အပိုင်း ( ၅ )/ ဇာတ်သိမ်းပိုင်း

6.1K 211 8
                                    

Unicode font

လှပသောတစုံတရာ (Something Beautiful)
အပိုင်း (၅)/ ဇာတ်သိမ်းပိုင်း

“ဏီဏီကိုယ်တို့ တနင်္ဂနွေနေ့မှလက်မှတ်ထိုးကြမယ်နော်”
ဏီဏီ သောက်လက်စကော်ဖီခွက်ကို စားပွဲပေါ်ချလိုက်ပြီး အံ့သြတကြီးမေးလိုက်မိသည်။ မနေ့ကပြောတော့ ဒီနေ့ပဲ ရုံးတက်လက်မှတ်ထိုးမယ်ဆိုပြီး။
“ဟင် ဘာလို့လဲ မနေ့က မမကေကိုပြောလိုက်တာ ဒီနေ့ဆို”
“ဒီနေ့ကိုယ်မအားလို့ နော် သုံးလေးရက်လောက်ပဲစောင့် လက်မှတ်ထိုးဖို့သက်သေတွေလဲလိုသေးတယ်လေ ရုံးသွားတော့မယ်နော် ညနေစာဘာစားချင်လဲ စဉ်းစားပြီး ဖုန်းဆက်ခဲ့”
ဟုတ်တော့ဟုတ်ပါတယ်။ ဏီဏီဘဝမှာ စာချုပ်ပေါ်လက်မှတ်ထိုးရတာမျိုး တစ်ခါမှမရှိဖူးသေးတော့ ဘာတွေလိုအပ်မှန်း  သေချာမသိပေ။ လက်ထပ်စာချုပ်ဆိုတော့ ပိုပြီးတောင်မသိပေ။ ကိုကြီးစီစဉ်တာကိုပဲ လက်ခံရမှာပေါ့။
အခုတလောကိုကြီးတစ်ယောက် ဘာတွေအလုပ်ရှုပ်နေမှန်းမသိ။ အိမ်ပြန်လဲနောက်ကျတတ်သလို ပြန်ရောက်လာရင်လဲ အခန်းထဲ တကုပ်ကုပ်နဲ့ရှုပ်နေတတ်သည်။ ဏီဏီမှာသာတစ်ယောက်ထဲပျင်းနေရတာ။ သူကတော့ အခန်းထဲက ထွက်ချင်မှ ထွက်လာတတ်သည်။
“ဏီဏီ ကိုယ် နောက်တပါတ်ထဲ ခရီးထွက်ရမယ်”
အိမ်ပြန်ရောက်တာနဲ့တန်းပြောလိုက်တဲ့စကားကြောင့် ဏီဏီအံ့သြသွားမိသည်။
“ဟင် ဘယ်ကိုသွားရမှာလဲ”
“မန္တလေး နှစ်ရက်သုံးရက်လောက်ကြာမယ်ထင်တယ် အဲ့ဒီ Project လုပ်ဖြစ်ရင် နောက်လဲခဏခဏသွားနေရတော့မှာ”
“ကိုကြီးကလဲ ကိုကြီးမရှိရင်ဏီဏီတစ်ယောက်ပဲကျန်နေခဲ့မှာပေါ့”
အလုပ်ကိစ္စဆိုတော့ အရမ်းလဲမတားချင်ပါ။ မျက်နှာငယ်နဲ့ပြောနေတဲ့ဏီဏီကို ကောင်းမွန်လဲ ချန်မထားရက်ပေ။
“ကိုယ်နဲ့လိုက်ခဲ့မလား ဒါပေမယ့်ဟိုရောက်ရင်ဏီဏီတစ်ယောက်ထဲဟိုတယ်မှာနေခဲ့ရမှာ”
“မလိုက်တော့ပါဘူးကိုကြီးရယ် ဏီဏီလိုက်လာရင်ကိုကြီးအလုပ်ကောင်းကောင်းမလုပ်ရပဲနေဦးမယ် ဖေဖေ့ဆီ ပြန်သွားနေလိုက်မယ်”
“ဟာ ဘယ်ဖြစ်မလဲ”
“ဘာဖြစ်လို့လဲကိုကြီး”
အသဲအသန်ထငြင်းလိုက်တဲ့ကိုကြီးကို ဏီဏီနားမလည်နိုင်စွာမေးလိုက်မိသည်။
“ဏီဏီကိုအန်ကယ်ကပြန်မလွှတ်တော့ရင်ဘယ်လိုလုပ်မလဲ တော်ပြီ ကိုယ်အဲ့ဒီအလုပ်ကိုငြင်းလိုက်တော့မယ်”
“ကိုကြီးကလဲ ဏီဏီနဲ့ကိုကြီးလက်မှတ်ထိုးပြီးမှသွားမှာလေ ဖေဖေကပြန်လွှတ်မှာပါ ကိုကြီးပဲအလုပ်ကြိုးစားမယ်ဆို ဏီကို စိတ်ချပါ ဖေဖေပြန်မလွှတ်ဘူးဆိုရင် ဒီတစ်ခါတော့ဏီဏီတကယ်ကိုယောကျာ်းနောက်လိုက်ပြေးမှာ ဟီး ဟီး”
စပ်ဖြီးဖြီးပြောနေတဲ့ဏီဏီကို ဖက်နမ်းချင်စိတ်ကို မနည်းတားဆီးနေရသည်။ ဏီဏီလက်ကိုဆုပ်ကိုင်လိုက်ရင်း
“စိတ်ချမယ်နော်ဏီဏီ ကိုယ်အရမ်းချစ်တာကိုသိတယ်မလား”
“ကိုကြီးကလဲ ကလေးကျနေတာပဲ ဏီဏီလဲကိုကြီးကိုအရမ်းရမ်းကိုချစ်တာပါဆို ဏီလဲကိုကြီးနဲ့မခွဲနိုင်ပါဘူးတော် အခုတောင်အလုပ်ကိစ္စမို့ သွားခွင့်ပြုရတာသိလား”
ကိုကြီးရဲ့လက်မောင်းကိုမှီတွဲခိုရင်းချွဲလိုက်သည်။ပလီပလာပြောရတာမဟုတ်ပါဘူးရှင်။ခင်ဗျားကြီးကိုတကယ်ကိုချစ်တာပါ။
အခုမှသူ့ရင်ထဲ စိတ်ချသွားရသည်။ ဒီကလေးမလေး သူ့ကိုတကယ်ချစ်တာကိုလဲ အကြွင်းမဲ့ယုံကြည်ပါသည်။
မနက်ဖြန် ကိုကြီးနဲ့ဏီဏီတို့လက်မှတ်ထိုးကြတော့မည်။ ဏီဏီမှာမနက်ဖြန်ဝတ်ဖို့အကျီ်ကို အခုထိစိတ်တိုင်းမကျနိုင်သေး။ ဘာဝတ်ရင်သင့်တော်မလဲ မသိတော့။ ကိုကြီးဘာအရောင်ဝတ်မလဲ မေးကြည့်ရမည်။ လက်ထပ်မယ့်သူနှစ်ယောက်က ဆင်တူဝတ်ရမှာပေါ့။ အဲ့ဒီကိုကြီးဟာ ယောကျာ်းလေးပီပီ မနက်ဖြန်ဘာဝတ်မလဲဆိုတာ ဘာမှစိတ်ကူးထားပုံမရ။ နှစ်ယောက်စလုံးက ပွဲလန်းနဲ့ပတ်သက်ပြီး စီစဉ်ဖူးကြသူတွေမဟုတ်တော့ ဒီတိုင်းအဆင်ပြေတာပဲ ဝတ်သွားကြတာပေါ့။ ဏီဏီတောင် ဒီနေ့မှအဝတ်အစားရွေးဖို့သတိရမိသည်။ အလုပ်ရှုပ်နေသူကြီးဆိုပိုဆိုးတော့မှာပေါ့။ ကိုကြီးပြန်လာတဲ့အချိန် ဘာဝတ်မလဲမေးဖို့မေ့နေမှာစိုးလို့ သတိရတုန်းလေး ဖုန်းဆက်ရန် ဖုန်းကိုကောက်ကိုင်လိုက်စဉ် ဟေမာန်ဆီက ဖုန်းဝင်လာခဲ့သည်။
“ဟဲလို ဟေမာန်”
“ဏီဏီ နင်ဘာလုပ်နေတာလဲ”
“ငါလား ဘာမှမလုပ်ပါဘူး”
“အော် နင့်ကိုကြီးအိမ်ပြန်ရောက်ပြီလား”
“မရောက်သေးဘူး အခုမှပြန်လာနေတုန်းထင်တယ်”
“နင့်ကိုကြီးကိုခုနတုန်းကတွေ့လိုက်လို့”
“ဘယ်မှာတွေ့တာလဲ”
“xxxxx ရွှေဆိုင်ရှေ့မှာ အရမ်းလှတဲ့အစ်မတစ်ယောက်နဲ့စကားပြောနေကြတာ”
နာမည်ကြီးရတနာရွှေဆိုင်တစ်ခုရှေ့မှာပဲ။ အရမ်းလှတဲ့အစ်မတစ်ယောက်ဆိုတော့ မမမြတ်နိုးများလား။
“ဆံပင်ရှည်ရှည်နဲ့အစ်မလား”
“အင်း ဟုတ်တယ် နင်နဲ့ရောသိလား”
“အင်း သိတယ်လေ”
“အော် ငါကတခုခုဖြစ်မှာစိုးလို့စိတ်ပူပြီးဖုန်းဆက်လိုက်တာ ဒါဆိုလဲပြီးရော ဒါပဲနော်”
ဏီဏီဖုန်းချလိုက်ရင်း ကိုကြီးကို ဖုန်းခေါ်လိုက်သည်။
“ကိုကြီး ဘယ်မှာလဲ”
“အိမ်ပေါက်မှာပါ လာကြိုဦး တံခါးဖွင့်ဖို့သော့မပါလာဘူး”
ဏီဏီဖုန်းကို ကုတင်ပေါ်ပစ်ချလိုက်ရင်း အိမ်ရှေ့ပြေးထွက်တာ တံခါးဖွင့်ပေးလိုက်သည်။
“ဘာတွေဝယ်ခဲ့တာလဲ”
ကိုကြီးလက်ထဲက အထုပ်တွေအများကြီးကိုကြည့်ပြီး မေးလိုက်မိသည်။
“ဏီဏီမနက်ဖြန်ဝတ်ဖို့လေ”
“ဟင် မနက်ဖြန်ဝတ်ဖို့…”
ကြောင်သွားတဲ့ဏီဏီမျက်နှာကိုကြည့်ပြီး ကောင်းမွန်ကျေနပ်စွာပြုံးလိုက်မိသည်။ သူမလေးအံ့သြသွားအောင် မနက်ဖြန် ဝတ်ခါနီးမှသာပေးချင်ပေမယ့် ကေက ညကတည်းကဝတ်ကြည့်ခိုင်းထားမှအဆင်ပြေမယ်ပြောလို့သာ။ ရုံးဆင်းကတည်းက ဒီဝတ်စုံသွားယူရ၊ တခြားလိုအပ်တာဝယ်ရ၊ ညစာဝယ်ရနဲ့ တညနေလုံးဘယ်လိုအချိန်ကုန်သွားမှန်းမသိ။
“ဟုတ်တယ်လေ ဏီဏီအကြိုက်နဲ့ကိုက်ပါ့မလားတော့မသိဘူး ဒီဝတ်စုံချုပ်ဖို့ကေသရီကိုတိတ်တိတ်လေးအကူအညီ တောင်းထားရတာ ဏီဏီချုပ်နေကျဒီဇိုင်နာပဲ ချုပ်ပေးတာတဲ့”
ကိုကြီးလှမ်းပေးတဲ့အိတ်ထဲက ဗူးကိုဖွင့်ကြည့်လိုက်တော့ ဏီဏီမှာ မိုးပြာရောင်ပိုးစစ်ချိတ်နဲ့ဇာဝမ်းဆက်လေးကို ကြည့်ပြီး သဘောကျနေမိသည်။ ဏီဏီမေ့နေပေမယ့်ကိုကြီးက မမေ့ပေ။ တကယ်တော့ ရုံးတက်လက်မှတ်ထိုးရုံပဲဆိုတော့ ဏီဏီလဲ အခုလိုကြီးကြီးကျယ်ကျယ်ချုပ်ဝတ်ဖို့စိတ်မကူးမိတာပါ။
“ဝတ်ကြည့်ရမယ်တဲ့ ကေမှာလိုက်တယ်”
“အဲ့ဒီမမကေလေ ဏီနဲ့နေ့တိုင်းဖုန်းပြောနေတာ ဒီအကြောင်းအရိပ်အမြွက်တောင်မပြောပြဘူး”
ပြုံးရွှင်နေတဲ့မျက်နှာနဲ့အစ်မကို အပြစ်ပြောနေသေးသည်။
“ကိုယ်က မပြောဖို့သေချာမှာထားတာလေ ဒီမှာဖိနပ် စီးကြည့်လိုက်ဦးနော်”
“ဟုတ် တော်မှာပါ မမကေနဲ့ဏီကဖိနပ်ဆိုဒ်တူတူပဲ ခဏစောင့်နော် သွားဝတ်ကြည့်လိုက်ဦးမယ်”
ဏီဏီအခန်းထဲဝင်သွားချိန်မှာ သူလဲအခန်းထဲအမြန်ဝင်ပြီး အထုပ်တွေသွားထားလိုက်သည်။ ဒါမှမဟုတ်ရင် ဘာတွေလဲဆိုတာ စစ်ဆေးမေးမြန်းနေဦးမည်။
အခန်းအပြင်ထွက်တော့ ဏီဏီကိုထိုင်စောင့်နေတဲ့ကိုကြီးကို ရှက်စနိုးပြုံးပြလိုက်ရင်း။
“လွလား အဟီး”
“လှတယ် ကွက်တိပဲ”
“ဟုတ်တယ်နော် အရင်ကကိုယ်တိုင်းအတိုင်းပဲဆိုတော့ ဏီဏီဝမလာဘူးပဲ”
အင် ပိန်ပိန်သွယ်သွယ်ကောင်မလေးကဘယ်နားကများဝလာမှာပါလိမ့်။
“ဟုတ်တယ် ဝက်ခြမ်းပြားလေးထောင်ထားတဲ့အတိုင်းပဲ”
“ဟင် ဘာဝက်ခြမ်းပြားလဲလို့”
လှတယ်ပြောလို့ကျေနပ်မဆုံးဖြစ်နေချိန်မှာ ပြောလိုက်တဲ့စကားက။ အကျင့်ပုတ်တဲ့ကိုကြီးမျက်စောင်းထိုးလိုက်မိသည်။
ကောင်းမွန်သဘောကျကာ တခွိခွီရယ်လိုက်ရင်း အပြာနုရောင်နဲ့အရမ်းလိုက်တဲ့ အသားဖြူဖြူကောင်မလေးကို ငေးကြည့်နေမိသည်။ သူ့အတွက်တော့ သူမဘာဝတ်ဝတ်ချစ်ဖို့ကောင်းနေပါသည်။
“မနက်ဖြန်ခြောက်နာရီ ဏီဏီကိုအလှပြင်ပေးနေကျအစ်မရောက်မယ်တဲ့ စောစောထနော် လက်မှတ်ထိုးမှာက ဆယ်နာရီဆိုတော့ အချိန်မှီအောင်”
“အယ် အဲ့လိုတွေတောင်လား ရုံးတက်လက်မှတ်ထိုးရုံပဲမဟုတ်ဘူးလား”
ကိုကြီးရဲ့အစီအစဉ်တွေကို ဏီဏီမှာ အခုမှသိပြီး တအံ့တသြဖြစ်ရသည်။
“အင်းပေါ့ လက်မှတ်ထိုးရုံပဲဆိုပေမယ့် လှချင်သေးတယ်မလား ကိုယ်တိုင်ပြင်ချင်လို့လား”
“ဟင့်အင်း ကိုကြီးစီစဉ်တဲ့အတိုင်းပဲလုပ်မှာပေါ့”
“ဒါမျိုးကျတော့စကားနားထောင်တယ်ပေါ့”
“ဟုတ် ခိ”
မချိုမချဉ်ရုပ်လုပ်ပြနေတဲ့ကလေးမ ကျေနပ်ပျော်ရွှင်နေသောကြောင့် သူပင်ပန်းရကျိုးနပ်ပါသည်။
“ကဲ သွားပြန်လဲတော့ မမကေဆီဖုန်းဆက်လိုက်ဦး အားလုံးအဆင်ပြေတယ်လို့ ညနေစာစားပြီးစောစောနားရအောင် မနက်ဖြန် စောစောထရမှာ”
ဏီဏီအကျီၤပြန်လဲနေရင်း ဟေမာန်ဖုန်းဆက်တာကို သတိရမိသွားပြန်သည်။ ကိုကြီးကိုကြည့်ရတာတော့ ဘာမှထူးထူးခြားခြားပုံလဲ မပြပါ။ ညနေစာအတူတူစားနေချိန်မှာတော့ ဏီဏီမနေနိုင်ပဲမေးလိုက်တော့သည်။
“ကိုကြီး ဒီနေ့ညနေဘယ်သွားသေးလဲ”
