရွက်ဆွဲမလား ပါးဆွဲလိမ်မလား ဒါမှမဟုတ်လဲ လက်မောင်းကိုထုမလား”
ရုတ်တရက်ကြီး ယသော့်မျက်နှာနားထိုးပေးလာတဲ့ သူရခေါင်းကြီးကြောင့် လန့်သွားကာနောက်ဆုတ်ရှောင်လိုက်သည်။
“နင် သွား ဝေးဝေးနေစမ်း”
ပြူးကြောင်ကြောင်ကြည့်နေတဲ့အသည်းကို သူရကရယ်ပြလိုက်ရင်း။
“အသည်း မောင်လေးနဲ့ညီမလေးနှစ်ယောက်ရချင်တာနော် အန်တီကိုပူဆာ အန်တီမွေးပေးမှာ ဦးဦးက ကလေးမွေးဖို့ နည်းနည်းပဲ ကူညီနိုင်မှာ”
“နေသူရ နင်ပြန်တော့ ကလေးကိုငါ့ဘာသာပြန်လိုက်ပို့လိုက်မယ်”
“အိုကေ ဘာမှမပြောတော့ဘူး တိတ်တိတ်လေးပဲထိုင်နေတော့မယ် မောင်းမထုတ်ပါနဲ့ဗျာ လွမ်းလို့လာတဲ့သူတွေကို နော့ အသည်း အန်တီ ဦးဦးကိုမောင်းမထုတ်နဲ့လို့ပြောလိုက်ဦး”
အသည်းက သူတို့နှစ်ယောက်ကိုကြည့်ပြီး နားလည်တဲ့အတိုင်းလူကြီးလေးတစ်ယောက်လို ပါးစပ်ကိုလက်နဲ့ပိတ်ပြီး ရယ်နေလေသည်။ ကလေးရှေ့ရန်မဖြစ်ချင်တဲ့ယသော်မှာ သူရကိုမျက်စောင်းထိုးရုံသာတတ်နိုင်တော့သည်။
ညတာပါတေးနဲ့ ရည်းစားတော်ထားရတဲ့သူရတစ်ယောက် ဂွကျတဲ့အပျိုကြီးဆီသွားတိုင်း အခန်းတံခါးမဖွင့်ပေးမှာလဲ စိုးရိမ်နေပေမယ့် အမြဲတမ်းစူပုတ်ပုတ် မျက်နှာပေးနဲ့ ဖွင့်ပေးရှာသည်။
“ယသော့်အတွက်”
အနီရောင်နှင်းဆီပန်းတစ်ပွင့်လှမ်းပေးတဲ့သူရကို မျက်စောင်းထိုးရင်း။
“လာပေးမနေနဲ့ မရချင်ဘူး”
“ဟာ ဒီနေ့ကျွန်တော်တို့ချစ်သူသက်တမ်းဆယ်ရက်ပြည့်တဲ့နေ့လေ ပန်းလေးတစ်ပွင့်လောက်တော့လက်ခံပေးပါဗျာ”
“ဘာချစ်သူသက်တမ်းလဲ နင့်ကိုဘယ်တုန်းကကြိုက်တယ်ပြောဖူးလို့လဲ”
“မမီတောင်သက်သေရှိသေးတာကို ယသော်အခုမှငြင်းချင်မနေနဲ့”
“မဟုတ်မှန်းသိသိကြီးနဲ့”
“မသိဘူး ကျွန်တော်က ကျွန်တော်ကြားချင်တဲ့အပိုင်းပဲဖြတ်ကြားတတ်တာ”
“သေလေ”
“မသေနိုင်ပါဘူး အခုအချိန်သေရင်ငှက်ပျောတုံးဖက်နေရမှာ ယသော်နဲ့လက်ထပ်ဦးမှာ”
ပြောချင်စိတ်ကုန်ခမ်းသွားတဲ့မျက်နှာပေးတဲ့ ယသော်ကသူရကိုအဖက်လုပ်ပြီးပြန်မပြောတော့ပေ။
“ယသော့်ကိုလဲငှက်ပျောတုံးမဖက်စေရဘူး ကျွန်တော့ကိုဖက်ချင်ဖက်”
“နေသူရ အလုပ်မရှိအကိုင်မရှိ ငါ့ဆီပဲလာပြီး လျှောက်ပြောမနေနဲ့ အဲ့ဒီလိုပုံစံကိုဘယ်မိန်းကလေးက ရချင်မှာလဲ”
“မရချင်နေလေ ယသော်ရချင်ရင်လုံလောက်ပြီ”
“အံ့သြပ ငါကပိုမရချင်သေး မဖြစ်နိုင်တာတွေစိတ်ကူးယဉ်မနေနဲ့ ချစ်ပါတယ်လို့တစ်ခါမှမပြောဖူးပဲ ညာတာပါတေးနဲ့ နင့်ရည်းစားအဖြစ် နင့်ဖာသာသတ်မှတ်ထားတာ ငါ့အိမ်ကယောကျာ်းအတင်းပေးစားနေတာနဲ့သနားပြီးလာကြိုက်ဖို့မလိုဘူး”
“ချစ်လို့လက်ထပ်ချင်တာပေါ့ သနားရင်တခြားကူညီလို့ရတဲ့နည်းလမ်းတွေမှအများကြီး ဘာတွေအတွေးချော်နေလဲမသိဘူး ကျွန်တော်ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ ကိုယ့်ကိုကိုယ်သိတယ် တချို့လူတွေလိုဟန်ဆောင်မနေဘူး”
အမယ် သူ့ကိုပြန်မကြိုက်တာနဲ့ပဲ ဟန်ဆောင်တာဖြစ်ရသေး။ ကိုယ့်ကိုဒဲ့ပြောတဲ့စကားဆိုတာသိပေမယ့် မသိဟန်ဆောင်ရင်း။
“နင်နဲ့ငါအသက်ကွာနေတာ နင့်မိဘတွေကလဲ သဘောတူမှာမဟုတ်ဘူး”
“အဲ့ဒါတော့ယသော်မှန်တယ် ကျွန်တော့အမေက သဘောမတူဘူး ယသော်ကအသက်ကြီးလို့တဲ့”
“ဘာ နင်ဘယ်တုန်းကသွားပြောလိုက်တာလဲ နင်နဲ့ယူမယ်လို့ငါကပြောဖူးလို့လား”
“ယသော်ကတော့မပြောဘူးလေ ကျွန်တော်ကရချင်တာကို မိဘတွေကိုမပြောလို့ဘယ်ဖြစ်မလဲ”
“နင် နင့်ကြောင့်အလကားနေရင်းငါအပြောခံရတော့မှာပဲ”
“ယသော်ကိုဘာမှမပြောပါဘူး ကျွန်တော့ကိုသာ ယူရင်အမွေဖြတ်မယ်လို့ပြောခဲ့တာ”
“ကောင်းတယ်လေ ဖြတ်ပါစေ”
“ဟား ဟား ဖြတ်စေချင်ရင်ယသော်အရင်ယူရမှာနော်”
သူ့ကိုအမြင်ကတ်ကတ်နဲ့ပြောလိုက်ပြီးမှ ကိုယ့်စကားမှားသွားမှန်းသတိထားမိသည်။ စကားတတ်လွန်းတဲ့နေသူရကို ယသော်ဘယ်လိုမှလိုက်မမှီနိုင်ပေ။
“မဖြတ်ပါဘူး ကျွန်တော်အမေလန့်သွားအောင်ပြန်ပြောလိုက်တယ်”
“ဘယ်လိုပြန်ပြောလိုက်တာလဲ”
အမှန်က ကိုယ့်အပြစ်ပင်။ သူရတစ်ခွန်းပြောတာနဲ့ကိုယ်တိုင်ကလဲစိတ်ဝင်တစားပြန်မေးပြီးသားဖြစ်နေခဲ့သည်။
“အမေအမွေဖြတ်လိုက်ရင် အမေ့သားထမိန်နားခိုစားတဲ့ကောင်ဆိုပြီးကဲ့ရဲ့ခံရတော့မှာလို့ ပြောလိုက်တာ အမေလန့်သွားတယ်လေ”
ဟုတ်လားမဟုတ်လားမသိ။ စပ်ဖြီးဖြီးပြောနေတဲ့နေသူရကို ယသော်စိတ်တိုကြောင်းကို ဘယ်လိုပုံစံမျိုးနဲ့ပြရမလဲမသိတော့။
“ဘာ ထမိန်နားခိုစားတယ် ဟုတ်လား နင့်ကိုဘယ်သူကယူမယ်ပြောနေလို့လဲ အံသြပ သူ့ကိုများရှာကျွေးနေရဦးမယ်”
“ရှာကျွေးလိုက်ပါယသော်ကလဲ ကျွန်တော်ကချစ်ဖို့ကောင်းပါတယ် ယသော်ကြိတ်ချစ်နေတာကျွန်တော်သိတယ်”
“ရူးရင်လဲထမင်းလွတ်ဟင်းလွတ်ရူး”
“မငြင်းပါနဲ့ ကျွန်တော့ကိုမကြိုက်ရင် လူကြီးတွေသဘောတူတာမတူတာတွေ တွေးပူစရာလိုလို့လား အခုကကျွန်တော့ကို ကြိုက်နေလို့ ရှေ့လျှောက်ရင်ဆိုင်ရမယ့်ဟာတွေကိုကြိုပြီးတွေးပူနေတာပေါ့”
ဘုရားရေ။ သူပြောတဲ့အတိုင်းတကယ်ဖြစ်နေတာပဲ။ ဘာလို့အဲ့ဒီအဆင့်တွေထိတွေးပြီးစိတ်ပူနေရတာလဲ။ သူနဲ့ငါ လက်ထပ်မှာမှမဟုတ်တာကို။
မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ စဉ်းစားသွားတဲ့ယသော်ကို သူဘယ်လိုချစ်မှန်းမသိ။ အဲ့ဒီလိုဟန်ဆောင် မကောင်းတာတွေကြောင့်ပဲ သူအချစ်ပိုနေရသလားထင်မိသည်။
“ဟင် ယသော် ကျွန်တော်ပြောတာမှန်တယ်မလား”
“မှန်မနေဘူး နင် ပြန်တော့ နောက်ရက်လဲမလာနဲ့”
“မပြန်ချင်သေးဘူး အခုမှရောက်တာကိုမောင်းထုတ်နေတယ် နေ့တိုင်းလာမယ့်လူကို အဲ့ဒီလိုမောင်းထုတ်နေရင် အိမ်ပြောင်းခဲ့မှာ ယသော်တံခါးမဖွင့်ပေးလဲအခန်းထဲဝင်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်”
“နင်နော် မဟုတ်တာတွေကြံစည်မနေနဲ့”
