အပိုင်း ( ၂ )

3.1K 130 0
                                    

Unicode font

လှပသောတစုံတရာ (Something Beautiful)
အပိုင်း (၂)

ဏီဏီကိုတတ်နိုင်သမျှရှောင်မယ်လို့ဆုံးဖြတ်ထားပေမယ့် ပိုပိုပြီးနီးစပ်ခဲ့ပါသည်။ ညတိုင်းဖုန်းဆက်တတ်သောကြောင့် ညရောက်လို့ သူမနဲ့ဖုန်းမပြောရရင် တခုခုလိုနေသလိုကို ခံစားရသည်။ သူ့အဖေဆီလာတိုင်းလဲ ကောင်းမွန်ရုံးခန်းကို ဝင်ဝင်လာတတ်သောကြောင့် ရုံးကလူတွေရဲ့မသိမသာရော သိသိသာသာရော စောင့်ကြည့်ခြင်းခံခဲ့ရလေသည်။
ဏီဏီကတော့သူ့အာရုံနဲ့သူတဖြောင့်တည်းစဉ်းစားတတ်တဲ့သူဆိုတော့ တခြားလူတွေကိုဂရုစိုက်ရကောင်းမှန်းမသိပေမယ့် ကောင်းမွန်ကတော့ အလုပ်ထဲလဲ လူကြီးတစ်ယောက်ဖြစ်နေပြီး ကိုယ့်အောက်က လူတွေရဲ့ တီးတိုးပြောဆိုသံတွေကို အလွန်စိတ်ကသိကအောက်ဖြစ်ခဲ့ရပါသည်။ ဘယ်လောက်ပဲ မသိချင်ယောင်ဆောင်ထားထား သူ့ကိုကြည့်တဲ့ မျက်လုံးတွေကို စိတ်ညစ်မိပါသည်။
“ဟို ကိုကောင်းမွန် ကျွန်တော် ပြောလို့ရမလား”
ဇင်ကိုက မဝံ့မရဲနဲ့တခုခုပြောချင်ပုံရသည်။
“အင်း ပြောလေ ဘာပြောမလို့လဲ”
“ဟို အန်ကယ့်သမီးနဲ့ပတ်သက်တဲ့ကိစ္စပါ”
ဏီဏီနဲ့ ဘာများပတ်သက်တဲ့ကိစ္စများပါလဲ။ ကောင်းမွန်မျက်မှောင်ကျုံ့မိသွားရင်း
“အင်း ဘာဖြစ်လို့လဲ”
“ဟို သူများတွေက ပြောနေလို့”
“မင်းကလဲ ပြောစရာရှိတာပြောစမ်းပါကွာ”
“ဘရီဏီနေထွန်းကို ကိုကောင်းက အပိုင်ကြံနေတာတဲ့ ရအောင်ယူမှာတဲ့ ပြီးတော့…. ”
“ဏီဏီအကြောင်းရောပြောသေးလား”
“ကောင်မလေးက စိတ်ကစားတာကို ကိုကောင်းက အခွင့်အရေးယူပြီး…”
“အင်း အင်း ကိုယ်သဘောပေါက်ပြီ ညီသွားလို့ရပြီ”
ရုံးခန်းထဲက ထွက်သွားတဲ့ဇင်ကိုရဲ့နောက်ကျောကိုကြည့်ပြီး ခုံပေါ်ကိုခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်။ သူတို့ပြောတဲ့ အတင်းအဖျင်းတွေကို ဆုံးအောင်နားထောင်နိုင်စွမ်းမရှိပါ။ ကွယ်ရာမှာ ဆိုးဆိုးရွားရွားအပြောခံရလို့သာ ဇင်ကိုက မနေနိုင်တော့လို့ လာသတိပေးတာဖြစ်သည်။ သူတို့ပြောလဲ ပြောချင်စရာပင်။ ဦးနေထွန်းကလဲ လုပ်ငန်းခွဲပေါင်းများစွာနဲ့ အရှုံးမရှိအောင်မြင်ကာ ချမ်းသာနေသူတစ်ယောက်။ သူ့သမီးဘရဏီကလဲ ကလေးသာသာဆိုတော့ ကောင်းမွန်ပဲ အပြောခံရတော့မှာပေါ့။ ဒီလိုကိစ္စတွေကြိုမြင်မိလို့ အတတ်နိုင်ဆုံးရှောင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘာမှမတတ်နိုင်တော့ပါ။
ကောင်းမွန်ထွန်းရဲ့အလုပ်ထွက်စာကြောင့် ဦးနေထွန်းအံ့သြနေမိသည်။ ဆိုင်းမဆင့်၊ဗုံမဆင့် ဘာသံမှမကြားပဲ ရုတ်တရက် အလုပ်ထွက်စာတင်ရတဲ့အကြောင်းရင်းက ဘာများပါလိမ့်။ HR ဌာနကိုမေးတော့လဲ တိကျတဲ့အဖြေမထွက်လို့ ကိုယ်တိုင် ခေါ်မေးရတော့သည်။
