အပိုင်း ( ၁ )

9.7K 187 4
                                    

Unicode font

လှပသောတစုံတရာ (Something Beautiful)
အပိုင်း (၁)

ဘရဏီနေထွန်း အသဲကွဲနေတဲ့နေ့။ ဏီဏီလို့ချစ်စနိုးခေါ်ပြီး တစ်အိမ်လုံးက ဖူးဖူးမှုတ်အလိုလိုက်ခံရတဲ့ မိန်းကလေးတစ်ယောက် အသဲကွဲပြီး ငိုနေချိန်ပါ။ အိမ်ခန်းထဲမှာငို၊ ဧည့်ခန်းထဲသွားငို အားမရလို့ ခြံထဲထိသွားငိုနေမိသည်။
“အသဲကွဲတယ်ဆိုတာ အရူးလိုပဲကွာ အရူးလိုပဲလား အသဲကွဲတယ် အသဲကွဲတယ်ဆိုတာ”
တကယ်ကို အရူးလိုပါပဲ။ ဘယ်မှာပဲရှိနေနေ အရူးလိုငိုနေမိသည်။ အခန်းထဲတစ်ယောက်ထဲမို့အထီးကျန်လို့ ငိုနေမိတယ်ထင်ပြီး တစ်အိမ်လုံးအနှံလျှောက်သွားနေသော်လည်း ဏီဏီရဲ့အချစ်ဦး ထူးဇော်ကိုပဲသတိတွေရပြီး ငိုနေမိသည်။ ဖေဖေကလွဲလို့ မမကေအပါအဝင် တစ်အိမ်လုံးကို အသဲကွဲနေတယ်ဆိုတာ ကြေငြာထားလို့ ဘယ်သူကမှ ဏီဏီငိုနေတာကို လာမနှောက်ယှက်ကြပေ။ တစ်ခွန်းမှလဲလာမမေးကြ။ မေးမိသူ နားညီးနေအောင်နားထောင်ရမည် စိုးသောကြောင့် ဝေးဝေးကတောင်ရှောင်သွားကြသေးသည်။ ကိုယ့်အာရုံနဲ့ကိုယ် အသဲကွဲပြီးငိုနေတဲ့ဏီဏီဟာ ခြံထဲကို ကားတစ်စီးဝင်လာတောင် မသိနိုင်တော့ပါ။
ကားပေါ်ကဆင်းတာနဲ့ သီချင်းသံအတူကြားလိုက်ရတဲ့ငိုရှိုက်သံကြောင့် အိမ်ထဲဝင်တော့မယ့် ကောင်းမွန်ခြေလှမ်းတို့ ရပ်တန့်သွားသည်။ ဘာရယ်မဟုတ်ပဲ ငိုသံကြားတဲ့ဆီကို လျှောက်သွားရင်း ကြည့်လိုက်မိသည်။
“နင်မရှိဘူးနေခဲ့ရ ငါတစ်ယောက်ထဲနေခဲ့ရ နာကျင်ခြင်းနဲ့လက်ကိုဓါးနဲ့မွှမ်း ဒီမှာနေ့ခင်းဆိုလဲ နေ့ခင်းလွမ်း ငါလေညခင်းဆိုလဲ ညခင်းလွမ်း ဘယ်လိုမျိုးလဲဟေ့ ဘယ်လိုမျိုးလဲဆိုတာငါမသိခဲ့ အိမ်မှာနေရင်းထိုင်ရင်းငိုမိခဲ့ လူတွေပြုံပြီး ကြည့်လဲငါမသိခဲ့”
လူတွေပြုံမကြည့်နေပါ။ သူတစ်ယောက်ထဲကြည့်နေတာကိုမသိပဲ မြက်ခင်းပေါ်ထိုင်ချကာ ပန်းအိုးအကြီးကြီးတွေကို ကွယ်ပြီး အားရပါးရငိုနေတဲ့ ကလေးမလေးဟာ အလွန်ဆုံးရှိလှမှ ဆယ့်ရှစ်၊ဆယ့်ကိုးနှစ်ပေါ့။ သူကြည့်ပြီးအိမ်ထဲဝင်ဖို့ ပြန်လှည့်ရန်လုပ်နေစဉ်။ ငိုနေရင်းရုတ်တရက် အနားမှာရှိတဲ့ မြေဆွတဲ့ခက်ရင်းခွကိုယူပြီး လက်မြှောက်လိုက်လို့ ကောင်းမွန် စိတ်ပူသွားပြီး အမြန်ပြေးသွားကာ လက်ကို ဖမ်းဆွဲလိုက်သည်။
“ဟေ့ ဒါဘာလုပ်တာလဲ”
မထင်မှတ်ထားပဲ လက်ကောက်ဝတ်ကိုဖမ်းဆွဲခံလိုက်ရသောကြောင့်ဏီဏီကြောင်သွားသည်။ တစ်ခါမှမမြင်ဖူးတဲ့လူကြီးကို ကြည့်ပြီး ပြန်မေးလိုက်မိသည်။
“ခင်ဗျားကရောဘယ်သူလဲ”
“မင်းလက်ထဲကဟာကို အရင်ချလိုက်”
ခက်ရင်းခွကို ပစ်ချလိုက်မှ သူကလက်လွှတ်ပေးသည်။ ကောင်းမွန် ကလေးမဘေးနားဝင်ထိုင်လိုက်ရင်း မေးလိုက်သည်။
“ဘာလို့ငိုနေတာလဲ အသဲကွဲနေတာလား”
“ဟုတ်တယ်..”
အခုလို အရေးတယူလာမေးတဲ့လူရှိတော့ ပိုပိုငိုချင်လာမိသည်။
“ဟား ဟား ဇာတ်ဝင်သီချင်းနဲ့ အသဲကွဲနေတာကိုး”
“ဘာဗ်”
ကိုယ့်ဘာသာ ဖီးလ်လို့ကောင်းနေပါတယ်ဆို သူပြောမှပဲ ရှက်လာမိသည်။ ဏီဏီကိုကြည့်ပြီးရေးထားသလား ထင်ရတဲ့ သီချင်းကို အပြန်ပြန်အလှန်လှန်နားထောင်ရင်း အသဲကွဲနေပါတယ်ဆို။ Bluetooth Speaker နဲ့ဖွင့်ထားတဲ့သီချင်းကို ပိတ်လိုက်ပြီး တစ်ခါမှမမြင်ဖူးတဲ့ဒီလူကြီး ငါတို့ခြံထဲဘယ်လိုရောက်နေပါလိမ့်လို့တွေးမိသွားသည်။
“ခင်ဗျားဘယ်သူလဲလို့မေးထားတယ်လေ”
“ငါလား ငါ့နာမည်က ကောင်းမွန်ထွန်း”
“နာမည်ကလဲ မိန်းမနာမည်လိုလို ကွမ်းယာဆိုင်နာမည်လိုလိုနဲ့ ဒီအိမ်ထဲဘာလို့ရောက်နေတာလဲ”
ဏီဏီစကားကြောင့် ကောင်းမွန်ပြုံးလိုက်မိသည်။ ဝမ်းနည်းနေပေမယ့် သူ့နာမည်ကိုတော့ ဝေဖန်နိုင်သေးသည်။
“အန်ကယ်ခိုင်းလို့ ဖုန်းအိမ်မှာကျန်ခဲ့တယ်တဲ့ အဲ့ဒါငါလဲဒီဘက်နားရောက်နေလို့လမ်းကြုံလို့လာဝင်ယူပေးတာ”
“ခင်ဗျားအချိန်ရလား”
“ဟင် ဘာဖြစ်လို့လဲ”
“ရင်ဖွင့်စရာလူမရှိလို့ နားထောင်ပေးပါလား”
ကောင်းမွန်ရယ်ချင်မိသွားသော်လည်း မျက်လုံးတွေနီရဲမို့ဖောင်းအစ်အောင်ငိုထားတဲ့ကလေးမကို မရယ်ရက်တော့ပေ။ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရည်းစားနဲ့ ပြတ်တာကို ကမ္ဘာပျက်လုမတတ်ခံစားပြနေလေသည်။
“ငါးမိနစ်လောက်ဆို အဆင်ပြေလား”
“ဟာ ငါးမိနစ်နဲ့ဘယ်ရမလဲ ရင်ဖွင့်ပါမယ်ဆို”
“ရင်ဖွင့်သံနားမထောင်ခင်အရင်ပြောပါဦးမယ် ခုနကအဲ့ဒါကြီးကိုင်ပြီးဘာလုပ်မလို့လဲ”
ကောင်းမွန်လက်ညှိုးထိုးပြတဲ့ ခက်ရင်းခွကိုကြည့်လိုက်ရင်း။
“မြေကြီးဆွမလို့လေ”
“ဟမ် ငါကမင်းကိုယ်မင်းတစ်ခုခုလုပ်တော့မယ်ထင်နေတာ”
“လုပ်ပါဘူး လုပ်စရာလား အနာရွတ်ကျန်ခဲ့မှာပေါ့ လူကနဂိုထဲကမှမလှပါဘူးဆို အနာရွတ်ကျန်မယ့်အလုပ်မျိုးမလုပ်ဘူး အီးးးး ဏီ့ဘဲကအလှအရမ်းကြိုက်တာ အခုတောင်အရမ်းလှတဲ့ကောင်မလေးနဲ့တွဲနေတာ မနေ့ကမှသူတို့ဝန်ခံတာ”
ကိုယ့်အပေါ်လုပ်ရက်တဲ့ဟိုနှစ်ကောင်မျက်နှာကိုမြင်ယောင်မိရင်း စိတ်တိုလာလို့မြေကြီးဆွဖို့လုပ်နေတာကို။ သူ့အထင်နဲ့ လာဆွဲပြီးမှ။
ရှိုက်သံစွက်ပြီး ပြေတဲ့စကားကြောင့် ကောင်းမွန်ရယ်လိုက်မိသည်။ သူကတော့ ဏီဏီသူ့ကိုယ်သူတခုခုလုပ်တော့မယ် ထင်ပြီး တားလိုက်မိတာ။ သူမဟာ အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်း နှာတံပေါ်ပေါ် နုတ်ခမ်းထူထူစုစုလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးပါ။ နီရဲ့မို့ဖောင်းနေတဲ့မျက်လုံးတွေနဲ့မျက်ရည်တွေ သုတ်ရင်း ငိုရှိုက်နေပုံက ကလေးတစ်ယောက်လိုပင်။
“မင်းလဲလှပါတယ် ကလေးနဲ့တူတယ်”
“အဲ့လိုမဖြစ်ချင်ဘူး ဆွဲဆောင်မှုရှိတဲ့မိန်းကလေးပဲဖြစ်ချင်တာ ထူးဇော်ကအဲ့လိုမိန်းကလေးမှကြိုက်တာ ဏီလိုကလေးပုံစံကို မကြိုက်ဘူးတဲ့”
“အင်း ဒီလောက်ချစ်စရာကောင်းတဲ့မိန်းကလေးကိုထားခဲ့တာ အဲ့ဒီကောင်တစ်နေ့ကျရင်နောင်တရမယ်”
“ဟုတ်တယ်နော့ အဲ့ဒီအချိန်ကျမှ ပြန်ချေပစ်ဦးမယ် ဒါပေမယ့် ဒါပေမယ့် ဏီမှသူ့ကိုမပြတ်နိုင်တာ”
မြှောက်ပြောတဲ့စကားကို ချက်ချင်းထောက်ခံတဲ့ ဏီဏီကို ရယ်ချင်မိသော်လည်း ဆက်ပြီးလေပေါနေလို့မဖြစ်။ ဖုန်းယူပြီး အလုပ်ထဲပြန်သွားရပေဦးမည်။
“အချိန်တွေက ကုစားသွားမှာပါ ကဲ ကလေးမလေး ငါဖုန်းသွားယူလိုက်ဦးမယ်”
မတ်တပ်ရပ်ကာ အိမ်ထဲသွားဖို့ခြေလှမ်းပြင်နေတဲ့ကောင်းမွန်ကို ဏီဏီကမော့ကြည့်ပြီးမေးလိုက်သည်။
“ဖုန်းယူပြီးပြန်တော့မှာလား”
“အင်းလေ အန်ကယ်မျှော်နေတော့မှာပေါ့”
“ပြောတော့ ရင်ဖွင့်တာနားထောင်ပေးမယ်ဆို”
“အာ အခုကအချိန်မရတော့လို့ နောက်မှနားထောင်ပေးမယ်လေ”
“အီးးးး တစ်အိမ်လုံးကလဲ ဏီ့ကိုပုန်းနေကြတယ် ဘယ်သူမှနားမထောင်ပေးချင်ကြဘူး သူများအသဲကွဲနေတာကို ကိုယ်ချင်းမစာကြဘူး အကျင့်ပုတ်တွေ”
ဒီတစ်ခါတော့ သူစိတ်မထိန်းနိုင်ပဲရယ်လိုက်မိတော့သည်။
“အခုကအလုပ်ချိန်မို့လို့ပါ ရုံးပြန်သွားရဦးမယ်လေ အချိန်ရရင်နားထောင်ပေးပါတယ်ကွာ”
“ဒါဆို ရုံးဆင်းချိန်ဏီ့ဆီလာခဲ့ပါလား တစ်နေရာကိုသွားချင်လို့”
အင် ဇွတ်ကိုတောင်းဆိုနေတဲ့ကလေးမဟာ တခြားသူငယ်ချင်းတွေမရှိဘူးထင်ပါသည်။
“ဟာ အဲ့လိုတော့မဖြစ်ဘူးလေ အန်ကယ်ဘယ်ကြိုက်မလဲ သူစိမ်းယောကျာ်းလေးနဲ့သူ့သမီးအတူတူသွားလာတာသိရင်…”
“ကိုယ့်အဖေအကြောင်းကိုယ်အသိဆုံးပါနော် ခင်ဗျားကိုသာစိတ်မချဘူးဆိုရင် ဒီအိမ်အရိပ်တောင်နင်းခိုင်းမှာမဟုတ်ဘူး လုပ်ပါ ညနေကျရင်ခဏလောက်လာခေါ်ပေးပါ”
အဖေ့အကြောင်းကို ဏီအသိဆုံးပါ။ အမေဆုံးသွားပြီးကတည်းက သမီးပျိုနှစ်ယောက်ရှိတဲ့အိမ်ကို ဘယ်သူစိမ်းယောကျာ်းလေးမှ အဝင်မခံသလောက်နီးပါးပင်။ အခုတော့ ဒီလူကြီးကို အရေးတကြီးကိစ္စမဟုတ်ပဲ ဘာကြောင့် အိမ်ကိုလွှတ်သလဲမသိ။ အနည်းဆုံးတော့ သူစိတ်ချယုံကြည်ရတဲ့သူမို့ လွှတ်တယ်ဆိုတာ ဏီသိပါသည်။
“အင်း အင်းပါ အချိန်ရရင်…”
မကောင်းတတ်လို့ အင်းနေရတဲ့လူကြီးကို စိတ်မရှည်ချင်တော့။
“ဘာအချိန်ရရင်လဲ လာခေါ်ပေးပါဆို အီးးးး ဏီ့ကိုဆိုဘယ်သူမှအလေးမထားကြဘူး”
“ဟုတ်ပြီ ဟုတ်ပြီ ညနေရုံးဆင်းရင်လာခေါ်မယ် အိုကေ မငိုနဲ့တော့ မျက်ခွံတွေတအားဖောင်းနေပြီ”
“ညနေတကယ်လာခေါ်ပေးမှာလား ကတိနော်”
“ကတိ ကတိ သွားပြီနော်”