“အဲ့ဒါကြောင့်ပြောတာ လိမ္မာနေတဲ့ချစ်သူကို ဆိုးအောင်မလုပ်နဲ့”
စကားအလွန်တတ်သော ဒီသူငယ်လေးကို နိုင်အောင်ပြန်ပြောနိုင်စွမ်းမရှိတော့ချေ။ သူ့ကိုမျက်စောင်းထိုးလိုက်ရင်း ကိုယ့်ကိုကိုယ်လဲနားမလည်နိုင်တော့ပေ။ ဘာကြောင့်သူလာတာကိုတံခါးဖွင့်ကြိုဆိုနေမိသလဲ။ သူ့ကိုမကြိုက်ဘူးလို့ အထပ်ထပ်အခါခါငြင်းနေစရာမလိုအောင် လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိနေရဲ့သားနဲ့။ ဟင် ငါပဲများနေတာလား။ မူယာမာယာများပြနေတဲ့မိန်းမတစ်ယောက်ဖြစ်နေပြီလား။
သူတစ်ခွန်းပြောတိုင်းတစ်ခါစဉ်းစားနေတတ်တဲ့ယသော်ကို သူရစိတ်ယားကာ ပါးကိုဆွဲလိမ်လိုက်မိသည်။
“အ…. နင်ဘာလုပ်တာလဲသူရ”
သူရရဲ့လက်ကိုပုတ်ထုတ်ကာ နာသွားတဲ့ပါးကိုကိုင်လိုက်ရင်း တဆက်ထဲရန်ရှာလိုက်သည်။
“ချစ်လို့လေ ဘာမှန်းမသိဘူး လူကြီးဖြစ်ပြီးပဲများနေတာ ချစ်ပါချစ်ပါလို့တောင်းဆိုနေတဲ့ကလေးကိုလှည့်စားနေတာလား”
“လှည့်စားမနေဘူး အသက်သုံးဆယ်ပြည့်ခါနီးကလေးကိုငါတစ်ခါမှမတွေ့ဖူးဘူး”
“ဘာပဲပြောပြော ယသော့်ထက်ငယ်ရင်ကလေးပဲလေ ဒါပေမယ့်ယသော်ခုချိန်ထိ မပြောတတ်တာတစ်ခုရှိတယ် ကျွန်တော် သင်ပေးမယ် နောက်ကနေလိုက်ဆိုကြည့် မောင် ဆိုကြည့်လေ မောင် မောင့်ကိုချစ်တယ်လို့ ပြောကြည့်ပါဆို”
တမောင်မောင်နဲ့ ပြောင်စပ်စပ်သူရမျက်နှာကြီးကိုကြည့်ပြီး ယသော်မျက်နှာရှုံ့မဲ့ကာစိတ်လေလာခဲ့သည်။
“တော်စမ်း ဘာမောင်လဲ နင့်မျက်နှာကြီးကြည့်ပြီး အော်ဂလီဆန်လာပြီ ပြန်တော့လို့”
သူရ တခွိခွိရယ်နေရင်း ဆက်စချင်မိသည်။ ယသော်ကိုစ,ရတာဘယ်လိုပျော်စရာကောင်းမှန်းမသိ။
“ဟာ ပြောတတ်သားပဲ လုပ်ပါ မောင်လို့ခေါ်ရင်ပြန်မယ် ခေါ်ကြည့် မမက မောင်ခေါ်ရာလိုက်မှာလား xxx မမက…”
“သူရ ကောင်းကောင်းပြောနေတုန်းပြန်နော် ငါပိတ်ထိုးမိတော့ပြီ”
“ပါးပိတ်တီးလိုက်မယ်လောက်တော့လုပ်ပါ ဘာပိတ်ထိုးပစ်ချင်တာလဲ အစ်ကိုတွေကြားကြီးလာခဲ့တယ်ဆိုရင်လဲ ကျွန်တော်ကြွေအောင် နည်းနည်းပါးပါးမိန်းမဆန်ပြဦးမှပေါ့ ဟား ဟား ယသော်စိတ်ဆိုးနေရင်အရမ်းချစ်ဖို့ကောင်းတာပဲ ဒါကြောင့်ကျွန်တော်အရမ်းချစ်မိသွားတာဖြစ်မယ် ကဲ ပြန်မယ်ဗျာ မနက်ဖြန်လာရင်ဘာဝယ်ပေးခဲ့ရမလဲ ကိုယ့်ချစ်သူဆီ ဖုန်းလေးဘာလေးဆက်ပြီး မောင်ရေ ဘာဝယ်ခဲ့ပါညာဝယ်ခဲ့ပါဆိုပြီး မှာလို့ရတယ်နော်”
ပြန်မယ့်အရေးကို မပြန်နိုင်သေးပဲ အပေါက်နားရပ်ကာ သမင်လည်ပြန်လှည့်ပြီးဆက်စနေတဲ့သူရနောက်ကျောကို ဆောင့်တွန်းပစ်ကာ တံခါးကို ဝုန်းခနဲမြည်အောင်ပိတ်လိုက်တော့သည်။
================================================================
“နင်နဲ့အဲ့ဒီကောင်နဲ့ကကြိုက်နေတာလားယသော်”
“ဟာ မကြိုက်ပါဘူး နင်ဘယ်ကကြားခဲ့တာလဲ”
“ငါစုံစမ်းကြည့်သလောက် သူတို့အိမ်က ဆန်ပွဲရုံ၊ သီးနံှပွဲရုံတွေပိုင်တာ စီးပွားရေးကမဆိုးဘူး ချမ်းသာတယ်လို့ပြောရမယ် သူ့အစ်ကိုက အိမ်ထောင်ကျပြီးသား အိမ်ခွဲမနေပဲမိဘတွေနဲ့အတူတူနေတယ်တဲ့ ဟဲ့ အခုပြောမယ့်စကားက နင်နဲ့ ပတ်သက်နေတယ်ထင်တာပဲ သူတို့မိသားစုကွိုင်တက်နေကြတယ်တဲ့ ဘာဖြစ်လို့လဲသိလား သူ့သားရည်းစားနဲ့ လက်ထပ်ဖို့သဘောမတူဖြစ်နေတာတဲ့ သူ့သားထက်အသက်လေးကျော်နှစ်ကြီးလို့တဲ့ သူ့သားအကြီးထက်တောင် အသက်ကြီးတဲ့မိန်းမနဲ့မပေးစားနိုင်ပါဘူးဆိုပြီး ပြောနေတာတဲ့”
ဟင် ဒါဆိုသူရပြောသွားတာအမှန်တွေပဲပေ့ါ။ သူ့အမေကို ယသော့်အကြောင်း တကယ်ကြီးပြောပြထားတာပေါ့။
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ယသော်မျက်နှာကိုကြည့်တာနဲ့သဘောပေါက်သွားတဲ့သူဇာက ဆက်ပြောသည်။
“သူတို့သဘောမတူရအောင် နင်ကဘာဖြစ်နေလို့လဲ အသက်ကြီးတာတစ်ခုကလွဲရင်အားလုံးအဆင်ပြေတာပဲကို”
“ငါမဟုတ်ပါဘူးဆို သူဇာကလဲ”
“ဇွတ်ငြင်းမနေနဲ့ နင်မျက်နှာကြည့်တာနဲ့ငါသိတယ် နင်နော် လုံးဝအလျော့မပေးနဲ့နင့်ရုပ်ရည်နဲ့ ကြိုက်တဲ့လူကိုခေါင်းခေါက် ရွေးလို့ရတယ် အဲ့ဒီကောင်က ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ မိဘအလုပ်ကိုလဲ မည်မည်ရရလုပ်တာမဟုတ်ဘူးတဲ့ ယူပြီးအမွေဖြတ်လိုက်တဲ့အချိန်မှ နင်ရှာကျွေးနေရဦးမယ် သူ့အမေကသဘောမတူဘူးလေးဘာလေးပြောရအောင် နင်တို့ဘက်ကရော သဘောတူပါတယ်လို့ပြောနေသေးလို့လား ကြားကြားချင်းကတည်းကငါစိတ်တိုနေတာ ဒီကိစ္စကို အပြတ်ရှင်းထားမှဖြစ်မယ် နင်အဲဒီတစ်ယောက်နဲ့လက်ထပ်မယ်ဆိုရင်လဲ အစကတည်းကအိမ်ခွဲနေမယ်လို့ပြောထား ချွေးမနဲ့ယောက်ခမဆိုတာ ဝေးဝေးနေမှ ချစ်ကြတာ အတူတူနေရင် အဆင်မပြေတာများတယ် ဟဲ့ ငါပြောနေတာ ကြားလားယသော် နင့်ပုံစံနဲ့တော့ ယောက်ခမအိမ်မှာ ပြားပြားဝပ်နေရဦးမယ် ဒါကြောင့်နင့်ကိုငါစိတ်မချလို့စုံစမ်းခဲ့တာ”
သူငယ်ချင်းအပြောခံရလို့စိတ်တိုနေတဲ့သူဇာကိုကြည့်နေပေမယ့် သူပြောတာတွေကိုမကြားနိုင်တော့ပေ။ ပြောင်ချော်ချော် ပြောသွားတဲ့သူရစကားတွေကို စနေတယ်ပဲထင်နေခဲ့တာ။ သူ့မိဘတွေကို တကယ်ဖွင့်ပြောလိမ့်မယ်လို့မထင်ထားခဲ့မိပေ။
ညနေပိုင်းမှရောက်လာတဲ့သူရက မျက်နှာမကောင်းတဲ့ယသော်ကိုကြည့်ပြီးမေးသည်။
“ယသော် ဘာဖြစ်နေတာလဲ ကျွန်တော့ကိုစိတ်ဆိုးနေတာလား”
“နင် ငါ့အကြောင်းနင့်မိဘတွေကိုတကယ်ပြောပြထားတာလား”
“အင်းလေ ယသော်ကိုတောင်ပြောပြသေးတယ်လေ”
“ဟင် အဲ့ဒါဆို အမွေဖြတ်မယ်ဆိုတာကလဲတကယ်ပေါ့”
“ဟုတ်တယ်လေ”
“ထမိန်နားခိုစားမယ်ဆိုတာကရော”