“ဘယ်သွားလဲဆိုတော့… အင်း ဒီဇိုင်နာဆီမှာဏီဏီရဲ့ဝတ်စုံသွားယူတယ်လေ ပြီးတော့ညနေစာဝယ်တယ်လေ”
ကိုကြီးရဲ့အဖြေက တနေရာတော့ကျန်နေလေသည်။ ဒါပေမယ့် ဏီဏီဆက်မမေးချင်တော့ပါ။ ဒီတိုင်းရိုးရိုးသားသား တွေ့ကြတာပဲ ဖြစ်နိုင်ပါသည်။ ကိုကြီးဘက်ကမရိုးသားချင်ရင်တာင် မမြတ်နိုးပုံစံကိုမြင်ယောင်မိရင်း သံသယဝင်ရမှာ အားနာမိပါသည်။ ပြီးတော့ ကိုယ့်ကိုချစ်လို့ အခုလိုအသေးစိတ်လိုက်လုပ်ပေးနေသူကြီးကို ဂျီမတိုက်ချင်တော့ပါ။
ဘာမှထပ်မမေးတော့ပဲ ငြိမ်သွားပုံက သူ့အဖြေကိုစိတ်တိုင်းမကျတာပဲဖြစ်နိုင်ပါသည်။ အခုအချိန်မှာတော့ ဒီကောင်မလေး အထာကို ကောင်းကောင်းကြီးနပ်နေပါပြီ။ ကောင်းမွန်ကြိတ်ပြုံးလိုက်မိရင်း
“ဘာဖြစ်လို့လဲဏီဏီ”
“ဘာမှမဖြစ်ပါဘူး အထုပ်တွေအများကြီးဆိုတော့ ဘယ်တွေများသွားဝယ်နေတာလဲလို့”
“အော် ဟိုအထုပ်ကကိုယ့်အတွက်အဝတ်အစားတွေလေ ဖိနပ်ဗူးတွေရောဆိုတော့ အထုပ်တွေများကုန်တာပေါ့ ဘယ်လိုလဲ ဖိနပ်ရောကြိုက်ရဲ့လား”
“ကြိုက်တယ် ကိုကြီးကအကျင့်ပုတ်တာ ဏီဏီကိုတစ်ခွန်းမှကြိုမပြောဘူး”
“အာ ဏီဏီကဘာမှမပြောလို့ကိုယ်စီစဉ်ရတာလေ အဲ့ဒီညကပြောလာမလားလို့ကိုယ်စောင့်နေပါသေးတယ် နောက်တော့ ဏီဏီကို Surprise လုပ်ချင်လို့ အခုလိုတိတ်တိတ်လေးကြံစည်လိုက်ရတာပဲ”
“မသိဘူးလေ ရုံးတက်လက်မှတ်ထိုးရုံပဲဆိုတော့ ရှိတာပဲဝတ်မလားလို့ပေါ့”
“အခုဝတ်စုံကို သဘောမကျဘူးလား”
“ကျပါတယ် အရမ်းကြိုက်တယ် မမကေကဏီ့အကြိုက်ကိုသိတာပဲလေ”
“ဟုတ်တယ် သူ့ကိုကျေးဇူးတင်ရမှာ ကိုယ်ကဘာမသိဘူး ကေကူညီပေးလို့သာအဆင်ပြေသွားတာ”
“အရမ်းကို Surprise လုပ်ချင်တယ်ပေါ့လေ”
ကောင်းမွန် မျက်နှာကြီးပြုံးဖြီးသွားရရင်း
“ဒါပေါ့ ဒီကြားထဲအလုပ်ကရှုပ်သေးကွာ လက်မှတ်ထိုးပြီးတာနဲ့ မန္တလေးသွားရဦးမယ်”
“ဟုတ်တယ်နော် ကိုကြီးသနားပါတယ် ပိုက်ဆံတွေရှာနေရတာ”
အသဲယားလာလို့ ဏီဏီရဲ့ပါးလေးကို လှမ်းဆွဲညစ်လိုက်ရင်း
“ကိုယ်မရှိရင်မဆိုးရဘူးနော် လိမ်လိမ်မာမာနေရမယ်”
“ဘယ်တုန်းကဆိုးလို့လဲ လူတွေကလဲဏီဏီကိုပဲ ဆိုးတယ်လို့ထင်နေကြတာ”
ဏီဏီမှာ စကားအကောင်းပြောနေရင်းတန်းလန်း နုတ်ခမ်းတွေကထော်ချင်ချင်ဖြစ်လာပြန်သည်။
“ဟုတ်လား ဘယ်သူတွေထင်နေတာလဲ”
“ဏီ့သူငယ်ချင်းတွေပေါ့ ကိုကြီးကိုတအားမနိုင်စားနဲ့တဲ့ ဘယ်တုန်းကနိုင်စားခဲ့လို့လဲ ကိုကြီးပဲဏီစိတ်ဆိုးအောင်စ,စနေပြီး အဲ့ဒါကျတော့သူတို့မသိဘူး စိတ်ကောက်တဲ့လူကိုပဲအပြစ်မြင်ကြတယ် အဲ့ဒါကိုကြီးမကောင်းလို့ဏီအပြောခံရတာ”
တဟားဟားသဘောကျနေသူကို အမြင်ကတ်စွာမျက်စောင်းထိုးလိုက်ပြီး ထမင်းငုံ့စားနေလိုက်သည်။ ဒီညမှာ ကိုကြီးဟာ ဘာတွေအူမြူးနေမှန်း မသိ။ အရင်ထက်ပိုပြီး မြူးတူးတက်ကြွနေသလိုပင်။ ဏီဏီလဲကိုကြီးနဲ့အတူတူပါပဲလေ။ ပျော်သလို၊ ရင်ခုန်သလိုနဲ့။ ဘယ်လိုဖီလင်မှန်းကိုမသိ။ လက်မှတ်ထိုးပြီးရင် ကိုကြီးကဏီဏီရဲ့ယောကျာ်းအစစ်အမှန်ကြီးဖြစ်သွားပြီပေါ့။ အသဲတွေယားလာသလိုပင်။ မလုံမလဲနဲ့ ကိုကြီးကို ကြည့်လိုက်မိစဉ် ထမင်းမစားပဲကြည့်နေသူနဲ့ အကြည့်ချင်း ဆုံမိသွားသည်။
“ဘာကြည့်တာလဲ”
“ဟောဗျာ”
ကောင်းမွန်ပြုံးစိစိနဲ့ငြိမ်နေလိုက်သည်။ သူ့ဘာသာ ဘာတွေတွေးပြီး ရှက်နေလဲမသိတဲ့ကောင်မလေးကို ကြည့်ကောင်းကောင်းနဲ့ ငေးကြည့်နေမိတာကို လာရန်ရှာနေသည်။
“မကြည့်နဲ့လို့ ဘာမှန်းလဲမသိဘူး”
အလကားနေရင်းမျက်နှာတွေနီရဲလာကာရှက်နေတဲ့ဏီဏီကို သနားလို့မကြည့်တော့ပဲ ထမင်းဆက်စားနေလိုက်သည်။
“ဗိုက်ဝသွားပြီ မစားနိုင်တော့ဘူး”
“ဘာမှလဲဟုတ်တိပတ်တိမစားပဲ အဲ့ဒါကြောင့်ပိန်နေတာ နည်းနည်းလောက်ထပ်စားလိုက်ဦး ကိုယ်မကြည့်တော့ဘူးလေ”
ဏီဏီ ကိုကြီးကိုမျက်စောင်းထိုးလိုက်ရင်း
“တကယ်မစားနိုင်တော့လို့ပါဆို”
“ဒါဆိုလဲ နွားနို့သောက်လိုက်ဦး”
ကောင်းမွန် ထမင်းစားနေရာမှထပြီး ဏီဏီအတွက်နွားနို့ထည့်ပေးလိုက်သည်။ တခါထဲမထည့်ပေးရင် ဒီကလေးမ မေ့ပြီး မသောက်ပဲနေပြန်ဦးမည်။
“ကိုကြီးထမင်းစားပြီးရင် ဏီ့အခန်းကိုလာခဲ့နော်”
“အင်း”
ဏီဏီက နွားနို့ခွက်ယူကာ အခန်းထဲဝင်ခဲ့သည်။ ကုတင်ပေါ်ကဖုန်းကိုတွေ့လိုက်မှ ဟေမာန်ပြောတာကို ထပ်ပြီးသတိရသွားပြန်သည်။ ကိုကြီးက ဘာလို့များ မမြတ်နိုးနဲ့တွေ့ခဲ့တာကို မပြောသလဲမသိ။ သက်ပြင်းချလိုက်မိရင်း ကုတင်ပေါ်တက်လှဲလိုက်သည်။ အရင်ဆုံးထားခဲ့ဖူးတဲ့ရည်းစားရဲ့သစ္စာဖောက်ခြင်းခံခဲ့ရလို့ ကိုကြီးကိုလဲ သံသယဝင်ချင်ချင် ဖြစ်နေမိတာထင်ပါရဲ့။ ဒီလူကြီးက ဏီဏီကိုအရမ်းချစ်တာကို သိရဲ့သားနဲ့။ ဒါတွေတွေးနေလို့ မဖြစ်သေးပါဘူး။ မနက်ဖြန်အတွက်ပြင်ဆင်ဦးမှပါ။
မျက်နှာပေါ် Mask ကပ်နေရင်း လက်သည်းနီဆိုးဖို့သတိရသွားသည်။ မနက်ဖြန်မှာ ကိုကြီးမျက်လုံးထဲ အလှဆုံး သတို့သမီးလေး ဖြစ်ချင်မိပါသည်။ သူတောင်ကိုယ့်အတွက် မအားတဲ့ကြားထဲက တကူးတကအဝတ်အစားတွေ၊ ဖိနပ်တွေကအစ စီစဉ်ပေးခဲ့သေးတာပဲ။ အဲ့ဒီလိုဆိုတော့လည်း ကိုကြီးကို အရမ်းချစ်ရပြန်သည်။
“ဏီဏီ”
“ကိုကြီး လောခ့်မချထားဘူး ဖွင့်ဝင်ခဲ့ပါ”
အခန်းတံခါးခေါက်နေတဲ့ကိုကြီးကို လှမ်းအော်ပြောလိုက်သည်။
တံခါးဖွင့်ကြည့်လိုက်တော့ မျက်နှာမှာ Mask ကပ်ပြီး လက်သည်းနီဆိုးဖို့လုပ်နေတဲ့ဏီဏီက
“မျက်နှာသွားသစ်ခဲ့ကိုကြီး ဏီဏီအခန်းထဲပဲသစ်လိုက်တော့”
“ဘာလုပ်ဖို့လဲ”
“ကိုကြီးလဲမျက်နှာပေါင်းတင်ရမယ်လေ သွားပါဦးလေးကြီးရယ် ဏီဏီခိုင်းတဲ့အတိုင်းလုပ်ပါ”
ကောင်းမွန်မှာ ခေါင်းကုတ်လိုက်ရင်း ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်ရသည်။ မမလေးရဲ့အမိန့်တော်အတိုင်း လွန်ဆန်လို့ဘယ်ရမှာလဲလေ။ ချစ်ကြောက်ရိုသေရပါသည်။ ရေချိုးခန်းထဲက ဗူးပေါင်းစုံကိုကြည့်ကာ နောက်ဆိုငါလဲ ခိုးသုံးဦးမှလို့ စိတ်ကူးယဉ်ရင်းပြုံးလိုက်မိသည်။ အမယ် အတွေးတွေကနယ်ကျော်လို့။ ဒီအခန်းထဲမှာတောင် ရေလာချိုးနေသေးသည်။
“လာ ဒီမှာလာထိုင် ဏီဏီ ကပ်ပေးမယ်”
ကောင်းမွန် ကုတင်ပေါ်ထိုင်နေတဲ့ဏီဏီဘေးမှာ ဝင်ထိုင်လိုက်သည်။ ဏီဏီက Mask ထုပ်ကိုဖောက်လိုက်ပြီး ကိုကြီးမျက်နှာမှာ သေချာကပ်ပေးလိုက်သည်။
“ဒါကြီးကပ်ပြီး ဘယ်နနာရီနေရမှာလဲ”
“မိနစ်နှစ်ဆယ်လောက်ပဲ ဒါကပ်ပြီးရင်အသားလေးနုအိသွားတာ ကိုကြီးမယုံရင်စောင့်ကြည့်”
“တနေကုန်ပင်ပန်းထားတာ အိပ်ချင်ပြီကွာ”
“အိပ်လေ ဏီဏီခေါင်းအုံးပေါ်အိပ်လိုက် အချိန်ပြည့်ရင်နိုးပေးမယ်”
အပျိုမလေးရဲ့အိပ်ရာပေါ်လှဲအိပ်လိုက်ရင်း သူမရဲ့ကိုယ်သင်းနံ့လေးရနေသလိုခံစားမိသည်။ မင်္ဂလာဆောင်ပြီးရင် သူမလေးနဲ့ အခုလို တစ်ကုတင်ထဲအိပ်ရတော့မှာပဲ။ အိပ်မပျော်တော့ပဲ ခေါင်းငုံ့ပြီးလက်သည်းနီဆိုးနေတဲ့ ဏီဏီ နောက်ကျောကို ငေးကြည့်နေစဉ် ဏီဏီလှည့်ကြည့်ခဲ့သောကြောင့် မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။ အိပ်ချင်ယောင်ဆောင်တယ်လို့တွေးလိုက်မိပေမယ့် တကယ်အိပ်ပျော်သွားခဲ့ပါသည်။
“ကိုကြီး ရပြီ ထတော့ ဟောက်တောင်ဟောက်နေသေးတယ် ကိုကြီးအိပ်ရာထင်နေလား”
“အင်း အရမ်းအိပ်ချင်တာပဲကွာ”
“အိပ်ချင်တာမဟုတ်ဘူး အိပ်ပျော်သွားတာပါ ရပြီလို့ ဏီဏီခွာပေးမယ် ထ”
အိပ်ချင်မူးတူးနဲ့ထလိုက်တဲ့ကိုကြီးမျက်နှာပေါ်က Mask ကိုခွာကာ မျက်နှာကိုလက်နဲ့ပုတ်ပေးလိုက်သည်။
“သွားတော့ မနက်ကျရင်အသားအိအိကြည်ကြည်လေးဖြစ်နေမှာ ကိုကြီးအလှဆုံးဖြစ်နေမှာ”
“အင်း အင်း”
အိပ်ချင်မူးတူးနဲ့ကိုကြီးထွက်သွားတာနဲ့ ဖုန်းနဲ့မှာခိုးရိုက်ထားတဲ့ Mask ကပ်ပြီးအိပ်နေပျော်နေပုံကို ပြန်ကြည့်ကာ ရယ်နေမိသည်။ Birthday wish လုပ်ဖို့ ဒီလိုပဲပုံကောင်းလေးတွေစုထားရသည်။ ကိုယ့်ယောကျာ်းကိုဆေးထိုးရတာလောက် ပျော်စရာမရှိ။ အီး မနက်ဖြန်ဆိုတကယ်ကြီးကိုယ့်ယောကျာ်းဖြစ်တော့မှာပဲ။ ရင်ထဲအသဲထဲကျလိကျလိနဲ့ဖြစ်သွားရသည်။
===============================================================
မနက်စောစောထပြီးအလှပြင်နေတဲ့ဏီဏီကို ကိုကြီးက မှတ်တမ်းတင်ဗွီဒီယိုရိုက်ပေးနေသေးသည်။ အလှပြင်တဲ့ မဇင်က ကောင်းမွန်ကို မျက်စောင်းထိုးရင်း
“သတို့သားကြီးက ကဲကိုကဲတယ်နော်”
“ဏီ့ကိုကြီးချောလားမဇင်”
“မချောပါဘူး နုဖပ်နေတဲ့လူမှမဟုတ်တာ ဒါပေမယ့်ယောကျာ်းပီသတယ် မဇင်တို့အကြိုက်ပဲ”
ဏီဏီက သဘောကျကာတခိခိရယ်နေသလောက် ကောင်းမွန်ကတွန့်သွားရသည်။ မဇင်တို့အကြိုက်ဆိုပါလား။ ဏီဏီကို အလှပြင်ပေးနေကျဆိုလို့ မိန်းမထင်ခဲ့တာ မာမီဇင်ဖြစ်နေသည်။ ဖြစ်နိုင်ရင် ဏီဏီကို ဘယ်ယောကျာ်းနဲ့မှ မထိတွေ့ ခိုင်းစေချင်ပါ။ ဒါပေမယ့်လဲ အခုအခြေအနေကိုတော့ သူမတတ်နိုင်ပါ။ မဇင်နဲ့အတူ ပါလာတဲ့အကူကမိန်းမဖြစ်နေလို့ တော်ပါသေးသည်။ ကောင်းမွန်အခန်းထဲဆက်မနေရဲတော့ပဲ ဧည့်ခန်းထဲသွားထိုင်နေလိုက်သည်။