သူ့နောက်ကျောကိုကြည့်ပြီး မျက်ရည်တွေသုတ်ရင်း ဏီဏီကကျေနပ်စွာပြုံးလိုက်မိသည်။ ဒီလူကြီးက ထင်တာထက်ပိုပြီး သဘောကောင်းပါသည်။ ပုံစံကြည့်ရသည်မှာလဲ လူကြီးလူကောင်းပုံပေါက်သည်။ အခုအချိန် ရင်ဖွင့်ဖော်လိုနေတဲ့ ဏီအတွက်ကံကောင်းပေမယ့် သူကတော့ကံဆိုးတာဖြစ်မည်ထင်။
“ကလင် ကလင် ကလင်”
ရုံးဆင်းခါနီး စားပွဲပေါ်ကဖုန်းမြည်လာလို့ကောက်ကိုင်လိုက်သည်။
“ဟဲလို”
“ဦးကောင်းမွန်ထွန်းလား”
တစ်ခါမှမကြားဖူးတဲ့မိန်းကလေးအသံဆိုတော့ ကောင်းမွန်မျက်ခုံးတွေတွန့်သွားရသည်။
“ဟုတ်ကဲ့ ကောင်းမွန်ထွန်းပါ”
“ကျွန်မ ဏီဏီပါရှင် ညနေလာမယ်လို့ပြောထားတာမမေ့လောက်ပါဘူးနော်”
“အာ အင်း မမေ့ပါဘူး”
မမေ့ပါဘူးသာပြောလိုက်ရတာ ရုံးပြန်ရောက်ပြီးအလုပ်ရှုပ်နေတဲ့သူ့မှာ သတိကိုမရတော့ပေ။ ဖုန်းခွက်ကို နားနဲ့ပုခုံးကြား ညှပ်ကာနားထောင်နေရင်း Laptop ကိုပိတ်ကာ အိတ်ထဲထည့်ပြီး ရုံးဆင်းဖို့ပြင်ဆင်လိုက်သည်။
“အင်း အင်း ယုံပေးပါ့မယ် Project Manager ကြီးကို အခုရုံးဆင်းတော့မှာမလား”
“ဟုတ်တယ် ကားလမ်းပိတ်မိနေရင် လမ်းမှာနည်းနည်းကြာဦးမယ်ထင်တယ်”
“ရတယ် စိတ်မပူနဲ့ ခင်ဗျားရုံးခန်းအပြင်ထွက်တာနဲ့ဏီ့ကိုတွေ့လိမ့်မယ် ဖေဖေ့ဆီမုန့်ဖိုးလာတောင်းရင်းတခါထဲဝင်ခဲ့တာ အဲ့ဒီလိုကားလမ်းပိတ်နေမှာစိုးလို့လေ ဟဲ ဟဲ”
မမကေ သိပ်မကြာသေးခင်က ပေးထားတဲ့မုန့်ဖိုးကို ထူးဇော်အတွက်လက်ဆောင်တွေဝယ်ပေးလိုက်လို့ ဏီဏီမှာ မကျန်သလောက်ပင်။ မမကေသိသွားရင် သေချာပေါက်သြဝါဒခံရမယ်ဆိုတာသိလို့ ရုံးလိုက်လာပြီးဖေဖေ့ဆီက မမကေ မသိအောင်တိတ်တိတ်လေးလာတောင်းတာပါ။ ဖေဖေ့ရုံးခန်းကထွက်လာမှ ဒီလူကြီးကိုသတိရလို့ တခါထဲဝင်ခဲ့လိုက်သည်။
ကောင်းမွန်မှာ တအံ့တသြမျက်ခုံးပင့်သွားမိသည်။ သူ့ရုံးခန်းပေါက်ဝနားလာစောင့်နေတယ်ဆိုပါလား။ ဖုန်းချကာ အခန်းတံခါးကို အမြန်ဖွင့်ကြည့်လိုက်တော့။
“ဟိုင်း Projcet Manager ကြီးရဲ့ဖုန်းနံပါတ်မသိလို့ရုံးဖုန်းကိုဆက်ပြီး လွဲခိုင်းလိုက်တာ ဟဲ ဟဲ ပြေးမလွှတ်ပါဘူးဂျာကြီး”
လက်နှစ်ဖက်ကိုသေနတ်ပုံလုပ်ကာ သူ့ကိုချိန်ထားတဲ့ဘရဏီကိုကြည့်ပြီး ကြောင်သွားသည်။ သူ့လုပ်ရပ်ကို သူကျေနပ်စွာ ပျော်ရွှင်မြူးတူးနေတဲ့ဘရဏီပါ။ ဘယ်လိုကလေးမလေးမှန်းမသိ။ အလိုလိုက်ခံထားရတဲ့ သူဌေးသမီးပီပီ ထင်တိုင်းကျဲ တတ်သည့်ပုံပင်။ သူလုပ်ချင်တာလုပ်တာ အရေးမကြီး။ အလုပ်ရှင်သူဌေးဦးနေထွန်းသိရင် ဘယ်လိုပြောမလဲမသိ။ ရုံးခန်းအပြင်ဘက်က စားပွဲမှာထိုင်နေတဲ့ သူ့ရဲ့လက်ထောက်ဇင်ကိုက ဏီဏီပုံစံကိုမြင်ပြီး ခိုးရယ်လိုက်တာ တွေ့လိုက်ရသည်။ သက်ပြင်းချလိုက်မိရင်း။
“ကဲ သွားစို့”
“ဘယ်သွားကြမလဲ Harry’s Bar သွားမလား အဲ့ဒီကအာလူးချောင်းကြော်လေးကိုလွမ်းနေတာ”
ဘေးနားကပ်လိုက်ပြီး အသံကျယ်ကျယ်ပြောနေတဲ့ဏီကို မျက်မှောင်ကျုံ့ကြည့်လိုက်မိသည်။
“တိတ်တိတ်လေးလိုက်ခဲ့ အလုပ်ထဲမှာဆူဆူညံညံမလုပ်နဲ့”
ကောင်းမွန်ကို နားမလည်နိုင်တဲ့အကြည့်နဲ့ကြည့်ပြီး ဘာမှမပြောပဲ ဘေးနားကနေလိုက်ခဲ့သည်။ ကားပေါ်ရောက်မှ သူက စပြောလိုက်သည်။
“မင်းက ဒီအသက်အရွယ်လေးနဲ့ဘားသွားနေကျလား”
“အာ ဏီအသက်ဆယ့်ကိုးပြည့်ပြီးပါပြီ အဲ့ကိုသွားတာဘာဖြစ်လို့လဲ အရင်ကသူငယ်ချင်းတွေနဲ့သွားနေကျပဲလေ”
သူ့သူငယ်ချင်းတွေနဲ့သွားတာအရေးမကြီး။ ကိုယ်နဲ့သွားဖို့တော့အဆင်မပြေပါ။ သူ့အဖေက သူ့သမီးနဲ့သွားလာနေတာ ကြိုက်မည်မထင်။ ပြီးတော့ ကိုယ့်ဘာသာခပ်အေးအေးနေချင်တဲ့သူကိုယ်တိုင်လဲ သူဌေးသမီးနဲ့ရင်းရင်းနှီးနှီးမနေချင်ပါ။
“ရင်ဖွင့်တာနားထောင်ပေးရုံပဲဆို အိမ်ပြန်လိုက်ပို့ပေးမယ် လမ်းမှာပြောပေါ့ ကားမောင်းရင်းနားထောင်ပေးမယ်”
နုတ်ခမ်းစူက တဖက်သို့လှည့်သွားတဲ့ဏီဏီ စိတ်ကောက်သွားမှန်းသိပါသည်။ ဒါပေမယ့်လဲ မရင်းနှီးတဲ့ သူစိမ်းယောကျာ်းနဲ့ အခုလိုကားတစ်စီးထဲမှာ အတူတူရှိနေတာတောင် အန္တရာယ်များလှပြီဆိုတာ သူနားမလည်ဘူးလားမသိ။
“ဏီဏီ”
“သိပါတယ် ခင်ဗျားကြီးကဏီ့ကိုသူစိမ်းလိုသဘောထားတယ်ဆိုတာ ဏီကတော့အစ်ကိုတစ်ယောက်ရပြီဆိုပြီးပျော်နေတာ”
ဝမ်းနည်းသွားတဲ့ဏီဏီဟာ ကျလုကျခင်မျက်ရည်စတွေ မနည်းထိန်းနေရသည်။ လူကဘာဖြစ်နေမှန်းမသိ။ အသဲကွဲပြီးကတည်းက အလကားနေရင်းကို ငိုချင်နေမိတော့သည်။
“ဟာ ဟေ့ မငိုနဲ့လေ”
ကောင်းမွန်မှာ ကားမောင်းနေရင်းဘေးနားက ဏီဏီကိုလဲ ကြည့်ရသေးသည်။ ကားထဲအတူတူရှိနေစဉ် သူကငိုနေတော့ သူများတွေမြင်ရင်တမျိုးမြင်မှာလဲစိုးရိမ်ပါသည်။ ပြီးစလွယ်ကတိပေးလိုက်မိတဲ့ ကိုယ့်ကိုကိုယ့်သာစိတ်တိုမိတော့သည်။
“ဘားတော့မသွားဘူး တခြားစားချင်တာရှိရင်လိုက်ကျွေးမယ်”
အခုမှ နည်းနည်းစိတ်ကောက်ပြေသွားဟန်နဲ့ မျက်လုံးစွေကြည့်လာသည်။
“တကယ်လား”
“မင်း တကယ်လူဆိုးမလေးပဲ”
“ခင်ဗျားကြီးကရော လူကောင်းလား ကတိပေးထားကိုဖျက်ပြီး”
“မဖျက်ဘူးလေ ရင်ဖွင့်တာနားထောင်ပေးရုံပဲဆို”
“ရင်ဖွင့်တာက ဒီတိုင်းပြောလို့ဘယ်ကောင်းမလဲ တခုခုစားသောက်ပြီးပြောမှပေါ့”
အသဲတော်တော်ကွဲနေပုံပါပဲ။ မစားနိုင်မသောက်နိုင်လောက်အောင်ပင်။ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးစိစိဖြစ်သွားမိရင်း။
“ကဲ ဘာစားမလဲမမဘုရား”
“ခိ ဟော့ပေါ့ ရွှေကောင်းမှာလိုက်ကျွေးပါ”
သူ့အပြောကို သဘောကျသလို ရယ်လိုက်တဲ့ဏီဏီရဲ့အပြုံးဟာ ပျော်ရွှင်မြူးတူးစွာနဲ့။
ပြည်သူ့ရင်ပြင်ထဲက ရွှေကောင်းကိုသွားလိုက်သည်။ အသဲကွဲနေသူကြီးက ကြိုက်ရာတွေအားရပါးရထည့်စားနေလေသည်။ ဘူဖေးဟော့ပေါ့ဆိုင်မို့ ထိုင်လိုက်၊သွားယူလိုက်နဲ့မအားရရှာသော ဏီဏီကိုကြည့်ပြီး အံ့သြနေမိသည်။ ဒီကလေးမလေးက အသဲကွဲနေတာရော ဟုတ်ရဲ့လားပင်။ စားနေတာနဲ့မအားသောကြောင် ရင်ဖွင့်ဖို့မပြောနဲ့ အခုအချိန်ထိစကားကို ကောင်းကောင်းမပြောဖြစ်သေး။ အစာဝတဲ့အချိန်မှ အသံထွက်လာခဲ့သည်။
“ဝက်သားပြားထည့်ဦးမလား ယူခဲ့တာများသွားလို့မကုန်တော့ဘူး ဟီးးး”
ဏီဏီက ရေခဲမုန့်စားနေရင်း သူ မကုန်တဲ့ဟာတွေကို ကောင်းမွန်ရဲ့အိုးထဲလာလာထည့်ပေးနေသေးသည်။
“တော်ပြီ မထည့်နဲ့တော့ ငါလဲမစားနိုင်တော့ဘူး”
“လူကအကြီးကြီးနဲ့ ဒီလောက်တော့…. ”
ပြောလက်စ စကားကိုဆက်မပြောနိုင်တော့ပဲ တစ်နေရာကိုကြည့်နေတဲ့ဏီဏီကြောင့် သူကြည့်နေတဲ့နေရာကို ကောင်းမွန်ပါ လိုက်ကြည့်လိုက်သည်။ မော်ဒယ်လေးလိုအရပ်မြင့်မြင့်လှလှပပကောင်မလေးတစ်ယောက်။ သူ့ဘေးမှာတော့ ကောင်လေးချောချောလေးတစ်ယောက်။ ခေတ်လူငယ်စုံတွဲပီပီ ဝတ်စားထားတာလဲ အလန်းလေးတွေဖြစ်သည်။ မိန်းကလေးက ကိုယ်နဲ့အတိကပ်ရပ်နေတဲ့တဆက်ထဲဂါဝန်အတိုနဲ့ ဒေါက်ဖိနပ်နဲ့။ တွေ့တဲ့သူတိုင်းနှစ်ခါပြန် လှည့်ကြည့်ရလောက်အောင် ဆွဲဆောင်မှုရှိလွန်းလှပေသည်။ ယောကျာ်းလေးဖြစ်သူက မိန်းမလှလေးဘေးနားမှာ ဗန်းကိုင်ပြီး လိုက်နေသည်။ လိုက်ဖက်ညီတဲ့ ငယ်ငယ်ရွယ်ရွယ်ချစ်စရာစုံတွဲလေးကို သူတောင်သဘောကျမိသွားသည်။
“အဲ့ဒါ ဏီရဲ့ဘဲလေ”
ဒါကြောင့် စကားဆက်မပြောနိုင်တော့တာကို။ ဏီဏီက သူ့ကျောပိုးအိတ်အသေးလေးကိုကောက်လွယ်လိုက်ရင်း။
“သွားကြစို့ ဏီမစားနိုင်တော့ဘူး”
အားလုံးပြောင်သလောက်နီးပါးဖြစ်နေပြီကို ဟိုစုံတွဲကိုတွေ့လို့ပဲမစားနိုင်တော့သလို။ ကောင်းမွန်မသိမသာပြုံးလိုက်မိရင်း။
“အင်း အင်း သွားကြတာပေါ့”
ဏီကသူ့ကိုမြင်မှာစိုးလို့ အမြန်ပြန်ချင်နေပုံပင်။ ကောင်းမွန်လဲ နားလည်စွာအမြန်ပြန်ဖို့ထလိုက်ပေမယ့် ဟိုစုံတွဲက ဏီကို တွေ့သွားသည်။ မိန်းကလေးက သူတို့ကိုပြုံးပြရင်း လှျှောက်လာခဲ့သည်။ ယောကျာ်းလေးကတော့ မလိုက်ချင်လိုက်ချင်နဲ့ နောက်ကနေ လိုက်လာခဲ့သည်။
“ဏီဏီ ပြန်တော့မလို့လား စားပြီးသွားပြီလား”
“အင်း ပြီးသွားပြီ”
“မပြီးသေးရင် အတူတူစားရအောင်လေ”
ဟေမာန်ကဘာမှမဖြစ်ထားတဲ့ပုံစံမျိုးနဲ့ အတူတူစားဖို့ ဖိတ်ခေါ်နေသည်။ ထူးဇော်ကတော့ ဏီကိုမကြည့်ချင်လို့တမင် မျက်နှာလွဲထားပုံပင်။ ဏီကစိတ်တိုသွားမိပေမယ့် ဘာမှမဖြစ်တဲ့ပုံဖမ်းကာ။
“ကိုကြီးက မအားဘူး ငါ့ကိုအိမ်ပြန်ပို့ပြီးအလုပ်လုပ်ရဦးမှာ သွားတော့မယ်ဟေမာန် နောက်မှတွေ့တာပေါ့ လာ ကိုကြီး သွားကြစို့”
ထူးဇော်ကို ဂရုမစိုက်သလိုတစ်ချက်မှမကြည့်ပဲ ကောင်းမွန်ရဲ့လက်မောင်းကို တွဲခေါ်ပြီးထွက်လာတဲ့ဏီဏီဟာ ဆိုင်ပြင် မရောက်ခင်ကတည်းက မျက်ရည်တွေကျနေပါပြီ။ ဏီဏီဆွဲခေါ်ရာနောက်သို့ ကြောင်တောင်တောင်နဲ့ကန့်လန့်ကြီး ပါလာတဲ့ ကောင်းမွန်ရဲ့လက်မောင်းကို ကားနားရောက်မှပဲလွှတ်ပေးတော့သည်။