“ဟာ ယသော်ကလဲ ကျွန်တော်က အမေအမွေဖြတ်မယ်ပြောလိုအမေ့ကို့စ,လိုက်တာပါ ခိုစားစရာလား ပိုက်ဆံတစ်ကျပ်မှ မရှိရင်တောင်ယသော်ကို မငတ်အောင်ရှာကျွေးနိုင်တဲ့အရည်အချင်းရှိပြီးသားပါ ကျွန်တော်ကားမောင်းတတ်တာပဲ ကားမောင်းကျွေးမှာပေါ့ စိတ်မပူပါနဲ့ တခြားမှာရင်းနှီးထားတာတွေလဲရှိသေးတယ် အဖေ့ဆီကတောင်းပြီးသူငယ်ချင်းတွေနဲ့ ဘားဖွင့်ထားတာ ပြီးတော့စားသောက်ဆိုင်လဲဖွင့်ထားသေးတယ် သူငယ်ချင်းတွေပဲဦးစီးလုပ်ကြတာ ကျွန်တော်ကအငြိမ် မနေတတ်တဲ့သူဆိုတော့သိတဲ့အတိုင်း အားတဲ့အချိန်မှခဏတဖြုတ်သွားတတ်တာ အခုတော့ကျွန်တော့တစ်ယောက်ထဲ တစ်ခုလုပ်ဖို့ကြံစည်နေတာ လုပ်ဖြစ်မှပဲပြောပြတော့မယ် မိန်းမယူတော့မယ်ဆိုတော့ နည်းနည်းတည်ငြိမ်မှ ဖြစ်တော့မယ်လေ ယသော်ကဘာတွေကြားထားလို့လဲ လက်ကြောမတင်းဘူး ဘာညာကြားထားလို့လား အဲ့ဒါကြောင့် စိတ်ပူပြီး ချစ်ခင်ပွန်းကိုရှာကျွေးဖို့အစီအစဉ်တွေ ချတော့မလို့လား”
သူ့စကားကြားတော့လဲ စိတ်ထဲကျေနပ်သလိုလိုဖြစ်မိသည်။ ပေါ့ပျက်ပျက်လို့ထင်ရပေမယ့် ကိုယ့်အပေါ်တော့ အလေးအနက်ထားပုံမို့ ကြည်နူးမိသလိုခံစားမိပေမယ့် ခပ်တည်တည်ပြန်ပြောလိုက်သည်။
“နင်ပြောင်ချော်ချော်လုပ်မနေနဲ့ နင်နဲ့ယူပါမယ်လို့ငါဘယ်တုန်းကပြောလိုက်လို့လဲ”
“အခုပြောလိုက်လေ”
“သူရ ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့နော် အလကားနေရင်း ငါနာမည်ပျက်တယ် နင့်မိဘတွေကိုပြန်ပြောလိုက် ငါနဲ့ဘာမှ မပတ်သက်ဘူးဆိုတာကို”
“မပြောပါဘူး ကျွန်တော့မှာယသော်နဲ့လက်ထပ်ဖို့ကို ခဲရာခဲဆစ်ခွင့်ပြုချက်တောင်းခဲ့ရတာ”
“ဟင် နင့်အမေခွင့်ပြုလိုက်တာလား”
ဘာကြောင့်မှန်းမသိပဲ ရင်ထဲမှာထိတ်ခနဲ ပျော်သွားသလိုခံစားလိုက်ရသည်။
“နှစ်ယောက်လုံးခွင့်ပြုတာ အမေကအိမ်မှာအာဏာအရှိဆုံးလို့သူ့ဘာသာထင်နေတာ တကယ်ကအဖေ့ဆုံးဖြတ်ချက်က အတည်ပဲ အမေကအဖေ့ကိုအရမ်းချစ်တာ နောက်ဆုံးကျရင်သူ့ယောကျာ်းသဘောပဲ ယသော်လဲ အဲ့ဒီလိုပဲဖြစ်မှာပဲ ကျွန်တော့ကိုချစ်တယ်မလား”
အကောင်းထင်လို့စိတ်ဝင်တစားနားထောင်နေတဲ့ယသော်က ဂြိုလ်ပေးလိုက်သည်။
“နင်ဟာလေ ငါကတကယ်ပြောနေတယ်ထင်နေတာ”
“တကယ်ပြောနေတာပဲလေ အဖေကမင်းဘာသာရွေးချယ်ခဲ့တဲ့မိန်းမပဲ နောက်မှအိမ်ထောင်ရေးဖောက်ပြန်တာတွေ ဘာတွေဇယားမရှုပ်နဲ့ သူများသားသမီးကိုယူပြီး သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းတဲ့ ယသော်က အသက်ကြီးနေပြီမို့ အချိန်မဆွဲနဲ့တော့ ဝါကျွတ်ရင်လက်ထပ်လိုက်တော့တဲ့ ကဲ”
ယသော်ကိုဘယ်လိုလဲဆိုတဲ့သဘောနဲ့မေးဆတ်ပြလိုက်တဲ့သူရစကားတွေကို မယုံကြည်နိုင်ပါ။
“ယသော်အဲ့ဒါတွေခက်တာ ကျွန်တော်ဘယ်တုန်းကယသော့်ကိုညာဖူးလဲ ပြောသမျှတွေအားလုံးအမှန်တွေချည်းပဲ”
“ဆယ်ခွန်းပြောရင်ကိုးခွန်းကအပြောင်အပျက်စကားတွေပဲလေ”
“အခုပြောနေတာအားလုံးအမှန်တွေချည်းပဲ ယသော့်မိဘတွေကိုပြောလိုက်တော့ ဘယ်နေ့လာတောင်းရမလဲဆိုတာ”
အတည်ကြီးပြောနေတဲ့သူရမျက်နှာကို ကြည့်နေရာကနေ ဆတ်ခနဲမျက်နှာလွဲလိုက်မိသည်။ သူ့အကြည့်တွေနဲ့ ရင်မဆိုင်ရဲတော့ပေ။ ဘုရားရေ ငါရင်ခုန်နေတာများလား။
“ဘာလို့လာတောင်းရမှာလဲ”
“ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့နော် အထုပ်ဆွဲပြီးအိမ်ပေါ်တက်လာလိုက်မှာဗျ ကျွန်တော့မှာယသော်မျက်နှာမငယ်ရအောင် လူကြီးစုံရာနဲ့တောင်းရမ်းဖို့အရေး မနည်းကြိုးစားပြီးခွင့်ပြုချက်တောင်းထားရတာ”
ဘယ်လိုတောင်းတာလဲဆိုတာကို သိချင်သွားတဲ့ယသော်မျက်လုံးတွေကိုကြည့်ပြီး သူရပြုံးလိုက်မိသည်။ ယသော်ရယ် ကျွန်တော့ကိုချစ်နေရဲ့သားနဲ့ ဘာလို့ဟန်ဆောင်နေသေးလဲ။
“ဘယ်လိုတောင်းလဲဆိုတာ သိချင်နေပြီမလား အဲ့ဒါယသော်သတိထားမိလား ယသော်ကကျွန်တော်နဲ့ပတ်သက်တဲ့ ဘယ်အကြောင်းကိစ္စမဆို အားလုံးသိချင်နေတယ်ဆိုတာ”
“မပြောချင်လဲမပြောနဲ့ပေ့ါ ဘယ်သူကမေးနေလို့လဲ”
အလိုမကျစူပုတ်သွားတဲ့မျက်နှာကိုကြည့်ပြီး ရယ်လိုက်မိသည်။
“ဟား ဟား အဖေ့ရှေ့သွားပြီး ငိုင် ငိုင်ပြနေရတာပေါ့ အသဲကွဲသလိုလိုဘာလိုလိုနဲ့ အဖေ့မျက်စိရှေ့မှာသွားသွားထိုင်ပြီး ငါးရက်လောက်နေတော့အဖေ မနေနိုင်တော့ဘူးလေ အမေ့ကိုပြောတော့မယ်ဆိုတာ ကျွန်တော်သိနေတယ် မွေးကတည်းကအငြိမ်မနေတဲ့ကောင် ငိုင်နေတော့မိဘတွေဘယ်စိတ်ကောင်းမလဲ တစ်ခါမှအဲ့ဒီလိုမဖြစ်ဖူးတော့ ဒီကောင် တကယ်ကြိုက်နေတာပဲဆိုတာ သဘောပေါက်သွားပြီး ခုလေးတင်မှ အမေကခွင့်ပြုလိုက်တယ် နင့်သဘောပဲတဲ့ ဒါပဲလေ သိတယ်မလား နေသူရကအဖေအမေရဲ့အသဲဆိုတာ အခုတော့ ချစ်ဇနီးရဲ့အသဲပဲလုပ်တော့မယ်”
အော် တော်တော်ကြီးကိုကြိုးစားလိုက်ရရှာပေတယ်။ ယသော်မှာသူရကိုအမြင်ကတ်နေပေမယ့် အဲ့ဒီအမြင်ကတ်မှုဟာ စက္ကန့်ပိုင်းမျှသာဖြစ်သည်။ မိနစ်ပိုင်းအထိအမြင်ကတ်လို့မရအောင် သူကစကားတတ်လွန်းလှသည်။
“ချစ်နေကြောင်းကို မျက်နှာကြီးမဲ့ပြီးဖော်ပြနေစရာမလိုပါဘူး ကျွန်တော်နားလည်တယ်”
ရယ်ချင်ပေမိမယ့် မျက်နှာလွဲကာ ကျောခိုင်းနေလိုက်သည်။ ဒီလူသားလေးဟာ တကယ်ပဲယသော့်ရဲ့ ဖူးစားရှင်များလား။ နေရာတကာစနှောက်ပြီးပျော်ပျော်နေတတ်တဲ့နေသူရဟာ ယသော့်ထက် အများကြီးလူရည်လည်တာကို သိပါသည်။ သူပြောသလို သူနဲ့ပတ်သက်ရင် အစစအရာရာအားလုံးကို သိချင်နေမိသည်။ သူ မလာရင် မျှော်နေတတ်သည်။ သူနဲ့အတူတူရှိနေရင် ပျော်နေတတ်ပြီ။ လူကြီးတွေလဲသဘောတူပြီဆိုတော့ ရင်ထဲကအလုံးကြီးကျသွားသလို စိတ်အေးသွားရသည်။ ငါဘာတွေတွေးနေမိပါလိမ့်။ တကယ်ပဲသူ့ကိုချစ်နေတာများလား။ အံ့သြစရာ။ ဒါလေး တွေးမိတာနဲ့ ငါ့ ရင်ခုန်သံတွေ ဘာလို့မြန်လာရတာလဲ။
“ယသော်”
အတွေးလွန်နေတဲ့ယသော့်မျက်နှာရှေ့ ရုတ်တရက်ကြီးပေါ်လာတဲ့သူရမျက်နှာကြီးကို မြင်ပြီးလန့်သွားမိသည်။