“ပြောပါ ကောင်းမွန် ဘာကြောင့်ထွက်ချင်ရတာလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်”
“ကျွန်တော် ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လို့ပါအန်ကယ်”
“အော် အရင်ကတည်းကအစီအစဉ်ရှိပြီးသားပေါ့”
“ဟုတ်ကဲ့ အရင်ကတော့ နောက်နှစ်လောက်မှလုပ်ဖို့စိတ်ကူးထားပေမယ့်…”
တကယ်လဲနောက်နှစ်လောက်မှ သူ့လုပ်ငန်းကိုစလုပ်ဖို့စီစဉ်ထားပေမယ့် ဏီဏီကြောင့် ဒီမှာဆက်မလုပ်ချင်တော့ပေ။
“ဒါဆိုရင်လဲနောက်နှစ်မှထွက်ပါလား အခုထွက်တာစောလွန်းသေးတယ်မလား”
ဦးနေထွန်း အရည်အချင်းရှိတဲ့လူကောင်းတစ်ယောက်ကို မဆုံးရှုံးချင်ပါ။ သူ့ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Construction ပိုင်းမှာ ကောင်းမွန်ကို အလွန်အားထားရပါသည်။
“ဟုတ်ကဲ့ အခုကတည်းကစထားချင်လို့ပါ ကျွန်တော်စင်္ကာပူမှာ လုပ်ခဲ့တဲ့အလုပ်ရှင် ဒေးဗစ်နဲ့အတူတူလုပ်မှာပါ အန်ကယ် Partnership လိုဖြစ်နေပေမယ့် ဒီဘက်အပိုင်းကတော့ကျွန်တော့အပိုင်ပါ ကိုယ့်အရည်အချင်းနဲ့ တတ်နိုင်သလောက် ကြိုးစားကြည့်ချင်သေးတယ် ဒါကြောင့်ထွက်စာတင်တာပါအန်ကယ်”
“ကောင်းပြီလေ အဲ့ဒီလိုအစီအစဉ်တွေရှိနေတယ်ဆိုတော့ အန်ကယ်မတားတော့ပါဘူး အောင်မြင်ပါစေကွာ”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်အန်ကယ်”
“အန်ကယ်လဲကျေးဇူးတင်ပါတယ် မင်းကအရမ်းအားကိုးရတဲ့လူပါ အလုပ်ထွက်ခွင့်ပြုလိုက်ရတာ တကယ်ကိုနှမြောမိတယ်”
“ဟုတ်ကဲ့ ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်”
“ခဏနေပါဦးကောင်းမွန် မေးစရာတစ်ခုရှိလို့ အလုပ်ကိစ္စနဲ့တော့မပတ်သက်ပါဘူး”
“ဟုတ်ကဲ့”
“အန်ကယ့်သမီးဏီဏီနဲ့မင်းနဲ့ဆက်ဆံရေးက… ဘယ်လိုအခြေအနေမျိုးလဲ”
သူ့အဖြေကိုအလေးနက်ထားစောင့်နေတဲ့ ဦးနေထွန်းမျက်နှာကိုကြည့်ရင်းချွေးပြန်လာခဲ့သည်။ သူတို့နှစ်ယောက် တွဲသွားတွဲလာလုပ်နေတာတွေကို သိထားပြီးပုံပင်။ လက်တံရှည်တဲ့သူဌေးကြီးတစ်ယောက်အနေနဲ့ သူ့သမီးနဲ့ပတ်သက်ပြီး အရာအားလုံးစုံစမ်းထားမှာပေါ့။ တကူးတကမစုံစမ်းရင်တောင် သတင်းပို့မယ့်သူတွေက အများကြီးရှိနေပေလိမ့်မည်။ ဏီဏီ့အပေါ် သူ့စိတ်ကမရိုးသားဘူးဆိုပေမယ့် ဏီဏီကတော့မသိရှာ။ သူလဲ ညီမလေးတစ်ယောက်လို သဘောထားဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒီထက်ပိုပြီးလဲ ဘာအခွင့်အရေးမှ မယူခဲ့မိပါ။ မထင်မှတ်ထားပဲ ဦးနေထွန်း အခုလို ပေါ်တင်မေးလာတော့ ဖြေရခက်လွန်းလှသည်။
“ဏီဏီက… ကျွန်တော့ညီမလေးတစ်ယောက်လိုပါပဲအန်တယ်”
အန်ကယ့်မျက်နှာကို အားနာလို့မကြည့်ရဲတော့ပဲ မျက်နှာလွဲထားရင်းဖြေလိုက်သည်။