“အီး တွေ့လား အဲ့ဒါဏီ့ချစ်သူထူးဇော်နဲ့ အခင်ဆုံးသူငယ်ချင်းဟေမာန်ပဲ”
“ဟင်”
“ဏီမှာ သူငယ်ချင်းဆိုလို့ သုံးယာက်ပဲရှိတာ သူရယ် နွေးနွေးရယ် ပုစိရယ် နွေးနွေးကနိုင်ငံခြားမှာကျောင်းသွားတက်နေတာ ပုစိကယောကျာ်းရသွားတော့အရင်လိုဏီနဲ့မတွေ့နိုင်တော့ဘူး အခုသူကပါ… ဏီရဲ့ဘဲကိုလုသွားပြီး နှစ်ယောက်စလုံးက ဏီ့ကိုရက်စက်ကြတယ် ဟုတ်တယ်မလားကိုကြီး”
ဘယ်တုန်းက သူ့ရဲ့ကိုကြီး ဖြစ်သွားမှန်းမသိ။ ကောင်းမွန် အမြန်ဆုံးခေါင်းငြိမ့်ထောက်ခံလိုက်ရင်း သူငယ်ချင်းတွေ တစ်ယောက်မှမရှိလို့ သူ့ကိုအတင်းလာကပ်နေမှန်း အခုမှနားလည်သွားတော့သည်။
“ကားပေါ်တက်တော့ အိမ်ပြန်ပို့ပေးမယ်”
“ဟာ မပြန်ချင်သေးဘူး အိမ်ကျရင် ဏီဏီပြောတာနားထောင်ပေးမယ့်သူတစ်ယောက်မှမရှိဘူး တခြားနေရာကိုမောင်း”
“ဘာဖြစ်လို့နားမထောင်ပေးကြတာလဲ”
“သူတို့က အလကားနေရင်းငိုတယ်ပဲထင်ကြတာ အရင်တုန်းကဆောင်းဂျွန်ကီ အွန်စောနဲ့ယူလို့လဲငိုတယ် ဦးစိုင်းရည်းစား ရတော့လဲငိုတယ်တဲ့ အခုလဲတစ်အိမ်လုံးပတ်ငိုပြီး သုံးလေးရက်လောက်ဆို ပြီးသွားမှာပဲတဲ့”
သူပြောတဲ့ကိုးရီးယားမင်းသားကိုမသိသော်လည်းစိုင်းစိုင်းခမ်းလှိုင်ကိုတော့ ကောင်းမွန်သိပါသည်။ စိတ်မထိန်းနိုင်တော့ပဲ တဟားဟားအော်ရယ်လိုက်တော့သည်။ ဏီဏီကိုသူ့အိမ်က ကလေးလေး၊ အရူးအပေါလေးလို့သာ သတ်မှတ်ထားပုံပါ။ ဘာလုပ်လုပ်အပြစ်မမြင်ပဲ နေချင်သလိုနေဖို့ခွင့်ပြုထားပုံရသည်။
“မရယ်ပါနဲ့ အခုက တူလို့လားလို့ ဏီအရမ်းချစ်ရတဲ့ဘဲနဲ့ပြတ်တာလေ”
“အင်း အင်း”
“ကိုကြီးကတော့ အေးဆေး အင်းအင်းနိုင်မှာပေါ့ ဏီ့လိုမှမချစ်ဖူးတာ”
ပြုံးစိစိဖြစ်နေတဲ့ သူ့မျက်နှာအနည်းငယ်ပျက်သွားတာကို ဘရဏီမသိလိုက်ပါ။ ဏီလိုမှ မချစ်ဖူးကြတာကို ဘယ်ကိုယ်ချင်းစာတတ်ကြပါ့မလဲ။ ကောင်းမွန်ကိုစိတ်ကောက်ပြီး စကားမပြောပဲနေလိုက်သည်။ ဒါကိုကောင်းမွန်က သတိမထားမိပဲ ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်နေမိသည်။ နည်းနည်းကြာတော့ ဏီ သီးမခံနိုင်တော့ပဲ ပေါ်တင်မေးလိုက်သည်။
“ကိုကြီး ဏီ့ကိုမချော့တော့ဘူးလား”
ခပ်ဆောင့်ဆောင့်အော်လာတဲ့အသံကြောင့် အတွေးလွန်နေတဲ့သူလန့်သွားမိသည်။
“ဘာ ဘာလို့ချော့ရမှာလဲ”
“ကိုကြီးကိုစိတ်ကောက်နေတာလေ”
ဏီ့ကို အူကြောင်ကြောင်လှည့်ကြည့်လာတဲ့ကောင်းမွန်ဟာ ဏီပြောတာကို သဘောပေါက်ပုံမရ။
“ဒီမှာ ခင်ဗျားကြီးကို စိတ်ကောက်နေတာလို့”
“ဘာလို့ကောက်တာလဲ”
နားမလည်သလိုထပ်မေးနေသူကို စိတ်မရှည်တော့ပါ။ မျက်စောင်ထိုးလိုက်မိရင်း
“အာ စိတ်ကောက်ကြောင်းကိုရှင်းပြနေရတာနဲ့အာညောင်းတယ် တော်ပြီ ထူးဇော်အကြောင်းပဲဆက်ပြောတော့မယ်”
“အော် အင်း အင်း”
ကောင်းမွန်ရဲ့ စိတ်မပါတပါ အင်း အင်း ဆိုတဲ့အသံကို အင်မတန်အမြင်ကတ်ပေမယ့်လဲ အခုအချိန်မှာ ဏီပြောသမျှကို မငြီးမငြူနားထောင်ပေးမယ့်သူဟာ သူပဲရှိသောကြောင့် သူ့ကိုသာဆက်ပြောရတော့သည်။
“ထူးဇော်က ဏီ့ကိုစတွေ့ကတည်းကချစ်တယ်လို့ပြောခဲ့တာ မြင်မြင်ချင်းအချစ်ဆိုတာ ကိုကြီးနားလည်တယ်မလား”
ဒီအတိုင်းငြိမ်ပြီးနားထောင်နေလို့လဲမရသောကြောင့် ကားမောင်းနေရင်း ခေါင်းငြိမ့်ပြကာထောက်ခံနေရသေးသည်။
“ဏီလဲအဲ့လိုပဲ ထူးဇော်ကိုမြင်ကတည်းကချစ်ခဲ့တာ ရည်းစားဖြစ်တာတစ်ပါတ်လောက်ကြာမှဟေမာန် ပြန်ရောက်လာလို့ မိတ်ဆက်ပေးလိုက်တာ အခုမှတကယ်ချစ်ရတဲ့သူနဲ့တွေ့တာဆိုပြီး ဟေမာန်နဲ့ကြိုက်သွားတယ်လေ”
“ဟေမာန်ကဘယ်သွားနေလို့လဲ”
“ဟေမာန်က သူ့အမျိုးတွေနဲ့လန်ဒန်မှာ တစ်လလောက်သွားနေနေတာ ဏီကပုစိတို့လင်မယားနဲ့ EDM ပွဲသွားကြည့်ရင်း ထူးဇော်နဲ့တွေ့တာ အရင်ကသူတို့မသိဘူး ဏီမိတ်ဆက်ပေးလိုက်လို့သိတာ အီးးးးး မိတ်မဆက်ပေးရင် အကောင်းသား အခုတော့ နှစ်ယောက်လုံးကိုသတ်ပစ်ချင်တယ်”
“ဟေမာန်က အရမ်းချင်တဲ့သူငယ်ချင်းဆို”
“ဟုတ်တယ်လေ ငါးတန်းကတည်းကတွဲလာတာ”
“ဟင် အဲ့ဒါဆိုသူကဘာလို့အဲ့လိုလုပ်ရတာလဲ”
“ဘယ်လိုလုပ်တာကိုပြောတာလဲဟင်”
ဏီဏီက နားမလည်နိုင်သလို ပြန်မေးနေသေးသည်။
“အော် ကိုယ့်သူငယ်ချင်းအရင်းကြီးရဲ့ရည်းစားကို ဘာလို့တွဲရတာလဲလို့ပြောတာ”
“ထူးဇော်က အရမ်းချစ်ဖို့ကောင်းတာကို ကိုကြီးမတွေ့ဘူးလား ပြီးတော့အရမ်းလဲချမ်းသာတယ် သူ့ကိုအပြင်မှာ မတွေ့ဖူးခင်ကတည်းက သူ့နာမည်ကြားဖူးပြီးသား သူကနာမည်ကြီးတယ်လေ”
“အော် အော်”
ထူးဇော်ပုံစံကို ပြန်လည်ပုံဖော်ကြည့်ရင်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ တကယ်ပဲ ထိုလူငယ်လေးက ဖြူနုသန့်ပြန့်ကာ မိန်းကလေးများအကြိုက်ပုံစံပင်။ ဒီကြားထဲ ပိုက်ဆံကလဲချမ်းသာလိုက်သေးတယ်ဆိုတော့ ပြောစရာမလိုအောင်ပင်။ သူတို့ ဆယ်ကျော်သက်အသိုင်းအဝိုင်းထဲမှာတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပေလိမ့်မည်။
“အဲ့လိုလူမျိုးဆိုတော့ သူလဲသူငယ်ချင်းအစား ထူးဇော်ကိုပဲရွေးလိုက်တယ်နေမှာပေါ့”
“ဏီဏီတို့စကားများကြသေးလား”
“မများပါဘူး ဏီကတောင်းပန်တာပါ ငါ့ဘဲကိုမလုပါနဲ့လို့ သူကလုတာမဟုတ်ဘူးတဲ့ နင့်ကိုအစကတည်းက မကြိုက်ခဲ့ဘူး အပျော်တွဲခဲ့တာတဲ့ မယုံရင်ထူးဇော်ကိုမေးကြည့်တဲ့ ထူးဇော်ကလဲဟုတ်တယ်တဲ့ သူငယ်ချင်းလို့ပဲခင်ရအောင်တဲ့ ဏီကမှ သူငယ်ချင်းလိုမခင်နိုင်တော့တာ ချစ်ပါတယ်ဆို ဘယ်လိုလုပ်မလဲ အီး ဟီးးး”
သိုင်းလောကထက်ပင်ရှုပ်ထွေးတဲ့လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကို ကောင်းမွန်လိုက်မမှီတော့ပေ။ သူတို့အချစ်တွေကလဲ အခုမြင်၊အခုချစ်၊အခုပြတ်နဲ့။ ဘာကိုမှအလေးအနက်မရှိသလိုပင်။ ပူပန်စရာတစ်ခုမှမရှိတဲ့ သူဌေးသားသမီးတွေဆိုတော့ ဒီကိစ္စလောက်သာ စိတ်ညစ်စရာရှိပေလိမ့်မည်။
“ဟင် ဘာလို့အိမ်ကိုမောင်းနေတာလဲ”
ကားကဏီဏီတို့အိမ်လမ်းထဲ ကွေ့ဝင်လာခဲ့ချိန်မှ အိမ်ကိုမောင်းနေမှန်း သတိထားမိသည်။
“မိုးချုပ်နေပြီလေ ကလေးရာ ဒီနေ့တော့ပြန်လိုက်တော့နော်”
အလိုမကျစိတ်နဲ့ဂျီတိုက်ချင်ပေမယ့်လဲ ချော့မော့ပြောတဲ့လေသံကြောင့် ငြိမ်နေလိုက်တော့သည်။
“မနက်ဖြန်ရော ဘယ်အချိန်လာမှာလဲ”
ဟင်။ မနက်ဖြန်အတွက်ပါလာချိန်းနေသေးသည်။ ကောင်းမွန် ခေါင်းကြီးသွားရသည်။
“မနက်ဖြန်မလာတော့ဘူးလေကွာ”
“ဘာဖြစ်လို့လဲ”
“အလုပ်မအားဘူး ပြီးတော့ အန်ကယ်လဲဘယ်ကြိုက်မလဲဏီဏီရဲ့”
“ဖေဖေက… အာ… မသိတော့ပါဘူး အဲ့ဒါဆိုရင်လဲဖုန်းနံပါတ်ပေး”
“ဟင်…”
ဖုန်းနံပါတ်သာပေးလိုက်ရင်တော့ သူဘယ်နည်းနဲ့မှပြေးမလွှတ်နိုင်တော့ပေ။
“ပြောလို့ ဏီခေါ်လိုက်မယ်”
ပေးချင်မှန်းမပေးချင်မှန်းဂရုမစိုက်ပဲ အတင်းတောင်းနေတဲ့ဏီဏီကို ငြင်းမရပဲ ပေးလိုက်ရတော့သည်။ သူထင်တဲ့အတိုင်း တကယ်ပဲဖြစ်လာပါသည်။ အရမ်းကိုအိပ်မောကျနေတဲ့ ညသန်းခေါင်ချိန်ကြီးမှာ ထမြည်လာတဲ့ဖုန်းကြောင့် လန့်နိုးခဲ့သည်။ အိပ်ချင်မူးတူးနဲ့ဖုန်းကိုင်လိုက်ချိန်မှာတော့ ရှိုက်ငိုသံကြားလိုက်ရသည်။
“ကိုကြီး… ဏီဏီပါ”
ကောင်းမွန်မှာ နားနားကပ်ထားတဲ့ဖုန်းကိုခွာပြီး ဘယ်နှနာရီရှိပြီလဲလို့ ကြည့်လိုက်မိသည်။ အားပါး နှစ်နာရီကျော်နေပြီကို။ ဒီကလေးမ မအိပ်သေးဘူးလားမသိ။
“အင်း ခုချိန်ထိမအိပ်သေးဘူးလား”
“အိမ်မက်ဆိုးတွေမက်ပြီးလန့်နိုးလာလို့”
အင် ဒါဆိုတရေးနိုးလာတာပေါ့။ သူက ဆယ့်နှစ်နာရီလောက်မှအိပ်ရာဝင်ခဲ့တာဆိုတော့ အခုအရမ်းကို အိပ်ချင်နေပါပြီ။
“အော်…”
“ကိုကြီးအိပ်ပျော်နေတာလား ဆောရီး ဏီကြောင့်အိပ်ရေးပျက်သွားပြီ ဒါပဲနော်”
ဘာမှထပ်မပြောပဲ နုတ်ဆက်ပြီးဖုန်းချသွားသောကြောင့် ကောင်းမွန်ကြောင်တောင်တောင် ဖြစ်သွားရသည်။ ညသန်းခေါင် အိမ်မက်ဆိုးတွေမက်ပြီး ကြောက်နေတယ်ထင်တယ်။ သနားစိတ်နဲ့ ဖုန်းပြန်ခေါ်လိုက်မိသည်။
“ဟဲလို ကိုကြီး”
“ဘာလို့ငိုနေတာလဲ ကြောက်လို့လား”
“ဟုတ်တယ် အီး ဟီးးး”
“အော် မကြောက်ပါနဲ့ ဘာမှမဖြစ်ပါဘူး ဘုရားစာရွတ်လေ”
“ဟုတ်”
“အိမ်မက်ဆိုးတွေထပ်မစဉ်းစားနဲ့တော့ ဘာကိုမှမစဉ်းစားနဲ့ ဒီတိုင်းမျက်လုံးပိတ်ပြီးငြိမ်ငြိမ်လေးပြန်အိပ်လိုက်နော်ကလေး”
“ဟုတ်”
“ဒါပဲနော် ဖုန်းချလိုက်တော့မယ်”
“ဟုတ် ဘိုင်ဘိုင် ကိုကြီး”