“ကျွန်တော့ကိုချစ်တယ်မလား ဟန်မဆောင်ပါနဲ့တော့ကွာ လူ့သက်တမ်းကိုခြောက်ဆယ်နဲ့ပဲတွက်ကြည့် ယသော်ရဲ့ ကျန်နေသေးတဲ့နှစ်ဆယ့်ငါးနှစ်ကျော်ကို ပျော်ပျော်ရွှင်ရွှင်နေသွားပါလား အသက်ကွာလို့လူတွေဘာပြောမလဲဆိုတာ ဂရုစိုက်မနေနဲ့ ကျွန်တော်တို့လက်ထပ်ကြစို့နော် ဟင် လို့ ဟာ ယသော့်မျက်နှာတွေ ရဲနေတယ် ရင်တွေခုန်နေတာလား ဟား ဟား ချစ်ဖို့ကောင်းလိုက်တာကွာ အခုသိပြီမလား နေသူရကိုယသော် ချစ်တယ်ဆိုတာ ရေး တရားဝင်ချစ်သူတွေဖြစ်ပြီနော် ဒီတစ်ခါတော့မညာနဲ့တော့”
ကိုယ့်ကိုကိုယ်ဘာဖြစ်နေမှန်းပင်မသိတော့။ တကယ်ပဲ မျက်နှာတွေရဲနေခဲ့တာလားတော့မသိ။ ပူနေတာတော့ သတိထားမိသည်။ သူ့မိဘတွေသဘောတူတယ်ဆိုတာကြားလို့ ဟန်ဆောင်နေတဲ့နှလုံးသားလေးဟာ စိတ်ဒုံးဒုံးချပြီး ချစ်ဖို့ခွင့်ပြုလိုက်ပြီထင်။ ရှက်လွန်းလို့ ခေါင်းငုံ့ကာမျက်ရည်တောင် လည်ချင်ချင်ဖြစ်လာမိတော့သည်။ အသက် ၃၄ နှစ်ကျော်မှာရခဲ့တဲ့ ပထမဦးဆုံးသောချစ်သူက ယသော့်ထက်လေးနှစ်ကျော်တောင်ငယ်သတဲ့။ အမေတို့ကိုဘယ်လို ပြောပြရမယ်မှန်းမသိတော့ပေ။ ဒါပေမယ့် သူပြောခဲ့သလို နောက်ဖြတ်သန်းရမယ့်နေ့ရက်တွေကို ချစ်သူဘေးနားမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ကုန်ဆုံးသွားချင်ပါတော့သည်။
================================================================
သူရလှမ်းပေးတဲ့ Passport ကိုကြည့်ပြီးကြောင်နေမိသည်။ ဒီလောက်ထိလိုက်ရှာနေခဲ့ရတဲ့စာအုပ်ဟာ သူရလက်ထဲမှာ ရှိနေခဲ့တာလား။
“နင့်ဆီဘယ်လိုရောက်နေတာလဲ”
“ကျွန်တော်ခိုးထားတာလေ”
“ဘာ…”
ဘာဆိုတဲ့စကားကမဆုံးသေး လက်ကကျောပေါ်အုံးခနဲရောက်လာခဲ့သည်။
“အား နာလိုက်တာ”
“နာပါစေ နည်းတောင်နည်းသေးတယ် ငါ့မှာဒီလောက်လိုက်ရှာနေတာကိုသိရဲ့သားနဲ့”
“ယသော့်ကိုတားဖို့ကဒီတစ်နည်းပဲရှိတာလေ ကျွန်တော့ကိုထားပြီးထွက်သွားမှာကိုထိုင်ကြည့်နေရမှာလား”
“ငါရှာနေတာကိုတော့ ထိုင်ကြည့်နေတယ်ပေါ့လေ”
“ဟဲ ဟဲ ဒါတော့ခွင့်လွှတ်ပါဗျာ အဲ့ဒီအချိန်တုန်းကကျွန်တော်ယူထားမှန်းပြောလိုက်ရင် အခုလိုအခြေအနေတောင် ရောက်ခဲ့မှာမဟုတ်ဘူး”
အဲ့ဒါတော့ဟုတ်ပါသည်။ အခုလောက်ဆိုသူနဲ့ဝေးရာမှာနေသားကျချင်ကျနေလာက်ပြီ။
“မရောက်တာပဲကောင်းတယ် ပြောင်ချော်ချော်နင့်အကြောင်းကို ငါ့မိဘတွေဆီဘယ်လိုမျက်နှာနဲ့ဖွင့်ပြောရမလဲမသိဘူး”
“စိတ်မပူနဲ့ ယောက္ခမတွေရှေ့ဆို တည်ငြိမ်ရင့်ကျက်တဲ့ယောကျာ်းကြီးလိုနေပြမယ်”
လက်ပိုက်ကာ မျက်နှာကိုချီပင့်ပြီးလုပ်ပြနေတဲ့သူရကို စိတ်ပျက်လက်ပျက်ကြည့်မိရင်း။
“နင်ဟာလေ ကျပ်မပြည့်တဲ့လူနဲ့တူတယ်သိလား”
“ကျပ်ပြည့်လွန်နေတယ်လောက်တော့လုပ်လိုက်”
“ပြောလေကဲလေ နေသူရ ငြိမ်ငြိမ်ထိုင်နေစမ်း”
“ထိုင်နေမယ် ပြောစရာရှိလို့ မနက်ဖြန်အပြင်လျှောက်လည်ရအောင် ကျွန်တော်အဖေ့ဆီကခွင့်တောင်းထားတယ် အဖေ့အလုပ်တွေ လုပ်ပေးနေရလို့ ချစ်သူကစိတ်ဆိုးတော့မယ်လို့ အသက်လေးနှစ်ကျော် ငါးနှစ်နီးပါးငယ်တဲ့ဘဲကို Public ကိုချပြချင်နေတာ အခုထိမပြရသေးလို့စိတ်ကောက်နေပြီလို့ပြောလိုက်တယ်”
“ဘာ ငါဘယ်တုန်းကပြောလို့လဲ နင့်အဖေတော့ယုံနေတော့မှာပဲ”
“မယုံပါဘူး စိတ်ပူမနေနဲ့ အဖေကကျွန်တော့အကြောင်းသိပြီးသား ကျွန်တော်ကအဖေတူသားပါဗျ”
“နင်က အဖေတူသား…”
“ဟုတ်တယ် အဖေကကျွန်တော့အတိုင်းပဲ တအားပျော်တတ်တာ အမေ့ကိုတချိန်လုံးလျှောက်စနေတာ ဒါကြောင့်အမေက အဖေ့ကိုတအားချစ်တာ ကိုကိုကအမေနဲ့တူတာ အလကား မိန်းမနိုင်စားခံရတယ် ကျွန်တော်ကတော့မိန်းမအနိုင် မခံနိုင်ပါဘူး အချစ်ပဲခံမယ် နော် ယသော်အရမ်းချစ်မှာမလား”
အင်မတန်လူလည်ကျတတ်တဲ့နေသူရဟာ ယသော်ရဲ့ရင်ထဲကို ဘယ်အချိန်ထဲကဝင်ရောက်နေခဲ့လဲမသိ။ သူ့ကိုစိတ်ဆိုးချင်ရင်တောင် စိတ်မဆိုးအောင်ပြောတတ်ဆိုတတ်သူဖြစ်သည်။
“အဲ့လိုဂြိုလ်ပေးပြီးချစ်ကြောင်းကိုထုတ်မပြနဲ့ မနက်ဖြန်လျှောက်လည်မယ်နော် အိုကေ”
သူ့ဖာသာမေးပြီး သူဖာသာပဲအိုကေနေတဲ့သူရကို ယသော်ပြန်မဖြေတော့ပါ။ ဖြေစရာမလိုလောက်အောင်လဲ ယသော် မငြင်းဘူးဆိုတာသူသိနေပြီးသားကို။
ဘဝရဲ့ပထမဦးဆုံးသောဘဲချိန်းတွေ့တဲ့နေ့ဟာ ယသော်အတွက်စိတ်အရှုပ်ရဆုံးပင်။ အစတုန်းကတော့ ဘာမှမတွေးမိပဲ ရေချိုးအလှပြင်တဲ့အချိန်ကစပြီးစိတ်ရှုပ်ရလေသည်။ နုတ်ခမ်းနီဆိုးဖို့အရောင်ရွေးစဉ် ဘယ်အရောင်က ကိုယ်နဲ့ပိုလိုက်သလဲ မသိတော့ပေ။ အကျီၤအရောင်နဲ့တိုက်ပြီးဆိုးမယ်ဆိုပြီး အကျီၤရွေးချိန်မှပိုဆိုးတော့သည်။ ဘာဝတ်ရမယ်မှန်းကိုမသိတော့။
ဗီရိုရှေ့မှာခါးထောက်ရပ်ကြည့်နေရင်း ဒီပုံစံကိုသာနေသူရတွေ့ရင် သဘောကျလိုက်မယ့်ဖြစ်ခြင်းလို့တွေးမိသွားသည်။ အင်း မထားစဖူးရည်းစားလေးတစ်ယောက်ထားမိတာကို အပျိုကြီးတစ်ယောက် ဘာဖြစ်သွားပါလိမ့်။ တော်ပါ ဘာကိုတွေးပူနေတာလဲ။ သူ့ရှေ့မှာအရမ်းကိုလှချင်နေတဲ့ကိုယ့်ကိုကိုယ်နားမလည်နိုင်တော့။ ပေါ့ပေါ့ပါးပါးအသားရောင် ဂါဝန်တစ်ထည်ကိုသာ ဝတ်ဖို့ဆုံးဖြတ်လိုက်သည်။ နုတ်ခမ်းနီကိုလဲ အသားရောင်ဆန်တဲ့အဖျော့သာဆိုးလိုက်တော့သည်။
ဖိနပ်စီးချိန်မှာတော့ သေးသေးကွေးကွေးလို့အပြောခံရတဲ့အတွက် ယသော့်ဖိနပ်တွေထဲက အမြင့်ဆုံးအနက်ရောင် ဒေါက်ဖိနပ်ကို ရွေးစီးလိုက်သည်။ Tory Burch အိတ်အနက်လေးလွယ်ထားတာဆိုတော့ ဖိနပ်အနက်နဲ့လိုက်ဖက်ပါသည်။
သူရက မျက်လုံးတမင်မှေးကျင်းပြီး ယသော့်ကိုကြည့်ကာ။
“ဒီနေ့ ထူးခြားနေတယ်”
“ဘာ ဘာဖြစ်လို့လဲ”
ကားပေါ်ဝင်ထိုင်နေရင်း သူကဘာကိုပြောချင်သလဲမသိ ကိုယ့်ဘာသာမလုံမလဲနဲ့ပြန်မေးလိုက်မိသည်။
“အရမ်းချစ်ဖို့ကောင်းနေလို့လေ စပန့်ဂါဝန်နဲ့မဟုတ်ပဲ ဂါဝန်လှလှလေးဝတ်ထားတယ် သိပြီ ကလေးဂါဝန်ထဲက Size အကြီးဆုံးရှာဝယ်ထားတာမလား ခွီ….”
အရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောခံရလို့ကျေနပ်မလိုရှိသေး ရွှတ်နောက်နောက်စကားတွေကြောင့် နုတ်ခမ်းစူချင်ချင် ဖြစ်လာမိသည်။ သူနဲ့အတူတူရှိနေရင် မပျင်းရ။ မထပ်သော မရိုးနိုင်သော စကားလုံးတွေနဲ့စတတ်သူပင်။
“ပြီးတော့ အလှတွေလဲပြင်ထားတယ် ဒါ ပထမဦးဆုံးကျွန်တော့အတွက်အလှပြင်ခြင်းလေ ဟုတ်တယ်မလား မှတ်တမ်းတင်ထားဖို့လိုတယ် ဓါတ်ပုံရိုက်ရအောင်”
နှစ်ယောက်သား ကားမောင်းမထွက်သေးပဲ ကားပေါ်မှာ Selfie ဆွဲရင်း ရယ်မိကြသည်။
“ယသော် ဘယ်သွားချင်လဲ”
“မသိဘူးလေ နင်ပဲအပြင်သွားလည်မယ်ဆို”
“မမက မောင်ခေါ်ရာလိုက်မှာလား xxxx မမက မောင်ခေါ်ရင်လိုက်မှာလား”
စပ်ဖြီးဖြီးသီချင်းဆိုပြနေတဲ့ သူရကိုမျက်စောင်းတောင်မထိုးနိုင်တော့ပေ။
“ကန်တော်ကြီးသွားမလား”
ရာသီဥတုလေးသာယာကြည်လင်နေချိန်မှာ မရောက်တာကြာပြီဖြစ်တဲ့ ကန်တော်ကြီးသွားဖို့စိတ်ကူးမိသွားသည်။
“အိုကေဗျာ ကျွန်တော်ကရည်းစားတွေနဲ့ချိန်းရင်း နေရာပေါင်းစုံသွားဖူးတယ် ယသော်ပဲမသွားဖူးတာဆိုတော့ ယသော့်ဆန္ဒကို ဦးစားပေးရမှာပေါ့”
သူရက တင်းသွားတဲ့မျက်နှာကိုကြည့်ပြီး သဘောကျကာ တဟစ်ဟစ်ရယ်နေသည်။
“ကန်တော်ကြီးများ ရောက်ဖူးပါတယ်နော်”
“ချစ်သူနဲ့အတူရောက်ဖူးလို့လား ချစ်သူကထီးလေးမိုးပေးပြီးလမ်းအတူတူလျှောက်ဖူးလို့လား”
“အောင်မာ နင်သာမိန်းမပေါင်းစုံနဲ့တွဲပြီး အဲ့ဒီလိုတွေလှျှောက်လုပ်ပေးခဲ့တာမလား”
“ဟဲ ဟဲ အတိတ်ကအကြောင်းတွေကဖျက်လို့မှမရတော့တာ အခုတော့ ယသော်တစ်ယောက်ကိုပဲထီးမိုးပေးပါ့မယ်ဗျာ”
အမြဲတမ်းစနှောက်နေတတ်တဲ့သူရကို ယသော်အပြစ်မမြင်နိုင်တော့ပါ။ ဒီကောင်လေးနဲ့ကြိုက်ရင် ဒီလိုတွေဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ကြိုက်ခဲ့မိတာကိုယ့်အပြစ်ပင်။
“ထီးကလဲ ကြီးလိုက်တာ”
“ကြီးတော့ကောင်းတာပေါ့ ဘာဖြစ်လို့လဲ နင့်ကားထဲကထီးပဲလေ”
“သေးမှအနားကပ်လို့ရမှာပေါ့ အခုက ယသော်ကအဝေးကြီးကနေလျှောက်နေတာကို… ”
ထီးတစ်ချောင်းအောက်မှာ အတူတူရှိနေတဲ့ ဘယ်လောက်မှမဝေးတဲ့အကွာအဝေးကို ကပ်သပ်ပြောနေတဲ့ သူရကို ရယ်ချင်မိသည်။စကားမဆုံးခင်မှာ သူ့မျက်နှာကိုကြည့်ရင်းလျှောက်နေတဲ့ ယသော်တစ်ယောက် ခလုတ်တိုက်မိသွားသည်။ သူရက လက်မောင်းကိုဖမ်းဆွဲပေးလိုက်ရင်း။
“ဖိနပ်ပေါ်က ခုန်မချနဲ့လေ ယသော်နဲ့တော့ခက်ပါတယ်”
အဲ့ဒီသူရဟာ သူများရှက်သွားလို့ရှက်သွားမှန်းမသိ။ အောင့်သက်သက်နဲ့မရှက်ချင်ယောင်ဆောင်နေရသည်။
“ဖိနပ်နဲ့အရပ်နဲ့က အတူတူဖြစ်နေတော့ပြုတ်ကျတော့မှာပေါ့”
“နင် တော်တော့နော်”
“မတော်ပါဘူး ခုနထဲကပြောမလို့ ယသော်က ဖိနပ်အမြင့်ကြီးစီးတာနဲ့ကျွန်တော့အရပ်ကို မှီမယ်ထင်လို့လား ဘယ်လောက်မြင့်တာစီးစီး ရင်ခွင်မှီအရပ်ကနေတက်မလာဘူး မယုံရင်အခုဝင်ကြည့် လာလေ”
ထီးကိုတစ်ဖက်ကကိုင်ထားပြီး ကျန်လက်တစ်ဖက်ကိုဆန့်တန်းကာ ရင်ကြီးကော့ပြီး လာလေဆိုတဲ့သဘောနဲ့ပြောင်စပ်စပ် လုပ်ပြနေတဲ့သူရလက်မောင်းကို ပိတ်တီးပစ်လိုက်တော့သည်။ တချိန်လုံးလိုက်စနေတဲ့ဒီသူငယ်ဟာ အတော်နာချင်နေပုံရသည်။ သဘောကျကာတဟားဟားအော်ရယ်နေတဲ့သူရကိုကြည့်ပြီး ကိုယ်ပါလိုက်ရယ်မိတော့သည်။ အပျိုကြီးတစ်ယောက်ရဲ့ပထမဦးဆုံးသောချစ်သူနဲ့ချိန်းတွေ့ခြင်းက ဒီလိုတွေတဲ့လား။
================================================================
“မယသော် ဘယ်ကပြန်လာတာလဲ”
တိုက်ခန်းပေါ်တက်ဖို့လှေခါးထဲဝင်ခါနီးနောက်ကနေနုတ်ဆက်တဲ့အသံကြောင့် လှည့်ကြည့်လိုက်သည်။
“အော် ကိုစိုးထိုက် ဟင်းချက်ဖို့ဈေးဝယ်ပြီးပြန်လာတာ”
“ဟာ ယသော်ပြောမှ ကျွန်တော်လဲဝယ်စရာရှိတာမေ့လာပြန်ပြီ သွားဝယ်လိုက်ဦးမယ်”
“အော် ဟုတ်ကဲ့”
ပြုံးပြနုတ်ဆက်ရင်း စိုးထိုက်က ထွက်သွားသလို ယသော်လဲအပေါ်တက်လာခဲ့ပါသည်။ အခန်းသော့ဖွင့်နေစဉ် ခြေသံကြားလို့ကြည့်လိုက်မိရာ သူမရဲ့ချစ်သူမောင်သူရဖြစ်နေသည်။ ယသော်က ပြုံးပြလိုက်ရင်း။
“တော်သေးတယ် အခုမှဈေးကပြန်ရောက်လာတာ လာ ဝင်”
စားပွဲပေါ်ဝယ်လာတဲ့အထုပ်တွေချလိုက်ပြီး။
“ထိုင်လိုက်ပါဦးမယ် လမ်းလျှောက်ပြန်ခဲ့တာ ညောင်းတာ မိုးကလဲမနက်ကတည်းကရွာနေတာနော် ခုနလေးတင်မှ တိတ်သွားလို့ ဈေးသွားဝယ်လိုက်တာ ဘာသောက်မလဲ အအေးသောက်မလား ကော်ဖီသောက်မလား”
ကိုယ့်အာရုံနဲ့ကိုယ် စကားတစ်ခွန်းမှပြန်မပြောပဲ ထိုင်နေတဲ့သူရကိုသတိမထားမိပေ။
“ဟင် ဘာသောက်မလဲလို့ ဘာဖြစ်နေတာလဲ မျက်နှာကြီးက စူပုတ်ပြီး”
“ဘာဖြစ်ရမှာလဲ ခုနတုန်းကလူကဘယ်သူလဲ”
“ဘယ်သူ့ကိုမေးနေတာလဲ”
ရုတ်တရက်မို့ စိုးထိုက်နဲ့နုတ်ဆက်ခဲ့တာသတိမရမိပေ။
“အော် ကိုစိုးထိုက်လား ဒီရှေ့ခန်းမှာနေတာလေ”
“မျက်နှာချင်းဆိုင်အခန်းမှာနေတာလား အဲ့ဒီအခန်းကအရင်ကပိတ်ထားတာပါ”
“ဟုတ်တယ် မနေ့ကမှပြောင်းလာရင်း လာနုတ်ဆက်သွားတာ အရင်ကနေသွားတဲ့မစံပယ်ရဲ့မောင်လေ မစံပယ် အမျိုးသားက နေပြည်တော်မှာတာဝန်ကျလို့ပြောင်းသွားတော့ အဲ့ဒီအခန်းကိုပိတ်ထားခဲ့တာ အခုမှသူ့မောင်လာနေတာ ဂျပန်ကပြန်လာတာဆိုလား မစံပယ်ဖုန်းဆက်တယ် သူ့မောင်ကိုလိုအပ်တဲ့အကူညီလေးပေးလိုက်ပါဦးတဲ့”
“တစ်ယောက်ထဲနေတဲ့မိန်းကလေးက အဲ့ဒီယောကျ်ားကိုဘာအကူအညီပေးရမှာလဲ”
“အော် ဒီလိုပဲပေ့ါ မိတ်ဖြစ်ဆွေဖြစ်…”
သဘောရိုးနဲ့ဖြေနေတဲ့ယသော်က အခုမှသူရမေးခွန်းတွေကို သတိထားမိသွားသည်။
“သဝန်တိုနေတာပေါ့လေ”
“တိုတာပေါ့ မိတ်ဆွေဆိုရင်လဲ အဲ့ဒီလောက်ဖြီးပြနေစရာလိုလို့လား ကားထဲကနေကြည့်နေတာ အကုန်မြင်နေရတယ်”
“ဟင် ဘယ်မှာဖြီးလို့လဲ ပြုံးရယ်တာလောက်တော့နုတ်ဆက်ရမှာပေါ့မောင်သူရရယ်”
“သူကတစ်ယောက်ထဲနေတာလား လူပျိုလား”
“အင်း လူပျိုတဲ့ တစ်ယောက်ထဲနေတာထင်တယ်”
“လူပျိုမှန်းယသော်ကဘယ်လိုသိတာလဲ”
တစ်လုံးချင်းစီလိုက်ထောက်မေးနေတဲ့သူရကိုကြည့်ပြီး စကားပြောဆင်ခြင်မှဆိုတာ သတိရသွားသည်။ မစံပယ်က ဖုန်းဆက်လာရင်း ယောင်းမတော်ချင်တယ်လို့စ,သွားလို့ သိတာပါလို့ပြောလို့မဖြစ်ပေ။
“မစံပယ်ဖုန်းဆက်တာလေ သူ့မောင်တစ်ယောက်ထဲလို့ပြောလို့…”
“ယောင်းမတော်ချင်တယ်လို့ရော မပြောသွားဘူးလား”
“ဟင်”
အူကြောင်ကြောင်ကြည့်နေတဲ့ယသော်မျက်နှာကို ကြည့်တာနဲ့တင် သူရသဘောပေါက်လိုက်သည်။ အသက်သာကြီးတာ။ မလိမ်မညာတတ်တဲ့အပျိုကြီးဟာ အထူးတလည်အစ်အောက်မေးမြန်းနေစရာတောင်မလိုပေ။
“ကျွန်တော်မကြိုက်ဘူးနော်ယသော် လူပျိုအပျိုတစ်လွှာထဲမှာနေနေတာ…”
“တစ်လွှာထဲဆိုပေမယ့် တစ်ခန်းစီလေ သူ့အခန်းသူနေတာကို ဘာသွားပြောလို့ရမှာလဲ”
“ပြောနေတာကိုဆုံးအောင်နားထောင်ဦးလေ တစ်လွှာထဲနေနေတာ အရောတဝင်မနေနဲ့ ကင်းကင်းနေလို့”
“အင်းပါ လမ်းမှာတွေ့ရင်နုတ်ဆက်တာလောက်တော့လုပ်ရမှာပေါ့ မစံပယ်မျက်နှာလဲရှိသေးတာကို”
“မစံပယ်မျက်နှာကြောင့် ယောင်းမလဲတော်ချင်တော်လိုက်လေ”
“နင်နော်…..”