သူ့အဖြေစကားကြောင့် ဦးနေထွန်းရဲ့သက်ပြင်းချသံကို သိသိသာသာကြားလိုက်ရသည်။ အခုမှစိတ်အေးသွားပုံရပါသည်။ ကောင်းမွန်လိုသာမန်လူတန်းစားနဲ့ သူ့သမီးကို သဘောမတူဘူးဆိုတာ ဖြစ်သင့်ပါတယ်လေ။
“ကောင်းပါပြီ ရှေ့ဆက်ပြီးလဲ ညီမလေးတစ်ယောက်လိုစောင့်ရှောက်ပေးပါ ဏီဏီကနည်းနည်းတော့ဆိုးတယ်”
“ဟုတ်ကဲ့ သွားလိုက်ပါဦးမယ်ဗျ”
ခေါင်းငြိမ့်ပြတဲ့ဦးနေထွန်းရှေ့ကနေ ထွက်လာခဲ့ပေမယ့် ရင်ထဲမှတမျိုးကြီးဖြစ်နေသည်။ ဘာကိုစိတ်မကောင်းဖြစ်မှန်း မသိတဲ့သူ့ကိုယ်သူ ဆုံးမနေမိသည်။ ဏီဏီကသူ့ရဲ့ထာဝရညီမလေးတစ်ယောက်ပါ။ ကိုယ့်ကိုအစ်ကိုအရင်း တစ်ယောက်လို သဘောထားချစ်ခင်နေတဲ့မိန်းကလေးအပေါ် သူ့စိတ်တွေ မဖောက်ပြားသင့်ပေ။ ပြီးတော့ လုပ်ငန်းခွင်က လူတွေရဲ့ အထင်အမြင်လွဲမှုအောက်မှာ ဏီဏီ့ဘဝလေးကို အစွန်းထင်းမဖြစ်စေချင်ပါ။ ဒါကြောင့် အချိန်စောပြီး Resign တင်ရခြင်း ဖြစ်သည်။ ဦးနေထွန်းကိုယ်တိုင်ခွင့်ပြုလိုက်ပြီဆိုတော့ နောက်တစ်လဆို သူထွက်ခွင့်ရတော့ပေမည်။
ဏီဏီကတော့ သူထွက်စာတင်ထားတာသိပုံမပေါ်ပေ။ ညတိုင်းဖုန်းဆက်ပြီးတခုခုပူဆာဖို့သာ ချောင်းနေတတ်သည်။ သူကလဲ ဘယ်လောက်ပဲထိန်းထိန်း ဒီကလေးမပူဆာရင်ဘာမဆိုလုပ်ပေးချင်နေတော့ ခက်လွန်းလှသည်။
“ကိုကြီး မနက်ဖြန်ဘာလုပ်မှာလဲ နားမှာလား”
“အင်း ပိတ်ရက်ပဲ နားမှာပေါ့”
“မနားပါနဲ့ တစ်ရက်တစ်လေ ကိုယ့်ညီမလေးကိုအချိန်ပေးပါဦး”
“ဘာပူဆာဦးမလို့လဲ”
“အဟီး အဲ့လိုကြီးမေးတော့ ဘယ်လိုပြောရတော့မှာလဲ”
“အားနာတယ်ပေါ့”
“နာပါဘူး ပြောမှာပါ”
“အခုတလောနေအရမ်းပူတယ် နေပူထဲမသွားနဲ့တော့ ပန်ဒါဖြစ်နေမယ် အလှတွေလဲတအားပြင်မလာနဲ့ဦး”
“ဟင် အဲ့ဒါဆိုဘယ်သွားရမှာလဲ မုန့်ပဲသွားစားရမှာလား အိုကေလေ ဏီဏီ Shopping ထွက်မယ် ကိုကြီးလိုက်ကူပေး”
“ဟမ် အဲ့ဒါကတော့ သူငယ်ချင်းတွေနဲ့သွားလိုက်လေ”
“ဏီဏီမှာသူငယ်ချင်းမှမရှိတာကိုကြီးသိရဲ့သားနဲ့”
ဈေးဝယ်ထွက်တဲ့နောက်တော့မလိုက်ချင်ပါ။ အထုပ်ဆွဲပေးရတာအရေးမကြီး။ အချိန်ကုန်ခံကာ လျှောက်ပတ်ဝယ်ပြီး ညောင်းညာတဲ့ဒဏ်ကို မခံစားချင်ပါ။
“နော်လို့”
“မအင်းချင်ဘူးကွာ”
“အင်းလိုက်ပါကွာ နော် နော်”
နောက်ဆုံးတော့လဲ သူမရဲ့ နော် နော် ကိုသာအလျော့ပေးလိုက်ရတော့သည်။ Junctioin City မှာဏီဏီက သူကြိုက်တဲ့ ဆိုင်တွေသာဝင်ပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်မကြည့်လို့သာ တော်သေးသည်။ ဒါတောင်ဆယ့်ငါးမိနစ်လောက်အတွင်း သူ့လက်ထဲမှာ အထုပ်တွေသုံးထုပ်လောက်ရှိနေပါပြီ။ ရွှေမင်းသမီးလေးရဲ့အထုပ်ဆွဲဘဝကို မငြိုငြင်မိပါ။
“ကိုကြီး mds ထဲခဏဝင်ဦးမယ်”
“အင်း အပေါက်နားစောင့်နေတော့မယ်”
“အာ ကြာနေရင် မအော်နဲ့နော် ဟိုနားကဂါဝန်လေးကြိုက်လို့ပါဆို ဝတ်ကြည့်ဦးမှာ လှလားလို့လိုက်ကြည့်ပေးဦးလေ”