ကိုကြီးရဲ့အားပေးစကားကြောင့် ဏီစိတ်တွေငြိမ်းချမ်းသွားရသည်။ သူပြောတဲ့အတိုင်း မျက်လုံးပိတ်ကာ ဘာမှမတွေးပဲ ငြိမ်ငြိမ်လေးအိပ်နေပေမယ့် ဘာကြောင့်ကိုကြီးရဲ့မျက်နှာက အတွေးထဲမှာလာပေါ်နေပါလိမ့်နော်။ ဏီဏီကိုစိတ်ပူတတ်တဲ့ သဘောကောင်းတဲ့လူကြီးဟာ အစ်ကိုအရင်းဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးနေမိသည်။
လုပ်ချင်တာလုပ် ပြောချင်တာတွေပြောခွင့်ရှိတဲ့ ဏီဏီဘဝက တစ်မျိုးတော့ကောင်းသား။ ခင်ဗျားကြီး ခင်ဗျားကြီးနဲ့ ခေါ်နေရာကနေ သူ့ဘဲရှေ့ရောက်မှကိုကြီးဖြစ်သွားရပြီး အခုထိ ကိုကြီးလို့ခေါ်နေတုန်းပင်။ ကောင်းမွန်ပြုံးလိုက်မိသွားရင်း အိပ်ပျော်အောင်ကြိုးစားပြီး ပြန်အိပ်လိုက်တော့သည်။
================================================================
အိပ်ရာထနောက်ကျတဲ့ကောင်းမွန်ဟာ ရေကိုဝရုန်းသုန်းကားချိုးပြီး ရုံးချိန်မှီအောင်ပြေးလာခဲ့ရလို့ မနက်စာပင်မစားခဲ့ရပေ။ ရုံးခန်းထဲရောက်မှ ထိုင်လိုက်ရင်း အမောဖြေလိုက်သည်။ မနေ့ကမှသိတဲ့ ဏီဏီဆိုတဲ့ကလေးမကြောင့် သူ့မှာ အခုလို ပြေးလွှားနေရသည်။ ဖုန်းက Message သံကြားလို့ဖွင့်ကြည့်လိုက်စဉ်တွင်။
Morning ကိုကြီး ညက ဏီဏီကြောင့်အိပ်ရေးပျက်သွားတယ်မလား Sorry ပါနော်
လျှာထုတ်နေတဲ့ Emoji လေးတွေနဲ့ရောက်လာတဲ့ message ကိုဖတ်ရင်းပြံုံးလိုက်မိသည်။ သူငယ်ချင်းမရှိတဲ့အချိန် ရောက်သွားတဲ့သူကတော့ ဒီကလေးမနှိပ်စက်သမျှကိုခံလိုက်ရသည်။ အဲ့ဒါဟာ မနေ့ကတစ်ရက်သာဖြစ်သည်ဟု ထင်မှတ်ခဲ့သော်လည်း။
အစည်းအဝေးခန်းထဲရောက်နေချိန်မို့ သူ့ဖုန်းကို Silent လုပ်ထားရာ အသံမမြည်ပဲတုန်ခါလာတဲ့ဖုန်းကို ကြည့်လိုက်တော့ ဘရဏီနေထွန်း။ ကောင်းမွန်ဆံပင်တွေ ထောင်သွားသလိုခံစားလိုက်ရသည်။ စားပွဲထိပ်မှာ ထိုင်နေသော ဦးနေထွန်းကို မလုံမလဲတစ်ချက်လှမ်းကြည့်လိုက်မိသည်။ ဖုန်းမကိုင်တော့ Message ပို့လာခဲ့ပြန်သည်။
ကွီး အလုပ်ရှုပ်နေလား ဏီဏီကိုညနေလာခေါ်မှာလား။
ဘုရားတောင် ဖြောင့်ဖြောင့်မတနိုင်တော့။ ဒီကလေးမလေးနဲ့လဲခက်ပါသည်။ ကောင်းမွန်ထွန်းဆိုတဲ့ သူက မိန်းကလေးများနဲ့ ခပ်ကင်းကင်းနေတတ်သူဖြစ်သည်။ သူ့ချစ်သူနဲ့ပြတ်၊ အမေလဲဆုံးသွားပြီးတဲ့အချိန်ကတည်းက စင်္ကာပူမှာအလုပ်လုပ်ရင်း ကျောင်းသွားတက်နေခဲ့သည်။ အစကတော့ တွယ်တာစရာမိသားစုလဲမရှိသောကြောင့် မြန်မာပြည်ကို ပြန်လာဖို့စိတ်ကူးမရှိခဲ့ပေ။ အလုပ်လုပ်နေတာကြာလာတော့လဲ ငြီးငွေ့လာကာ ခဏအလည်ပြန်လာရင်း ဒီမှာပဲနေဖြစ်တာ အခုဆိုတစ်နှစ်ကျော်ရှိနေပါပြီ။ ဟိုမှာတစ်ယောက်ထဲနေတာကြာတော့ အထီးကျန်သလိုခံစားရသည်။ ဒီမှာနေတော့လဲ တစ်ယောက်ထဲနေတာမို့ သိပ်တော့မထူးပေမယ့် ကိုယ့်နိုင်ငံမို့ဖြစ်မည်ထင်။ ဒီမှာနေရတာပိုပြီး စိတ်ချမ်းသာပါသည်။
ကွီး အားတဲ့အချိန်အကြံပြောင်းပါ
ထပ်ရောက်လာတဲ့ Message ကြောင့် ဘယ်လိုငြင်းရမလဲကြံရာမရဖြစ်သွားသည်။ ဏီဏီနဲ့ ထပ်ပြီးမပတ်သက်ချင်တော့ပါ။ ကိုယ့်အလုပ်ရှင်ရဲ့သမီးနဲ့ ဘာဘာညာညာသတင်းစကားထွက်ရင် သူ့အတွက်လဲမကောင်းသလို ဏီဏီအတွက်လဲ မကောင်းပေ။ ကိုယ့်ဘာသာအေးအေးဆေးဆေးနေနေတာကို အဲ့လိုသတင်းအထွက်မခံနိုင်ပေ။ သူတို့ကရိုးရိုးသားသား ခင်မင်တာဆိုပေမယ့် လူတွေက အဲ့ဒီလိုထင်ကြမည်မဟုတ်ပါ။ အကြောင်းမပြန်ရင်လဲ တဇွတ်ထိုးလုပ်တတ်တဲ့ ကောင်မလေး ရုံးထိလိုက်လာမှာ ကြောက်ရသေးသည်။ အဲ့ဒါမှ တစ်ရက်ကနေနှစ်ရက်ဆိုတော့ ရုံးကလူတွေ ပိုသတိထားမိပေလိမ့်မည်။ သူ့အိမ်သွားပြီး ဖုန်းသွားယူမိတာကိုက ငါ့အမှားလို့သာ ရေရွတ်မိတော့သည်။
ဖုန်းကိုင်ပြီးစောင့်နေတဲ့ဏီဏီက စိတ်မရှည်ချင်လာတော့။ သူဖတ်ပြီးပြီကို အကြောင်းမပြန်။
Reply မလာရင်ရုံးလိုက်လာမှာ။
အဲ့ဒီ Message ရသွားတာနဲ့တပြိုင်ထဲ ဖုန်းဆက်လာတော့သည်။ ဏီဏီ ကျေနပ်စွာ ပြုံးလိုက်မိသည်။ အဲ့ဒီလူကြီးဟာ ရုံးလိုက်လာမှာ အတော်ကြောက်ပုံပင်။
“ဟယ်လို ကိုကြီးကောင်း အခုမှပဲဆက်တော့တယ်”
“အစည်းအဝေးခန်းထဲရောက်နေတာ အခုမှပြီးတာလေ မင်းကတော့တကယ့်ဂျစ်ပဲကွာ”
“အမယ် ဘယ်မှာရောက်ရောက် Missed call တွေ့တာနဲ့ I will call you later လေးဘာလေးပြန်ပို့ပါလား”
ကောင်းမွန် ကြောင်သွားရသည်။ အင်းလေ အမြဲတမ်းဦးစားပေးခံခဲ့ရတဲ့ကလေးဆိုတော့လဲ တွေ့တဲ့လူတိုင်းဆီက အလေးထားဂရုစိုက်တာခံချင်မှာပေါ့။
“ကဲ ဘာပြောမလို့လဲမမလေး ကျွန်တော်မျိုးအလုပ်ရှိသေးကြောင်းပါသခင်မလေး”
ရွဲ့ပြီးမေးလိုက်တဲ့စကားကို စိတ်ဆိုးရကောင်းမှန်းမသိ တခိခိရယ်နေသေးသည်။
“မောင်မင်း ရှေ့တော်မှောက်ကိုဘယ်အချိန်ခစားမလဲဆိုတာ မေးချင်လို့ပါ”
သူပြုံးစိစိဖြစ်သွားရရင်း သူ့လေသံအတိုင်းချက်ချင်းလိုက်ပြောလိုက်တဲ့ ဏီဏီစကားကြောင့် ဆိုးချင်နေတဲ့စိတ်တွေ ဘယ်ရောက်သွားမှန်းမသိတော့။
“အာ မလာတော့ဘူးလေ Project အသစ်ကိစ္စတွေနဲ့အလုပ်များနေတယ် ညနေရုံးဆင်းချိန်နောက်ကျလိမ့်မယ်”
“မနက်ဖြန်ရော???”
“မနက်ဖြန်လဲမအားဘူး သဘက်ခါလဲမအားဘူး တစ်လလုံးမအားဘူး အလုပ်တစ်ခုတိုးပြီဆိုတော့ ပိုမအားဖို့ပဲရှိတယ်”
ဖုန်းလဲမချပဲ ဏီဏီဖက်ကအသံတိတ်ဆိတ်သွားသည်။
“ဟယ်လို ဏီဏီ နားထောင်နေလား”
“နားမထောင်ပါဘူး တမင်ကြီးစကားကိုပိတ်ပြောနေတာ ရပါတယ် ခင်ဗျားကြီးမခင်ချင်လဲ ဏီဏီကအတင်းလိုက် မခင်ပါဘူးနော် စိတ်ကောင်းရှိတဲ့လူလို့ထင်ထားတာ စိတ်ပုတ်ကြီးပဲ”
စိတ်ဆိုးမာန်ဆိုးနဲ့ဖုန်းချသွားသောကြောင့် ကောင်းမွန်သက်ပြင်ချလိုက်ရင်း ဖုန်းကိုစားပွဲပေါ်ပစ်တင်လိုက်သည်။ အလုပ်ရှုပ်နေတဲ့ကြားက စိတ်ဆိုးသွားတဲ့ ဒီကလေးမကိုသတိရမိရင်း စိတ်ရှုပ်ရသေးသည်။ ဆောရီးပါကွာ။ စိတ်ဆိုးလက်စနဲ့ဆိုးနေပါတော့။ သူချော့လိုက်ရင် သံယောဇဉ်အမျှင်တန်းပြီး နေ့တိုင်းဖုန်းဆက်ခေါ်နေမှာလဲစိုးပါသည်။
ညနေရုံးဆင်းချိန်နောက်ကျပါသည်။ ဒီနေ့ညနေ သူငယ်ချင်းတွေဘားမှာတွေ့ဖို့ချိန်းထားသောကြောင့် အိမ်မပြန်တော့ပဲ မြန်မာပလာဇာက Harry’s bar ကို တန်းသွားလိုက်သည်။ ညခုနှစ်နာရီခွဲချိန်မို့ ဆိုင်အထဲမှာရော အပြင်မှာပါ လူအပြည့်နီးပါး ရှိနေလေသည်။ သူငယ်ချင်းတွေက အပြင်ကခုံမှာထိုင်နေသောကြောင့် သူပါဝင်ထိုင်လိုက်ရင် သောက်စရာတစ်ခုမှာလိုက်သည်။ စားပွဲပေါ်အသင့်ရှိနေတဲ့အာလူးချောင်းကို ကောက်ဝါးလိုက်ချိန်မှာပဲ ဒီဆိုင်က အာလူးကြော် စားချင်တယ်လို့ ပြောဖူးတဲ့ကောင်မလေးကို သတိရမိသွားသည်။
“ဟေ့ကောင်တွေ ဘာလို့ချိန်းတာလဲ”
“ဒီကောင်လေ မိန်းမယူတော့မလို့တဲ့”
မင်းညီစကားကြောင့် ကောင်းမွန်အံ့သြသွားရရင်း။
“ဘာ သားတူး မင်းယူသွားရင် ငါတို့အဖွဲ့ထဲ ငါတစ်ယောက်ထဲကျန်တော့မှာပေါ့”
“ဟား ဟား ဒါတော့မတတ်နိုင်ဘူးကိုယ့်လူရေ မကျေနပ်ရင်မင်းလဲယူလေ”
“မင်းကကြိုမှမပြောပဲ တိတ်တိတ်ကြံစည်သွားပြီး…”
“မင်းဘာသာအစွမ်းအစမရှိတိုင်း”
သားတူးနဲ့ လေပေးဖြောင့်နေတဲ့ ကောင်းမွန်ကို မင်းညီက မသိမသာကပ်ပြီး ပြောသည်။
“ဟေ့ကောင် ဆိုင်ထဲထိုင်နေတဲ့ကောင်မလေးက မင်းထိုင်ကတည်းက မင်းကိုစိုက်ကြည့်နေတာ တစ်ချက်မှမလွဲသေးဘူး မသိမသာကြည့်လိုက် မင်းအသိထင်တယ်”
ကောင်းမွန်ကြည့်လိုက်မိတော့ သူတို့နဲ့မျက်နှာချင်းဆိုင်မှန်အကြည်တစ်ချပ်သာကာထားတဲ့ ဆိုင်တွင်းက စားပွဲတန်းရှည်မှာ မေးကိုထောက်၊ ထိုင်ခုံအမြင့်ပေါ်မှာခြေထောက်ကို ကျကျနနချိတ်ထိုင်ပြီး ကောင်းမွန်ကိုစိုက်ကြည့်နေတဲ့ ဏီဏီ။
“ဟာ ဒီကောင်မလေး”
သူမဘေးနားမှာလဲလူတစ်ယောက်မှမရှိ။ ရှေ့မှာလဲ အာလူးကြော်တစ်ပွဲ Salad တစ်ပွဲနဲ့ကော့တေးတစ်ခွက်ထဲ ချထားသောကြောင့် တစ်ယောက်ထဲလာပုံရသည်။ ကောင်းမွန်သက်ပြင်းချလိုက်မိရင်း။
“ခဏ …”
ဆိုင်ထဲဝင်ခဲ့ပြီး ဏီဏီဘေးနားသွားရပ်လိုက်ပေမယ့် သူမက ကောင်းမွန်ကို ဂရုမစိုက်ပဲ မထုံတက်သေးပုံစံနဲ့ ဆက်ထိုင်နေသည်။
“ဏီဏီ တစ်ယောက်ထဲလာတာလား”
“ဘယ်နှယောက်လာတယ်ထင်လို့လဲ”
မေးဖျားမှာဝဲနေတဲ့ ဆံပင်လေးများဖွာလွင့်သွားအောင် ဆတ်ခနဲ့လှည့်ကြည့်ရင်း ပြန်မေးလာတဲ့ကလေးမဟာ သူ့ကို စိတ်ဆိုးနေပုံပင်။ ကိုယ်ရှေ့မြင်နေရတော့ မနေနိုင်တဲ့ကောင်းမွန်က သက်ပြင်းချလိုက်ရင်း။
“ပြီးပြီလား ပြီးရင်အိမ်လိုက်ပို့ပေးမယ်”