ချစ်ခြင်းမှာသဝန်တိုခြင်းဆိုတဲ့အရာဟာ တွဲရက်ကပ်ပါနေတတ်တာကို ယသော်မေ့နေမိသည်။ အမြင်ကတ်သလို မျက်စောင်းထိုးလိုက်မိပေမယ့် ကျေနပ်မိပါသည်။ သူသဝန်တိုနေပုံလေးကို ချစ်နေမိသည်။
“ကဲ ဒီနေ့ကျွန်မ ကိုစိုးထိုက်ကိုနုတ်ဆက်မိတဲ့အပြစ်ရှိသောကြောင့် မောင်သူရအတွက် အကောင်းဆုံးကော်ဖီ ဖျော်တိုက်ပါမည်”
“ကိုစိုးထိုက် ကိုစိုးထိုက်နဲ့ ခေါ်ရတာအတော်အရသာတွေ့နေတာ”
“တော်ပြီသူရ သဝန်တိုတာလဲတိုတာပေါ့ ငါ့သိက္ခာကိုထည့်တွက်ဦးလေ ငါကအဲ့လိုနေတတ်တဲ့မိန်းမလား အလကားနေရင်း ပြသနာမတက်ချင်ဘူးနော် နင်သဝန်တိုတာကိုကျေနပ်ပေမယ့်စော်ကားတဲ့ပုံမျိုးတော့လာမလုပ်နဲ့”
မကျေမနပ်ပြောဆိုပြီးအနောက်ထဲဝင်သွားတဲ့ယသော်ကို သူရပြန်ချော့ရမည့်ကိန်းပင်။ သဝန်တိုစိတ်ကောက်ချင်တဲ့သူက ပြန်ချော့ရမယ့်ပုံ။ သူရပေကပ်ကပ်နဲ့ဧည့်ခန်းထဲမှာဆက်ထိုင်နေလိုက်သည်။
“ကော်ဖီရပြီ”
“ဘယ်သူက ကော်ဖီသောက်မယ်ပြောလို့လဲ သံပရာရည်သောက်မှာ ဖျော်ပေး”
မရရတဲ့ဘက်ကနေ လှည့်ပတ်ညော်နေသူကြီးကိုကြည့်ပြီး ရယ်ချင်မိတော့သည်။
“ပြီးရော ဖျော်ပေးမယ် စိတ်မကောက်နဲ့တော့ လူကထွားထွားကြီးနဲ့စိတ်ထားကလဲသေးလိုက်တာ”
“ဘာဖြစ်လဲဗျ ကိုယ့်ချစ်သူကိုသဝန်တိုတာပဲ”
“ဘာမှမဖြစ်ပါဘူးတော် တိုတော်မူပါ ကလေးကျနေတာပဲ နောက်ကိုလိုက်ခဲ့ သံပရာရည်ဖျော်ပေးမယ်”
မျက်နှာကစူပုတ်နေပေမယ့် အနောက်ကိုလိုက်ဝင်ခဲ့တဲ့သူရကို ချိုချိုချဉ်ချဉ်သံပရာရည်လေး ဖျော်တိုက်လိုက်သည်။ အချစ်ဆိုတာလဲ သံပရာရည်ကဲ့သို့ပင်။ ချိုချဉ်လေးမှ ပိုအရသာရှိသည်ထင်။ သူသဝန်တိုနေပုံလေးကို ချစ်နေမိသည်။ စိတ်ကောက်တဲ့ပုံနဲ့ စကားမပြောပဲ ဖျော်ရည်သာသောက်နေတဲ့သူ့ကိုကြည့်ပြီး တစ်ယောက်ထဲကြိတ်ရယ်နေမိသည်။ ယသော်တစ်ယောက် သူသဝန်တိုတုန်းက ကိုယ်ချင်းမစာမိခဲ့သလောက် ကိုယ့်အလှည့်ရောက်တော့ မခံစားနိုင်ပေ။
“နေနေ”
ယသော်နဲ့နှစ်ဦးသား City Mart ထဲအတူတူလျှောက်ကြည့်နေစဉ် နောက်ကခေါ်သံကြားလို့ သူရလှည့်ကြည့်လိုက်သည်။ ပစ္စည်းတွေ အစုံပလုံထည့်ထားတဲ့တွန်းလှည်းကို တွန်းနေတဲ့သူရနဲ့ မလှမ်းမကမ်းမှာကော်ဖီရွေးနေတဲ့ယသော်လဲ လှည့်ကြည့်လာသည်။ သူတို့နှစ်ယောက်ဟာ တခြားစုံတွဲတွေလို ပူးကပ်ကာသွားလာတတ်သူမဟုတ်တော့ တစ်လိုင်းထဲ ရှိနေပေမယ့် တစ်နေရာစီကွဲနေသည်။
“အော် အင်ကြင်း”
“မတွေ့တာကြာပြီနော် ဘာတွေလုပ်နေလဲ”
“ဒီလိုပါပဲ အင်ကြင်းရော”
“နင့်လိုပါပဲ ဒီလိုပဲပေါ့ ဘာတွေလာဝယ်တာလဲ”
ယသော်ကိုမေးငေါ့ပြလိုက်ရင်း။
“ငါဝယ်တာမဟုတ်ဘူး လိုက်ကူပေးတာ”
“အော် ဘယ်သူလဲ နင့်ရည်းစားလား”
“အာ ဘယ်ကရည်းစားရမှာလဲ ချစ်သူ ဟဲ ဟဲ ဇနီးလောင်းပေါ့”
ကော်ဖီထုပ်ကိုခြင်းထဲထည့်လိုက်ပြီး စပ်စုနေတဲ့အင်ကြင်းကို ယသော်ပြုံးပြလိုက်သည်။ အင်ကြင်းမှာ သူရအဖြေကြောင့် ပျက်ချင်ချင်ဖြစ်သွားတဲ့မျက်နှာကို မနည်းထိန်းလိုက်ရပုံပင်။
“Old town ပဲဝယ်မှာလား တခြားရော”
“တခြားကကျန်သေးတယ် ဒါပဲကုန်နေတာ နှစ်ထုပ်ယူခဲ့တယ်”
ကော်ဖီကြိုက်တဲ့နှစ်ယောက်သား တစ်နေ့တစ်မျိုးမရိုးရအောင် တံဆိပ်ပေါင်းစုံဝယ်ထားကြသည်။ မထွက်သွားသေးပဲ သူတို့နှစ်ယောက်ပြောနေတာကို ကြည့်နေတဲ့အင်ကြင်းကြောင့် သူရက ယသော်နဲ့မိတ်ဆက်ပေးလိုက်သည်။
“ယသော် ဒါက အင်ကြင်းဖူးတဲ့ ဒါက မယသော်သူရတဲ့ ငါနဲ့လက်ထပ်မယ့်သူ”
“အော် ငါတို့ထက်ကြီးတာလား ငယ်တာလား”
အင်ကြင်း ယသော့်အသက်ကိုမခန့်မှန်းတတ်ပုံနဲ့မေးသည်။ အဲ့ဒီလိုအမေးခံလိုက်ရတော့ စိတ်ထဲတမျိုးဖြစ်သွားပေမယ့် ရိုးရိုးသားသားမေးတာပဲလို့ ဖြေသိမ့်တွေးလိုက်မိသည်။
“အဟဲ နည်းနည်းကြီးတယ်”
“Sorry နော်အမ အင်ကြင်းကဘယ်လိုခေါ်ရမလဲမသိလို့မေးလိုက်မိတာ”
“ရပါတယ် ညီမလေးကချောချောလေးပဲ သူရသူငယ်ချင်းဆိုတော့ အမသူငယ်ချင်းပဲပေါ့”
ယသော်ကဘာရယ်မဟုတ်ပြောလိုက်မိသော်လည်း အင်ကြင်းကပြန်ပြောတဲ့ပုံကိုသဘောမကျမိပေ။
“သူငယ်ချင်း??? အဟင်း အဲ့ဒီလိုပဲပြောရတော့မှာပေါ့ သွားတော့မယ်အမ နောက်မှအေးဆေးတွေ့တာပေါ့နေနေ”
ပြောပြောဆိုဆိုထွက်သွားတဲ့အင်ကြင်းကြောင့်စိတ်ထဲ တမျိုးဖြစ်ကျန်နေခဲ့သည်။
“သူက နင့်သူငယ်ချင်းမဟုတ်ဘူးလား”
“သူငယ်ချင်းလေ အရင်ကတော့ သူငယ်ချင်းကနေ ရည်းစား အခုတော့ သူငယ်ချင်းပဲပေါ့”
“ဘာ အဲ့ဒါကြောင့်ငါ့ကိုဒီလိုပြောသွားတာကိုး”
“ဘာပြောသွားလို့လဲ ကျွန်တော်လဲမကြားလိုက်ပါလား”
“သူ့အချိုးကိုပြောတာ သူငယ်ချင်း???ဆိုပြီး လုပ်သွားတဲ့ပုံက”