ဝတ်ကြည့်သမျှကို လှလားမလှလားလဲဝေဖန်အကြံပေးရသေးသည်။ သူ့မျက်လုံးထဲမှာတော့ သူမဘာဝတ်ဝတ်ချစ်ဖို့ ကောင်းနေတော့ခက်သည်။ ဒေါက်ဖိနပ်လေးတဂွပ်ဂွပ်နဲ့ဏီဏီက မညောင်းသလောက် သူကတော့အတော်ကို ညောင်းနေပါပြီ။ ငွေကိုရေလိုသုံးနိုင်သောသူဌေးသမီးက ဝယ်လို့မဆုံးတော့။ သူ့လက်နှစ်ဖက်လုံးအထုပ်တွေနဲ့ ပြည့်နေပြီဖြစ်သော်လည်း ဏီဏီကတော့ ဝယ်စရာမကုန်သေးပုံပင်။
“ညောင်းနေပြီလားကိုကြီး”
“ညောင်းတာပေါ့”
ဏီဏီဝယ်သမျှအထုပ်တွေအားလုံးဆွဲထားရတဲ့ကိုကြီးကိုသနားမိသွားသည်။
“ဆောရီး အထုပ်တွေအများကြီးဆွဲထားရတာ ပေး ဏီဏီတဝက်ကိုင်မယ်”
“ရပါတယ် မလေးပါဘူး”
“ခိ ဒါဆိုတစ်ခုခုစားကြမယ်လေ ဏီလဲဗိုက်ဆာတယ် ဏီဏီကျွေးမယ်နော်”
“ကောင်းပါပြီဗျာ သွားကြတာပေါ့ အပေါ်ထပ်တက်ကြစို့”
“ချီတက်မယ်”
နှစ်ယောက်သား သဘောကျကာရယ်လိုက်ရင်း စက်လှေကားနားလျှောက်လာစဉ် ဟေမာန်တို့အတွဲကိုတွေ့လိုက်ရသည်။ အရင်ဆုံးတွေ့တဲ့ဏီဏီက ကောင်းမွန်ရဲ့လက်မောင်းကို ပိုင်စိုးပိုင်နင်းကောက်ချိတ်လိုက်ရင်း ဟေမာန်တို့အတွဲရှေ့ကို ဆွဲခေါ်သွားလေသည်။ အထုပ်ပေါင်းစုံဆွဲထားရတဲ့ကောင်းမွန်မှာ ဏီဏီဆွဲခေါ်ရာသို့ အူကြောင်ကြောင်နဲ့ပါလာခဲ့ပြန်သည်။
အခုမှတွေ့သွားတဲ့ထူးဇော်က ဏီဏီကိုမကြည့်ပဲ မျက်နှာလွဲနေလေသည်။ ဟေမာန်ကသာ ခပ်ပြုံးပြုံးနဲ့နုတ်ဆက်သည်။
“ဏီဏီ ဘာတွေလာဝယ်တာလဲ”
“လိုတာနည်းနည်းပါးပါးပေါ့ နင်ရော”
“ငါတို့နှစ်ယောက်က ပျင်းလို့လျှောက်ပတ်ကြည့်နေတာ မိတ်ဆက်ပေးဦးလေ နင့်ဘဲလား”
သူတို့ပြောသမျှကို ရပ်နားထောင်နေတဲ့ကောင်းမွန်ကငြင်းဖို့ပြင်လိုက်ပေမယ့်။
“ဟုတ်တယ် ကိုကြီးနာမည်က ကောင်းမွန်ထွန်းတဲ့ ငါ့ဘဲ ကိုကြီးဒါကဏီဏီသူငယ်ချင်းဟေမာန်တဲ့ သူကတော့ထူးဇော်”
ထူးဇော်က ကောင်းမွန်က မကောင်းတတ်လို့လှည့်ပြီးရယ်ပြခဲ့သည်။ ကောင်းမွန်လဲ ဏီဏီကနေတဲ့ဇာတ်ထဲ မအီမလည်နဲ့ ဝင်ပါနေရတော့သည်။ သူ့ဘဲအဖြစ်လံကြုပ်ဇာတ်လမ်းတွေခင်းပြနေတဲ့ ဏီဏီခံစားချက်ကို နားလည်ပေမယ့် လူငယ်တွေရဲ့အချစ်ဇာတ်ရှုပ်ထဲ အလကားနေရင်း ကန့်လန့်ကြီးပါနေရတဲ့သူ့အဖြစ်က မလွယ်ပေ။ ဟေမာန်ရဲ့စူးစမ်းတဲ့ မျက်လုံးတွေနဲ့အစုန်အဆန်ကြည့်တာကိုလဲခံရသေးသည်။
“အော် ဘယ်တုန်းကကြိုက်သွားတာလဲ မြန်လိုက်တာ”
“မမြန်ပါဘူး ဟိုနေ့ကဟော့ပေါ့ဆိုင်မှာတွေ့တဲ့နေ့ကတည်းကငါတို့ကြိုက်နေကြတာ”
အင်း စကြိုက်တဲ့ရက်တွေဘာတွေတောင် ဘယ်သူမှရိုက်မစစ်ပဲ အတည်ပြုပြောကြားလို့။
“ကိုကြီး သွားစို့ သွားပြီနော်”
ဟေမာန်က သူတို့နှစ်ယောက်ကိုမယုံသလိုအကြည့်နဲ့ကြည့်ပြီးကျန်ခဲ့လေသည်။ ဏီဏီကအပေါ်ထပ်ရောက်တဲ့အချိန်ထိ လက်တွဲမဖြုတ်သေးပဲ ငြိမ်ငြိမ်လေးပါလာခဲ့သည်။ ရည်းစားဟောင်းနဲ့ပြန်တွေ့ပြီး စိတ်မကောင်းဖြစ်နေပုံပင်။