“မလိုပါဘူး ကိုယ့်ဘာသာပြန်မှာပေါ့ မအားတဲ့သူကြီးက လာဂရုစိုက်မနေပါနဲ့”
မင်းညီနဲ့သားတူးက အပြင်ကနေ သူတို့နှစ်ယောက်ကို အံ့သြတကြီးစပ်စုနေလေသည်။
“ဏီဏီ မဆိုးနဲ့ကွာ တစ်ယောက်ထဲလာတာကို ကိုယ်ဘယ်စိတ်ချမလဲ”
“တစ်ယောက်ထဲမလာချင်လို့ခင်ဗျားကြီးကိုခေါ်တာပေါ့ မအားဘူးချည်းပဲပိတ်ပြောနေပြီး…”
နုတ်ခမ်းစူကာမျက်ရည်တွေဝဲပြီး ရန်ရှာနေတဲ့ဏီဏီကို အမြန်သတိပေးလိုက်ရသည်။
“ဟေ့ မငိုနဲ့လေ ဆိုင်ထဲမှာလူတွေအများကြီးကို”
“ကိုယ့်ဘာသာငိုချင်ငိုမှာပေါ့”
ဏီဏီဘေးက ခုံအလွတ်မှာဝင်ထိုင်လိုက်ရင်း။
“အဲ့လိုမဆိုးရဘူးလေဏီဏီရာ မငိုနဲ့”
အချော့ကြိုက်တဲ့ဏီဏီဟာ သူချော့လေပိုငိုချင်လေဖြစ်လာခဲ့ပြီး မျက်ရည်မကျအောင် အမြန်ထိန်းလိုက်ရသည်။
“ခင်ဗျားကြီး ဆိုးတာ ဏီဏီဆိုးတာမဟုတ်ဘူး”
“အင်း အင်း ဟုတ်ပြီ ကိုယ်ဆိုးတယ်ပဲထားလိုက်တော့ အခုဘာလို့တစ်ယောက်ထဲလာထိုင်နေတာလဲ”
“အိမ်မှာတစ်ယောက်ထဲပျင်းလို့လေ မမကလဲသူ့ဘာသာအလုပ်ရှုပ်နေတယ် တခြားလူတွေကလဲ သူတို့အလုပ်နဲ့သူတို့ ဏီဏီကိုတောင်ပုန်းနေကြသေးတယ် အသဲကွဲသံစဉ်တွေနားထောင်ရမှာစိုးလို့နေမှာပေါ့”
သူမတစ်ယောက်ထဲ အထီးကျန်နေပုံရသည်။ ကောင်းမွန်က ကြိတ်ကာသက်ပြင်းချလိုက်မိရင်း
“အဲ့ဒါဆိုလဲ အခုကိုယ်အဖော်လုပ်ပေးမယ် ဒါသောက်ပြီးတာနဲ့ပြန်ရမယ်နော်”
“အဲ့ဒါက ဏီ့သဘောပါ”
အခုမှလာဂရုစိုက်ပြနေတဲ့လူကို ရွဲ့ပြီးပြန်ပြောနေမိပေမယ့် စိတ်ထဲကတော့ကြိတ်ပြီးကျေနပ်နေမိသည်။ အစကတည်းက အဲ့ဒီလို လုပ်ပါလားကိုကြီးရယ်။ ဏီတစ်ယောက်ထဲ စိတ်ဆင်းရဲနေရတာကို။ ထူးဇော်ကဏီဏီဖုန်းကို Black List လုပ်ထားလို့ ခေါ်လို့မရ။ တခြားဖုန်းနဲ့ဆက်တော့လဲ ချသွားလေသည်။ ဏီဏီမှာ တနေကုန်ဘယ်လိုနေရမှန်းမသိ။ ငိုလဲမငိုချင်တော့။ အသဲကွဲခြင်းက အတော်ကိုဆိုးလွန်းပါသည်။
သားတူးက အပြင်ကနေ စားပွဲပေါ်ကဖန်ခွက်ကိုလက်ညှိုးထိုးပြနေသည်။ သူမှာထားတာ ရောက်လာပြီပဲ။
“ခဏနော် သူငယ်ချင်းတွေဆီသွားလိုက်ဦးမယ်”
ဒီတစ်ခါတော့ ဏီဏီက ကြည်ကြည်ဖြူဖြူခေါင်းငြိမ့်ပြခဲ့သည်။
ကောင်းမွန်ထွက်သွားတာနဲ့ဏီဏီက ဒရိုက်ဘာဦးကြီးမောင်ကို ဏီဏီကိုမစောင့်ပဲအိမ်ပြန်ဖို့ဖုန်းဆက်လိုက်သည်။ တစ်ယောက်ထဲနေခဲ့လို့ အိမ်ရောက်ရင် မမကေရဲ့ပွားခြင်းကို သေချာပေါက်ခံရမှာသိသော်လည်း ကိုကြီးကို ရစ်ချင်ပါသေးသည်။ သူမအတွက်စိတ်ထွက်ပေါက်က ဒီလူကြီးကိုရစ်ခြင်းပဲမလား။
“ဟေ့ကောင် ဘယ်က ကလေးလဲ ငါတို့လဲမသိပါလား”
“ငါနဲ့ဘာမှမဆိုင်ပါဘူးကွာ”
“မဆိုင်ဘူးသာပြောတယ် မင်းပုံစံက စိတ်ကောက်နေတဲ့ချစ်သူကို ချော့နေသလိုပဲ ကြင်နာနေလိုက်တာမှ”
“ဟုတ်တယ် ငါတို့ကြည့်နေတာ မင်းအကြည့်တွေ ဒီလောက်နူးညံ့နေတာ တစ်ခါမှမမြင်ဖူးဘူး”
မင်းညီနဲ့သားတူးက ကောင်းမွန်ကို အချွန်နဲ့ဝိုင်းမ,နေကြပါသည်။
“အာ မင်းတို့ကလဲ ပြောလေဆိုးလေ ငါသူနဲ့သွားထိုင်မှဖြစ်မယ် မနက်ဖြန်ညမှထပ်တွေ့မယ်”
“ဟေ့ကောင် မနက်ဖြန်ည ငါတို့မအားဘူးကွ”
သူတို့နှစ်ယောက်ဘာပြောပြော ခွက်ကိုင်ပြီးထွက်လာခဲ့လိုက်သည်။ အပြင်ကနေ သူ့ကိုစပ်ဖြီးဖြီး ကြည့်ပြနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို လုံးဝမကြည့်ပဲ နေလိုက်သည်။ ကြည့်မိရင် ပြောင်ပြလို့ဆုံးမှာမဟုတ်တော့။
“ကိုကြီးသူငယ်ချင်းတွေနဲ့ချိန်းထားတာလား”
“ဟုတ်တယ် ဒီနေ့ညနေသူတို့နဲ့ချိန်းထားတာ အဲ့ဒါကြောင့်မအားပါဘူးဆို”
“မဟုတ်ပါဘူးနော် တစ်လလုံးမအားဘူးလို့ပြောခဲ့ပြီး အခုအချိန်မှာစိတ်အနာဆုံးလူကိုပြောပါဆိုရင် ကိုကြီးပဲ”
“ဟမ် ဘာလို့ငါဖြစ်ရတာလဲ”
“မသိဘူး ကိုကြီးကြောင့်ဝမ်းနည်းနေတာကို”
“အော် အင်း အင်း”
“ဘာ အင်း အင်းလဲ ပြောနေတဲ့စကားကို စိတ်မဝင်စားပဲ အင်း အင်း မနေပါနဲ့”
ဘာပဲပြောပြော ညော်နေတဲ့ကလေးမကို ပြောလို့မနိုင်တော့ပါ။
“ဒါဆိုလဲ မအင်းကွာ”
“ကြည့် ချော့ပြောမယ်မရှိဘူး လူကိုရွဲ့ဖို့ပဲသိတယ်”
အနှစ်နှစ်၊အလလ ခင်မင်ခဲ့သူတွေလို ရင်းနှီးပြကာဆိုးနွဲ့ချင်နေတဲ့ဏီဏီကို ကောင်းမွန်ခပ်စိုက်စိုက်ငေးနေမိသည်။ နုနုငယ်ငယ်သူမမျက်နှာဟာ ကလေးစိတ်မပျောက်သေးသောကြောင့် ဆယ့်ကိုးနှစ်ဆိုတဲ့ အသက်ထက်ပိုငယ်နေသလိုပင်။ မလိမ်မိုး မလိမ်မာမလေးကို သူပဲအလျော့ပေးနေရပါသည်။
“ဒီလောက်ချော့နေတာကို မရတော့လဲ သူငယ်ချင်းတွေနဲ့ပဲသွားထိုင်တော့မယ်”
“အမယ် မသွားရပါဘူးနော် သွားကြည့်လေ ဏီပါလိုက်ခဲ့မှာပေါ့”
သူ့ကိုပြန်ခြိမ်းခြောက်နေပြန်သေးသည်။ မနိုင်စိန်မလေးကို ကောင်းမွန်ပြုံးစိစိကြည့်ရင်း။
“ဒီနေ့ရော အသဲကွဲသေးလား”
“ကွဲတာပေ့ါ အသဲကွဲတာထက် ကိုကြီးကိုစိတ်နာတာပိုဆိုးတယ်သိလား”
“မဟုတ်ဘူးလေ မင်းမှားနေပြီ ကိုယ့်ကိုစိတ်နာစရာမှမဟုတ်တာ အသဲကွဲအောင်လုပ်တဲ့ထူးဇော်ကိုစိတ်နာရမှာလေ”
“ထူးဇော်ကိုစိတ်မနာပါဘူး ကိုကြီးကိုပဲစိတ်နာတာ ကိုကြီးကလူကြီးလေ ဏီရဲ့အစ်ကိုလေ စိတ်မနာစေချင်ရင် ကိုယ့်ညီမလေးကိုအလိုလိုက်ပေါ့”
ခပ်မော့မော့မျက်နှာပေးနဲ့ ဂျစ်ကန်ကန်ပြန်ပြောနေတဲ့ဘရဏီကို ကောင်းမွန်ကြည့်ရင်း ရယ်ချင်မိသည်။
“ဘာလို့ကိုယ့်ကို ရစ်နေရတာလဲ ဂျစ်တူးမလေးပဲ”
ဏီဏီပါးစပ်ကိုလက်နဲ့ပိတ်ကာ ကျေနပ်စွာရယ်လိုက်မိသည်။ ခုနတုန်းက ဝမ်းနည်းနေတာတွေ ဘယ်ရောက်သွားမှန်းမသိ။
“မရစ်ပါဘူး နောက်ခါကျရင်ဘယ်လိုနေရမလဲဆိုတာ သင်ပေးနေတာ”
“ဘယ်လိုနေရမှာလဲ”
“ကိုယ့်ညီမလေးဖုန်းဆက်ရင်ချက်ချင်းကိုင်ပါ ခေါ်ရင်လာပါ စိတ်ညစ်နေတဲ့အချိန်အလိုလိုက်ပါ မုန့်တွေဝယ်ကျွေးပါ”
သူ့ဘက်က နစ်နာစေမယ့်အရာတွေချည်း သင်ပေးနေတာပင်။ ကောင်းမွန်က ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း
“အဲ့ဒါတွေအကုန်လိုက်လုပ်ပေးနေရင် ဏီဏီစိတ်ဆင်းရဲနေဦးမယ်နော်”
“ခွီ… ကိုကြီးအဲ့ဒီလိုနေရင် ဏီစိတ်မဆင်းရဲတော့မှာသေချာတယ်”
“အသဲကွဲနေတဲ့လူက အဲ့ဒီလိုုလုပ်ပေးရင် စိတ်မဆင်းရဲတော့ဘူးလား”
“အင်း ကိုကြီးနဲ့အတူတူရှိနေရင်ပျော်တယ်”
ဏီဏီကတော့ ရိုးရိုးသားသားပြောလိုက်တာပင်။ ဒါပေမယ့် သူမမျက်နှာကိုကြည့်နေရင်း သူ့နှလုံးသားကတော့တစ်ချက် ခုန်သွားမိသည်။ ဘုရား… ဒီကလေးမကို ချစ်မိလို့မဖြစ်ဘူး။ ရုတ်တရက်ကြီးထဖောက်လာတဲ့နှလုံးသားကို သတိပေးပြီး အသိစိတ်တွေနဲ့ ရင်ခုန်သံကိုဘရိတ်အုပ်လိုက်ရသည်။
“ကိုကြီးက ဏီရဲ့အစ်ကိုအရင်းဖြစ်ရင်ကောင်းမှာ ဒါမှမဟုတ်လဲ မမကေနဲ့ယူလိုက်ပါလား”
ဏီဏီ စကားကြောင့် တွန့်သွားမိရင်း
“လျှောက်ပြောမနေနဲ့ဘရဏီ သူများကြားလို့မှမကောင်း…”
“စိတ်ပူမနေပါနဲ့ ခင်ဗျားကြီးကိုဏီ့အစ်မကလဲ ကြိုက်မနေပါဘူးနော် သူ့ဘာသာယူရမယ့်သူရှိပြီးသား သိပြီလား စတာကို လာပြီးစိတ်ကူးတွေယဉ်နေသေး”
ဏီ့အစ်မကိုလဲ သူမကြိုက်ပါ။ ဘရဏီ်အစ်မ ကေသရီနေထွန်းက မိန်းမပီပီသသခပ်အေးအေးပုံစံမျိုးပင်။ ဆံပင်ရှည်ရှည် ရိုးရိုးယဉ်ယဉ်လေးနဲ့ မြန်မာဆန်ဆန်လှသူပါ။ ဏီဏီကသာ ဆံပင်ဂုတ်ဝဲနဲ့ဘောင်းဘီတို၊ တီရှပ်ကြိုက်သောသူဖြစ်သည်။
“မယဉ်ပါဘူးဗျာ ယူရမယ့်သူမရှိဘူးဆိုရင်တောင် သူ့ညီမကိုကြောက်လို့မကြိုက်ရဲပါဘူး”
“အောင်မာ ဏီကဘာဆိုးနေလို့လဲ ဒီလောက်လိမ္မာနေတာကို”
“အင်း အင်း”
ဘရဏီမျက်နှာအလိုမကျမှုတွေနဲ့ ရှုံ့မဲ့သွားရင်း
“အဲ့ဒီ အင်း အင်း ဆိုတာကြီးကို မုန်းပါတယ်ဆို စိတ်မဝင်စားပဲ မကောင်းတတ်လို့ အင်းအင်း ပြောနေရတာ မသိဘူးများ ထင်နေလား လူကိုကလေးမှတ်နေလား အားလုံးသိတယ်ဗျ”
သူ့ဘာသာစိတ်မကြည်တိုင်း ရန်ထရှာနေတဲ့ဘရဏီကို စိတ်ပျက်သလိုကြည့်မိသွားသည်။
“အဲ့ဒီလိုအကြည့်တွေနဲ့လဲမကြည့်ပါနဲ့ မုန်းဖို့ကောင်းတယ် စိတ်ကုန်သလိုကြီးလာကြည့်နေတာ”
ဒီတစ်ခါတော့ ပြုံးစိစိဖြစ်သွားရပြန်သည်။
“နောက်ခါအဲ့ဒီလိုမကြည့်နဲ့ ခါတိုင်းကြည့်နေသလိုပုံမျိုးနဲ့ပဲကြည့်”
ကော့တေးတစ်ခွက်သောက်ပြီး မူးချင်ချင်ဖြစ်နေတဲ့ကလေးမကို ကောင်းမွန်စချင်မိသည်။
“ဘယ်လိုကြည့်တာလဲ ခါတိုင်းက”
“ကလေးလေးကိုကြည့်သလိုမျိုးလေ ကိုကြီးဏီ့ကိုချစ်တယ်မလား”
ကောင်းမွန်မျက်လုံးပြူးသွားရသည်။ ဒီကလေးမ ဘာတွေလာမေးနေပါလိမ့်။ သူဘယ်လိုအကြည့်တွေနဲ့များ သွားကြည့်မိထားလို့ ဒီလိုတွေပြောနေသလဲနားမလည်နိုင်တော့။
“သိနေတယ်လေ ကိုယ့်ညီမလေးကိုချစ်ရဲ့သားနဲ့ဟန်ဆောင်နေတာ ဟုတ်တယ်ဟုတ်???”