“ဏီဏီ လက်ဝတ်လက်စားရော ဘာဝတ်မှာလဲ”
အဲ့ဒီအခါမှ ဏီဏီသတိရသည်။ ဏီဏီမှာမှဘာမှမရှိတာ။ ကိုကြီးလဲ အဲ့ဒါတော့သတိရပုံမရ။
“ဒီမှာ”
အခန်းထဲဝင်လာပြီး ကိုကြီးလှမ်းပေးတဲ့ ဗူးပြားပြားအနီထဲက ဒေါင်းဘယက်ဝမ်းဆက်လေးကိုကြည့်ပြီး ဏီဏီ အံ့သြသွားရသည်။ သူက အဲ့ဒီလိုအသေးစိတ်အထိပါ စဉ်းစားပေးခဲ့တယ်ပေါ့။
“မနေ့က ဒါသွားဝယ်ရင်းမြတ်နိုးနဲ့တွေ့ခဲ့သေးတယ် အဲ့ဒီဆိုင်သူတို့ဆိုင်မှန်းမသိခဲ့ပါဘူး ဆိုင်ကထွက်မှမြတ်နိုးနဲ့တွေ့တာ မင်္ဂလာဆောင်ရင် ဆက်ဆက်ဖိတ်ဖို့မှာလိုက်သေးတယ်”
အခုမှ ဏီဏီရင်ထဲက သံသယတွေ ရှင်းသွားတော့သည်။ အဲ့ဒီကိုကြီးက မနေ့ညကဏီဏီမေးချင်တာကို သိရဲ့သားနဲ့ တမင်ကို မပြောခဲ့တာပေါ့။ မဇင်က ဏီဏီကို ဘယက်သေချာဆွဲပေးပြီးတော့
“ကဲ ပြီးပြီနော် ဘာလိုလဲကြည့်ပါဦး သတို့သားကြီး”
“မလိုပါဘူး အရမ်းလှတယ် ကျေးဇူးပါဗျာ”
“လှရမှာပေါ့ မဇင်ပြင်ပေးထားတာလေ ပြီးတာ့ဒီဒေါင်းဘယက်လေးနဲ့ဝတ်စုံကလဲ အရမ်းလိုက်နေတာလေ ကလေးလေးက ကျက်သရေရှိရှိလှနေရော ကဲ ဒီတစ်ခါသတို့သားအလှည့်”
“ဗျာ ကျွန်တော်လား.. ကျွန်တော်ဘာမှမလိမ်းချင်ဘူး”
ဏီဏီကို ငေးနေတဲ့ကောင်းမွန်တစ်ယောက် ခေါင်းခါရုံတင်မက လက်နှစ်ဖက်လုံးပါခါပြီငြင်းလိုက်မိသည်။
“မလိမ်းပါဘူး ဆံပင်လေးနည်းနည်းပါးပါးလုပ်ပေးမလို့ပါ ထိုင်ပါဦးဆို”
မဇင်ခေါင်းဖြီးပေးတာကို တောင့်တောင့်ကြီးနဲ့ မအီမလည်ကြိတ်မှိတ်ခံနေရပုံဖြစ်နေတဲ့ ကိုကြီးကိုကြည့်ကာ ဏီဏီ ရယ်နေမိသည်။ ဘယ်လိုလူကြီးမှန်းမသိ။ မဇင်က ကိုကြီးရဲ့ရင်ဘတ်ကို ဘုန်းခနဲရိုက်လိုက်ရင်း
“ရှင်ကလဲဖြစ်နေလိုက်တာ ကဲ ပြီးပြီ ကျွန်မတို့လဲပြန်တော့မယ် ဏီဏီ ညီမလေးပျော်ရွှင်ပါစေနော် သွားတဲ့အချိန် လက်ကိုင်ပန်းလဲမေ့သွားဦးမယ်နော်”
ဏီဏီသဘောကျကာ တခွိခွိရယ်ရင်းခေါင်းငြိမ့်ပြလိုက်မိသည်။ နုတ်ဆက်ပြီးမဇင်တို့ပြန်သွားတော့ ကောင်းမွန်က ဏီဏီရှေ့ခုံမှာ ဝင်ထိုင်လိုက်သည်။
“ဏီဏီ မျက်လုံးက အပေါ်မှာဘာဖြစ်သွားတာလဲ”
“ဘာဖြစ်သွားလို့လဲ”
“ခနမှိတ်လိုက် ကိုယ်ကြည့်ပေးမယ်”
ဏီဏီမျက်လုံးမှိတ်လိုက်စဉ်မှာပဲ နဖူးပေါ်မှာနွေးခနဲဖြစ်သွားရသည်။ ကြည့်စမ်း ကိုကြီးနမ်းလိုက်တာပေါ့လေ။ ဏီဏီ ရင်ခုန်စွာမျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုကြီးက ရှက်သလိုပြုံးပြနေသည်။ သူပဲနမ်းပြီး သူပဲရှက်ပြနေသေးသည်။
“ကျေးဇူးတင်စကားပြောချင်လို့ ကိုယ့်ကိုလက်ထပ်ခွင့်ပေးလို့ကျေးဇူးတင်ပါတယ်ဏီဏီ”
ဏီဏီကြည်ကြည်နူးနူးပြုံးရင်းကိုကြီးကိုကြည့်နေမိသည်။ ကောင်းမွန်တိုက်ပုံထဲက လက်စွပ်ဗူးကိုထုတ်လိုက်ပြီး
“ဒေါင်းဘယက်ဝမ်းဆက်လေးကတော့ကိုယ့်ရဲ့မင်္ဂလာဦးလက်ဆောင်ပါ ဒါကအမေ့လက်စွပ် ကိုယ့်အမေက ချွေးမရရင် ပေးဖို့ဆိုပြီး သူ့လက်စွပ်ချန်သွားပေးတာ အရမ်းဈေးကြီးတဲ့ပစ္စည်းတွေမဟုတ်ပေမယ့် ဏီဏီတန်ဖိုးထားပေးမယ်မလား”
ကိုကြီးစွပ်ပေးတဲ့ ရွှေလက်စွပ်မောင်းကွင်းလေးကိုကြည့်ပြီး ဏီဏီခေါင်းငြိမ့်ပြလိုက်သည်။ တကယ်တော့ ဏီဏီက ရွှေလုံးဝမကြိုက်ခဲ့ပေမယ့် ကိုကြီးဝယ်ပေးတဲ့ဒေါင်းဘယက်ဝမ်းဆက်လေးက သူမနဲ့လိုက်ဖက်ကာ ကျက်သရေရှိနေသလို ခံစားနေမိပြီး ကြိုက်နေမိပါသည်။ ပြီးတော့ကိုကြီးအမေရဲ့လက်စွပ်လေးကိုလဲ တကယ်ကိုတန်ဖိုးထားပါသည်။
“ဆောရီးကွာ အခုလိုအလောတကြီးလုပ်လိုက်ရတာ အမှန်ဆိုဒီထက်မကကောင်းကောင်းမွန်မွန်လုပ်ပေးချင်ခဲ့တာ”
“အင်းပါကိုကြီးကလဲ အခုလဲဏီဏီအရမ်းပျော်နေတာပဲလေ”
“နားလည်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် တသက်လုံးမခွဲပဲအတူတူနေမယ်နော်”
“ဟုတ်”
“သွားစို့ နောက်ကျနေတော့မယ်”
ကားပေါ်ထိုင်နေရင်း ဏီဏီလျှောက်တွေးလျှောက်ငေးနေမိသည်။ မထင်မှတ်ထားပဲ ယောကျာ်းနောက်လိုက်ပြေးတယ်လို့ စွပ်စွဲခံရပြီး အခုတော့တကယ်ကြီးလက်ထပ်စာချုပ်ချုပ်ရတော့ပေမည်။ မကြာခင်အချိန်အတွင်းမှာ အိမ်ထောင်ရှင်မကြီး ဖြစ်ပါတော့မည်။ ကိုကြီးကဘယ်နားကရုံးကို မောင်းနေမှန်းမသိ။ အခုမှသတိရသည်။ ဒီနေ့ရုံးပိတ်ရက်မဟုတ်လား။
“ကိုကြီး ဒီနေ့ကရုံးပိတ်ရက်မဟုတ်ဘူးလား”
“အာ ဟုတ်သားပဲ ကိုယ်မေ့သွားတယ် ဘယ်လိုလုပ်ကြမလဲ”
ကိုကြီးလဲအခုမှသတိရပုံပါ။ ဏီဏီမျက်နှာငယ်နဲ့ဖြစ်သွားရသည်။ ဘာတတ်နိုင်မှာလဲ။ နောက်တစ်ရက်မှပေါ့။ နောက်ရက်ဆိုလဲ ကိုကြီးက မနက်ဖြန် မန္တလေးသွားတော့မှာဆိုတော့ ပြန်လာမှသာဖြစ်ပါလိမ့်မည်။
“မထူးပါဘူးကွာ တခုခုစားပြီးပြန်ကြတာပေါ့”
“ဟုတ်”
လက်ကိုင်ပန်းစည်းကိုငုံ့ကြည့်နေရင်း လေသံပျော့ပျော့နဲ့ပြန်ပြောတဲ့ကလေးမလေးကို ရယ်ချင်မိသည်။ အလုပ်လုပ်နေတဲ့ သူက ရုံးပိတ်ရက်မသိရလောက်အောင် ပေါ့ဆပါ့မလား။
“အမှတ်တရဓါတ်ပုံရိုက်ရအောင်ကိုကြီး ဒီလောက်ကြီးပြင်ဆင်ထားပြီးမှ နမြောစရာကြီး”
“အင်းပါ ဗိုက်ဆာနေပြီ တခုခုအရင်စားရအောင်နော်”
ကိုကြီးပြောမှ ဗိုက်ဆာလာသလိုဖြစ်ပေမယ့် စားချင်စိတ်မရှိတော့ပေ။ မနက်စောစောထ အလှပြင်ပြီး ပျော်နေခဲ့ပြီးမှ။ အခမ်းအနားပွဲတက်သလို လက်ကိုင်ပန်းစည်းပါကိုင်ခဲ့ပြီး အခုတော့ပြင်ဆင်ထားတာတွေ အလကားဖြစ်ရပြန်သည်။
ကားရပ်ပြီးချိန်ထိ မဆင်းသေးတဲ့ဏီဏီကို ကောင်းမွန်ကတံခါးဖွင့်ပေးပြီး လက်ကမ်းပေးလိုက်သည်။
“ဆင်း ဒီဆိုင်မှာစားရအောင်”
လှမ်းပေးလာတဲ့ကိုကြီးလက်ကိုကိုင်ပြီးကားပေါ်ကဆင်းလိုက်စဉ်
“ရောက်လာပြီလား ဏီဏီရယ် လှလိုက်တာ”
သူမနားကိုရောက်လာတဲ့ ဟေမာန်နဲ့ပုစိကိုကြည့်ပြီး ဏီဏီကြောင်သွားသည်။ သူတို့နှစ်ယောက်လဲ အလှတွေပြင်ပြီး လှပနေပါသည်။ ကြည့်စမ်း ဒါကိုကြီးရဲ့ Surprise နောက်တစ်ခုပေါ့လေ။ ကိုကြီးရဲ့လက်မောင်းကို အမြင်ကတ်ကတ်နဲ့ ထိုးလိုက်မိသည်။ ဒီလူကြီးက အခုချိန်ထိ ရုပ်တည်ကြီးနဲ့နေနေသေးသည်။ ကိုယ့်မှာတော့ ဒီလောက်ကြီး ပြင်ဆင်ထားရတာဆိုပြီး နမြောနေရတာကို။
“လာ လာ လူစုံနေပြီ”
ပုစိစကားကြောင့် ကိုကြီးကိုကြည့်လိုက်မိသည်။ သူ့ကိုမော့ကြည့်လာတဲ့ဏီဏီကို ကောင်းမွန်ပြုံးပြလိုက်ရင်း။
“အန်ကယ်နဲ့ကေလဲရှိတယ်ဏီဏီ အသက်နှစ်ဆယ်မပြည့်သေးရင်မိဘအုပ်ထိန်းသူခွင့်ပြုချက်ပါမှ လက်ထပ်ရတာဆိုတော့ ရာဇဝတ်မှုမြောက်မှာစိုးလို့ ယောက္ခထီးကြီးကို ခေါ်ထားရတာ”
“ဘာယောက္ခထီးလဲ သူများအဖေကို”
ဏီဏီမှာအံ့သြဝမ်းသာသွားမိရင်း ကိုကြီးကိုမျက်စောင်းထိုးလိုက်မိပေမယ့် အရမ်းကိုချစ်ရပါသည်။
“စတာပါ အဖေချစ်သမီးလေး ဒီနေ့ပွဲမှာအဖေမရှိရင် ဝမ်းနည်းနေမှာစိုးလို့ပါ”
သူမဘဝရဲ့ အရေးကြီးဆုံးနေ့ရက်တွေမှာ ဖေဖေ့ကိုရှိခိုင်းစေချင်တာ အမှန်ပင်။ ကိုကြီးက ဏီရဲ့ဖြစ်ချင်တာလေးတွေကို မတောင်းဆိုရပါပဲ ဂရုတစိုက် ဖြည့်ဆည်းပေးတတ်သူကြီးပါ။ အဲ့ဒီလိုအသေးစိတ် စဉ်းစားပေးပြီး ချစ်တတ်တဲ့ဒီလူကြီးနဲ့ လက်ထပ်တာ ဘယ်တော့မှနောင်တရမှာမဟုတ်လို့တောင် တွေးလိုက်မိသည်။
စားသောက်ဆိုင်ရဲ့မြက်ခင်းစိမ်းစိမ်းပေါ်ပြင်ဆင်ထားတဲ့ ကိုကြီးနဲ့ဏီဏီရဲ့ Signing Ceremony လေးမှာ လူအများကြီး မရှိသော်လည်း ဏီဏီချစ်တဲ့ ဖေဖေ၊ မမကေ ပြီးတော့ သူမနဲ့ကိုကြီးရဲ့သူငယ်ချင်းများနဲ့  နွေးနွေးထွေးထွေးပျော်စရာ ကောင်းပါသည်။ ရှေ့ဆုံးမှာရှိနေတဲ့တရားသူကြီးရှိရာသို့ ကိုကြီးလက်မောင်းကိုချိတ်တွဲရင်း လမ်းလျှောက်နေရတာ ဘယ်လို ခံစားချက်မျိုးလဲမသိ။ ဖေဖေနဲ့မမကေကလဲ ဏီဏီကိုပြုံးရင်းကြည့်နေသည်။ မထင်မှတ်ထားတဲ့ပွဲလေးကြောင့် ဏီဏီမှာ ပျော်လွန်းလို့ တဟီဟီနဲ့ဖြီးနေမိသည်။ ကိုကြီးက အနားကပ်ရင်း တိုးတိုးလေး ပြောသည်။
“ကိုယ်နဲ့လက်ထပ်ရတာအဲ့လောက်ပျော်လား ပါးစပ်ကြီးနားရွက်တက်ချိတ်တော့မယ်”
အခုအချိန် စိတ်ကောက်လိုက်ရင် သူမလွန်တယ်ပဲထင်ကြပေမည်။ အဲ့ဒီလိုလျှောက်စနေတာတွေတော့ ဘယ်သူမှမသိကြ။ ဏီဏီဂြိုလ်ပေးနေလို့ ကောင်းမွန်မှာ နုတ်ခမ်းနှစ်ခုကိုတင်းတင်းစေ့ထားရသည်။
ဖေဖေ့အသိ တရားသူကြီးရှေ့မှာ လက်မှတ်ထိုးနေချိန်မှာတော့ ကိုကြီးကခပ်တည်တည်နဲ့ သိက္ခာတော်ရလူကြီးလို တည်ငြိမ်နေပြန်သည်။ ရိုးသလိုနဲ့အင်မတန်လည်တဲ့လူကြီးဟာ ဖေဖေ့ကိုဘယ်အချိန်ကများ သွားစည်းရုံးလိုက်လဲမသိ။ ကိုကြီးဟာ ဏီဏီမသိအောင်အားလုံးစီစဉ်ထားပြီး Surprise လုပ်ရတာအင်မတန်ပျော်နေပုံပင်။ ဏီဏီလဲအရမ်းကို ပျော်ရပါသည်။ မထင်မှတ်ထားတဲ့လက်မှတ်ထိုးပွဲလေးကို တသက်လုံးမေ့နိုင်တော့မည်မထင်ပါ။