အင်ကြင်းပုံစံအတိုင်းလုပ်ပြပြီးပြောနေတဲ့ယသော်ကို သူရသဘောကျကာ တဟိဟိရယ်နေသည်။
“ရယ်မနေနဲ့ ဘယ်တုန်းကရည်းစားဖြစ်ခဲ့တာလဲ”
“ကြာပြီ ကျောင်းတက်တုန်းကလေ ရည်းစားဦးပေါ့ ဟဲ ဟဲ”
“ဟုတ်လား ဘာလို့ပြတ်သွားတာလဲ”
“အဲ့တုန်းကငယ်သေးတာကို ရည်းစားဖြစ်ခဲ့ပေမယ် ယောင်ဝါးဝါးတွေပဲ သိတယ်မလား ကလေးတွေဆိုတော့ လှတာမြင်ရင် ကြိုက်ချင်တယ်လေ သူလဲအတူတူ၊ ကျွန်တော်လဲအတူတူ ဆယ်ကျော်သက်တွေဆိုတော့ ကြိုက်တုန်းကတော့အရူးအမူးပဲ နောက်တော့သူဘဲအသစ်ရသွားတာတောင်မသိလိုက်ဘူး”
“နင့်ကိုထားသွားတာပေါ့”
“မဟုတ်ဘူး ကျွန်တော်လဲတခြားတစ်ယောက်ကိုကြိုက်သွားတာ”
“ဟင် နှစ်ယောက်စလုံးပေါ့ပျက်ပျက်တွေ ရည်းစားထားတာကို ကလေးကစားစရာကျနေတာပဲ”
“ယသော်ကလဲ တစ်ယောက်နဲ့တစ်ယောက်ခံယူချက်ချင်းမှမတူတာ ယသော်ကအချစ်ကိုအလေးအနက်ထားတယ်လေ တစ်ယောက်ထဲကိုပဲကြိုက် အဲ့ဒီတစ်ယောက်နဲ့ပဲလက်ထပ်မယ်ဆိုတဲ့ခံယူချက်နဲ့လေ ကျွန်တော်တို့ငယ်တုန်းကကျတော့ စိတ်ခံစားချက်ကိုဦးစားပေးကြတာ ချစ်ဖို့လွယ်သလိုပြတ်ဖို့လဲလွယ်တာပေါ့ ကျောင်းပြီးတော့အနေဝေးသွားပြီး ပြတ်သွားကြတာ မုန်းလို့နာကျည်းလို့လမ်းခွဲခဲ့တာမဟုတ်ဘူး ပျော်စရာတော့ကောင်းပါတယ် တိုက်ဆိုင်တဲ့သီချင်းလေးတွေ ကြားရင် လွမ်းစရာလေးတွေ ရှိတာပေါ့”
“အဲ့တော့ နင်ကသူ့ကိုလွမ်းနေတယ်ပေါ့”
“လွမ်းစရာလား သတိတောင်မရတော့ဘူး သူလဲကျွန်တော့လိုပဲမေ့နေလောက်ပါပြီ မတွေ့တာအရမ်းကြာနေပြီကို အခုတော့ဘာအကန့်မှမရှိတော့ဘူး သူငယ်ချင်းတွေပဲပေါ့ ကျွန်တော့အတွက်ယသော်ရှိရင်လုံလောက်ပြီ ယသော့်ကိုတော့ အဆုံးရှုံးမခံနိုင်ဘူး ကျွန်တော့ဆီကနေဘာအကြောင်းပြချက်နဲ့မှထွက်သွားဖို့မစဉ်းစားနဲ့ ယသော်မရှိရင်မဖြစ်ဘူး”
သူဘယ်လိုပြောပြော စိတ်ထဲမှာတော့ဘဝင်မကျနိုင်ပါ။ သူရရဲ့ရည်းစားဟောင်းတွေက အချောအလှလေးတွေပင်။ ဒီတစ်ယောက်က ခိုင်လောက်မလှသော်လည်း ယသော်ထက်တော့ အများကြီးလှပါသည်။ ပြီးတော့ အားလုံးက ယသော့်ထက် ငယ်တဲ့သူတွေချည်းပင်။ သဝန်တိုတာလားတော့မသေချာပေမယ့် အဲ့ဒီညမှာတော့ အိပ်လို့မပျော်နိုင်ခဲ့ပေ။ အခုမှပဲ စိုးထိုက်နဲ့သဝန်တိုတဲ့သူ့ရဲ့ခံစားချက်ကိုနားလည်လာသလိုပင်။
================================================================
“အဲ့ဒါယသော်မတရားတာပဲ”
“ဘာမတရားနေလို့လဲ ငါဘယ်လိုပြောရမလဲစဉ်းစားနေတာကို”
“ကျွန်တော့အိမ်ကခွင့်ပြုပြီးတာကြာပေါ့ နောက်တစ်လဆိုသီတင်းကျွတ်တော့မယ် အခုချိန်ထိအိမ်ကိုမပြောရသေးတော့ မင်္ဂလာဆောင်ဖို့ကိုဘယ်လိုစီစဉ်ရမလဲ မမီတို့တောင်မင်္ဂလာဆောင်ဖို့သုံးလေးလကြိုပြီးစီစဉ်နေကြတာ ကျွန်တော်ကတော့ ဆယ်လပိုင်းကုန်အထိပဲစောင့်ပေးမှာနော်”
“အမယ် ဆယ်လပိုင်းကုန်သွားရင်ကော နင်ကဘာလုပ်မှာလဲ”
“အထုပ်ဆွဲပြီးတက်လာရုံပဲလေ အသက်ကသုံးဆယ့်လေးကျော်နေပြီကို ကလေးကျနေတာပဲ အရွယ်ရောက်လို့ အိမ်ထောင်ပြုမှာကို ဘာတွေရှက်နေတာလဲ ပြောစရာရှိတာပြောလိုက်တော့လေ”
ပွစိပွစိပြောနေသောလူသားလေးကို ယသော်ချစ်စနိုးကြည့်နေမိသည်။
“နင်လဲသုံးဆယ်ပြည့်တော့မှာမို့တော်သေးတယ် အဖိုးကြီးကျနေတာပဲ ပွစိပွစိနဲ့”
“အဖွားကြီးကိုချစ်မှတော့အဖိုးကြီးပဲပေါ့”
“အမယ် ငါ့ကိုတွေ့တဲသူတိုင်းက သုံးဆယ်ကျော်တယ်လို့ကိုမထင်ကြပါဘူးနော် နင်သာရှည်လပျံရှည်လပျံနဲ့မို့ ရင့်ထော်နေတာ”
“ဘာလဲရှည်လပျံဆိုတာ ပေမှီဒေါက်မှီဗျ ယသော်နဲ့ကျွန်တော်ကလိုက်ပါတယ် ဖီးကြမ်းနဲ့သီးမွှေးကျနေတာပဲ”
“နင်အဲ့ဒီကာတွန်းတွေပါသိတယ် ငယ်ငယ်တုန်းကကာတွန်းတွေတအားဖတ်ခဲ့တာလား”
“ဖတ်တာပေါ့ ကျွန်တော်ကဟာသတအားကြိုက်တာကို စကားမလွဲနဲ့ အိမ်ကိုဘယ်တော့ပြောမှာလဲ အဖေက ဘယ်အချိန်သွားတောင်းပေးရမလဲတဲ့ ရန်ကုန်မှာလဲမဟုတ် နယ်သွားရမှာကို အချိန်ဆွဲမနေနဲ့တော့ အခုဆက်လိုက်တော့ ယသော်အမေဆီ အခုဆက်လို့”
“ဆက်မယ် ညကျမှ”
“မရဘူး အခုဆက်”
“နင်ဘယ်လိုဖြစ်နေတာလဲ ဆက်လိုက်ပါမယ်ဆို”
ဒီတစ်ခါတော့ သူရအလျော့မပေးနိုင်တော့ပါ။ အိမ်ကိုဖွင့်ပြောပြဖို့အရေး နေ့ရွေ့ညရွေ့လုပ်နေတဲ့ယသော်ကို စိတ်မရှည်နိုင်တော့ပေ။
“နိုး အခုဆက် ယသော်သူရအကြောင်းမသိရင်ခက်မယ် ကျွန်တော့ရှေ့မှာဆက်ပါ”
မထုံတက်သေးလုပ်နေတဲ့ယသော်ကို ကောင်းကောင်းပြောလို့မရတော့ပေ။
“ယသော်ဒီနေ့သနပ်ခါးလိမ်းထားတာအရမ်းချစ်ဖို့ကောင်းတယ် ဖက်နမ်းချင်စရာလေး”
“ဘာ….”