သူကရိုးရိုးသားသားပြောနေတာကို ကိုယ့်ဘာသာဆန်းဆန်းပြားပြားတွေးထင်ရင်း လန့်သွားမိတာကို ရယ်ချင်မိသည်။
“ကဲ သောက်တာတစ်ခွက်နဲ့မူးနေပြီလား”
“မမူးပါဘူး ခါတိုင်းဆိုနှစ်ခွက်လောက်သောက်တာ အခုကနည်းနည်းလေးကို”
“အင်း အင်း ကဲ သွားကြစို့”
“ဟာ အစောကြီးရှိသေးတာကို”
“မစောတော့ဘူး ရှစ်နာရီထိုးတော့မယ်”
ကောင်းမွန် ဘေလ်ရှင်းပြီး ရှေ့ကနေထထွက်ခဲ့လိုက်သည်။ ချော့ပြောနေရင်ပိုဆိုးမယ်ဆိုတာ သိသောကြောင့် ဘာမှထပ်မပြောပဲ ထားခဲ့လိုက်သည်။ သူ့ကိုပေစောင်းစောင်းကြည့်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို လက်ပြနုတ်ဆက် ခဲ့လိုက်သည်။ မပြန်ချင်တဲ့ဏီဏီလဲ ဆောင့်ဆောင့်အောင့်အောင့်နဲ့နောက်က လိုက်ခဲ့ပါသည်။ ကားပေါ်ရောက်ချိန်ထိ စကားမပြောတဲ့ကောင်းမွန်ကို သူမကပဲအရင်စပြောခဲ့သည်။
“ကိုကြီး ဏီဏီဘာမှမူးဘူးနော်”
“သိတယ်လေ အဲ့ဒီကော့တေးတစ်ခွက်ကဖျော်ရည်သာသာကို ဘယ်မူးမလဲ”
“အဲ့ဒါဆိုဘာလို့မူးတယ်လို့စွပ်စွဲနေရတာလဲ”
“မစွပ်စွဲပါဘူး ထပ်သောက်နေမှာစိုးလို့”
“ထပ်သောက်တော့ဘာဖြစ်လဲ”
နုတ်ခမ်းစူပြီးမေးနေတဲ့ဏီဏီဟာ သူဘာဖြေဖြေရစ်ဖို့ဆုံးဖြတ်ထားပုံပင်။
“ကိုယ်ပိုက်ဆံအများကြီးရှင်းရမှာပေါ့”
“ဟွန်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်နိုင်ပါတယ်နော်”
“ဟားဟား အခုတော့ကိုယ်ပဲရှင်းခဲ့ရတာလေ ဘာလဲ ပြန်ပေးမလို့လား”
“မပေးပါဘူး သူ့ဘာသာရှင်းပြီးမှ လာပြန်တောင်းနေတယ် လုံးဝပြန်မပေးနိုင်ဘူး ဒါပဲ”
“မတောင်းပါဘူးကွာ အဲ့လောက်ကတော့ကျွေးနိုင်ပါတယ်”
ဘာပဲဖြစ်ဖြစ် ဏီဏီကျေနပ်ပါသည်။ သူ့သူငယ်ချင်းတွေနဲ့ထိုင်နေရာကနေ ဏီဏီဆီထလာကတည်းက သူ့ကို ကောက်နေတဲ့စိတ်တွေက အလိုလိုပြေပြီးသားဖြစ်နေခဲ့သည်။ အရှေ့ကိုအာရုံစိုက်ပြီး ကားမောင်းနေတဲ့ကိုကြီးကို အကဲခတ်မိသလောက်ပြောရရင် လူရည်သန့်တစ်ယောက်ပါ။ အရပ်မြင့်မြင့်၊မဖြူမညိုအသားအရည်နှင့် ကြည့်လိုက်တာနဲ့ ရိုးသားတဲ့သူမှန်းသိသာစေတဲ့ အေးချမ်းတည်ငြိမ်တဲ့သူ့ရဲ့မျက်နှာကြောင့် သူ့ကိုအစ်ကိုတစ်ယောက်လို ခင်မင်မိသည်။ ထင်ထားတာထက်စိတ်ရှည်ပြီးသဘောကောင်းပေမယ့် သူကဏီဏီကိုမခင်ချင်ပေ။ ဖုန်းဆက်ခေါ်တာကို မအားဘူးဆိုပြီး ချေနေလိုက်သေးသည်။
“ကိုကြီးက အချေကိုယ်တော်ပဲသိလား”
“ဘာလဲအချေကိုယ်တော်ဆိုတာ”
“ဖုန်းဆက်တာကို မအားဘူးပိတ်ငြင်းတာလေ အဲ့ဒါချေတာပဲပေ့ါ”
“အော်”
“နောက်ရက်ဖုန်းဆက်ရင်တော့ မအားဘူးလို့မငြင်းတော့ဘူးမလား ဟင် ဟင် လို့”
သူ့ဘက်ကို ခေါင်းလေးစောင်းကြည့်ကာ ချွဲနွဲ့ပြောနေတဲ့ဏီဏီကို သူမကြည့်ရဲတော့။ ဆက်ကြည့်မိရင် ရင်ခုန်သံတွေ ဆူညံလာတော့မည်။ စိတ်ထိန်းစမ်း ကောင်းမွန်။ မနေ့ကမှတွေ့ဖူးတဲ့ဒီကလေးမကို ရင်ခုန်စရာလား။ အသက်ကြီးမှ တည်ငြိမ်နေတဲ့နှလုံးသားကို ဒုက္ခမပေးချင်စမ်းပါနဲ့တော့ကွာ။ ဒီနှလုံးသားမှာ ဒဏ်ရာဟောင်းလေးတောင်ရှိနေသေးတာကို။
“အလုပ်အားရင်တော့ လာခဲ့မယ်လေ ကိုယ်မလာဖြစ်လဲဖုန်းဆက်ခဲ့ပေါ့ ပြောစရာရှိရင်”
“ဟာ အလုပ်အားအောင်လုပ်ပြီးလာပေါ့”
ဘရဏီနေထွန်းတို့ကတော့ ပြောလိုက်ရင်အပိုင်ပင်။
“ဒါပေမယ့် ကိုကြီးရည်းစားနဲ့သွားတွေ့ရင်တော့ ဏီဏီမခေါ်ပါဘူးနော်”
“အော် အတော်နားလည်ပေးတယ်ပေါ့”
“အင်းလေ ဏီလဲရည်းစားထားဖူးတာပဲ သူများသမီးရည်းစားသာယာပျော်ရွှင်နေချိန်ကိုယ်ချင်းစာပေးရမှာပေါ့”
အတော်ကိုယ်ချင်းစာတတ်ရှာပေသည်။ ကိုယ့်မှာသာ မရိုးမသားရင်တွေခုန်ချင်ချင်ဖြစ်နေခဲ့တာ။ သူကတော့ သူ့ရည်းစား ကောင်လေးကို အတော်ချစ်ပုံပင်။ ကောင်းမွန်ကြိတ်ပြီးသက်ပြင်းချလိုက်မိသည်။ ဒီပုံအတိုင်းဆက်သွားလို့တော့မဖြစ်ပေ။ ဏီဏီကို အနေနီးလေ သံယောဇဉ်ပိုလေနဲ့ နက်နက်ရှိုင်းရှိုင်းချစ်မိလို့မဖြစ်။ သုံးဆယ်ပြည့်ခါနီးသူနဲ့ နှစ်ဆယ်ပြည့်ခါနီး ဏီဏီဟာ ဘယ်လိုမှ မအပ်စပ်ပါ။ သူ့အဖေကလဲ အသက်အရွယ်ကွာရုံမက စည်းစိမ်ဥစ္စာ၊ ဂုဏ်ဒြပ်ပါကွာခြားတဲ့ သူ့လို သာမန်လူတန်းစားနဲ့ဘယ်လိုမှ သဘောမတူလောက်ပေ။ ရည်းစားဦးနဲ့လဲ အခုလိုအဆင့်အတန်းမတူညီမှုတွေကြောင့် ကွဲခဲ့ရပြီးပြီ။ ခဲ့မှန်ဖူးတဲ့စာသူငယ်မို့ ဏီဏီကို ရှောင်ရပါမည်။ ကင်းနိုင်သမျှကင်းအောင် နေရပါလိမ့်မည်လို့ တွေးမိပေမယ့်။
================================================================
“ကိုကြီး ဒီတစ်ပါတ်ရုံးပိတ်ရက်ကျရင် ဏီဏီကိုစိမ်းလဲ့တင်လိုက်ပို့ပါလား”
ဏီဏီဟာ နေ့စဉ်နေ့တိုင်းလူကိုယ်တိုင်မလာသော်လည်း စိတ်ကူးပေါက်ရင်ပေါက်သလို ဖုန်းဆက်ချင်တဲ့အချိန်ဆက်ပြီး အမျိုးမျိုးညော်တတ်ပါသည်။
“အာ အဝေးကြီး..”
“ဘယ်လောက်ဝေးနေလို့လဲ ကားနဲ့သွားရင် ခဏလေးကို”
“မဖြစ်ဘူးဏီဏီ”
“Why not??? ဏီက Zipline စီးချင်လို့ပါဆို”
“မြို့တွင်းပဲသွားချင်သွားကွာ ပြီးတော့ နောက်တပါတ်ပိတ်ရက်ကိုယ်ခရီးထွက်ရမှာ ဒီတော့ ဒီတပါတ်မုန့်စားချင်ရင် လိုက်ဝယ်ကျွေးမယ် စိမ်းလဲ့တင်တော့မဖြစ်ဘူး”
“ဘာဖြစ်လို့လဲလို့ ကိုကြီးရဲ့ရည်းစား မကြိုက်လို့လား”
“ဟုတ်တယ် ဟုတ်တယ် ကိုယ့်ချစ်သူကမကြိုက်ဘူး”
အမြန်ဆုံးထောက်ခံလိုက်ရသည်။ ဒါမှမဟုတ်ရင် အတင်းလိုက်ပို့ခိုင်းနေလိမ့်မည်။
“ဏီဏီနဲ့သွားတာကိုမကြိုက်တာလားဟင်”
ဝမ်းနည်းသလိုလေသံပြောင်းသွားတော့လဲ သူမနေနိုင်ပါ။
“အဲ့ အဲ့လိုမဟုတ်ပါဘူး သူက သူနဲ့အဝေးကြီးသွားတာမကြိုက်တာ”
“ဒါဆို သူ့ကိုပါခေါ်ခဲ့လေလို့”
အဲ့ဒါမှပြသနာ။ မရှိတဲ့ရည်းစားကို ဘယ်ကနေသွားခေါ်ရမလဲမသိ။ ကောင်းမွန်စိတ်ရှုပ်စွာခေါင်းကုတ်လိုက်မိတော့သည်။
“သူကမအားဘူးလေ ရုံးပိတ်ရက်မှာ OT (Overtime) ဆင်းရမှာ အဲ့ဒါကြောင့်”
“ဒါဆို သူ့ကိုမပြောပဲတိတ်တိတ်လေးသွားမယ်လေ”
“ကိုယ့်ချစ်သူကိုလိမ်ပြောရတာစိတ်မသန့်ပါဘူးကွာ ပြီးတော့ ရုံးဆင်းချိန်ကျရင်လဲသွားကြိုရဦးမယ်လေ”
အင်းလေ ကိုယ်ကသာ ဘာမှမဆိုင်ပဲအတင်းပူဆာမိနေတာ။ သူ့ချစ်သူကိုပဲ ဦးစားပေးရမှာပေါ့။ သူ့ချစ်သူက ကံကောင်းလိုက်တာ။ ဏီဏီမှာ ထူးဇော်ကို သတိရသွားပြီးဝမ်းနည်းသွားမိသည်။ သူကတော့ ချစ်သူဖြစ်ခဲ့တဲ့ တစ်ပါတ် အတောအတွင်းမှာ ကိုကြီးလောက်တောင် ဏီ့ကိုဂရုမစိုက်၊ အလိုမလိုက်ခဲ့ပါ။ အခုဆို အရမ်းလှတဲ့ဟေမာန်ကိုတော့ အလိုလိုက်၊ အလျော့ပေးနေရလောက်ပါပြီ။
“ဟဲလို ဏီဏီ ကိုယ်ပြောနေတာကြားလား”
“ဟုတ် ကြားတယ် နောက်မှပြန်ဆက်လိုက်တော့မယ်နော်ကိုကြီး ဘိုင်ဘိုင်”
ဘာမှပြန်မဖြေပဲဖုန်းချသွားသောကြောင့် သူ့ကိုစိတ်ကောက်သွားတာဖြစ်နိုင်ပါသည်။ ကောင်းမွန် ဖုန်းပြန်ခေါ်လိုက်ပြီးမှ မဝင်ခင်ပြန်ချလိုက်မိသည်။ ခပ်ကင်းကင်းနေမယ်လို့ဆုံးဖြတ်ထားသူက ပိုပိုတိုးမိနေသလိုပင်။ တစ်ယောက်ထဲယောင်ပြီး ခေါင်းခါလိုက်မိသည်။ မလောင်ခင်တားထားနိုင်မှတော်ရာကျပေလိမ့်မည်။ ဘရဏီနေထွန်းဆိုတာ ကောင်းမွန်ထွန်းနဲ့ ပတ်သက်ခွင့်မရှိသောမိန်းကလေးပါ။ သိသိကြီးနဲ့မိုက်လို့မဖြစ်ပါ။ အရင်တခါကရခဲ့ဖူးတဲ့နှလုံးသားဒဏ်ရာဟာ အခုချိန်ထိ တွေးလိုက်ရင်တဆစ်ဆစ်ကိုက်ချင်နေတုန်းပင်။ ရည်းစားဦးနဲ့ကွဲတုန်းက အလူးအလဲခံစားခဲ့ရလို့နောက်တစ်ယောက်ကို ထပ်ချစ်မိမှာ ကြောက်နေခဲ့မိတာ။ သူဟာအစွဲအလန်းကြီးလွန်းသူတစ်ယောက်ဆိုတာ ကိုယ့်ကိုကိုယ်ဆင်ခြင်မိရင်း သံယောဇဉ်မနည်းဖြတ်ခဲ့ရတာပင်။ ဘာကိုမှဆက်မတွေးတော့ပဲ မျက်လုံးမှိတ်ကာအိပ်ပျော်အောင်ကြိုးစား အိပ်လိုက်တော့သည်။ နောက်တနေ့မနက်ရုံးတက်ချိန်မှာတော့။
“ဒေါက် ဒေါက်”
အခန်းတံခါးခေါက်ပြီး ဝင်လာသံကြားပေမယ့် email ဖတ်နေတဲ့ကောင်းမွန် မော့မကြည့်မိပေ။ ဒီနေ့ဆိုဒ်ထဲသွားရမှာမို့ မသွားခင်ဝင်ထားသမျှ email တွေဖတ်ပြီး Reply ပြန်ဖို့ဖတ်နေမိသည်။
“Hello Mr.ကောင်း”
ဏီဏီအသံကြောင့် သူလန့်သွားပြီးမော့ကြည့်လိုက်မိသည်။ ဒီကောင်မလေးရုံးကို ထပ်လာပြန်ပြီ။ ဒုတိယအကြိမ်မြောက်မှာ ရုံးကလူတွေတော်တော်သတိထားမိနေလောက်ပြီ။ သူသက်ပြင်းကြိတ်ချမိလိုက်ရင်း
“ဏီဏီရာ လာမယ်ဆိုလဲဖုန်းလေးဘာလေးကြိုဆက်ဦးမှာပေါ့”
“ကိုကြီးကလဲ ဖေဖေနဲ့အတူတူလိုက်လာတာကို”
ဒီစကားသံကြားမှ ပိုမျက်လုံးပြူးရတော့သည်။
“ဘာ ဘယ်သူနဲ့”
“ဖေဖေနဲ့အတူတူရုံးလိုက်လာတာလို့ ကိုကြီးဆီခဏဝင်လာတာ”
“အော် ဏီရဲ့အဖေကအခုဘယ်မှာလဲ”
“အပေါ်တက်သွားပြီလေ ဏီက အသိဆီခဏဝင်ဦးမယ်လို့ပြောပြီး သုံးလွှာမှာဆင်းနေခဲ့တာ”
ဏီဏီကတော့ ဘာမှမဖြစ်သလို အပေါ်ထပ်ကို လက်ညှိုးထိုးပြီး အေးဆေးပြောနေပေမယ့် သူ့စိတ်ထဲကနေတော့ အောင်မလေးဗျလို့ အော်လိုက်မိတော့သည်။ ဦးနေထွန်းပိုင်တဲ့ ရှစ်ထပ်ရှိတဲ့ဒီအဆောက်အဦးကြီးထဲ တတိယထပ်ကို ကောင်းမွန်တို့ဆောက်လုပ်ရေးရုံးအဖြစ် ပေးထားသည်။ လေးလွှာမှာတော့ ဦးနေထွန်းရဲ့ရုံးခန်းရှိပါသည်။ မြေညီထပ်မှာ ဆောက်လုပ်ရေးပစ္စည်းရှိုးရွှန်းတစ်ခုဖွင့်ထားပြီး နောက်အလွှာတွေမှာလဲ သူ့ရဲ့အခြားလုပ်ငန်းခွဲတွေရဲ့ရုံးခန်းများအသီးသီး ရှိလေသည်။ သူ့အဖေကိုတောင်ပြောပြီးကောင်းမွန်ဆီဝင်ခဲ့တယ်ဆိုတော့။ သက်ပြင်းသာကြိတ်ချလိုက်တော့သည်။
“ကဲ မမလေး အခုဘာကိတ်စနရှိလို့လာပါသလဲ”
“ဘာကိတ်စနမှမရှိပါဘူး သတိရလို့ဝင်လာတာ ဖုန်းပဲပြောနေရပြီး လူကိုမတွေ့ရတာကြာလို့ လွမ်းလို့လေ”
အင် ပြောသင့်လား၊ မပြောသင့်လားမသိတဲ့စကားကို သူမက အေးအေးဆေးဆေးပြောထွက်ပေမယ့် သူရင်ထဲကတော့ မအေးဆေးနိုင်ပါ။ ရင်ထဲနွေးသွားတဲ့ခံစားချက်ကိုထိန်းရင်း အောက်နုတ်ခမ်းကိုဖိကိုက်ထားမိလိုက်သည်။ ဒီကောင်မလေးနဲ့တော့ ကြာရင်မလွယ်ပေ။
“ဆိုဒ်ထဲသွားမလို့”
“ဏီဏီလဲလိုက်မယ်”
“မလိုက်ရဘူး ဆိုဒ်ထဲမှာယောကျာ်းတွေချည်းပဲ”
“ကိုကြီးပါတာပဲလေ”
“တော်ပြီဏီဏီ အလုပ်လုပ်နေတဲ့နေရာ ကလေးမလိုက်ရဘူး”
မကြိုက်တဲ့ပုံစံနဲ့မျက်မှောင်ကျုံ့ပြီးပြောနေတဲ့ကောင်းမွန်ကို ဏီဏီက မေးစေ့ကိုပွတ်ကာကူလီကူမာပြုံးပြလိုက်ရင်း
“မလိုက်စေချင်ရင်…. အင်း ဘာပူဆာရင်ကောင်းမလဲ”
သူ့ဆီကတခုခုပူဆာချင်လို့ လိုက်ချင်တယ်ပြောနေတာကို ကောင်းမွန်တို့အငိုက်မိသွားလေသည်။ အတော်လည်တဲ့ ကလေးမပါ။ ဒါပေမယ့်လည်း အကြီးအကျယ်စဉ်းစားခန်းဖွင့်နေတဲ့ဏီဏီကိုကြည့်ပြီး ချစ်စနိုးပြုံးလိုက်မိသည်။
“ကဲ စဉ်းစားထားလိုက်ဦး စဉ်းစားလို့ရမှဖုန်းဆက်ခဲ့နော် အခုသွားရတော့မယ် ဏီဏီလဲအပေါ်တက်တော့”
“ဟင် သွားတော့မှာလား ပြီးရောလေ ဏီဏီပူဆာတာ တကယ်လုပ်ပေးရမယ်နော်”
ဏီဏီက ခေါင်းငြိမ့်ပြလိုက်တဲ့ကောင်းမွန်ကို ပျော်ပျော်ကြီးပြုံးပြကာ လက်ပြနုတ်ဆက်ထွက်သွားမှ ပြုံးရွှင်နေတဲ့ သူ့မျက်နှာကို မြန်မြန်မျက်နှာပိုးသတ်လိုက်မိသည်။ သူဟာ ဆင်ခြင်မယ်လို့တွေးထားပြီး ပိုပိုဆိုးနေသလိုပင်။ ဒီကောင်မလေးအပေါ် မရိုးမသားစိတ်ဝင်နေမိတဲ့အတွက် အပြစ်ရှိသလိုတောင်ခံစားမိသွားသည်။ ဏီဏီက သူ့ကိုအစ်ကို အရင်းတစ်ယောက်လို ခင်တွယ်တာကို တဖက်သတ်ကြိတ်ပြီး ရင်ခုန်ချင်ခဲ့တာပါ။ လေပူကြီးကိုမုတ်ထုတ်လိုက်မိရင်း ကိုယ့်အဖြစ်ကိုယ် စိတ်ကုန်သွားမိသည်။
“ဟဲလို ကိုကြီး ဏီဏီစဉ်းစားလို့ရပြီ သိလား”
ညအိပ်ခါနီးမှ ဏီဏီဖုန်းဆက်လာခဲ့ပြန်သည်။ ဘာတွေ ပူဆာဦးမလဲမသိ။ ကောင်းမွန်တစ်ယောက်တည်း ပြုံးလိုက်မိရင်း
“အင်း အဝေးကြီးတွေမပူဆာနဲ့နော်”
“မပူဆာပါဘူး ကိုကြီးချစ်သူကလေ အချိန်ပိုဆင်းရမယ်ဆိုတော့ ဒီတပါတ်ပိတ်ရက် ကိုကြီးစွန်းကိုအားနေတာမလား”
ကြံကြံဖန်ဖန်ဘာပူဆာပြန်ဦးမလဲမသိ။ လိမ်ထားမိတဲ့သူ့ကိုသူသာ အပြစ်တင်ရတော့ပေမည်။
“အင်း အဲ့ဒီတော့…”
“အဲ့ဒီတစ်ရက်လုံးဏီကိုအချိန်ပေးပါ ကိုကြီးချစ်သူရုံးဆင်းခါနီးကျမှာသွားကြိုပေါ့ နော်”
“အမ် တစ်နေ့လုံးဆိုတော့…”
“မနက်ကိုးနာရီကနေညနေငါးနာရီအထိ သွားချင်တဲ့နေရာတွေလိုက်ပို့ပေး စားချင်တာတွေလိုက်ဝယ်ကျွေး”
“အာ တစ်နေကုန်တော့မဖြစ်ဘူးလေ မုန့်တော့လိုက်ကျွေးမယ်ကွာ သွားချင်တဲ့တစ်နေရာလိုက်ပို့ပေးမယ်”
“ဟင် ပြောတော့…..”