အိမ်ပြန်ရောက်တော့ မနက်စောစောထအလှပြင်ထားရတဲ့ဏီဏီဟာ ရေချိုးပြီးအိပ်လိုက်တော့သည်။ ဒီပွဲကို အလှလေးပြင်ပြီး အခန့်သားတက်ခဲ့တယ်ဆိုပေမယ့် ဘာတွေပင်ပန်းမှန်းမသိ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
အိပ်ရာနိုးချိန်မှာတော့ ကိုကြီးတစ်ယောက်မီးဖိုထဲမှာ တစ်ယောက်ထဲချက်ပြုတ်နေသည်။
“ဏီဏီ နိုးပြီလား ဗိုက်ဆာနေပြီလား”
“ဟုတ် ကိုကြီး ဘာတွေချက်နေတာလဲ ဏီဏီဘာလုပ်ကူရမလဲ”
“ရပြီ ရပြီ ပြီးခါနီးပြီ ဘာမှမလုပ်နဲ့တော့”
“ခိ ကိုကြီးကလဲ ဒီတစ်ခါဘာမှမဖြစ်လောက်ပါဘူး”
နှမ်းဖြူးဖို့ကြံစည်သူကို ကိုကြီးက အချိန်မှီတားဆီးလေသည်။ လုပ်ကူတာနဲ့မကာမိအောင် တခုခုဖြစ်မှာပိုစိုးရိမ်ပုံပင်။
“အင်းပါ အားလုံးအဆင်သင့်ဖြစ်နေပြီလေ ဒီအစိမ်းကြော်ပဲကျန်တော့တာ ဒါပြီးရင်ဏီဏီကိုလာနိုးတော့မလို့ ဘယ်လိုလဲ မနက်ကတော်တော်ပင်ပန်းသွားလား ရောက်တာနဲ့အိပ်ပျော်သွားတာဆိုတော့”
“ဟုတ်တယ် ဘာမှလဲမလုပ်ရပဲနဲ့ ပင်ပန်းတယ်နော်”
“ဘာလို့မလုပ်ရမှာလဲ တမနက်လုံး သွားဖြီးပြနေရတာလေ”
“ကိုကြီးနော်”
တဟဲဟဲရယ်နေရင်း ကောင်းမွန် အစိမ်းကြော်ပန်းကန်ကို စားပွဲပေါ်ချကာ ဏီဏီနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။
“စားလို့ရပြီ မနက်ဖြန်မနက် ဏီဏီအဖေအိမ်ကို ကိုယ်လိုက်ပို့ပေးမယ်နော်”
“ဟုတ် ကိုကြီးကဘယ်နရက်ကြာမှာလဲ ဘယ်သူနဲ့သွားမှာလဲ”
“ဇေယျာနဲ့သွားမှာ ကိုယ့်ကားနဲ့ပဲသွားမယ် ဟိုမှာအလွန်ဆုံးကြာသုံးလေးရက်ပေါ့ ပြန်ရောက်တာနဲ့ဝင်ကြိုမှာနော် ဏီဏီမရှိပဲ ဒီအိမ်ထဲမှာတစ်ယောက်ထဲမနေချင်ဘူး”
ဏီဏီ မချိုမချဉ်ပြုံးလိုက်မိရင်း
“ကိုကြီးက အကဲပိုတာ အရင်ကလဲတစ်ယောက်ထဲနေနေကျကို”
“မရဘူး မြို့ထဲဝင်တာနဲ့ဖုန်းဆက်မှာ တခါထဲဝင်ခေါ်မှာနော် ပြောထားပြီးသား”
ကောင်းမွန် ဘာမှထပ်မပြောတော့ပဲ ဏီဏီအတွက် ထမင်းထည့်ပေးလိုက်သည်။ အရင်ကတစ်ယောက်ထဲနေခဲ့ပေမယ့် အခုတော့သူမလေးရှိမှ နေတတ်တော့သည်။ ခရီးသာသွားရမှာ။ အဖေအိမ်မှာပျော်ပြီး ဒီအိမ်ကိုပြန်မလာချင်တော့မှာလဲ စိုးရိမ်မိပါသည်။ ခွဲနေရမယ့်သုံးလေးရက်အတွက် သူကသာကြိုလွမ်းနေရတာ။ မရွှေချောတို့က ထမင်းကိုသာ အားရပါးရ စားနေသည်။ မနက်ကကောင်းကောင်းမစားခဲ့လို့ ဗိုက်အတော်ဆာနေပုံပင်။
ကိုကြီး ခရီးထွက်သွားတော့ ဏီဏီမှာအဖေ့အိမ်ပြန်နေရင်း ကိုကြီးကိုလွမ်းနေရသည်။ အကျင့်ပုတ်ကြီးက ညမှသာ ဖုန်းဆက်တတ်လေသည်။ ပြောရင်သာလွမ်းတာ Video call တောင်မပြော။ သူ့ရုံးကလူတစ်ယောက်ပါတယ်ဆိုပြီး ဖုန်းပြောရင်တောင်လေသံက အိနြေ္ဒကြီးတခွဲသားနဲ့။
“သမီး ဘာကားကြည့်နေတာလဲ”
“ဖေဖေ သမီးနဲ့အတူတူလာကြည့်”
ဏီဏီက ဖေဖေထိုင်ဖို့ ထိုင်ခုံတဖက်ခြမ်းကိုတိုးပေးလိုက်သည်။ ဘေးနားဝင်ထိုင်လိုက်တဲ့အဖေရဲ့ပုခုံးကိုမှီလိုက်ရင်း ဟိုလူကြီးကိုသတိရမိသွားသည်။ နောက်ဆိုဏီဏီဘဝမှာအချစ်ဆုံးယောကျာ်းနှစ်ယောက်နဲ့အတူတူနေရတော့မှာပါလား။
“ကောင်းမွန်ဖုန်းမဆက်ဘူးလား”
“ဆက်တယ်ဖေ ခုနတုန်းက”
“အော် သမီးတို့ဘယ်တော့မင်္ဂလာဆောင်ကြမှာလဲ”
ဏီဏီတီဗွီကိုအသံတိုးလိုက်ရင်း ပြန်ဖြေလိုက်သည်။
“နောက်နှစ်နှစ်လောက်မှလို့ပြောတယ်ဖေ အဲ့ဒီလောက်လဲကြာချင်မှကြာမှာပါ”
“ဘာဖြစ်လို့အဲ့ဒီလောက်ထိအချိန်ဆွဲနေရတာလဲသမီး”
“ဟို ကိုကြီးက မင်္ဂလာပွဲကိုခမ်းခမ်းနားနားဖြစ်စေချင်လို့တဲ့”
“သမီးက အဲ့လိုလုပ်ပေးဖို့ပြောလို့လား”
ဏီဏီ ဖေဖေ့ကိုမျက်လုံးပြူးကြည့်လိုက်မိသည်။ ခပ်တည်တည်နဲ့ဆိုတော့ ဖေဖေစိတ်ဆိုးနေတာများလား။
“မဟုတ်ပါဘူးဖေ သမီးပြောလို့မဟုတ်ပါဘူး ကိုကြီးကလုပ်ပေးချင်တာပါ အခုကအလုပ်ထဲငွေဝင်နေတာဆိုတော့ နောက်အေးဆေးမှ လုပ်မလားလို့လေ”
“မဟုတ်သေးဘူးသမီး သမီးကဦးနေထွန်းရဲ့သမီးဆိုပေမယ့် အခုအချိန်မှာကောင်းမွန်ထွန်းရဲ့ဇနီးဖြစ်နေပြီ သူ့အတိုင်းအတာနဲ့ ဖြစ်သင့်တဲ့မင်္ဂလာပွဲမျိုးပဲတောင်းဆိုသင့်တယ် ဟိုတနေ့ Signing Ceremony တောင်ဘယ်လောက် ကုန်သလဲ သမီးသိတယ်မလား သူကတော့သမီးကိုချစ်လို့လုပ်ပေးချင်တယ်ဆိုပေမယ့် သမီးစဉ်းစားပေါ့”
ဏီဏီသိပါသည်။ ဏီဏီရဲ့ဝတ်စုံဖိုးတောင် သိန်းဆယ်ချီကုန်ခဲ့တာကို။ ဒါကလဲ ဏီဏီတောင်းဆိုခဲ့တာမဟုတ်ပါ။ ကိုကြီးဘာသာ ဏီဏီကိုချစ်လို့လုပ်ပေးခဲ့ခြင်းသာ။
“ဖေကလဲ သမီးလဲတစ်သက်မှာတစ်ခါဆောင်တဲ့မင်္ဂလာပွဲကို ခမ်းခမ်းနားနားလေးဖြစ်စေချင်တာပေါ့”
အဲ့ဒါတော့ ဏီဏီရဲ့စိတ်ရင်းအမှန်ဖြစ်သည်။ ဘယ်သူ့ကိုမှယှဉ်ပြိုင်ခြင်းမဟုတ်ပဲ ကိုယ်တိုင်ကိုက အဲ့ဒီလို မင်္ဂလာပွဲမျိုး ကျင်းပချင်ပါသည်။ ပြီးတော့ ဏီဏီက လုပ်ချင်ပါတယ်မပြောရပါပဲ ကိုကြီးကိုယ်တိုင်က လုပ်ပေးချင်တာလေ။
ဦးနေထွန်း သမီးကိုခေါင်းငြိမ့်ပြလိုက်ရင်း
“ဖေဖေနားလည်တယ် မွေးကတည်းက ဘယ်အရာမဆိုအကောင်းကြိုက်တဲ့သမီးလေ ဖေဖေမွေးထားတာပဲ ကိုယ့်သမီး အကြောင်းမသိပဲနေပါ့မလား ကောင်းမွန်လဲမသိပဲနေမှာမဟုတ်ဘူး ဒါပေမယ့်သမီး သမီးတို့နှစ်ယောက်က သမီးရည်းစား အဆင့်မဟုတ်တော့ဘူး တရားဝင်စာချုပ်စာတမ်းနဲ့လက်ထပ်ထားပြီးပြီ လူတွေအမြင်မှာလဲလင်မယားဖြစ်နေပြီ မင်္ဂလာဆောင်ဖို့ကိုနှစ်ချီကြာအောင် အချိန်ဆွဲနေတာမဖြစ်သင့်ဘူး ဒီအတိုင်းအကြာကြီးနေဖို့မသင့်တော်ဘူးသမီး”
“ဟုတ် ဖေဖေ သမီးကိုကြီးပြန်လာရင်ပြောလိုက်ပါ့မယ် ဒါဆိုသမီးကိုဖေမင်္ဂလာဆောင်ပေးပါလားဟင်”
မင်္ဂလာဆောင်ပေးဖို့ အဖေရဲ့လက်မောင်းကိုကိုင်ဆွဲကာ ပူဆာနေတဲ့သမီးငယ်ဟာအိမ်ထောင်သာပြုတယ်။ ကလေးစိတ်က မကုန်ချင်သေး။ သူ့လက်မောင်းပေါ်က သမီးလက်ကို ဆုပ်ကိုင်ကာပြုံးလိုက်မိရင်း။
“ကောင်းမွန်ကလက်ခံပါ့မလား”
“ရှင် ဘာကိုလဲဖေ”
“ဖေကတော့သမီးကိုချစ်လို့ လုပ်ပေးချင်ပေမယ့် ကောင်းမွန်ရဲ့ဆန္ဒရှိသေးတယ် သမီးမင်္ဂလာပွဲကို ဖေဖေကအကုန်အကျခံ လုပ်ပေးမယ်ဆိုတာကို သူလက်ခံပါ့မလား သူကသတို့သားလေ”
“လက်ခံမှာပါဖေ သမီးပြောလိုက်မယ်လေ”
ဦးနေထွန်း တက်တက်ကြွကြွပြောနေတဲ့ ဘာမှနားမလည်တဲ့သမီးငယ်ကို ခေါင်းခါပြလိုက်သည်။
“လူတိုင်းမာနကိုယ်စီရှိတယ်သမီး ပိုက်ဆံရှိတာမရှိတာနဲ့မဆိုင်ဘူး ကောင်းမွန်လိုလူမျိုးကပိုပြီးမာနကြီးတယ် သမီးကို ကြိုက်နေရဲ့သားနဲ့ အလုပ်ထွက်ပြီးတမင်ရှောင်ထွက်သွားတာကိုကြည့်ပါလား သမီးနဲ့လက်မှတ်မထိုးခင်တုန်းက ဖေဖေ့ကို လာတွေ့တယ် လက်ထပ်ခွင့်ပြုပါလို့ခွင့်လာတောင်းတယ် ခွင့်မပြုခင်မှာဖေဖေသူ့ကိုနှစ်ခုပဲပြန်တောင်းဆိုခဲ့တယ် သမီးကို တသက်လုံးစိတ်ချမ်းသာအောင်ထားဖို့နဲ့ ဖေဖေနဲ့အတူလာနေဖို့ပဲ သူကအဲ့ဒါကိုသဘောတူပါတယ် ဏီဏီက အဖေနဲ့ပဲ နေချင်တယ်လို့ပြောထားတယ်တဲ့ ကေသရီမင်္ဂလာဆောင်ပြီးတာနဲ့ပြောင်းနေပ့ါမယ်တဲ့ မင်္ဂလာပွဲကို ဘယ်လိုစီစဉ်ပေးရမလဲ မေးတယ် အဲ့ဒါကသမီးနဲ့ညှိပြီးမှအဆင်ပြေသလိုလုပ်ကြဖို့ပြောလိုက်တယ်”
ကိုကြီးက ဖေဖေနဲ့လာတွေ့ပြီး ပြောခဲ့တဲ့စကားတွေကို တစ်ခွန်းမှ ပြန်မပြောပြခဲ့ပေ။
“ဖေဖေကတော့ ကေရဲ့မင်္ဂလာပွဲပြီးတာနဲ့ သမီးတို့ကိုလဲမင်္ဂလာဆောင်စေချင်တယ်”
“အဲ့ဒါဆို ဆယ့်တစ်လပိုင်းလောက်ဖြစ်မှာပေါ့နော်”
“ဟုတ်တယ်သမီး ကောင်းမွန်ကိုနိုင်တဲ့ဝန်ပဲထမ်းခိုင်းလိုက်ပါ သူကသမီးဆန္ဒကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်မှာပဲ ဒါကြောင့်နှစ်နှစ်စောင့်ခိုင်းတာပေါ့ သူလက်မခံရင်ဖေဖေဆောင်ပေးမှာလို့ဇွတ်ကြီးသွားမပြောနဲ့  သူ့မှာမာနရှိတယ် သမီးနဲ့ခိုးပြေးတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက်ပိုင်း သူလဲလူတွေရဲ့အပြောအဆိုကို အနည်းနဲ့အများခံခဲ့ရမှာပဲ အဲ့ဒါကြောင့် သူပိုပြီးခံရခက်လိမ့်မယ် ကိုယ့်ခင်ပွန်း၊ကိုယ့်အမျိုးသားရဲ့ ကောင်းတဲ့မာနဆိုရင် ချိုးနှိမ်သလိုမလုပ်မိပါစေနဲ့ အဲ့ဒီမာနကိုအရောင်တင်ပေးလိုက်ပါသမီး သမီးသူ့ကိုချစ်လို့လက်ထပ်မှာမလား အဓိကက မင်္ဂလာပွဲပြီးနောက်ပိုင်း စိတ်ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နေရဖို့ပဲ ခမ်းခမ်းနားနားကြီးမင်္ဂလာဆောင်ဖို့အရေးကြီးတာမဟုတ်ဘူးလေ”
“ဟုတ် ဖေ သမီးကိုကြီးကိုပြောကြည့်လိုက်ပါဦးမယ်”
“ပြီးတော့လက်ထပ်ပြီးနောက်ပိုင်းအဆင်ပြေအောင်နေပါ ပိုင်ဆိုင်မှုခြင်းဘယ်တော့မှမပြိုင်မိစေနဲ့ သူကသူ့အရည်အချင်းနဲ့ သူရှာဖွေထားတာလေ သမီးကဖေဖေ့ဆီကအမွေရမှာ နောက်ဆိုသူကဖေဖေတို့ထက်ပိုပြီး ချမ်းသာချင်လဲချမ်းသာနိုင်တာပဲ အဲ့ဒီလိုအကြောင်းကိစ္စမျိုးနဲ့ပြသနာအဖြစ်မခံပါနဲ့ ကိုယ့်ခင်ပွန်းကိုယ့်ယောကျာ်းဖြစ်နေလို့ဆိုးနွဲ့လို့ရပေမယ့် စော်ကားတမျိုး ရိုင်းစိုင်းတာမျိုးမလုပ်မိစေနဲ့ သူစိမ်းနှစ်ယောက်အတူတူနေရင်ဘယ်လောက်ပဲချစ်တယ်ပြောပြော တနေ့နေ့မှာပြသနာတစ်ခု မဟုတ်တစ်ခုတော့ဖြစ်ကြမှာပဲလေ အဲ့ဒီအချိန်ကျရင်ခေါင်းအေးအေးနဲ့ဒေါသရှေ့မထားပဲဖြေရှင်းပါတဇွတ်ထိုးမလုပ်ပါနဲ့”