“အသည်းယားအောင်မလုပ်နဲ့ အိမ်ကိုဖုန်းဆက်ပြီးမင်္ဂလာဆောင်မယ့်အကြောင်းပြောမှာလား ဖက်နမ်းခံမလား ကြိုက်တာရွေး ကျွန်တော်ကဘာဖြစ်ဖြစ်အဆင်ပြေတယ်”
ရည်းစားစဖြစ်ကတည်းက လက်ကိုင်ဖို့တောင် သိပ်မသထာချင်တဲ့အပျိုကြီးကို တစ်ခါမှမနမ်းဖူးသေးပေ။ သူကမသိမသာနဲ့ အနားကပ်ရင် ယသော်ကသိသိသာသာ ခွာထွက်သွားတတ်သည်။ သူကိုယ်တိုင်ကလဲ ယသော်မကြိုက်တာဆို အတင်းအကြပ် မလုပ်ရက်ပေ။ ဂွကျတဲ့အပျိုကြီးကိုချစ်ရတာလဲ သူမရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေရသည်။
“နင်နော်”
ခေါင်းမာပြီးတင်းခံနေတဲ့ယသော်က ဖုန်းကို အမြန်ကောက်ကိုင်လိုက်သည်။ ဒီကောင်လေးကလွယ်တာမဟုတ်။ အတည်ကြီး လာဖက်နမ်းနေမှ။ တိုက်ခန်းထဲမှာနှစ်ယောက်ထဲရှိနေတာကို။
ဖက်နမ်းခံရမှာ အတော်စိုးရိမ်နေပုံပင်။ သူရကြိတ်ပြုံးလိုက်မိရင်း။
“အဟမ်း ဖုန်းမဆက်ချင်လဲရတယ်နော်”
“အခုဆက်နေတယ်လေ ဘယ်လိုဖြစ်နေတာလဲ”
“Speaker ဖွင့်ထား ကျွန်တော်ပါနားထောင်မယ်”
“အဲ့ဒါတော့မင်းနည်းနည်းများသွားပြီလူလေး သူများသားအမိပြောတာကို နားထောင်စရာလား ဝေးဝေးမှာထိုင်နေ သွား သွား ဟိုဘက်ခြမ်းပြောင်းထိုင်”
သူ့အနားကပ်လာမှာစိုးလို့အတင်းမောင်းထုတ်နေတဲ့ယသော်သဘောအတိုင်း နေရာပြောင်းထိုင်ပေးလိုက်သည်။
“ဟယ်လို အမေ ဘာလုပ်နေလဲ နေကောင်းလား”
“ကောင်းပါ့ ဘယ်လိုလဲ လူကြီးချင်းစကားပြောဖို့ဖုန်းဆက်လာတာလား”
အိမ်ထောင်ပြုဖို့အကြောင်းစကားစမှာစိုးလို့ အမေဆီဖုန်းသိပ်မဆက်ဖြစ်တဲ့ယသော်ကို ဆက်လိုက်တာနဲ့ တန်းမေးတော့သည်။ လေးနှစ်ငယ်တဲ့ယောကျာ်းနဲ့လက်ထပ်မယ်လို့သာပြောလိုက်ရင် ဘယ်လိုဖြစ်သွားမလဲမသိ။
“အမေ သမီးအိမ်ထောင်ပြုမယ်ဆိုဘယ်လိုယောကျာ်းမျိုးရွေးသင့်လဲ”
တစ်ခါမှ မမေးဖူးတဲ့မေးခွန်းမို့အမေတောင် အတန်ကြာတိတ်သွားသည်။
“သမီးချစ်သူရနေပြီလား”
“ဟုတ်”
“သူကဘာဖြစ်နေလို့လဲ တခုခုချို့ယွင်းချက်ရှိနေလို့လား”
သမီးလေသံကြားတာနဲ့ဘာဖြစ်နေလဲဆိုတာကို အခုအချိန်ထိတန်းသိနေသေးတဲ့အမေပါ။
“အဲ့လိုမဟုတ်ပါဘူး ဟို သမီးထက်လေးနှစ်ကျော်ငယ်လို့”
“လေးနှစ်ကျော်တောင်ငယ်တယ် ထင်တော့ထင်တယ် ငါ့သမီးအသက်ငယ်တာနဲ့ပဲတွေ့တော့မယ်ဆိုတာ ကောင်လေးက ဘာလုပ်တာလဲ”
“သူ့မိဘလုပ်ငန်းမှာပဲလုပ်ကူနေတာ သူတို့အိမ်ကပွဲရုံလုပ်တာ”
“အော် သမီးကိုရောကောင်းကောင်းမွန်မွန်ဆက်ဆံရဲ့လား”
“ဟုတ်”
“သမီးကရော တကယ်ကြိုက်ရဲ့လား ယူပြီးမှပြသနာဖြစ်မှာစိုးတယ်”
“မဖြစ်လောက်ပါဘူးအမေ သူကသမီးကိုချစ်ပါတယ်”
“ဟိုဘက်မိဘကရော ဘယ်လိုလဲ သဘောတူသတဲ့လား”
“ဟုတ် တူတယ် ဘယ်နေ့လာတောင်းရမလဲတဲ့”
“ကောင်းပြီလေ အမေသမီးအဖေနဲ့တိုင်ပင်ပြီးပြန်ပြောမယ်”
“အမေ သဘောတူလားမတူဘူးလားဖြေဦးလေ”
“သမီးကိုယ်တိုင်ရွေးချယ်ထားတဲ့လူပဲလေ ဒီလောက်ဇီဇာကြောင်တဲ့ကိုယ့်သမီးကကြိုက်ပါတယ် ယူချင်ပါတယ်ဆိုပြီး ပြောနေမှတော့ အမေဘာတတ်နိုင်တော့မှာလဲ လူပျိုလူလွတ်လူကောင်းသူကောင်းဖြစ်ရင်ပြီးရောပေါ့ အဲ့တစ်ချက်တော့ သေသေချာချာစုံစမ်းထားနော် ပိုက်ဆံရှိတာမရှိတာထက် လူလွတ်ဖြစ်ဖို့နဲ့စာရိတ္တကောင်းဖို့ပဲ အရေးကြီးတယ် အရင်ကတည်းကသမီးကြိုက်တဲ့လူနဲ့ပေးစားမယ်လို့ ကတိပေးထားတာပဲလေ ဟိုဘက်ကလူကြီးတွေလဲသဘောတူတယ် ဆိုတော့ အမေတို့ဘက်ကလဲငြင်းစရာအကြောင်းမရှိပါဘူး လေးနှစ်ကျော်ငယ်လဲပေးစားရတော့မှာပေါ့ သမီးတို့လူငယ်ချင်း ကြိုက်ဖို့ပဲ အရေးကြီးတာ အမေ့သမက်လောင်းပုံပို့ခဲ့ဦး အမေတို့အကဲခတ်ကြည့်ချင်သေးတယ်”
“အမေကလဲ ဘာသမက်လောင်းလဲ”
အမေကိုချစ်သူနဲ့လက်ထပ်ချင်ကြောင်းပြောတာကို မပွင့်တပွင့်နဲ့ရှက်သလိုဖြစ်နေတဲ့ယသော်ကို သူရက လက်ထောက်ပြီး ငေးကြည့်နေရင်း ဘယ်လိုချစ်မှန်းမသိချစ်နေမိသည်။
“ရှက်မနေနဲ့ အခုပို့ခဲ့ အမေကြည့်ချင်လှပြီ ဒါပဲနော် သမီးအဖေကိုလဲအခုပြောလိုက်မယ် နောက်မှဖုန်းပြန်ဆက်မယ်”
ဖုန်းချလိုက်ပြီး သက်ပြင်းပါချလိုက်မိသည်။ ပြောပြီးတော့လဲ ပြီးသွားတာပင်။ မပြောခင်ကသာ လျှောက်တွေးပြီး ရှက်နေခဲ့မိတာ။ ပြီးတော့ လေးနှစ်ငယ်လို့ သဘောမတူမှာ စိုးရိမ်ခဲ့မိတာ။ အမေက သမီးအပေါ်နားလည်လွန်းပါသည်။
“သဘောတူတယ်မလား”
“မတူဘူးတဲ့”
“သမက်လောင်းလို့တောင်ခေါ်နေတာကို ဘာမတူဘူးလဲ”
“နင့်ပုံပို့ခဲ့ဦးတဲ့ အခုရိုက်ပြီးပို့လိုက်မယ် ဒီကိုကြည့်”
“ဟာ ခဏနေဦးလေ နည်းနည်းပါးပါးပြင်လိုက်ဦးမယ် ယောက္ခမကြီးအချစ်ပိုအောင်”
အကျီၤတွေဆွဲဆန့်ကာ ပြုံးပြုံးကြီးလုပ်နေတဲ့သူရကို ဓါတ်ပုံရိုက်ရင်းရယ်နေမိသည်။
“ဘာရယ်တာလဲ မလှလို့လား မပို့နဲ့ဦး ကျွန်တော်ကြည့်ဦးမယ်”
“ဘာလို့ပြရမှာလဲ ဒီတိုင်းပို့လိုက်မှာ”
“ပြဦးလို့”
ဒီတစ်ခါတော့ယသော့်အလှည့်ပင်။ အမြဲတမ်းသူကပဲ စနောက်နေခဲ့တာ။ ယသော်ဖုန်းကိုင်ကာ လျှာထုတ်ပြပြီး ထိုင်ခုံတွေပတ်ကာ ပြေးနေလိုက်သည်။
“တီးတောင်”
ဘဲလ်သံကြောင့် တံခါးပေါက်နားရောက်နေတဲ့ယသော်က ပြေးနေရာမှရပ်လိုက်ပြီး။
“နင်အဲ့ဒီနားရပ်နေနော် ငါကဒီနားမှာ ခဏနေမှပြန်ဆက်ပြေးမယ် ဘယ်သူလဲမသိဘူး ကြည့်လိုက်ဦးမယ်”
ကလေးတုန်းက ကစားသလို နေရာမှတ်ပြီးရပ်ခိုင်းထားတဲ့ယသော့်စကားအတိုင်း ရယ်ရင်းရပ်နေလိုက်သည်။ ဒီအပျိုကြီးကို အဲ့ဒါတွေ ချစ်နေရတာပင်။
“အော် ကိုစိုးထိုက် ဘာကိစ္စရှိလို့လဲ”
“တူပြန်လာပေးတာ ဟိုတနေ့ထဲကပြန်ပေးမလို့ မေ့ပြီးပြန်မပေးမိဘူး”
“အော် ဟုတ် ရပါတယ်”
အခုမှယသော်လဲသတိရသည်။ သူအိမ်ပြောင်းလာတဲ့နေ့က နုတ်ဆက်စကားပြောရင်း ငှားသွားခဲ့တာ။ မေ့တောင်မေ့နေပြီ။ သံပန်းကြားထဲကနေ တူကိုလှမ်းယူလိုက်သည်။
“တံခါးတောင်ဖွင့်မပေးတော့ဘူးလား”
“ရှင်…”
သံပန်းတံခါးကို တမင်မဖွင့်ပေးတဲ့ယသော်မှာ ဘာပြန်ပြောရမယ်မသိ ကြောင်တောင်တောင်ဖြစ်သွားသည်။
“ဟား ဟား စတာပါ ကျွန်တော်အပြင်သွားမလို့ မှာစရာရှိသေးလား”
“အော် မမှာတော့ဘူး ကျေးဇူးပါ”
စိုးထိုက်က လက်ပြနုတ်ဆက်ကာထွက်သွားတော့ ယသော်လဲတံခါးပြန်ပိတ်လိုက်သည်။ အလိုမကျမှုတွေနဲ့မုန်ကုတ်နေတဲ့ ကိုယ်တော်က။
“အရင်ကတံခါးဖွင့်ပေးနေကျလား”
“မဖွင့်ပေးပါဘူး”
“အဲ့ဒါဆိုသူကဘာလို့အဲ့ဒီလိုပြောသွားတာလဲ”
ဘာပြန်ဖြေရမလဲ စဉ်းစားသော်လည်းထွက်မလာ။ ကံဆိုးစွာပင် သူရရှိနေချိန်မှာမှ ဘာစိတ်ကူးပေါက်ပြီးပြောသွားမှန်း မသိတဲ့ စိုးထိုက်ကိုသာ အပြစ်တင်ရတော့ပေမည်။
“ဘာတွေတွေးနေပြန်တာလဲ ပုံပို့မယ်ဆို ဟိုမှာလူကြီးကစောင့်နေလောက်ပြီ”
“အော် အေး အခုပို့လိုက်မယ်”
ယသော့်ကို စိတ်မတိုတိုအောင်အမြဲတမ်းစနောက်နေတတ်တဲ့ နေသူရတစ်ယောက် အသံတိတ်ထိုင်ကာ စိတ်ကောက်နေကြောင်းဆန္ဒပြနေလေသည်။
“မောင်သူရ စိတ်ကောက်နေတာလား သံပရာရည်ဖျော်တိုက်ရမလား”
တုံ့ပြန်လာတဲ့ပေစောင်းစောင်းအကြည့်ကိုသဘောကျစွာရယ်လိုက်မိသည်။
“အခု ငါဘာတွေးနေလဲ သိလား”
“မသိဘူး”
ဂျစ်တစ်တစ်ကောင်လေးကို ချစ်စနိုးကြည့်ရင်း။
“နေသူရဆိုတဲ့ကောင်လေးက ချစ်ဖို့ကောင်းလိုက်တာ သူနဲ့တသက်လုံးနေသွားချင်တယ်လို့တွေးနေတာ”
မနောခွေ့သွားပြီးပြုံးစိစိဖြစ်သွားတဲ့မျက်နှာကို ထိန်းမရနိုင်တော့ပေ။ သူကျေနပ်အောင် စကားလုံးအများကြီးသုံးစရာမလိုပဲ တစ်ချက်ထဲနဲ့ ချော့တတ်တဲ့အပျိုကြီးမမပင်။

3️⃣ ကျွန်တော့်ရဲ့ အပျိုကြီး [ My spinster ]Donde viven las historias. Descúbrelo ahora