“ကိုယ်အရင်ပြောမယ် စိတ်ကောက်ဖို့ပဲစဉ်းစားမနေနဲ့ ကိုယ့်ချစ်သူကိုလဲအချိန်ပေးရဦးမယ်လေ နော် မဆိုးနဲ့ညီမလေး”
ဘာကြောင့်မှန်းမသိလိုက်ပေမယ့် ရင်ထဲမှာတိတ်တိတ်လေးဝမ်းနည်းသွားမိသည်။ သူ့ချစ်သူကိုလဲအချိန်ပေးရဦးမယ်တဲ့။ ဟုတ်ပါတယ်လေ။ ဏီဏီကသာအတင်းလိုက်ပူဆာနေမိတာကို။ အားနာလို့လိုက်လျောတာနေမှာပေါ့။
“ဟုတ် အဲ့ဒါဆိုရင်လဲကိုကြီးချစ်သူနဲ့သာသွားပါတော့ ဏီဆီမလာပါနဲ့တော့”
“ဟာ အဲ့လိုသဘောမျိုးပြောတာမဟုတ်ဘူးလေကွာ ကိုယ်က…”
“နားလည်ပါတယ်ကိုကြီး ရှင်းပြစရာမလိုပါဘူး ဏီကသူများရည်းစားကိုသွားခေါ်မိတာကို စိတ်ချပါ နောက်ဆိုကိုကြီးကို မဆက်သွယ်တော့ပါဘူး ဒါပဲနော်”
“ဏီ စိတ်မကောက်…”
စကားမဆုံးခင် စိတ်ကောက်ပြီးဖုန်းချသွားတဲ့ဏီဏီကို ပြန်ခေါ်ရင်ကောင်းမလား၊ မခေါ်ရင်ကောင်းမလား စဉ်းစားနေမိသည်။ စိတ်ကောက်သွားတော့လဲမနေတတ်ပြန်နဲ့ သူ့မှာဒုက္ခရောက်လွန်းပါသည်။ မထူးတော့ပြီမို့ မခေါ်ဖို့သာ ဆုံးဖြတ်လိုက်ပေမယ့် ငိုများငိုနေမလားလို့ စိတ်ပူပြီးဖြောင့်ဖြောင့်တောင်အိပ်မပျော်နိုင်တော့။ အရင်ကဆို အပူအပင် မရှိတဲ့သူက ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတတ်ပါသည်။ အခုတော့… ။
နောက်တစ်နေ့ထိဖုန်းမဆက်လာတဲ့ဏီဏီကို သူလဲမဆက်သွယ်တော့ပါ။ သို့သော် မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ သူ့ဆီကို ဆက်လာမလားလို့မှျှော်နေမိပြန်သည်။ အမှန်ဆို ဖုန်းမဆက်လာဖို့တောင် ဆုတောင်းရဦးမှာကို။ တနေကုန်ရုံးမှာ ဖုန်းတကိုင်ကိုင်နဲ့ မသိစိတ်ရော၊ သိစိတ်ကပါမျှော်နေမိသည်။ အတော်ကိုစိတ်ဒုက္ခပေးတဲ့ကလေးမပါ။
ရုံးဆင်းချိန်မှာတော့ မထင်မှတ်ပဲ ဏီဏီနဲ့ဓါတ်လှေကားမှာဆုံမိကြသည်။ တခါတလေမှရုံးကိုလိုက်လာတတ်တဲ့ဏီဏီနဲ့ အခုလိုလာတွေ့လို့ဝမ်းသာမိသွားသော်လည်း သူ့အဖေနဲ့အတူတူမို့ ကောင်းမွန်မှာ ဓါတ်လှေကားထဲ ဝင်ရင်ကောင်းမလား၊ မဝင်ရင်ကောင်းမလား တွေဝေနေမိသည်။
“လာလေ ကောင်းမွန်”
“ဟုတ်ကဲ့ အန်ကယ်”
ဦးနေထွန်းခေါ်သံကြားမှ ကောင်းမွန်ပြုံးပြရင်း အနောက်နား လွတ်နေတဲ့ဏီဏီနံဘေး ဝင်ရပ်လိုက်သည်။ အန်ကယ်က သူ့သမီးပါလို့ ထင်သည်။ စကားမပြောပဲတိတ်နေသည်။ ဏီဏီကတော့ စိတ်ကောက်နေကြောင်းကို မျက်နှာကို မော့ချီထားကာ နုတ်ခမ်းကိုတစ်တောင်လောက် စူပြထားလေသည်။ မသိချင်ယောင်ဆောင်နေတဲ့ကောင်းမွန်ကို သိသိသာသာ မျက်စောင်းတွေပိတ်ထိုးပြနေသည်။ သူ့အဖေရှေ့မှာမို့ ကောင်းမွန်မှာ မမြင်ချင်ယောင်ဆောင်ရင်း ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။
အောက်ထပ်ရောက်တော့ ဦးနေထွန်းက ကောင်းမွန်ကိုခေါင်းတစ်ချက်ငြိမ့်ပြနုတ်ဆက်ကာ ဓါတ်လှေကားထဲက ထွက်သွားချိန်တွင် တမင်ကျန်နေခဲ့တဲ့ဏီဏီက သူ့ရဲ့လက်မောင်းကိုပိတ်ထိုးကာ အဖေဖြစ်သူနောက်ကို အပြေးတပိုင်းနဲ့ လိုက်သွားလေသည်။ ဘယ်လိုကောင်မလေးမှန်းမသိ။ ကောင်းမွန်လက်မောင်းကိုပွတ်ပြီး ပြုံးစိစိနဲ့ကျန်နေခဲ့သည်။ အခုမှ ရင်ထဲမှာဟာတာတာဖြစ်နေသောအရာကြီး ပြည့်စုံသွားသလိုခံစားလိုက်ရသည်။
မှတ်ပြီလား စိတ်ပုတ်ကြီး။ သူများစိတ်ကောက်နေတာသိသိကြီးနဲ့ ပြန်မချော့တဲ့လူကြီး။ အမှန်တော့ ဒီလူကြီးကိုတွေ့ချင်လို့ ဖေဖေ့ကိုအကြောင်းပြပြီး ရုံးကိုသွားခဲ့တာပါ။ စိတ်ကောက်နေလို့သူရှိနေတဲ့သုံးလွှာကိုမဝင်ချင်ပေမယ့် သူနဲ့မတော်တဆ ပုံစံမျိုးတွေ့ချင်လို့ ဓါတ်လှေကားကိုတက်လိုက်ဆင်းလိုက် လိုက်စီးနေသော်လည်း ကိုယ်တော်ကတစ်ခါမှပေါ်မလာပေ။ ဖေဖေနဲ့အတူတူရုံးဆင်းမှပဲ တွေ့တော့သည်။ ကားပေါ်မှာအတွေးတွေနဲ့တပြုံးပြုံးဖြစ်နေတဲ့ဏီဏီက သူမကိုမသိမသာ အကဲခတ်နေတဲ့ အဖေဖြစ်သူကို လုံးဝသတိမထားမိပါ။
ညရောက်တော့ ကိုကြီးဆီကဖုန်းဝင်လာခဲ့လို့ပျော်သွားမိသည်။ သူကဏီဏီဆီဖုန်းဆက်ခဲလှပါသည်။ ဆယ်ခါဖုန်းပြောလို့ သူခေါ်တာတစ်ခါပင်မရှိတရှိ။ ဏီဏီကပဲ ခေါ်ခဲ့တာချည်းပင်။ အကျင့်ပုတ်ပြီးမကိုင်ပဲနေချင်ပေမယ့် သူဘာပြောမလဲ သိချင်မိသည်။
“အဟမ်း ဟဲလို”
“ဏီဏီ ဘာတွေလုပ်နေလဲ”
“အဲ့ဒါသိချင်လို့ဖုန်းဆက်တာလား”
“လက်မောင်းအရမ်းနာလို့ ဆေးကုပေးဖို့ခေါ်မလို့ပါ”
“အမယ် လာသေးတယ် သူ့လက်မောင်းကအကြီးကြီးနဲ့ နာစရာလား”
“ဟား ဟား စိတ်ကောက်နေတဲ့ကလေးမကို ချော့မလို့ပါ”
ဏီဏီတစ်ယောက် ကျေနပ်ပြီးပြုံးသွားရသော်လည်း ခပ်တင်းတင်းပြန်ပြောလိုက်သည်။
“ဘယ်သူကစိတ်ကောက်နေတယ်ပြောလို့လဲ”
“မသိပါဘူး ညနေတုန်းက ဓါတ်လှေကားတံခါးမှာနုတ်ခမ်းကြီးသွားညှပ်မှာကိုစိတ်ပူနေတာ”
“ဟင် ဘာကြီး”
ကောင်းမွန်ပြောတာကို ကြားကြားချင်းသဘောမပေါက်ပဲ ထပ်မေးမိလိုက်သည်။
“ဘယ်က,ကလေးမလဲ နုတ်ခမ်းစူထော်နေလို့ ဓါတ်လှေကားတံခါးကိုသွားထိုးမိနေတာလေ”
“အမယ် မထော်ပါဘူးနော်”
အခုမှ လာငြင်းနေတဲ့ဏီဏီကို ရယ်လိုက်မိရင်း
“ကဲ မနက်ဖြန်ဘယ်သွားမှာလဲ”
“ကိုကြီးချစ်သူနဲ့သွားမှာဆို”
“အာ ရပါတယ် ဏီဏီဆီကပြန်မှ သူ့ဆီသွားလိုက်မယ်လေ”
“သူစိတ်ဆိုးနေမှာပေါ့”
“ရတယ် ကိုယ့်ချစ်သူက နားလည်မှုအပြည့်ရှိတယ်”
“အမယ် တယ်ဟုတ်ပါလား အဲ့ဒါဆိုလဲ မနက်ဖြန်ကိုးနာရီရှေ့တော်မှောက်အရောက်ခစားစေ”
“အော် အဲ့ဒီလိုလေသံနဲ့ပြောရလား”
“ဟီ ဟီ အဲ့ဒီလိုပြောတာရိုင်းလို့လား”
“မမလေးရှေ့တော်မှောက်ကို ကိုးနာရီအရောက်လာခဲ့ပါမယ်ဗျား”
“တကယ်နော် အဲ့ဒါဆို ဒါပဲနော် မအားတော့ဘူး မနက်ဖြန်ဝတ်ဖို့အကျီၤရွေးလိုက်ဦးမယ် ဘိုင် ဘိုင်”
ဘယ်သွားမယ်၊ဘာစားမယ်တောင်မပြောပဲ အကျီၤရွေးဖို့ဖုန်းချသွားလေသည်။ဖုန်းမခေါ်ဖို့ဘယ်လောက်ပဲ စဉ်းစားခဲ့ပေမယ့် ခေါ်မိသွားခဲ့သည်။ ဏီဏီပျော်ရင် သူလဲပျော်နေမိသည်။ ကောင်းမွန်မှာဖုန်းကြီးကိုင်ထားရင်း တစ်ယောက်ထဲ ပြုံးနေမိပြီးမှ ငါရူးများသွားပြီလားလို့ ထင်လိုက်မိသည်။ ရည်းစားတစ်ခါမှမထားဖူးတဲ့ ဆယ်ကျော်သက် မနူးမနပ်လဲမဟုတ်ပဲ။ ရည်းစားဟောင်းကို ဖြတ်ခနဲသတိရမိသွားလို့ အတွေးတွေကိုအမြန်ရပ်ပစ်လိုက်တော့သည်။ အတိတ်ကို ပြန်လည်သတိမရချင်ပါ။
အင်မတန်ပဲများတဲ့ ကိုကြီးကောင်းပါ။ ဒါကြောင့်လဲလူပျိုကြီးဖြစ်နေတာထင်ပါ့။ ဟိုနေ့ကတည်းက အဲ့ဒီလိုပြောရင် ဏီဏီ စိတ်ဆင်းရဲရမှာမဟုတ်ဘူးလေ။ ကိုကြီးစိတ်ထားကောင်းတာကို စတွေ့တဲ့နေ့ကတည်းက သိပါသည်။ ဏီဏီကို ညီမလေးတစ်ယောက်လိုကြင်နာတတ်လို့ ကိုကြီးအပေါ်ဆို တမင်ကိုဆိုးနွဲ့ချင်မိသည်။ ဏီဏီမှာ မနက်ဖြန်လည်ဖို့အတွက် ဗီရိုကိုဖွင့်ပြီး အကျီၤရွေး ဖိနပ်ရွေး အိတ်ရွေးနဲ့ အတော်ကိုအလုပ်ရှုပ်နေခဲ့တာပါ။
မနက်စာစားဖို့ ပြင်ဆင်ပြီး ဆင်းလာတဲ့ဏီဏီကို ဖေဖေနဲ့မမက အထူးအဆန်းဝိုင်းကြည့်နေကြသည်။
“စောစောစီးစီးထပြီး အလှတွေပြင်လို့ပါလားသမီး”
ခါတိုင်းဆို ဖေဖေရုံးသွားချိန်ထိ ထချင်မှထတတ်သောဏီဏီကို အဲ့ဒီလိုမေးတာတော့ မလွန်ပေ။
“အပြင်သွားမလို့ဖေ”
“ဘယ်သူနဲ့လဲ”
မေးတာမဖြေသေးပဲ မျက်လုံးပြူးကြီးနဲ့ကြည့်နေတဲ့ဏီဏီကို ဦးနေထွန်းလဲပြန်ကြည့်နေလိုက်သည်။
“ဟို… ကိုကောင်းမွန်ထွန်းနဲ့ပါဖေ”
အဲ့ဒီအဖြေကြားမှ ဦးနေထွန်း ဘဝင်ကျသွားရသည်။ သမီးငယ်သူ့ကိုလိမ်မလိမ်သိချင်လို့ တမင်မေးလိုက်ခြင်းဖြစ်သည်။
“သမီးနဲ့ဘယ်တုန်းကသိတာလဲ”
“နည်းနည်းကြာပြီဖေ ဟိုနေ့လေ ဖေဖေဖုန်းယူခိုင်းတဲ့နေ့က”