“ဏီဏီ ဘာစားမလဲ”
“ရှင် ဟုတ် ကိုကြီးရော ဘာစားချင်လဲ”
“ကိုးရီးယားဆိုင်ထိုင်မလား ထမင်းသုပ်စားမလား”
“ဟုတ်”
စိတ်နဲ့ကိုယ်နဲ့မကပ်နိုင်ပဲ ရောယောင်ဟုတ်နေတဲ့သူကို ဆိုင်ထဲခေါ်လာလိုက်သည်။
“ဏီဏီ ဘာမှာမလဲ”
“ဟို ထမင်းသုပ်”
ကိုးရီးယားထမင်းသုပ်နှစ်ပွဲမှာလိုက်ပြီး ငေးငိုင်နေတဲ့ဏီဏီကို ကြည့်နေမိသည်။ ဒီကောင်မလေးဟာ ထူးဇော်ကို အတော်ကြိုက်ခဲ့ပုံပင်။ အခုထိလဲကြိုက်နေတုန်းဖြစ်မည်ထင်။ ခဏလေးတွေ့လိုက်တာကို တမိုင်မိုင်တတွေတွေ ဖြစ်နေလေသည်။
“ကိုကြီး ဏီ ထူးဇော်ကိုကြိုက်နေတုန်းထင်တယ်နော်”
သူ့ကိုယ်သူမမေးပဲ ကောင်းမွန်ကိုလာပြီးအတည်ပြုခိုင်းနေသည်။
“အင်း… မကြိုက်လောက်တော့ဘူးထင်တယ်”
“ဟုတ်လား ဘာဖြစ်လို့လဲ”
“အရင်လိုမငိုတော့ဘူးလေ”
“အာ လူကြားထဲမှာမငိုချင်ပါဘူး စဉ်းစားနေတာ ယောကျာ်းတွေက ဘာလို့မိန်းမချောချောတွေကိုပဲကြိုက်တာလဲလို့”
“အဲ့ဒီလိုလဲမဟုတ်ဘူးလေ မိန်းမတစ်ယောက်ဘယ်လောက်ပဲလှလှ ယောကျာ်းအကုန်လုံးကမကြိုက်ပါဘူး လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတာမကြားဖူးဘူးလား အရမ်းလှတဲ့မိန်းမကိုကြိုက်တဲ့လူရှိသလို ချစ်စရာကောင်းတဲ့မိန်းမကို ကြိုက်တဲ့လူလဲရှိတာပဲ ဏီဏီရော ချောတဲ့သန့်တဲ့ယောကျာ်းတိုင်းကို ကြိုက်လို့လား”
“မကြိုက်ပါဘူး”
“အင်းလေ ယောကျာ်းတွေလဲအဲ့ဒီလိုပဲပေါ့ သူတို့ကြိုက်ချင်တဲ့လူကိုကြိုက်မှာပေါ့ လှတဲ့သူကိုကြိုက်တဲ့ယောကျာ်းတွေက သိပ်မလှတဲ့မိန်းကလေးကိုချစ်မိသွားတာလဲဖြစ်နိုင်တာပဲ အချစ်ဆိုတာသူ့ဘာသာနှလုံးသားထဲကဖြစ်လာတဲ့ခံစားချက်လေ လူတစ်ယောက်အရမ်းလှလို့ ကြိုက်တယ်ဆိုတာ သဘောကျတယ်ဆိုရုံလောက်ပဲလေ ချစ်တာမှမဟုတ်တာ မတူဘူးလေ”
ငေးငိုင်နေတဲ့ဏီဏီက ကောင်းမွန်ကို စပ်ဖြီးဖြီးကြည့်လာခဲ့သည်။
“မယုံနိုင်စရာ ဦးကောင်းမွန်ထွန်းရဲ့တော်ကီတွေကိုတော့ကြွေပြီလေ”
လာချတဲ့ထမင်းသုပ်ဇလုံကိုဆွဲယူကာ ဇွန်းနဲ့နယ်ပြီး အားရပါးရစားနေတဲ့ဏီဏီဟာ လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်က ငေးငိုင်နေခဲ့သူမဟုတ်သလိုပင်။ စိတ်မကောင်းဖြစ်မိတဲ့သူကသာ အရူးလိုဖြစ်နေတော့သည်။ ကောင်းမွန်လဲစကားဆက် မပြောတော့ပဲ ထမင်းသုပ်သာငုံ့စားနေလိုက်သည်။
“အား စပ်လိုက်တာ”
ငရုတ်သီးစပ်လို့ မျက်နှာတွေနီရဲပြီး ထအော်နေတဲ့ဏီဏီကိုကောင်းမွန်ကြောင်ပြီးကြည့်နေမိသည်။
“ဒီမှာ ရေ ရေသောက်လိုက်”
ဖန်ခွက်ထဲရေထည့်ကာပေးလိုက်တော့ တစ်ခွက်လုံးကိုမော့ချပေမယ့် ရှုးရှုးရှဲရှဲနဲ့မျက်ရည်ဝဲကာချွေးပြန်နေသေးသည်။
“အရမ်းစပ်လား”
“ဟုတ် ဏီကအစပ်မစားနိုင်ဘူး အဲ့ဒီအချဉ်ထဲကပါတာဖြစ်မယ် အား”