တကယ်ကို တဇွတ်ထိုးလုပ်တတ်တဲ့သမီးမို့ အတူတူရှိနေချိန်လေးမှာ ကြိတ်ပြီးဆုံးမထားရသည်။ ထူးဇော်နဲ့ကြိုက်တုန်းက စိုးရိမ်ပူပန်မိပြီး ရွေးချယ်မိတဲ့ကောင်းမွန်ထွန်းဟာ သူ ထင်ထားထက်ပိုပြီး သမီးကိုချစ်ကာ အလိုလိုက်သူဖြစ်သောကြောင့် စိတ်အေးရပါသည်။ သမီးကြီးကို လာတောင်းစဉ် သမက်လောင်းကိုဖြိုးက ဘယ်မိဘအိမ်မှာမှမနေပဲ အိမ်ခွဲနေကြမည်လို့ ပြောတော့ တိတ်တဆိတ်ဝမ်းနည်းခဲ့ရပါသည်။ မိဘတွေက ချမ်းသာရုံမက ကိုဖြိုးကိုယ်တိုင်လဲ စီးပွားရှာနေသူဖြစ်တော့ သူတို့ဘာသာလွတ်လွတ်လပ်လပ်နေချင်တာ ဖြစ်သင့်ပါသည်။ ပြီးတော့ ကိုဖြိုးက နိုင်ငံခြားမှာ အခြေချဖို့ထိ စဉ်းစားထားသူဆိုတော့ သမီးကြီးကို သူ့ရင်ခွင်ထဲကနေ အပြီးတိုင်ထည့်ပေးလိုက်ရပါတော့မည်။ သူ့သဘောထားကတော့ ဖြစ်နိုင်ရင်သမီးတွေကို ဘယ်သူစိမ်းလက်ထဲမှမထည့်ချင်ပေခဲ့ပေမယ့် အချိန်တန်၊ အရွယ်ရောက်လာတော့လဲ လက်ထပ်ပေးရပါတော့မည်။ အဲ့ဒီအတွေးနဲ့တင် တစ်ယောက်ထဲ အရမ်းကိုဝမ်းနည်းခဲ့ရပါသေးသည်။
သမီးကေကို တစ်အိမ်ထောင်ခွဲထူထောင်ပေးရမှာစိတ်ချသလိုရှိပေမယ့် ဏီဏီကိုတော့လုံးဝစိတ်မချနိုင်ပါ။ အသက် ဆယ့်ကိုးနှစ်ကျော်ချိန်ထိ တစက်မှမရင့်ကျက်လေသောသမီးငယ်လေးကို သူ့မျက်ကွယ်မှာမထားနိုင်ရုံမက ဒီသမီးလေး တစ်ယောက်ကိုတော့ ဘယ်သူ့နောက်ကိုမှ မထည့်နိုင်တော့ပါ။ ဒါကြောင့် နောက်ကြောင်းရှင်းပြီး စာရိတ္တကောင်းမွန်တဲ့ ကောင်းမွန်ထွန်းကိုသာ သမက်လောင်းအဖြစ် ရွေးချယ်ခဲ့မိသည်။ သူရွေးချယ်ခဲ့တာ မမှားဘူးဆိုတာကို ကောင်းမွန်ရဲ့ အပြုအမူတွေက သက်သေပြနေခဲ့ပါသည်။ သို့ပေမယ့်လဲ အခုအချိန်ထိ စိတ်မချနိုင်သေးပါ။
“ဖေကလဲ သမီးကလူဆိုးကျနေတာပဲ ဖေမသိလို့ ကိုကြီးကဆိုးတာ သမီးစိတ်တိုအောင်တအားစတယ်”
ဖေဖေက ရယ်ပြီး ဏီဏီဆံပင်တွေကို ချစ်စနိုးဆွဲဖွနေသည်။ ဟုတ်တယ်လေ။ ဖေဖေမှမသိတာ။ ကိုကြီးဆိုးတာကို။ ကိုယ့်အဖေအမြင်မှာတောင် သမီးဆိုးတယ်ပဲထင်နေအောင် အဲ့ဒီလူကြီးက အလွန်ကိုနေတတ်ထိုင်တတ်ပါသည်။ ကိုကြီးကို ဘယ်တုန်းကမှအထင်မသေးခဲ့ဖူးပါ။ အရည်အချင်းရှိတဲ့လူတစ်ယောက်အနေနဲ့တောင် အားကျမိခဲ့ပါသေးသည်။ ပြောလို့ ပြောတာမဟုတ်။ ကိုကြီးနဲ့အတူတူနေပြီးကတည်းက တစ်ခါမှ မခွဲဖူးလို့ထင်သည်။ အရမ်းကိုလွမ်းရပါသည်။ ဖေဖေ့ပုခုံးကို မှီလိုက်ရင်း ဏီဏီကတိပေးလိုက်ပါသည်။
“စိတ်ချပါဖေ သမီး ကိုကြီးနဲ့အဆင်ပြေအောင်နေမှာပါ ဖေ့ဆုံးမစကားကိုလဲသမီးမှတ်ထားပါ့မယ်”
ဒါပေမယ့်လဲ ကိုကြီးနဲ့ဏီဏီကြားမှာ ဖေဖေထင်သလို ပြသနာဖြစ်စရာဘာအကြောင်းမှမရှိဟု ထင်ခဲ့မိပါသည်။
================================================================
မန္တလေးကထွက်လာပြီဆိုတဲ့အကြောင်း ဖုန်းဆက်လာတဲ့ကိုကြီးအသံက တက်ကြွမြူးတူးနေသည်။ အလုပ်ပြီးတာနဲ့ ချက်ချင်း ပြန်လာပါပြီတဲ့။ ဏီဏီမှာ ပျော်ရွှင်နေတဲ့ကိုကြီးကို ဂရုစိုက်ပြီးကားမောင်းဖို့မှာနေရသည်။  ညရှစ်နာရီလောက်မှာ ဖုန်းထပ်ဝင်လာပါသည်။
“ဏီ ကိုကြီး ဇေယျာကိုအိမ်ပြန်လိုက်ပို့ပြီး တခါထဲလာကြိုမယ်နော် အဆင်သင့်လုပ်ထား”
“အာ ကိုကြီးကလဲ မိုးတောင်ချုပ်နေပြီ အခုတောင်ရှစ်နာရီဆိုတော့ ဏီကိုလာကြိုတဲ့အချိန်ဆို ကိုးနာရီလောက်ဖြစ်တော့မှာ မလာနဲ့တော့လေ မနက်ဖြန်မှပြန်လာခဲ့တော့မယ် ကိုကြီးအေးဆေးနားတော့နော်”
“ဏီကလဲကွာ…”
ကောင်းမွန်မှာ ကားမောင်းနေတဲ့ဇေယျာကို တချက်လှည့်ကြည့်လိုက်ရင်း ချွဲနွဲ့မပြောချင်တော့။ တကယ်တော့ ဒီကောင်မလေးကို သူလွမ်းလှပါပြီ။ ပြန်ရောက်တာနဲ့မျက်နှာလေးတွေ့ချင်မိတာကို ကလေးမကသဘောမပေါက်။
“နော်လို့ ကိုကြီး မနက်ဖြန်မှပြန်ခဲ့တော့မယ်”
“အင်း အဲ့ဒါဆို ဒါပဲနော်”
“ဟုတ်”
ဖုန်းချလိုက်ရင်း ရယ်လိုက်မိသည်။ ကိုကြီးအသံကစိတ်ပျက်သွားပုံပါ။ ဏီဏီလဲကိုကြီးလိုပဲ Surpirse လုပ်ချင်ပါသေးသည်။ ကိုကြီးအိမ်ကို ပြန်ဖို့ ဘာများအဆင်သင့်လုပ်စရာလိုလို့လဲ။ ဟိုဘက်အိမ်ရော ဒီဘက်အိမ်မှာပါ ဏီအသုံးအဆောင် ပစ္စည်းတွေ အားလုံးရှိပြီးသားပင်။ ဖေဖေနဲ့မမကေကို ညနေကျရင် ကိုကြီးအိမ်ပြန်မယ်လို့ပြောထားပြီးသားပါ။
ကောင်းမွန်ဖုန်းချလိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းပါချလိုက်မိသည်။ ဏီဏီက သူ့အိမ်သူ့ယာပြန်ရောက်သွားတော့ အတော်ကြီးစိမ်းသွားသလိုပင်။ ဒီလိုဖြစ်မှာစိုးရိမ်လို့ ပြန်ရောက်တဲ့အချိန်တခါထဲဝင်ကြိုမယ်။ တစ်ယောက်ထဲမနေချင်ဘူးလို့ ကြိုပြောထားရဲ့သားနဲ့။ အဖေချစ်သမီးလေး အဖေနားက မခွဲချင်တော့လဲဖြစ်သင့်ပါသည်။ အိမ်ပြန်လမ်းတလျှောက်လုံး တက်ကြွခဲ့ရသမျှအခုတော့ အားမရှိတော့သလိုပင်။ ဇေယျာကိုပို့ပြီးပြန်ထွက်လာစဉ်သားတူးဆီကဖုန်းဝင်လာသည်။
“ဟေ့ကောင် မင်းပြန်ရောက်ပြီလား”
“အေး အခုမှပြန်ရောက်တာ”
“ဒါဆို ဒီကိုခဏလာခဲ့ဦး”
“မလာတော့ဘူးကွာ ပင်ပန်းတယ် နားချင်ပြီ”
“ဟေ့ကောင် လာခဲ့ပါဆို မင်းညီကမိန်းမနဲ့ပြသနာဖြစ်လို့ ကွဲမယ်ကွာမယ်တွေလုပ်နေကြတယ်”
“ဘာပြသနာဖြစ်ကြတာလဲ”
“မင်းလာမှသေချာပြောပြမယ် အခုလာခဲ့”
“အေး အေး”
အိမ်ပြန်ရောက်လဲ တစ်ယောက်ထဲဆိုတော့ မထူးတော့ပြီမို့ မင်းညီတို့ရှိတဲ့ဆိုင်ကိုသာ တန်းပြီးမောင်းသွားလိုက်သည်။
ဏီဏီ ဒီဘက်အိမ်ပြန်ရောက်တော့ ဗိုက်ဆာလာမယ့်သူအတွက်တခါထဲ ထမင်းပွဲပြင်ထားပေးဖို့ အိမ်ကထည့်ပေးခဲ့တဲ့ ခြင်းတောင်းကိုဆွဲကာ မီးဖိုထဲဝင်ခဲ့သည်။ လမ်းမှာကြုံသလိုဝင်စားရတာဆိုတော့ ညနေစာစားချိန်မဟုတ်ရင် ထမင်း စားခဲ့မည်မထင်ပါ။ ကိုကြီး ဖုန်းဆက်လာကတည်းက မမကေကိုညနေစာထည့်ပေးဖို့မှာထားရတာ။ ဏီ့အစ်မကချစ်ဖို့ ကောင်းပါသည်။ ဟင်းတွေကို ဖွယ်ဖွယ်ရာရာထည့်ပေးထားရုံမက မနက်စာအတွက် မုန့်တွေပါ ထည့်ပေးခဲ့သေးသည်။ ကိုကြီးပြန်ရောက်လာရင် ဏီဏီကို တွေ့လိုက်ရလို့ အံ့သြသွားမှာသေချာပါသည်။
ဧည့်ခန်းထဲထိုင်ပြီး ကိုကြီးပြန်အလာကိုစောင့်နေပေမယ့် ဆယ်နာရီထိုးခါနီးအထိပြန်ရောက်မလာသေးပေ။ ဘာကြောင့် ကြာနေလဲ။ တခုခုဖြစ်နေလို့များလား။ ဏီဏီမှာ စိုးရိမ်ပြီးဖုန်းဆက်လိုက်သည်။
“ဟဲလို ကိုကြီး ဘယ်ရောက်နေပြီလဲ အိမ်ပြန်ရောက်ပြီလား”
“မရောက်သေးဘူး ကိုယ့်သူငယ်ချင်းတွေနဲ့”
မရောက်သေးဘူးဆိုတာသိသားပဲ။ အိမ်မှာရှိနေတာက ဏီဏီလေ။ သူညာမညာသိချင်လို့ တမင်မေးလိုက်တာပါ။
“ဘယ်အချိန်ပြန်မှာလဲ”
“ခုနနေရင်ပြန်တော့မှာ”
“အော် သိပ်မကြာနဲ့တော့ ပြန်တော့နော် ဏီဏီက ဖုန်းမဆက်လို့စိတ်ပူနေတာ”
“အင်း အင်း ဒါပဲနော်”
ကောင်းမွန် ဏီဏီကိုစိတ်ကောက်ချင်ပါသည်။ လူကြီးလဲဖြစ်၊ ယောကျာ်းကြီးလဲဖြစ်တဲ့သူ့မှာ မနည်းစိတ်ထိန်းနေရသည်။ ဏီဏီလို ငိုယိုပြီး ဆန္ဒပြသောင်းကျန်းခွင့်ရှိရင်ကောင်းသား။
“ကောင်းမွန် မင်းမိန်းမလား ဘာတဲ့လဲ”
“အိမ်ပြန်တော့တဲ့”
“မင်းမိန်းမက သူ့အဖေအိမ်မှာဆို ဘာဖြစ်လဲပြန်ချင်တဲ့အချိန်မှပြန်ပေါ့ မင်းကမိန်းမကြောက်ရတာလားဟေ့ကောင်”
သူ့မိန်းမနဲ့ပြသနာဖြစ်ပြီး မူးနေတဲ့မင်းညီက သားတူးနဲ့ကောင်းမွန်ကိုထိုင်ရစ်နေသည်။
“မင်းကလဲ သောက်တာနည်းနည်းရစ်တာများများ”
“မင်း အခုအချိန်မှာတင်းထားမှဟေ့ကောင်ရ နောက်ဆိုအမြဲတမ်းနိုင်စားခံနေရလိမ့်မယ်”
“ဟေ့ကောင် မင်းညီ မင်းပဲမိန်းမနဲ့ကွဲမလိုဖြစ်တာမဟုတ်ဘူး ကြာရင်ငါပါကွဲရတော့မယ် ငါပြန်မှဖြစ်မယ် ဒီတစ်ခါနဲ့ဆို ငါ့မိန်းမဖုန်းဆက်တာ ငါးခါရှိနေပြီ”
သားတူးက ဖုန်းကိုင်ပြီး လစ်ဖို့ပြင်လိုက်သည်။ ကောင်းမွန်က သားတူးလက်ကိုဖမ်းဆွဲထားပြီး
“မင်းဒီလိုလစ်သွားလို့ဘယ်ဖြစ်မလဲ”
“ဒီကောင့်ကိုမင်းပဲပြန်ပို့လိုက်တော့ ငါပြန်တော့မယ် ငါ့မိန်းမခီးနေပြီ သွားပြီကွာ”
ပြောပြောဆိုဆိုနဲ့ထွက်သွားတဲ့သားတူးကို ထပ်ပြီးဖမ်းဆွဲဖို့အချိန်မမှီလိုက်တော့ပေ။
“ဟေ့ကောင် ထ ငါပြန်လိုက်ပို့ပေးမယ်”
“ဘယ်ကိုပြန်ရမှာလဲ ငါ့မိန်းမက ကွာရှင်းဖို့ပြောနေတာလေ ငါကဘယ်အိမ်ကိုပြန်ရမှာလဲ”
မထသေးပဲ နာရီဝက်လောက်ထိုင်ရစ်နေတဲ့မင်းညီကို အိမ်ပြန်ဖို့မနည်းချော့ပြောနေရသည်။ ဒီကြားထဲ ဏီဏီဆီက ဖုန်းထပ်ဝင်လာပြန်သည်။
“ကိုကြီး မပြန်လာသေးဘူးလား”
“အင်း မင်းညီမူးနေလို့ ဒီကောင့်ကိုအိမ်ပြန်ပို့ပြီးမှပြန်ရမှာ”
“ဏီဏီကြောက်တယ် အမြန်ပြန်လာတော့လို့”