ကေသရီက သားအဖနှစ်ယောက်ပြောသမျှကို ဘာမှဝင်မပြောပဲ ကော်ဖီသောက်ရင်းနားထောင်နေသည်။
“ဒီနေ့က ဘယ်သွားကြမလို့လဲ”
“နေရာတော့အတိအကျမသိသေးဘူး သမီးလျှောက်လည်ချင်လို့ ကိုကြီးကိုပူဆာထားတာ”
ဦးနေထွန်း မျက်ခုံးတွေတောင်ပင့်မိသွားရသည်။ ခေါ်ပုံကလဲ ကိုကြီးတွေဘာတွေနဲ့ဆိုတော့။
“သမီးတို့က ရိုးရိုးသားသားမောင်နှမတွေလိုခင်တာပါဖေဖေ”
အဖေမျက်နှာအပြောင်းအလဲကို ရိပ်မိတဲ့ အင်မတန်လည်တဲ့ဏီဏီပါ။
“ဒါဆိုလဲ မောင်နှမလိုပဲခင်ကြနော် ဒီထက်တော့မပိုစေနဲ့”
“စိတ်ချပါဖေရယ် သမီးအိမ်ရှေ့မှာသွားစောင့်နေတော့မယ်နော် ကိုးနာရီချိန်းထားတာ”
အဖေခေါင်းငြိမ့်တာတောင်မဆုံးခင်လှစ်ခနဲ့ပြေးထွက်သွားတော့ သမီးငယ်နောက်ကျောကိုကြည့်ပြီး ဦးနေထွန်း သက်ပြင်းချလိုက်မိတော့သည်။
ကိုကြီးကို အစ်ကိုတစ်ယောက်လိုခင်တာပါ။ ဖေဖေကလဲ ဏီဏီက ထူးဇော်ကိုပဲချစ်တာကို ဘာတွေစိတ်ပူနေလဲမသိ။ ခြံဝန်းတံခါးဖွင့်ပြီးထွက်လိုက်တော့ ကောင်းမွန်ရဲ့ကားကို တွေ့လိုက်ရသည်။
“ဟင် ကိုကြီး ခုမှရောက်တာလား”
“ရှစ်နာရီခွဲကတည်းကရောက်နေတာ ကိုးနာရီမှဖုန်းခေါ်မလို့စောင့်နေတာလေ”
“အာ ရောက်ကတည်းကခေါ်လိုက်ပါလားလို့”
“ဏီဏီအဆင်သင့်မဖြစ်သေးမှာစိုးလို့လေ”
“ဖြစ်ပါပြီနော် စောစောထပြီးအလှတွေပြင် ပဲများထားတာ ဟီးးး လှလားဟင်”
ဏီဏီက ကားထဲဝင်ထိုင်ရင်းမေးလိုက်သည်။
သူခေါင်းငြိမ့်ပြလိုက်မိသည်။ ဏီဏီကလှတာထက် ချစ်ဖို့ကောင်းလွန်းတာပါ။ အတွန့်တွေနဲ့အဝါရောင်ဂါဝန်တိုတိုပွပွဟာ ဏီဏီရဲ့ ဖြူနုသောအသားကို ဝင်းဝါစေနေသလို၊ ကလေးနဲ့လဲပိုတူစေပါသည်။ Coach အဖြူရောင်အိတ်အသေးလေးနဲ့ အဖြူရောင်ကြိုးသိုင်းဒေါက်ဖိနပ်ကိုစီးထားတဲ့ဏီဏီဟာ ကောင်းမွန်မျက်လုံးထဲမှာတော့ ဖက်ရှင်ကျကျလှပနေသလိုပင်။
“ဘယ်သွားမှာလဲ မမလေး”
“အဟီးးးး တိရစ္ဆာန်ဥယျာဉ်သွားမယ် အဲ့ဒီမှာ Zipline သွားစီးမယ်”
“ဒီဂါဝန်အတိုလေးနဲ့ဘယ်လိုလုပ်မလဲ”
“အယ် ဟုတ်သား ဒီလိုမှန်းသိရင်ဘောင်းဘီဝတ်လာပါတယ်ကွာ”
“ဘာလို့ Zipline ပဲစီးချင်နေတာလဲ”
“အသဲအေးအေးလေးကိုကြိုက်လို့လေ အတူတူစီးရင်းကိုကြီးက ဏီကိုဗီဒီယိုရိုက်ပေးပေ့ါ တစ်ညလုံးစိတ်ကူးတွေ ယဉ်နေခဲ့တာ အခုတော့… ”
စိတ်ပျက်သွားတဲ့ဏီဏီမျက်နှာလေးကိုကြည့်ပြီး သူတတ်နိုင်သလောက်ဖြည့်ဆည်းပေးချင်မိသည်။
“အိုကေလေ ဘောင်းဘီလဲချင်တာများအလွယ်လေး ဆိုင်တစ်ဆိုင်ဝင်ဝယ်ပြီးလဲလိုက်တာပေါ့”
“ဟုတ်တယ် ဟုတ်တယ် လဲပြီးသွားကြမယ်နော်”
အခုလိုတက်ကြွပျော်ရွှင်သွားတဲ့ပုံကိုတွေ့ရတော့မှ သူလဲပျော်ရွှင်မိသလိုခံစားရသည်။ လမ်းသင့်တဲ့စတိုးဆိုင် တစ်ဆိုင်ဝင်ကာ ဂျင်းဘောင်းဘီပွပွနဲ့ တီရှပ်အဖြူကို လဲဝတ်ပြီးချိန်တော့ တိရစ္ဆာန်ဥယျာဉ်သို့သွားရင် အဆင်သင့် ဖြစ်နေလေပြီ။ ကောင်းမွန်ကရုံးတက်ရင်ရှပ်အကျီၤနဲ့စတိုင်ဘောင်းဘီသာဝတ်ပေမယ့် ဒီနေ့တော့ ပေါ့ပေါ့ပါးပါးတီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီဝတ်ထားသည်။ အကျီၤလဲလိုက်တဲ့ဏီဏီနဲ့ဆင်တူဖြစ်နေတာကို နှစ်ယောက်စလုံး သတိမထားမိပေ။
တိရစ္ဆာန်ဥယျာဉ်ရောက်တော့ အရင်ဆုံးအကောင်လေးတွေလိုက်ပတ်ကြည့်ကြကာ အစာကျွေးကြသည်။ Zipline စီးချိန်မှာတော့ နှစ်ယောက်အတူယှဉ်စီးရင် ကောင်းမွန်ကဗီဒီယိုရိုက်ပေးနေသည်။ ဏီဏီကတော့ ပျော်ရွှင်စွာအော်ဟစ်ရင်း သဘောကျလို့မဆုံးတော့။
“နောက်တစ်ခေါက်ထပ်စီးချင်သေးတယ်”
“တော်ပြီဏီဏီ နေတအားပူတယ် ကိုယ့်ကိုကိုယ်လဲပြန်ကြည့်ဦး ချွေးတွေရွှဲနေပြီ မျက်နှာကလဲပန်ဒါနဲ့တူနေပြီ သိလား”
ကောင်းမွန်ကိုမျက်စောင်းထိုးလိုက်ပေမယ့် အဲ့ဒီလိုတကယ်ဖြစ်နေမယ်ဆိုတာသိပါသည်။ ဏီဏီက နေပူရင် ချွေးတအား ထွက်တတ်သူဖြစ်သည်။ မျက်ခုံး၊မျက်လုံးမှာဆိုးထားတဲ့ အမဲမှန်သမျှချွေးတွေနဲ့ရောပြီးစီးကျကာ မျက်ကွင်းနက်နက် ဖြစ်နေတော့သည်။ နေ့ခင်းပိုင်း တဖြည်းဖြည်းအပူရှိန်တက်လာတဲ့နေကြောင့် လမ်းလျှောက်နေရင်း မျက်နှာတွေတောင် နီရဲလာခဲ့သည်။
တကိုယ်လုံးနီးပါးချွေးတွေစိုရွဲနေတဲ့ဏီဏီကို ကြည့်ရင်း။
“အမြဲတမ်းအဲကွန်းခန်းထဲမှာပဲနေခဲ့တာကို  အခုတော့ချွေးတွေတအားထွက်နေပြီ”
“အမယ် မဟုတ်ပါဘူးနော် ဏီဏီအဲ့လောက်မနုဘူး”
“လာပါ ပြန်ကြစို့ တခုခုသွားစားရအောင်”
“ဟင် ကိုကြီးကလဲ”
“ပြန်မယ်ဆိုကွာ သွားမယ်ဏီရာ မဆိုးနဲ့ အပူရှပ်လိမ့်မယ်”
အရှေ့ကနေထွက်သွားတဲ့ကောင်းမွန်နောက်ကို မကျေမနပ်လိုက်လာခဲ့ရသည်။
“ဘာမှတောင်မလည်ရသေးဘူး”
“နေကပိုပူလာတော့မှာ အခုမှဆယ့်တစ်နာရီကို ဒီလောက်ပူနေတာ တစ်နာရီလောက်ဆိုပိုပူမယ် ကိုယ်က အဆင်ပြေတယ် ပူလဲဘာမဖြစ်ဘူး သစ်ပင်ရိပ်တွေနဲ့နေတတ်တယ် ဏီဏီပဲ…”
“ဏီဏီလဲအဆင်ပြေပါတယ်ဆို”
ပြန်ဖို့လိုက်လာတာကို လျောလျောရှုရှုမလိုက်ပဲ နောက်ကနေကပ်ညော်နေသေးသည်။
“လာ ဒီမှာခဏထိုင်နေ”
ကားနားရောက်တော့ ကားပေါ်မတက်ခိုင်းသေးပဲ သစ်ပင်ရိပ်အောက်မှာထိုင်ခိုင်းထားလိုက်သည်။
“ပြန်မယ်ဆို ကားပေါ်မတက်ပဲဒီမှာဘာလို့ထိုင်ရမှာလဲ”
“ခဏစောင့် ကားထဲလဲအရမ်းပူနေတယ်လေ အဲကွန်းဖွင့်ထားလိုက်ဦးမယ် ပြီးတော့ ချက်ချင်းတက်လို့မရဘူးလေ အပူနဲ့အအေးဖြစ်နေတော့ ခဏပဲစောင့် နော်”
ဏီဏီက ခေါင်းငြိမ့်ပြလိုက်ပြီး ထိုင်နေလိုက်သည်။ ကိုကြီးကို တကယ်ကျေးဇူးတင်မိပါသည်။ ဏီဏီလုပ်ချင်တာတွေ လိုက်လုပ်ပေးလို့။ ဒါမှမဟုတ်ရင် အိမ်ထဲမှာမှိုင်တွေပြီး ထူးဇော်ကိုသတိရနေလိမ့်မည်။ ကိုကြီးက တစ်သျှူးထုပ်ယူကာ ဏီဏီဆီပြန်လာခဲ့သည်။
“ရော့ မျက်နှာတွေသုတ်လိုက်ဦး ပန်ဒါလေး”
ဏီဏီက တစ်သျှူးနဲ့မျက်နှာကိုသုတ်ရင်း
“ဟုတ်ပ ပန်ဒါဖြစ်နေတာ ဏီဏီက တအားချွေးထွက်သန်တာ ပူတဲ့အချိန်ဆိုအပြင်ကိုမထွက်ရဲဘူး အခုတောင်ချွေးတွေ စိုရွဲနေပြီ ရေချိုးချင်လိုက်တာ”
“ရေချိုးလို့ဘယ်ဖြစ်ဦးမလဲ နေပူထဲကပြန်ခဲ့တာကို ဒီနားမှာလဲ မဲနေတယ် အင်း ဒီနားရော မျက်လုံးအောက်တွေရော”
“အာ မတွေ့ရပါဘူးဆို ရော့ တွေ့တဲ့လူပဲသုတ်ပေးတော့”
ချွေးတွေနဲ့ဆွဲပြီးသုတ်လေ တခြားနေရာပါ ပေလေဖြစ်နေတော့ စိတ်မရှည်ချင်တော့ပေ။ ကောင်းမွန်လက်ထဲတစ်သျှူးထုပ် ပြန်ပေးပြီး မျက်နှာပါမော့ပေးနေတဲ့ဏီဏီကို ဘယ်လိုငြင်းရမလဲ စဉ်းစားနေမိသည်။
“ကိုကြီး သုတ်ပေးလေ ဘယ်နားမှာလဲလို့”
တစ်သျှူးတစ်ရွက်ဆွဲထုတ်လိုက်ပြီး ချွေးတွေနဲ့ပြောင်နေတဲ့မျက်နှာပေါ်က မဲမဲတွေကိုသုတ်ပေးလိုက်သည်။
“Cosmetic ထုတ်တဲ့ကုမ္ပဏီကသိရင် ဏီဏီကိုတရားစွဲလောက်တယ် သူတို့ကိုနာမည်ဖျက်လို့လေ ဟီး ဟီး ရေစိုခံတယ်လို့ ကြေငြာထားတဲ့ပစ္စည်းတွေတောင် ဏီဏီနဲ့တွေ့ရင်မခံနိုင်ဘူး ဒီလိုပေပွမဲတူကုန်ရောပဲ”
“အဲ့ဒါဆို ဘာမှမသုံးနဲ့တော့လေ”
“ချွေးတအားထွက်လို့ဖြစ်တာပါကိုကြီးကလဲ တခြားအချိန်ဆိုမဖြစ်ပါဘူး”
“ဒါတွေမလိမ်းလဲ ဏီဏီကလှပြီးသားပါ”
“သိတယ်လို့ အထွေအထူးပြောနေစရာမလိုဘူး ဟီး ဟီး”
တဟီးဟီးနဲ့ စပ်ဖြီးဖြီးလုပ်နေတဲ့ဏီဏီနဲ့အတူ သူပါလိုက်ရယ်မိရင်း မျက်နှာပေါ်က အမဲတွေပြောင်အောင် သုတ်ပေးနေသည်။ မသိတဲ့လူတွေကတော့ အဝတ်အစားဆင်တူပုံစံနဲ့သူတို့နှစ်ယောက်ကို အတွဲလို့ထင်ကြပေလိမ့်မည်။ စကားတပြောပြောနဲ့ ပတ်ဝန်းကျင်ကို သတိမထားမိတဲ့သူတို့နှစ်ယောက်ကို ဓါတ်ပုံရိုက်သွားမှန်း မသိလိုက်ပေ။

4️⃣ လှပသော တစ်စုံတစ်ရာ [ Something beautiful ]Where stories live. Discover now