ကောင်းမွန်က တစ်သျှူးနဲ့ နီရဲနေတဲ့ဏီဏီမျက်နှာပေါ်ကချွေးတွေကိုသုတ်ပေးလိုက်သည်။ သတိထားမိချိန်မှ ငါဘာတွေ လုပ်မိနေလဲလို့တွေးမိရင်း လက်တွန့်သွားမိပေမယ့် ဏီဏီကတော့ သူဒီလိုလုပ်ပေးတာကိုဘာမှမထူးဆန်းသလိုပင်။
“ထမင်းသုပ်ထဲကပါတာဆိုရင် ဆက်မစားနဲ့တော့ တခြားထပ်မှာလိုက်မယ်”
“တော်ပြီ ရတယ် ဒါပဲဆက်စားမယ် ဏီဏီပန်ဒါဖြစ်နေပြီလားကိုကြီး”
“မဖြစ်သေးဘူး”
“အဟီးဟီး ကိုကြီးနဲ့သွားတိုင်းပန်ဒါဖြစ်နေလို့ ဏီဏီကိုစိတ်ကုန်သွားတော့မယ်”
“မကုန်ပါဘူး ဘာလို့ကုန်ရမှာလဲ”
“ဟုတ်တယ်နော် ကိုကြီးကဏီဏီကိုလှလို့ချစ်တာမှမဟုတ်တာ ဘာစိတ်ပူစရာလိုလို့လဲ ကိုကြီးသိလား ဏီဏီလေကိုကြီးနဲ့ အတူတူရှိနေရင်ပျော်တယ် ဖေနဲ့အတူတူရှိနေရသလိုပဲ ဖေဖေပြီးရင် ဏီဏီအချစ်ဆုံးယောကျာ်းကကိုကြီးပဲ အဲ့ဒါကြောင့် ပြောချင်တာက ဏီဏီကိုပစ်မသွားဖို့ အမြဲတမ်းအလိုလိုက်ဖို့ပဲ ဟီး ဟီး”
ပါးစပ်ကိုလက်နဲ့ကာပြီး တဟီးဟီးရယ်နေတဲ့ဏီဏီဟာ သူ့ကို အစ်ကိုအရင်းတစ်ယောက်လိုတွယ်တာမှန်းသိပါသည်။ လူလည်မလေးရဲ့အပြောတွေကို လက်မခံသလိုခေါင်းခါပြလိုက်ရင်း
“အဲ့လိုစကားတွေနဲ့ချုပ်လို့ဘယ်ရမလဲ”
“စကားနဲ့ချုပ်တာမဟုတ်ပါဘူးနော် တကယ်ခံစားရတာကိုပြောပြတာပါ ခုနတုန်းက ဟေမာန်ကိုဏီဏီဘဲလို့ပြောလိုက်တာ စိတ်မဆိုးနဲ့နော် ဏီပြောတာကိုမငြင်းပဲငြိမ်ငြိမ်လေးနေပေးလို့ကျေးဇူးတင်ပါတယ် ပြီးတော့ ကိုကြီးရည်းစားကိုလဲ ပြောပြထားလိုက်ဦးနော် အထင်လွဲနေဦးမယ် မဖြစ်သေးပါဘူး အဲ့ဒီအစ်မကြီးကို ဏီဏီကိုယ်တိုင်လိုက်ပြီးပြောထားမှပါ ဏီဏီကို ကိုကြီးချစ်သူနဲ့မိတ်ဆက်ပေးဦးလေ”
မိတ်ဆက်ပေးဖို့ကို ဘယ်လိုငြင်းရမလဲ စဉ်းစားနေမိသည်။ သူ့ချစ်သူသာတကယ်ရှိရင်လဲ ဒီကောင်မလေးနဲ့ပဲ တတွဲတွဲရှိနေလို့ အခုအချိန်ဆိုပြတ်သွားလောက်ပြီ။
“အင်း မိတ်ဆက်ပေးမယ်လေ အခုသူခရီးသွားနေလို့”
“အော် တော်သေးတယ် အဲ အခုမှသတိရတယ် ကိုကြီးကိုဏီဏီခေါ်ခေါ်နေလို့သူစိတ်ဆိုးနေမှာနော်”
“တခါတလေတော့စိတ်ဆိုးတာပေါ့ ပြောစရာရှိတယ် ကိုယ်အလုပ်ထွက်စာတင်ထားတယ်”
“ဟင် ဘာဖြစ်လို့လဲ ဘယ်သွားမလို့လဲ နိုင်ငံခြားသွားမလို့လား ဟာကွာ ကိုကြီးရာ မသွားပါနဲ့ကွာ”
သူပြောတာကိုဆုံးအောင်နားမထောင်ပဲ ငိုမဲ့မဲ့လုပ်ပြနေတဲကလေးမကိုကောင်းမွန်ပြုံးစိစိကြည့်နေမိသည်။
“ပြောတာလဲဆုံးအောင်နားမထောင်ဘူး ဘယ်လိုကလေးလဲ”
“မသိဘူးလေ မြန်မာပြည်ကနေဘယ်မှထွက်မသွားပါနဲ့ကွာ ထွက်သွားလဲဖေဖေဆီကခွင့်တောင်းပြီးလိုက်ခဲ့မှာ ကိုကြီးရှိတဲ့ နိုင်ငံကို ကျောင်းတက်ဖို့ဆိုပြီး အဟိဟိ ပြေးလို့လွတ်မယ်ထင်နေလား”
ဏီဏီစကားကြောင့် သူလန့်သွားမိရင်း ခေါင်းခါပြလိုက်သည်။
“ဘယ်မှမသွားဘူး ဒီမှာပဲကိုယ်ပိုင်အလုပ်တစ်ခုလုပ်မလားလို့”