ငိုရှိုက်သံနဲ့အတူကြားလိုက်ရတဲ့စကားကြောင့် မူးနေတာလေးတောင်ဘယ်ပျောက်သွားမှန်းမသိ။ ဒီကောင်မလေး အိမ်ကို ရောက်နေတာလား။ သူပြောတော့ မနက်ဖြန်မှပြန်လာမယ်ဆိုပြီး။
“ဟေ့ကောင် ထတော့ ပြန်မယ်”
“မပြန်ဘူးကွာ”
“အေး မင်းမပြန်ချင်လဲနေ ငါပြန်မှဖြစ်မယ် အိမ်မှာငါ့မိန်းမတစ်ယောက်ထဲ ထစမ်းကွာ”
မင်းညီကို အတင်းဆွဲခေါ်ကာ သူ့အိမ်ပြန်ပို့လိုက်ရသည်။ ဒီကြားထဲသူ့မိန်းမကတံခါးမဖွင့်ပေးလို့ အကြာကြီး ခေါ်နေရသေးသည်။ အမြန်ပြန်ချင်ပါတယ်ဆိုမှ။ ကြာနေရသေးသည်။
ဧည့်ခန်းထဲထိုင်စောင့်နေတဲ့ဏီဏီဟာ ကောင်းမွန်တံခါးဖွင့်ပြီးဝင်လာတာတွေ့မှ အခန်းထဲထဝင်သွားသည်။
“ဏီဏီ ခဏ ဏီ…”
အခန်းတံခါးပိတ်သွားတဲ့ဏီဏီကို ရှင်းပြဖို့ကခက်လွန်းပါသည်။
“ဏီရာ ခဏလောက်ထွက်ခဲ့ဦးကွာ ကိုယ်လွမ်းနေတာသိရဲ့သားနဲ့”
ဘာမှမလွမ်းပါဘူး။ မလွမ်းလို့ပဲအိမ်ကိုတန်းမပြန်ခဲ့တာပေါ့။ ဏီဏီမပြန်လာဘူးဆိုတာနဲ့ သူ့သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးနေပြီး။ မုန်းဖို့ကောင်းလိုက်တဲ့ယောကျာ်းတွေ။ မိန်းမကွယ်ရာမှာ အဲ့ဒီလိုနေချင်တိုင်း နေနေကြတာပဲလား။ ခရီးဝေးကြီးကပြန်လာတာတောင် အိမ်ကိုပြန်မလာပဲ သွားသောက်နိုင်သေးတယ်။ သူမကတော့ ကိုကြီးကို အံ့သြစေချင်လွန်းလို့ ထမင်းပွဲပြင်ပြီးအကြာကြီးထိုင်မျှော်နေခဲ့ရတာကို။
“ဏီဏီ”
ဘယ်လောက်ပဲခေါ်ခေါ် တံခါးဖွင့်ပေးဖို့လုံးဝအစီအစဉ်မရှိပါ။ ဒီလူကြီးမျက်နှာကို အခုအချိန်မှာ တကယ်ကိုမတွေ့ချင်မိပေ။ သူရှင်းပြမယ့် ပလီပလာစကားသံကိုလဲ မကြားချင်ပါ။ မျက်ရည်တွေသုတ်လိုက်ပြီး အိပ်ပျော်အောင် ကြိုးစားအိပ်ပေမယ့် အိပ်မပျော်နိုင်ပဲ ရှေ့ဆက်ရမယ့်နေ့ရက်တွေကို ကြိုတွေးမိရင်း အတွေးသံသရာထဲ ချာချာလည်နေခဲ့ရတော့သည်။
နောက်တစ်နေ့မနက်။ မျက်နှာသစ်ပြီး အခန်းတံခါးဖွင့်ထွက်လိုက်ချိန်မှာ ဧည့်ခန်းကဆိုဖာပေါ်အိပ်ပျော်နေတဲ့ကိုကြီးကို တွေ့လိုက်ရသည်။ အခန်းထဲမအိပ်ပဲ။ သူများအရုပ်ကိုတောင် ဖက်ထားလိုက်သေး။ သူမမြင်ပေမယ့်လဲ မျက်စောင်းထိုးလိုက်မိပြီးး မီးဖိုထဲဝင်ကာ နွားနို့သွားထည့်လိုက်သည်။ မမကေထည့်ပေးလိုက်လို့သာ နွားနို့နဲ့ပေါင်မုန့်လေး ပါလာခဲ့တာ။ မဟုတ်ရင်တော့ ဒီလူကြီးသွားပျော်ပါးနေတာနဲ့ မနက်စာငတ်ကိန်းပင်။ ရှစ်နာရီကျော်နေပြီကို အခုချိန်ထိ မထသေး။ ရုံးမသွားတော့ဘူးလားမသိ။ အမြင်ကတ်ကတ်နဲ့မနိုးပဲထားပေမယ့် သူ့ဘာသာနိုးလာခဲ့ပါသည်။
တံခါးဖွင့်သံကြားတာနဲ့နိုးလာခဲ့တဲ့ကောင်းမွန်မှာ အပြေးအလွှား မျက်နှာသစ်လိုက်ပြီး ရေခဲသေတ္တာဖွင့်ကာ နွားနို့ထည့်နေသူ နောက်မှာရပ်ကာ။
“ဏီဏီ ကိုယ့်ကိုခွင့်လွှတ်ပါကွာ”
ကိုကြီးကို အမြင်ကတ်လို့ ဘာသံမှမကြားတဲ့အတိုင်းသာ နေလိုက်သည်။ ကောင်းမွန်မှာ ကျောခိုင်းရပ်နေတဲ့မရွှေချော စိတ်ဆိုးနေလို့ လက်ကိုတောင်လှမ်းမဆွဲရဲ။
“ကိုယ်ရှင်းပြတာနည်းနည်းလောက်တော့နားထောင်ပါဦး”
သူ့ကိုလုံးဝအဖက်မလုပ်တဲ့ပုံနဲ့ စိတ်ကောက်နည်းအသစ်နဲ့ကောက်ပြနေတဲ့ဏီဏီကို ဘယ်လိုချော့ရမလဲမသိတော့။ အရင်ကဆို မကျေနပ်သမျှတွေကို ပွစိပွစိပြောနေတတ်သလောက် အခုတော့ သူ့စကားကိုမကြားချင်ယောင်ဆောင်ကာ စားပွဲမှာသွားထိုင်ပြီး နွားနို့ကို အေးအေးဆေးဆေး သောက်ပြနေလေသည်။
“ဏီဏီ အဲ့ဒီလိုကြီးမနေနဲ့ကွာ မကျေနပ်ရင်လဲတခုခုပြန်ပြောပါဦး မတွေ့တာကြာလို့လွမ်းနေတဲ့လူကို မနှိပ်စက်နဲ့ကွာ”
လွမ်းလို့သာတော်ပါတော့သည်။ အိမ်ကိုတောင်ပြန်မလာပဲ အရက်ဆိုင်သွားလိုက်တဲ့လူက။ အခုမှလာပြီး ကန်စွန်းနွယ်က အလွမ်းသယ်ပြနေသေးသည်။ လူပုံစံကသာ ဂရုမစိုက်ချင်ယောင်ဆောင်နေတာ။ နားကအာရုံစိုက်နေမှန်း ကောင်းမွန် သိပါသည်။ ဒီပြသနာရဲ့တရားခံက အိမ်ကိုတန်းပြီးပြန်မလာမိတဲ့သူမို့ သူကသာ ချော့ရပါသည်။။
“ဏီဏီ စကားမပြောပဲမနေနဲ့ကွာ အရင်လိုပွစိပွစိပြန်ပြောစမ်းပါ”
ဏီဏီ ကိုကြီးကို စိတ်ကုန်သလိုကြည့်လိုက်ရင်း။
“အခုအချိန်မှာ မမြင်ချင်ဆုံးလူကရှင်ပဲ ကျွန်မရှေ့ကထွက်သွားပေးပါကိုကောင်းမွန်ထွန်း”
“အိုကေ ဒါဆိုလဲကိုယ်သွားတော့မယ်”
တကယ်ကြီးထထွက်သွားတဲ့ကိုကြီးရဲ့နောက်ကျောကိုကြည့်နေရင်း ဏီဏီမျက်ရည်တွေဝဲလာခဲ့သည်။ သူပဲစိတ်ဆိုးအောင် လုပ်ထားပြီး အဲ့လိုပြောလိုက်တာနဲ့ ထပ်မချော့ပဲ ထွက်သွားတယ်ပေါ့လေ။
ကောင်းမွန်ဧည့်ခန်းထဲထိထွက်လာခဲ့ပြီး မီးဖိုထဲကို ပြန်သွားချောင်းကြည့်လိုက်သည်။ ထင်တဲ့အတိုင်း မရွှေချောလေးက အသံမထွက်ပဲ ကြိတ်ငိုနေလေသည်။
“အဲ့လိုထွက်သွားတော့ပျော်ရဲ့လား နှစ်ယောက်စလုံးစိတ်ဆင်းရဲရတာပဲမလား မငိုနဲ့တော့ကွာ”
အခုမှမျက်ရည်တွေလာသုတ်ပေးနေတဲ့ကိုကြီးရဲ့လက်တွေကို ပုတ်ထုတ်လိုက်သည်။
“ကိုယ့်ကိုစိတ်ဆိုးပါ ဆိုးသင့်ပါတယ် ဒါပေမယ့်ရှင်းပြခွင့်လေးတော့ပေးဦးလေ မနေ့ညက အိမ်ကိုပြန်လာမလို့ပဲ ဏီဏီက ဒီညပြန်မလာတော့ဘူး မနက်မှပြန်လာမယ်ပြောလို့အိမ်ကိုပြန်ချင်စိတ်မရှိတော့တာ အဲ့ဒီအချိန်မှာသားတူးက မင်းညီ မိန်းမနဲ့အဆင်မပြေလို့ ကွာရှင်းဖို့အထိပြသနာတက်နေကြတယ်ဆိုပြီး လှမ်းခေါ်လို့သွားလိုက်မိတာ ကိုယ်ခရီးမထွက်ခင်က သေချာပြောသွားတယ်လေ ရန်ကုန်ပြန်ရောက်တာနဲ့လာကြိုမယ် တစ်ယောက်ထဲမနေချင်ဘူးလို့ တကယ်တော့ကိုယ်လဲ မနေ့ညက ဏီဏီကိုစိတ်ကောက်ချင်တာပဲ အရမ်းလွမ်းပြီး ပြန်ခဲ့ပါတယ်ဆို နောက်ရက်မှပြန်လာမယ်လို့ပြောခဲ့တာလေ”
သူကများစိတ်ကောက်ချင်သေးတယ်ဖြစ်ရသေး။ ဏီဏီကိုကြီးကို အမြင်ကတ်စွာမျက်စောင်းထိုးလိုက်ရင်း။
“ခင်ဗျားကြီးကို Surprise လုပ်ချင်လို့ တမင်အဲ့ဒီလိုပြောထားတာ ဒီမှာတွေ့လား ပြန်ရောက်ရင် ဗိုက်ဆာနေမှာစိုးလို့ အိမ်ကနေ ထမင်းတွေတောင်ထည့်လာတာ ခင်ဗျားကြီးကသာ မကောင်းတာ အီး ဟီးးး သူတစ်ယောက်ပဲ လွမ်းတာ ကျနေတာပဲ”
အုပ်ဆောင်းအောက်က ဟင်းတွေကို လက်ညှိုးထိုးပြရင်းပြောနေတဲ့ဏီဏီကိုကြည့်ပြီး ကောင်းမွန်ပြုံးစိစိဖြစ်လာရသည်။ ဒီကလေးမလေးဟာ ဘာလို့များ အရမ်းချစ်ဖို့ကောင်းနေရတာလဲ။ သူ့ကြောင့် ဏီဏီလုပ်ချင်တဲ့ Surprise လေးဟာ ပျက်စီးရုံမက ပြသနာပါဖြစ်သွားရသေးသည်။ မရည်ရွယ်ပဲ ဖြစ်ပျက်သွားတဲ့အခြေအနေကို ရယ်ချင်မိတော့သည်။ ဏီဏီက သူမျက်ရည်သုတ်ပေးတာကို ငြိမ်ခံနေပုံကြည့်ရတာ နည်းနည်းတော့စိတ်ပြေသွားပုံပေါ်သည်။
“ကိုယ် ဒီနေ့အလုပ်မသွားတော့ဘူး ဏီဏီနားမှာပဲ တနေကုန်နေတော့မယ် နော် စိတ်မဆိုးနဲ့တော့”
စဉ်းစားသလိုငြိမ်ကျသွားတဲ့ကလေးမဟာ စိတ်ဆိုးပြေဖို့ အိုက်တင်ခံဦးမှာသေချာပါသည်။
“မနေ့ညက ကိစ္စတကယ်ကိုတောင်းပန်တယ် နောက်ဆိုအဲ့ဒီလိုဘယ်တော့မှမလုပ်တော့ဘူးနော် စိတ်မဆိုးနဲ့တော့”
“အနားလာမကပ်ပါနဲ့ အရက်နံ့နံတယ်”
“အား ဟုတ်သားပဲ ရေအရင်ချိုးလိုက်ဦးမယ် ရေချိုးပြီးရင်တော့ကပ်လို့ရတယ်မလား နောက်ခါကိုယ်ခရီးထပ်ထွက်ရဦးမှာပဲ အဲ့ဒီအချိန်ကျမှ ထပ်လုပ်နော်”
ထပ်လုပ်စရာလား။ အံ့သြသွားပြီးပျော်စေချင်ပါတယ်ဆို။ စပ်ဖြီးဖြိးလုပ်ပြနေတဲ့လူကြီးကို အမြင်ကတ်ကတ်နဲ့ မျက်စောင်းတွေ ပိတ်ထိုးပစ်လိုက်သည်။ သူ့ကိုစိတ်ဆိုးပြေသွားပြီထင်နေပုံပင်။
“ထ လိုက်လာခဲ့”
“ဘာလုပ်တာလဲ မလိုက်ချင်ဘူး”
“ရေချိုးနေတဲ့အချိန်အခန်းထဲဝင်ပြီးတံခါးပိတ်ထားမှာစိုးလို့ နုတ်ခမ်းကဆက်ထော်နေသေးတာကို ကိုယ်စိတ်မချဘူး လိုက်ခဲ့”
ဏီဏီက ကောင်းမွန်ဆွဲခေါ်ရာသူ့အခန်းထဲသို့ မလိုက်ချင်လိုက်ချင်နဲ့လိုက်ခဲ့သည်။
“ဒီမှာခဏစောင့်”
ဏီဏီကို ကုတင်ပေါ်ထိုင်ခိုင်းကာ Luggage ထဲကတီရှပ်နဲ့ဘောင်းဘီထုတ်ယူလိုက်သည်။
“သွားမယ် လာ”
“ဘာလုပ်တာလဲ ကိုကြီး လွှတ်”
ကောင်းမွန်ကမလွှတ်ပေးပဲ ဏီဏီအခန်းထဲဝင်ခဲ့လိုက်သည်။
“ဒီအခန်းထဲမှာရေချိုးမလို့ ဒီမှာခဏစောင့်နော်”
“စောင့်မနေဘူး”
“ဒါဆိုလဲရေချိုးခန်းထဲထိလိုက်ခဲ့တော့”
“ကိုကြီးနော်”
တကယ်ဆွဲခေါ်မယ့်ပုံလုပ်နေလို့ ဏီဏီနောက်ကိုရှောင်တိမ်းပြီး အော်လိုက်မှ ကိုယ်တော်က ပြုံးစိစိနဲ့ရေချိုးခန်းထဲ ဝင်သွားလေသည်။ ဘယ်လိုလူကြီးမှန်းမသိဘူး။ သူများအခန်းမှာလဲရေလာချိုးသေးတယ်။
“ဏီဏီ”
ရေအမြန်ချိုးပြီးထွက်လာတော့ သူမှာထားတဲ့အတိုင်းအခန်းထဲမှာပဲ ထိုင်စောင့်နေတဲ့ကလေးမလေးကို စချင်မိသည်။ စိတ်သာကောက်နေတာ စကားတော့နားထောင်သား။
မှန်တင်ခုံရှေ့ထိုင်နေတဲ့ဏီဏီက မှန်ထဲကနေတွေ့နေရတဲ့ ပြုံးစိစိမျက်နှာကြီးနဲ့ကိုကြီးကို ပြန်မထူးချင်ပါ။
“လုပ်ဦး မျက်နှာကို နည်းနည်းပါးပါးလိမ်းပေးဦးလေ ဒီရေချိုးခန်းထဲမှာရေချိုးလိုက်တော့ ပိုလှချင်စိတ်တွေဖြစ်လာတယ်”
“သူများရဲ့ပစ္စည်းတွေသုံးလာတာပေါ့လေ”
“ဆပ်ပြာတွေပဲသုံးတာပါ တခြားကဘာတွေမှန်းမသိသေးလို့ နောက်ခါပြောပြထားဦး သုံးတတ်အောင်”
“ဟင် အံ့သြပါ့ ကိုယ့်ဘာသာယောကျာ်းလေးသုံးတဲ့ဟာဝယ်သုံးပါလား သူများဟာတွေလာသုံးနေတာ”
“ဏီဏီလိုအသားဖြူချင်လို့လေ”
“အမယ် ဏီဏီကမွေးကတည်းကဖြူတာပါနော်”
ကောင်းမွန်ရယ်ချင်စိတ်ကိုထိန်းရင်း ဒီကလေးမစကားများများပြောအောင် လှည့်ပတ်ပြောနေရသည်။ ဒီလိုမပြောပဲ ချော့ပဲချော့နေရင် မရွှေချောကမာနတခွဲသားနဲ့ စကားပြန်မပြောပဲနေဦးမည်။
“လုပ်ပါ နည်းနည်းလောက်လိမ်းပေးပါ မျက်နှာပေါင်းတင်ရင်လဲ အတူတူလုပ်မယ်နော် ကိုယ်လဲလှချင်တယ်”
ဏီဏီမှာ ကောင်းမွန်ကိုမသင်္ကာသလို မျက်လုံးမှေးကျင်းကြည့်ရင်း
“ကိုကြီး မန္တလေးအတူတူသွားတာ ဇေယျာဆိုတဲ့တစ်ယောက်နဲ့သေချာလား”
“အင်းလေ ဘာဖြစ်လို့လဲ”
“ဟိုတယ်မှာတစ်ခန်းထဲအတူတူအိပ်ရင်း ဘာဖြစ်လာကြတာလဲ”
“အာ ဒီကောင်မလေး လူကြီးကိုဘာထင်နေလဲ”
ဏီဏီက သဘောကျကာ တခိခိရယ်မိရင်း အခုမှစိတ်ကောက်နေတယ်ဆိုတာ သတိရမိသွားသည်။
“အီးယောင်ဝါးလုပ်ပြီးရောချလို့ဘယ်ရမလဲ အခန်းထဲကထွက်သွားတော့ခင်ဗျားကြီးကိုစိတ်ကောက်နေတယ်ဆိုတာသိထား”
ကောင်းမွန်ခပ်တည်တည်ပြန်ဖြစ်သွားတဲ့မျက်နှာကိုကြည့်ကာ မျက်နှာချိုသွေးလိုက်ရင်း မှန်တင်ခုံနဲ့ကပ်ရပ် ကုတင်ပေါ်မှာ ထိုင်လိုက်သည်။
“ဏီဏီကလဲ စိတ်မဆိုးနဲ့တော့ကွာ ဒီနေ့တစ်နေကုန်အချိန်ပေးမယ်လို့ပြောထားသားပဲ နော်”
“အဲ့ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲ အလုပ်သွားရမှာပေါ့ မန္တလေးသွားထားတာသုံးရက်လေ ဒီကအလုပ်တွေပြန်ကြည့်ရဦးမှာပေါ့”
ကောင်းမွန် ဏီဏီကို တအံ့တသြမျက်ခုံးပင့်ကြည့်လိုက်ရင်း မြှောက်ပြောလိုက်သည်။
“ဏီဏီက အလုပ်လုပ်ဖူးတဲ့အတိုင်းပဲ သိနေပါလား”
“အမယ် ဘရဏီနေထွန်းပါနော် ဏီဏီမမွေးခင်ကတည်းက ဖေဖေအလုပ်လုပ်နေတာကိုဒီလောက်တော့နားလည်တာပေါ့ အလုပ်သွားရမှာ ခင်ဗျားကြီးကို တသက်လုံးခိုင်းစားဖို့လက်ထပ်ထားတာ သိရဲ့လား”
“အင်းပါကွာ ရပါတယ် ခိုင်းစားပါ တကယ်တော့ရုံးသွားမှဖြစ်မှာ နေ့လယ်မှသွားမယ်လေနော် အခုတော့မိန်းမနား ကပ်ချင်သေးတယ်”
“ဘာမိန်းမလဲ”
“ဟုတ်တယ်လေ လွမ်းနေတာကို ခဏလောက်အတူတူနေပါရစေဦး”
“ဘာမှမလွမ်းပါဘူး မလွမ်းလို့ပဲခရီးကပြန်ရောက်တာကို အိမ်ပြန်မလာတာပေါ့”
“အာ အဲ့ဒါကရှင်းပြပြီးပြီလေဏီရာ”
“လူကိုစိတ်မရှည်သလိုမပြောပါနဲ့ မနေ့ညတုန်းကတစ်ယောက်ထဲဘယ်လောက်ထိကြောက်နေတယ်ထင်လဲ ခင်ဗျားကြီး ဘယ်တုန်းက အဲ့လောက်အချိန်နောက်ကျအောင်နေဖူးလို့လဲ”
ဏီဏီမှာ ဒီအခန်းထဲနေနေကျဆိုပေမယ့် တိတ်ဆိတ်သွားတဲ့ညသန်းခေါင်အချိန်မှာ တစ်ယောက်ထဲဆိုတဲ့အတွေးနဲ့ တကယ်ပဲအရမ်းကြောက်ခဲ့ရပါသည်။ အရင်ကတော့ ကိုကြီးရှိတယ်ဆိုတဲ့အသိနဲ့ကြောက်ဖို့သတိမရခဲ့ပါ။
ပြောနေရင်း မျက်ရည်တွေဝိုင်းလာတဲ့ကောင်မလေးရဲ့လက်ကိုဆုပ်ကိုင်လိုက်ရင်း
“ဆောရီး ဆောရီး မငိုနဲ့တော့ ကိုယ်မှားတာဟုတ်တယ် ညတုန်းကအရမ်းကြောက်နေမှာသိလို့ ဏီဏီဖုန်းဆက်တာနဲ့ အမြန်ပြန်လာခဲ့တာပဲ မင်းညီမိန်းမက တံခါးမဖွင့်ပေးလို့ ကြာသွားတာ နောက်ဆိုအဲ့လိုမလုပ်တော့ဘူးနော် ပြီးတော့ စိတ်မရှည်တာမဟုတ်ပါဘူး ရှင်းပြပြီးသားလို့ပြောတာပါ”
“အဲ့ဒါစိတ်မရှည်တာပဲလေ ထပ်ရှင်းပြတော့ဘာဖြစ်သွားမှာလဲ”
ရစ်နေပုံကြည့်လိုက်တာနဲ့ စိတ်ကောက်တာပုံမှန်အခြေအနေကိုပြန်ရောက်ပြီလို့ ကောင်းမွန်ခန့်မှန်းမိသွားသည်။ နည်းနည်း ထပ်ချော့လိုက်ရင် သိပ်မကြာခင် စိတ်ကောက်ပြေသွားတော့မည်။
“ဘာမှမဖြစ်ပါဘူး ဏီဏီနားညီးနေမှာစိုးလို့”
“အဲ့ဒါကြောင့်ပုစိပြောတာ ယောကျာ်းတွေကလက်ထပ်ပြီးရင်အချိုးပြောင်းသွားကြတာဆိုပြီး”
ကောင်းမွန်ထိန်းထားတဲ့ကြားက ခွီးဆိုပြီးရယ်သံထွက်သွားသည်။
“ဘာရယ်တာလဲ လူကိုလှောင်နေတာလား”
“မဟုတ်ပါဘူး ကိုယ်ကအချိုးပြောင်းစရာအကြောင်းမှမရှိသေးတာ”
“အော် အကြောင်းရှိရင်တော့ပြောင်းမယ်ပေါ့လေ”
ပြောပုံက။ ပြုံးယောင်သန်းသွားတဲ့မျက်နှာကို အချိန်မှီပြန်ထိန်းလိုက်ရင်း
“မဟုတ်ရပါဘူးကွာ ဘယ်တော့မှမပြောင်းဘူး ကိုယ့်ဘဝမှာတွယ်တာစရာဆိုလို့ ဏီဏီတစ်ယောက်ပဲရှိတာ ဏီဏီကိုပဲ တသက်လုံးချစ်နေမှာ မင်္ဂလာဆောင်ပြီးနောက်ပိုင်းလဲ ဘာမှပြောင်းလဲစရာအကြောင်းမရှိဘူးလို့ပြောတာ”
ကိုကြီပြောမှ မင်္ဂလာပွဲကိစ္စပြောရန် သတိရသွားသည်။
“မင်္ဂလာပွဲအကြောင်းပြောမလို့ မနေ့ညကကိုကြီးပြန်လာရင် ပြောစရာစကားတွေအများကြီးရှိတယ်ဆိုပြီး စောင့်နေခဲ့ရတာ”
“ဟုတ်လား အခုပြောလေ ဘာပြောမလို့လဲ”
“ဖေက မမကေတို့မင်္ဂလာပွဲပြီးရင် ဏီဏီတို့လဲမင်္ဂလာဆောင်လိုက်တော့တဲ့”
“အော် ဒါဆိုသိပ်မလိုတော့ဘူးပဲ ဏီဏီရောဒီနှစ်ထဲလုပ်ဖို့သဘောတူလား”
“ဟုတ်…အဲ့ဒါမင်္ဂလာပွဲကိုဘယ်လိုစီစဉ်ကြမလဲဟင်”
“ဏီဏီလုပ်ချင်တဲ့အတိုင်း စီစဉ်ကြမယ်လေ”
ကိုကြီးက အေးအေးဆေးဆေးပြောနေပေမယ့် ဏီဏီကတော့ မအေးဆေးနိုင်ပါ။ မင်္ဂလာတစ်ပွဲဆောင်ဖို့အရေး အခမ်းအနားမှာ အလှဆင်တဲ့ပန်းဖိုးတောင် မနည်းမနောကုန်ကျပါသည်။ မမကေရဲ့မင်္ဂလာပွဲအတွက် စီစဉ်တာတွေ ကြည့်ပြီးမှ မျက်လုံးပြူးရသည်။ မမနဲ့လက်ထပ်မယ့်သူက မိဘတွေချမ်းသာသူမို့ထားတော့။ ဏီဏီရဲ့ကိုကြီးကိုတော့ ဖေဖေပြောသလိုဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ပါ။ အရှိန်ရနေတဲ့လုပ်ငန်းလေး သူမကြောင့် ယိမ်းယိုင်သွားမှာ စိုးရိမ်ပါသည်။
“ကိုကြီးပိုက်ဆံတွေ အများကြီးကုန်သွားမှာပေါ့”
“အင်းပေါ့ ကုန်လဲဘာဖြစ်လဲ ပြန်ရှာမှာပေါ့”
“ဟင့်အင်း လုပ်ငန်းတစ်ခုက Cash flow မနိုင်ရင်အလုပ်မှာအဆင်မပြေဖြစ်လိမ့်မယ် ကိုကြီးတို့လုပ်ငန်းအကြောင်းကို ဏီဏီသိသင့်သလောက်သိတယ် ကိုကြီးအလုပ်စထားတာတောင် တစ်နှစ်မပြည့်သေးဘူး ငွေမလည်ရင်ဘယ်လိုလုပ်မလဲ မင်္ဂလာဆောင်ဖို့ပိုက်ဆံအများကြီးအကုန်အကျမခံချင်တော့ပါဘူး အခုဆို Project တွေအများကြီး လက်ခံထားတာမလား”
လူကြီးဆန်ဆန်နဲ့အလိုက်တသိပြောနေတဲ့ဏီဏီကို ကောင်းမွန်စိတ်မကောင်းစွာကြည့်မိလိုက်သည်။ ဏီဏီက စိတ်ရင်းအမှန်နဲ့ပြောနေတာသိပေမယ့် အချိန်သိပ်မကွာပဲ မင်္ဂလာဆောင်တဲ့ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲကခမ်းနားကြီးကျယ် သလောက် သူမရဲ့မင်္ဂလာပွဲကိုလဲ အဲ့ဒီထက်မလျော့ပဲလုပ်ပေးချင်ပါသည်။ ကေနဲ့လိုက်ပြိုင်တာတော့မဟုတ်ပေမယ့် ဒီကလေးမလေး မျက်နှာငယ်မှာစိုးမိပါသည်။
“ဟာ အဲ့လိုလဲမဟုတ်ဘူးလေဏီ ကိုယ်အတတ်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးပါ့မယ် အချိန်ရပါသေးတယ် နော်”
“တော်ပြီကိုကြီး Signing Ceremony မှာအရမ်းကိုပျော်ခဲ့ရတာ မင်္ဂလာပွဲကိုလဲ အဲ့ဒီလိုအရင်းနှီးဆုံးလူတွေပဲဖိတ်ပြီး ချစ်စရာကောင်းတဲ့မင်္ဂလာပွဲလေးပဲကျင်းပရအောင် ကိုယ်နဲ့သိပ်မခင်၊ သိပ်မသိတဲ့လူတွေအများကြီးဖိတ်ပြီး ဟန်လုပ်ပြုံးပြ နုတ်ဆက်နေရမှာတွေမလုပ်ချင်တော့ဘူး အဲ့ဒီအလုပ်တွေကပင်ပန်းတယ် ဏီဏီပင်ပန်းတတ်တာကိုကြီးသိရဲ့သားနဲ့”
ပျက်ယွင်းနေတဲ့ကိုကြီးမျက်နှာကိုကြည့်ပြီး ဖေဖေကိုမင်္ဂလာပွဲအတွက် အကုန်အကျခံခိုင်းမယ်ဆိုတဲ့စကားကို မပြောရက်တော့ပေ။ အဲ့ဒီစကားသာပြောလိုက်မိရင် ဒီလူကြီးမျက်နှာဒီထက်ပိုပြီး ပျက်သွားတော့မှာ ဏီဏီသိပါသည်။ ဖေဖေကသာ စိတ်ပူပြီး ဇွတ်မပြောနဲ့မှာခဲ့ပေမယ့် ဏီဏီက ပြောကိုမထွက်တော့တာပင်။
“အဲ့ဒီမင်္ဂလာပွဲအစား ဏီဏီတောင်းဆိုစရာတစ်ခုရှိတယ်”
“ဘာတောင်းဆိုမလို့လဲ”
ကိုကြီးလက်ကိုဆွဲကိုင်လိုက်ကာ
“ကိုကြီး အခုတောင်းမယ့်ကတိကို တသက်လုံးတည်ရမယ်”
ဏီဏီက အရမ်းကိုအလေးအနက်ပုံစံမျိုးနဲ့ပြောနေတော့ ကောင်းမွန်စပ်ဖြီးဖြီးဖြစ်လာရရင်း
“ကတိပေးဖို့ လန့်တောင်လန့်လာပြီ”
“မလန့်ပါနဲ့ ဖေဖေကဟိုတနေ့ညက ဏီဏီကိုဆုံးမတယ် ကိုကြီးနဲ့ဏီဏီအတူတူနေရင်းပြသနာလေးတွေဖြစ်တတ်တယ်တဲ့ အဲ့လိုပြသနာတွေဖြစ်ရင်ခေါင်းအေးအေးထားပြီးဖြေရှင်းပါတဲ့ အဲ့ဒီချိန်တုန်းကလေ ကိုကြီးနဲ့ဏီဏီကြားမှာ ဘာပြသနာမှ မရှိလောက်ဘူးလို့ထင်ခဲ့တာ မနေ့ညကအဖြစ်အပျက်ကို သေချာပြန်စဉ်းစားကြည့်မှ ဘာမဟုတ်တဲ့အကြောင်းနဲ့လဲပြသနာ တက်တတ်တယ်ဆိုတာသိလာခဲ့တယ် ဖေဖေ့ဆုံးမစကားကိုသာနားမထောင်ခဲ့ရရင် ကိုကြီးကို စိတ်ဆိုးလို့ဆုံးမှာမဟုတ်ဘူး သိလား အိမ်ပြန်မလာတဲ့ကိုကြီးကို တစ်ယောက်ထဲထိုင်စောင့်နေရင်း ကြောက်လဲကြောက် အရမ်းလဲဒေါသထွက်ခဲ့ရတာ အရင်စိတ်မျိုးနဲ့သာဆို အိမ်ကို ချက်ချင်းထပြန်သွားမိမှာ ဒါပေမယ့်..”