“တကယ်လား တော်သေးတယ် ဖေဖေကသမီးတွေကိုဘယ်မှမလွှတ်ဘူး စိတ်မချလို့တဲ့ ခရီးထွက်ရင်တောင်ဖေဖေနဲ့ပဲ သွားရတယ် ဖေမပါပဲဘယ်မှမသွားရဘူး နိုင်ငံခြားသွားချင်လဲ ဖေဖေအားတဲ့အချိန်လိုက်ပို့တယ် သူငယ်ချင်းတွေနဲ့ ချောင်းသာသွားချင်တာတောင် မသွားခိုင်းပါဘူးဆို ဏီဏီမှာဖေဖေနဲ့တစ်ရက်လေးတောင်မခွဲဖူးဘူး ကိုကြီးနောက် လိုက်ပြီး ကျောင်းတက်ဖို့ဆို အဝေးကြီး ဟိဟိ”
“ဒီလောက်ထိန်းတာတောင်အရမ်းဆိုးနေတာပဲ”
“အမယ် မဆိုးပါဘူးနော် ဏီဏီကလိမ်မာပါတယ် လူငယ်ပါဆိုတခါတလေသူငယ်ချင်းတွေနဲ့ပျော်ချင်သေးတာပေါ့ ဖေဖေကစိတ်မချလွန်နေတာ ဒါပေမယ့်လုပ်ချင်တာလုပ်တာပါပဲ မမကေက ဏီလုပ်တာတွေကိုဖေမသိအောင် ဖုံးဖိပေးတယ်လေ ထူးဇော်နဲ့ကြိုက်တာလဲ ဖေမသိဘူး ဟီးးး ဏီအစ်မအရမ်းချစ်ဖို့ ကောင်းတယ်မလား”
သူ့ကိုအလိုလိုက်သူတိုင်းဟာ ချစ်ဖို့ကောင်းနေတာပင်။ ကောင်းမွန်သဘောကျစွာပြုံးလိုက်မိသည်။ ဏီဏီနဲ့အတူတူ ရှိနေရင် သူဟာအလိုလိုကိုပြုံးမိနေသလိုပါ။
“အဲ့ဒါဆို ကိုကြီးက ဖေဖေ့ဆီမလုပ်တော့ဘူးပေါ့နော် ကိုယ့်ဘာသာလုပ်မယ်ဆိုတော့လဲကောင်းတာပဲ”
“အင်း စစချင်းတော့ရုန်းကန်ရဦးမှာပေါ့ ကိုယ်ကသူဌေးမှမဟုတ်တာ”
“သူဌေးပါပဲနော် ဏီဏီထက်တော့ချမ်းသာပါတယ်”
“အင် ဏီဏီကသူဌေးသမီးလေ ကိုယ်ကဘယ်မှာချမ်းသာနေလို့လဲ”
“ဏီဏီအဖေချမ်းသာတာလေ ဏီကဘာမှမလုပ်တတ်တာကို ကိုကြီးတို့လိုတော်တဲ့လူတွေကိုအရမ်းအားကျတယ်”
“ဏီဏီလဲတော်တာပဲ အဖေအလုပ်ထဲဝင်လုပ်ပေါ့”
“လုပ်မှာ ဖေကဘွဲ့ရပြီးတာနဲ့အလုပ်လုပ်ရမယ်တဲ့ နောက်နှစ်ဆိုလုပ်ရတော့မှာ အီးးး ပျင်းတာ”
ဏီဏီက တော်တဲ့လူတွေကိုအားကျပေမယ့် ကိုယ်တိုင်လုပ်ဖို့ကျတော့ပျင်းတဲ့သူပါ။
“တခြားသင်တန်းတွေမတက်ဘူးလား”
“တက်တယ်လေ ဒီပလိုမာတွေလဲရထားပြီးသားကို အခုလဲထပ်တက်ခိုင်းနေတယ် ဖေက ဒီပလိုမာနဲ့မရဘူးတဲ့ နိုင်ငံခြား သွားတက်မယ်ဆိုတော့လဲ ခွင့်မပြုဘူး သူနဲ့ပဲအတူတူနေရမယ်တဲ့ အရမ်းဆိုးတဲ့ဖေဖေပါဆို”
အဖေမကောင်းကြောင်းကို ပြုံးပြုံးကြီးပြောနေတဲ့ဏီဏီဟာ အဖေဖြစ်သူကို အတော်ကိုချစ်ပုံရသည်။ ဦးနေထွန်းကလဲ သမီးအငယ်ကိုအရမ်းချစ်၊ အရမ်းအလိုလိုက်တယ်ဆိုတာ သူကြားဖူးပါသည်။
“သမီးကမဆိုးဘူးပေါ့”
“ဏီက သူများကလေးတွေထက်စာရင်တော့အများကြီးလိမ်မာပါတယ်နော်”
“အော် ကိုယ့်ကိုကိုယ်လိမ်မာတယ်ထင်တယ်ပေါ့”
ချစ်စနိုးစနောက်နေတဲ့ကောင်းမွန်ကို တဟီးဟီးရယ်ပြနေတဲ့ဏီဏီရဲ့အရယ်အပြုံးဟာ အပြစ်ကင်းလွန်းလှပါသည်။
“ကိုယ်ပြောမယ် အလုပ်ထွက်ပြီးရင်ဏီဏီကိုအခုလိုအချိန်ပေးနိုင်တော့မှာမဟုတ်ဘူး အဲ့ဒါကြောင့်…”
“ဆက်မပြောနဲ့တော့ နားမထောင်ချင်တော့ဘူး မအားလို့မလာနိုင်တော့ဘူးပြောမလို့မလား”