သူခရီးသွားနေတဲ့သုံးရက်အတောအတွင်း မထင်မှတ်ထားလောက်အောင် ရင့်ကျက်လာတဲ့ဏီဏီကိုကြည့်ကာ ဆုံးမစကားပြောကြားပေးခဲ့တဲ့ယောက္ခထီးကြီးကို ကျေးဇူးတွေအထပ်ထပ်တင်နေမိသည်။
“ဒါပေမယ့် ကိုကြီးကဏီ့အိမ်မှာလိုက်နေရမှာလေ မနေ့ညကကိစ္စကဘာမှမဟုတ်ဘူးဆိုပေမယ့် လူကြီးတွေသိရင်ကိုကြီးကို အမြင်မကြည်မှာစိုးလို့ အိမ်မပြန်ပဲနေခဲ့တာ ကိုကြီးအတွက်ဏီဏီကအများကြီးစဉ်းစားပေးခဲ့ပေမယ့် ကိုကြီးကတော့ ဏီဏီအိမ်မပြန်လာဘူးဆိုတာနဲ့ အရက်ဆိုင်တန်းရောက်သွားတာမလား”
ကောင်းမွန်မှာ ဏီဏီအပြစ်တင်သမျှကို မချိသွားဖြဲနဲ့ခံနေရသည်။ သူမပြောတဲ့အတိုင်း လုပ်မိသွားသလို ဖြစ်သွားခဲ့တာဆိုတော့ သူ့ကို ဒီလောက်ပဲအပြစ်တင်တာကိုတောင် ကျေးဇူးတင်ရပေဦးမည်။
“နောက်တစ်ခါဆို ခွင့်လွှတ်မှာမဟုတ်ဘူး အဲ့ဒီလိုထပ်မလုပ်နဲ့တော့နော် ကိုကြီးသူငယ်ချင်းတွေနဲ့သွားတွေ့ရင်လဲ ဆယ်နာရီထက်နောက်မကျပဲပြန်ခဲ့”
“အင်း အင်း ကတိတောင်းမယ်ဆိုတာက အဲ့ဒါလား”
“မဟုတ်ပါဘူး ဆယ်လပိုင်းဆိုဏီဏီတို့အိမ်ပြောင်းနေရတော့မှာလေ အမှန်ဆိုအခုကတည်းကပြောင်းနေချင်ပေမယ့် ကိုကြီးစိတ်ကျဉ်းကြပ်မှာစိုးလို့ မပြောင်းသေးတာ အခုအချိန်လေး လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး တွေ့လား ဏီဏီက ကိုကြီးအတွက်အမြဲတမ်းစဉ်းစားပေးတယ်နော်”
ကောင်းမွန် ခပ်ကြွားကြွားပြောနေတဲ့ဏီဏီမျက်နှာကိုကြည့်ပြီးအသဲယားလာမိသည်။ စကားပြောနေတာ လိုရင်းကို မရောက်နိုင်သေးပဲ။ ဒီကလေးမလေးဟာ ဘာကတိတွေများ တောင်းချင်လို့ဒီလောက်ထိ စကားပလ္လင်ခံနေရလဲမသိ။
“ကိုကြီး ဏီဏီကိုချစ်တယ်မလား”
“ချစ်တာပေါ့”
“တသက်လုံးအတူတူနေသွားဖို့လက်ထပ်ခဲ့တာမလား”
“ဒါပေါ့ တသက်လုံးအတူတူနေမှာ သားသမီးတွေအများကြီးမွေးပေးနော်”
“အာ ကိုကြီးနော် စကားအကောင်းပြောနေတာကို”
ကောင်းမွန်က မျက်စောင်းထိုးလာသူကို စပ်ဖြီးဖြီးရယ်ပြလိုက်ပြီး ပါးနှစ်ဖက်ကိုလိမ်ဆွဲကာ။
“မမလေး စကားတွေအရှည်ကြီးပြောရတာမမောသေးဘူးလား ညနေရောက်သွားတော့မယ် ဘာကတိတောင်းချင်လို့လဲ”
“ပြောမှာပါ ဏီဏီနဲ့ကိုကြီးနဲ့ချစ်ပါတယ်ဆိုတဲ့နှစ်ယောက်ထဲတောင် ဘာမှမဟုတ်ပဲပြသနာတက်သေးတာ ကိုကြီးနဲ့ဖေဖေ ပြသနာဖြစ်မှာကို ဏီဏီအစိုးရိမ်ဆုံးပဲ အဲ့ဒါကြောင့်ဖေဖေနဲ့စိတ်အခန့်မသင့်စရာတွေကြုံလာရင် ဏီဏီကိုပြောနော် ဏီဏီ နားထောင်ပေးမယ် ကိုယ့်မိန်းမကိုခေါ်ပြီး အိမ်ပေါ်ကဆင်းမယ်ဘာညာတွေမလုပ်နဲ့ ကိုကြီးနဲ့မခွဲနိုင်သလို ဖေနဲ့လဲမခွဲနိုင်ဘူး ဖေဖေနဲ့ အဆင်ပြေအောင်နေပါ့မယ်လို့ ကတိပေး”
ကောင်းမွန် အံ့သြသွားရသည်။ ဏီဏီဆီက ဒီလိုစကားတွေကြားရလိမ့်မယ်လို့ မမျှော်လင့်ထားမိပေ။ ဒီကလေးမ သူမရှိတဲ့သုံးရက်အတွင်း ဘာလို့များ ဒီလောက်ထိလူကြီးဆန်လာရသလဲမပြောတတ်တော့။
“မနေ့ညက ဏီဏီတွေးကြည့်ရင်းစိုးရိမ်လာလို့ ထူးဇော်နဲ့ဖေဖေပြသနာဖြစ်ခဲ့သလို ကိုကြီးနဲ့မဖြစ်စေချင်ဘူး အဲ့ဒီလိုတွေ ကြုံလာရရင်ဏီဏီဘယ်လိုလုပ်ရမလဲ ယောကျာ်းဘက်ကပါရမလား ဖေဖေ့ဘက်ကပါရမလား ဗျာများနေရတော့မှာ”
“ဏီကလဲ ယောကျာ်းဘက်ကပါရမှာပေါ့”
စပ်ဖြီးဖြီးရုပ်ကြီးကို မျက်စောင်းထိုးလိုက်ရင်း
“အမယ် ဘာလို့ပါရမှာလဲ ရှင်ကြီးကပြသနာမဖြစ်အောင်နေရမှာပေါ့ ဘာလဲကိုကြီးက ကတိမပေးနိုင်ဘူးလား”
“ပေးပါတယ်ဗျာ ပေးပါတယ်ဗျာ သမီးကိုချစ်မှတော့ အဖေကိုလဲချစ်ရတော့မှာပေါ့”
အဲ့ဒီကတိကိုမတောင်းလဲ သူများအိမ်ပေါ်တက်နေပြီး ပြသနာဖြစ်အောင်နေလို့ဘယ်ဖြစ်ပါ့မလဲ။ သူ့အသက်အရွယ်နဲ့ ဒီလောက်တော့ နားလည်ပါသည်။ ပြီးတော့ အရင်ကတည်းက သူ့အလုပ်ရှင်ဖြစ်ခဲ့ဖူးသူဆိုတော့ ဦးနေထွန်းအကြောင်းကို သိထားပြီးသား။ လေးစားပြီးသားပါ။ သူ့သမီးနဲ့လက်ထပ်ဖို့ ခွင့်သွားတောင်းတုန်းကလဲ ကောင်းကောင်းမွန်မွန် အသာတကြည်သာ ခွင့်ပြုပေးခဲ့လေသည်။ သူ့မှာသာ မောင်းထုတ်ခဲ့မလားလို့စိုးရိမ်စိတ်တွေနဲ့ အရဲစွန့်သွားခဲ့ရတာ။
“ကိုကြီးက ဖေဖေနဲ့အတူတူနေဖို့ သဘောတူခဲ့ပြီးပြီဆို”
“အင်းလေ ဏီဏီကအဖေနဲ့ခွဲပြီးမနေနိုင်ဘူးဆို အရင်ကတည်းက အဖေနဲ့ပဲအတူတူနေမယ်တတွတ်တွတ်ပြောနေတာကို ကိုယ်မနေချင်လို့ဘယ်ဖြစ်ပါ့မလဲ အဖေချစ်သမီးရဲ့”
ဏီဏီက ကိုကြီးဘေးနားပြောင်းထိုင်ကာ ပြုံးပြလိုက်ပြီး လက်မောင်းကိုတွဲခိုကာ ချွဲလိုက်သည်။
“ဟုတ်တယ်လေ ဏီဏီဘဝမှာ ကိုကြီးနဲ့ဖေပဲရှိတာကို နှစ်ယောက်လုံးနဲ့အတူတူနေချင်တာပေါ့ ဒါကြောင့်ဏီဏီကို မင်္ဂလာပွဲကြီးကျင်းပပေးစရာမလိုဘူး အဲ့ဒီကတိကိုတည်ပြီး တသက်လုံးပျော်အောင်ထားပေးရင်တော်ပြီ”
“ကောင်းပါပြီဗျာ ကတိပေးပါတယ် ကိုယ်လဲဏီဏီဆီက တစ်ခုပြန်တောင်းဆိုစရာရှိတယ်”
“ဘာတောင်းဆိုမလို့လဲ”
“ကိုယ့်ကို ဏီဏီတို့အလုပ်ထဲဆွဲမထည့်ပါဘူးလို့ကတိပေး ကိုယ့်အလုပ်ပဲကိုယ်လုပ်ချင်တယ်”
မာနကြီးလှတဲ့လူကြီးကို ဏီဏီကမျက်စောင်းထိုးလိုက်ရင်း
“မထည့်ပါဘူးနော် ဖေဖေ့အလုပ်တွေကို ဏီဏီပဲလုပ်မှာပါ ဒါပေမယ့်ကိုကြီးအလုပ်ကိုတော့ ဏီဏီဝင်ပါမှာပဲ Finance ပိုင်းကို ဘာလို့တက်နေတယ်ထင်လဲ ဏီဏီကဖေဖေ့ကုမ္ပဏီရော ကိုကြီးဆီမှာပါ CFO (Chief Financial Officer) လုပ်မှာ ဘဏ္ဏာရေးပိုင်းနဲ့ပတ်သက်ပြီး အားလုံးဏီဏီပဲကိုင်မှာ ခင်ဗျားကြီးကိုလွှတ်ထားမယ်မထင်နဲ့ ဟွန်း သင်တန်းတွေလဲ အများကြီးထပ်တက်ဦးမှာသိလား ဏီဏီကို ဘတ်လို့ရမယ်မထင်နဲ့”
ကောင်းမွန်မှာ မျက်ခုံးပင့်မိသွားရင်း
“အဲ့ဒီအကြံဆိုးကြီးနဲ့ Financial Management တက်ခဲ့တာပေါ့လေ ဒီလိုမှန်းသိရင်သင်တန်းလိုက်မအပ်ပေးပါဘူးကွာ”
“ဟဲ ဟဲ ဦးနေထွန်းရဲ့သမီးလေ မပိုင်ရင်ဘာမှမလုပ်ဘူး”
ကူလီကူမာပြုံးပြနေတဲ့ကောင်မလေးရဲ့ဆံပင်တွေကိုဆွဲဖွလိုက်ရင်း
“ခရီးထွက်ပြီးပြန်လာတိုင်းဏီဏီရဲ့ Surprise တွေကြောင့်အမြဲတမ်းပျော်ခဲ့ရပါတယ်ဗျာ တကယ်ကို Surprise စစ်စစ်တွေပဲလေ အရင်တခေါက် ခရီးထွက်ပြီးပြန်လာတော့မိန်းမရတယ် အခုပြန်လာတော့မင်္ဂလာဆောင်ရတော့မယ် နောက်တစ်ခါ ခရီးထွက်ပြီးပြန်လာရင် ဘာရမယ်ထင်လဲ”
“ဘာရမှာလဲ”
ကိုကြီးဆံပင်တွေဖွနေတာကို ငြိမ်ငြိမ်လေးခံနေရင်း ပြန်မေးလိုက်သည်။ ဖေဖေနဲ့ကိုကြီးဟာ အတူတူရှိနေချိန်တိုင်း ဏီဏီရဲ့ခေါင်းကိုပွတ်သပ်ပေးကာ ဆံပင်တွေကိုဖွနေတတ်သည်။ ဖေဖေနဲ့တူညီတဲ့အချက်တွေရှိနေလို့များ ဒီလူကြီးကို ချစ်ခဲ့မိတာလားမသိတော့။
“ကလေးပိစိကွေးလေးလေ”
“အာ ကိုကြီးနော်”
ရှက်သွားပြီး သူ့လက်မောင်းကို လက်သီးနဲ့ဖွဖွထိုးနေတဲ့ဏီဏီကို အရမ်းချစ်ရပါသည်။ ရှက်နေတာတောင် မိန်းကလေးဆန်ဆန် မထုပဲ လက်သီးထိုးနေတဲ့အဖေ့အသည်းကျော်ကလေးမပါ။
================================================================
“ကိုကြီးပြန်လာပြီ ဖေဖေလဲအခုလေးတင်ရောက်တာ အအေးသောက်ဦးမလား”
ဖေဖေ့ကို အအေးခွက်လှမ်းပေးနေရင်း အိမ်ထဲဝင်လာတဲ့ကိုကြီးကို မျက်နှာချိုသွေးလိုက်သည်။ ဒီနေ့ ဏီဏီမွေးနေ့မို့ အပြင်ထွက်ပြီး ညနေစာစားဖို့ ဖေဖေနဲ့ကိုကြီးကို စောစောပြန်လာခိုင်းထားတာပါ။
“မသောက်တော့ဘူး”
“ကိုကြီး ပိုက်ဆံလွဲပြီးပြီလား”
ကောင်းမွန်က ဦးနေထွန်းကို ပြုံးပြနုတ်ဆက်လိုက်ရင်း ဏီဏီကိုပြန်မေးလိုက်သည်။
“ဘာပိုက်ဆံလဲ”
မျက်မှောင်ကျုံ့ပြီး မသိသလိုမေးနေတဲ့ကိုကြီးကို မျက်လုံးပြူးကြည့်မိသွားရင်း။
“ဟင် ကိုကြီးကလဲ နွေးနွေးကိုလွဲခိုင်းထားတာလေ မနေ့ညကပဲ မွေးနေ့လက်ဆောင်ဖိနပ်ဝယ်ပေးဖို့ပြောထားတာကို မေ့ခဲ့တာလား ဒီနေ့လွဲထားမှသူသွားဝယ်ဖို့အချိန်ရှိမှာလေ နောက်သုံးရက်လောက်ဆိုပြန်လာတော့မှာကို ဘာမှန်းလဲ မသိဘူး ဏီဏီအဲ့ဒီဖိနပ်လေးကိုအရမ်းကြိုက်ပါတယ်ဆို”
“အာ ဆောရီးကွာ နွေးနွေးကို ပိုက်ဆံပိုရင်စိုက်ပြီးဝယ်ထားပေးဖို့ပြောလိုက် မနက်ဖြန်မှလွဲခိုင်းလိုက်တော့မယ်”
ကောင်းမွန်က စူပုတ်နေတဲ့ဏီဏီကို ပြုံးစိစိကြည့်ပြီး အပေါ်တက်လာခဲ့သည်။ ကလေးမဟာ စလို့စမှန်းမသိ။ သူရုံးရောက်တည်းက လွဲထားပေးပြီးပါပြီ။ သူ့ဘဝအတွက်အရေးအကြီးဆုံးသောပုဂ္ဂိုလ်လေးရဲ့ မွေးနေ့လက်ဆောင်ကို မေ့လို့ဘယ်ဖြစ်ပါ့မလဲ။ ဒီချစ်ဇနီးလေးကို တသက်လုံးပျော်ရွှင်အောင်ထားပါ့မယ်လို့ ကတိပေးထားတာပဲ။ ရွှေစိတ်တော် ငြိုငြင်အောင် ဘယ်လုပ်ရက်ပါ့မလဲ။ သူ့သူငယ်ချင်းနဲ့အဆက်အသွယ်မရဘူးဆိုတော့ သင်တန်းဆင်းပြီး အင်တာနက် မသုံးရသေးတာဖြစ်မည်။
“ကိုကြီးကလဲ သူလဲပြန်လာတော့မှာဆိုတော့ ပိုက်ဆံမပိုမှာစိုးလို့ပေါ့”
ဏီဏီကဖုန်းကိုင်ကာ အင်တာနက်ဖွင့်လိုက်ရင်း ကိုကြီးကို မကျေမနပ်လှမ်းအော်ပြောလိုက်သည်။ မနေ့ညကသေချာ မှာထားတာကို။ မေ့ဖြစ်အောင်မေ့ခဲ့သေးသည်။ ဝင်လာတဲ့နွေးနွေးရဲ့ Message ကိုဖွင့်ကြည့်လိုက်တော့ ဏီဏီ ဝယ်ထားပြီနော် ဆိုပြီး ဝယ်ထားပြီးသား Sophia Webster ဖိနပ်ပုံလေးပါ ပို့ထားသေးသည်။ ဒီလူကြီးဟာ လွဲပြီးသားကို စိတ်ဆိုးဆိုးအောင် စနေသေးသည်။ ဏီဏီကလဲသူစတတ်မှန်းသိသိကြီးနဲ့ အငိုက်မိတတ်လွန်းပါသည်။ ပျော်လွန်းလို့ ထော်နေတဲ့နုတ်ခမ်းတွေ ပြုံးချိုသွားရရင်း
“ကိုကြီး အရမ်းချစ်တယ်နော် မွ မွ အကျီၤအမြန်လဲပြီးဆင်းခဲ့နော် ဗိုက်ဆာပြီဗျို့”
အခန်းတံခါးဖွင့်ဝင်နေတဲ့ကောင်းမွန် ဏီဏီ စကားသံကြောင့် ရယ်လိုက်မိသည်။ လူဆိုးမလေးဟာ လိုချင်တာရလို့ ချက်ချင်းလေသံပြောင်းသွားပြီး တအိမ်လုံးကြားအောင် အောက်ထပ်ကနေလှမ်းပြီး မွမွနေပါသည်။ လူကိုယ်တိုင် အနီး ကပ်တော့ လာမမွပဲ။ ဒီကလေးမလေးကို သူ့မှာတနေ့တခြား ပိုပိုပြီးသာချစ်လာရပါသည်။
သမီးနဲ့သမက်ဖြစ်သူရဲ့စကားသံတွေကို အအေးသောက်ရင်းနားထောင်နေတဲ့ဦးနေထွန်း ပြုံးနေမိသည်။ သူ့ဘေးနား ကပ်ထိုင်ကာ ဖုန်းသုံးနေတဲ့သမီးလေးဘ၀ အခုလိုလေး အေးချမ်းပျော်ရွှင်နိုင်ဖို့ သူဖန်တီးခဲ့တဲ့ဇာတ်လမ်းထဲ ကွက်တိ ပါဝင်ပေးခဲ့ကြတဲ့ နှစ်ယောက်လုံးကို ကျေးဇူးတင်မိပါသည်။
သူ့ဘဝရဲ့အသက်ဖြစ်သော သမီးလေးနှစ်ယောက် အိမ်ထောင်ဖက်အရွေးမှားပြီး စိတ်ဆင်းရဲရမှာကို အင်မတန်ကို စိုးရိမ်ခဲ့မိပါသည်။ သမီးတွေကို အိမ်ထောင်ချပေးတုန်းက သူ့အသဲတွေကြိတ်ပြီးကွဲခဲ့ရပေမယ့် အခုတော့ သူတို့လေး တွေ ဘဝအတွက် စိတ်ချရပြီထင်ပါသည်။ ကေသရီက လူကြီးဆန်ပြီးတည်ငြိမ်သလောက် ဏီဏီက ကလေးဆန်လွန်း ကာ တဇွတ်ထိုးလုပ်တတ်သောကြောင့် သူ့အတွက်သာ စိတ်အပူခဲ့ရဆုံးပါ။ သို့သော် သမီးငယ်ဟာ သူထင်ထားတာ ထက်ပိုပြီး လည်ဝယ်ကာ ပါးနပ်လွန်းပါသည်။ အဖေကို ကတိပေးထားခဲ့တဲ့အတိုင်း အလိမ်မာအိမ်ပါ သမက်ကိုလက် ထပ်ခ ဲ့ကာ အဖေရော ခင်ပွန်းဖြစ်သူကိုပါ စိတ်တိုင်းကျဆိုးနွဲ့နေလေသည်။
သမီးငယ်လေးကို ချစ်မြတ်နိုးစွာကြည့်လိုက်မိရင်း သူတို့နှစ်ယောက်ဘဝလေး နေ့ရက်တိုင်း သာယာပျော်ရွှင်ပါစေ၊ သမက်ဖြစ်သူကောင်းမွန်ထွန်းတစ်ယောက် သမီးအပေါ်မပြောင်းလဲတဲ့အချစ်မျိုးနဲ့ တသက်လုံးသစ္စာရှိရှိချစ်သွားနိုင်ပါ စေလို့ ဇာတ်ဆရာကြီးက စိတ်ထဲကနေ သမီးငယ်အတွက် မွေးနေ့ဆုတောင်းပေးလိုက်မိတော့သည်။

4️⃣ လှပသော တစ်စုံတစ်ရာ [ Something beautiful ]Tahanan ng mga kuwento. Tumuklas ngayon