ရုပ်တည်ကြီးနဲ့မျက်လုံးထောင့်ကပ်ပြီး ဂြိုလ်ပေးနေတဲ့သူကို ကောင်းမွန်ရယ်ချင်မိသည်။
“အားတဲ့အချိန်ဆိုရင်တော့လာမှာပေါ့”
“ကိုကြီးရဲ့အချိန်စာရင်းထဲမှာ ဘရဏီနေထွန်းအတွက်အချိန်သီးသန့်ထည့်ထားလိုက်ပေါ့”
“အင်း အဲ့လိုလုပ်လိုက်ရမလား”
“လုပ်လိုက်ပေါ့”
ထမင်းသုပ်ကိုဆက်မစားတော့ပဲ ဂြိုလ်ပေးကာဆန္ဒပြနေလေသည်။
“စား စား ငရုတ်သီးလဲသတိထားဦး ပြီးရင်ဘယ်သွားဦးမှာလဲ”
“ဘယ်မှမသွားတော့ဘူး ပြန်တော့မယ်”
“စိတ်ကောက်တယ်ပေါ့”
“မကောက်ပါဘူး ကိုယ့်ကိုမချစ်တဲ့လူကိုကောက်ပြနေလဲဘာထူးမှာလဲ”
“အဲ့ဒါဆိုလဲ ပြီးရောလေ ချော့စရာမလိုတော့ဘူးပေါ့”
“ခင်ဗျားကြီးနော် ဏီဏီကို ကိုကြီးအိမ်လိပ်စာပေး”
“ဟာ ဘာလုပ်ဦးမလို့လဲ”
“ဖုန်းဆက်လို့မလာရင် အိမ်ထိလိုက်လာမလို့ပေါ့ ပြောလို့ ဒီမှာမှတ်ထားမယ်”
အတင်းအကြပ်တောင်းနေတဲ့ဏီဏီကို မလွန်ဆန်နိုင်ပဲအိမ်လိပ်စာပေးလိုက်ရသည်။ ဒီလူဆိုးမလေးဟာ သူ့နှလုံးသားထဲ ဘယ်အချိန်ကတည်းက အပြည့်အဝနေရာယူထားလဲမသိတော့။ မဖြစ်သင့်ဘူးလို့ ဦးနှောက်ကသတိပေးနေပေမယ့် နှလုံးသားအလိုကို ဆန့်ကျင်မရနိုင်ဖြစ်နေတော့သည်။
===============================================================
တစ်ယောက်ထဲအခန်းထဲမှာ သီချင်းနားထောင်နေတုန်း ဝင်လာခဲ့တဲ့ဖုန်းကြောင့် ရင်တွေဒိန်းခနဲခုန်သွားရသည်။
“ထူးဇော်”
ဟေမာန်နဲ့ကြိုက်ပြီးကတည်းက ဏီဏီဆီဖုန်းတစ်ခါမှမဆက်တော့တဲ့လူက ထူးထူးဆန်းဆန်းဖုန်းဆက်လာတော့ ဘာကြောင့်များလဲလို့ သိချင်မိသည်။
“ဟဲလို”
“ဏီဏီလား ငါပါ ထူးဇော်”
သိသားပဲ။ သူ့ဖုန်းနံပါတ်ကိုဏီဏီမှမဖျက်သေးတာ။ သူသာဏီဏီဖုန်းကို Black List ထဲသွင်းထားပြီး။
“အင်း ဘာပြောစရာရှိလို့လဲ”
“ငါဟေမာန်နဲ့စကားများလို့ မင်းတို့မိန်းမတွေကအဲ့ဒီလိုတွေပဲလား”
ဟင် သူ့ရည်းစားနဲ့စကားများတာကို ဘလိုင်းကြီးဏီဏီကိုလာရစ်နေသည်။
“ဘာဖြစ်ကြတာလဲ နင်တို့စကားများတာငါနဲ့ဘာဆိုင်လို့လဲ”
“နင်နဲ့တုန်းကစကားမများဖူးဘူးလေ သူနဲ့မှခဏခဏစကားများနေရတော့ နင့်ကိုသတိရလို့ဖုန်းဆက်လိုက်တာ”
ဏီဏီရင်ထဲတမျိုးဖြစ်သွားသည်။ သူပြောနေတဲ့ပုံက ဏီဏီကိုမေ့မရဘူးလို့ဆိုလိုချင်တာများလား။
“တခါတလေနင့်ကိုအရမ်းသတိရတယ်ဟာ”
ဏီဏီအသက်တောင်ပြင်းပြင်းမရှုမိပဲ သူပြောသမျှကိုငြိမ်ငြိမ်လေးနားထောင်နေမိသည်။
“သူနဲ့စကားများတိုင်းနင့်ကိုဖြတ်ခဲ့မိတာ နောင်တရတယ် နင့်ဘဲကြီးကိုနင်တကယ်ချစ်လား”
ကိုကြီးမျက်နှာကိုမြင်ယောင်မိရင်း ဏီဏီနဲ့ကိုကြီးဘာမှမဆိုင်ဘူးဆိုတာကို ဖွင့်မပြောချင်ပါ။ ဒါပေမယ့်လဲ သူတို့အမြင်မှာ ဏီဏီတို့ ချစ်သူတွေအဖြစ်သာရှိနေစေချင်သည်။
“အင်း နင်လဲဟေမာန်ကိုအရမ်းချစ်တယ်မလား”
“အေး အစကတော့ချစ်တယ်လို့ထင်ခဲ့တာပဲ အခုတော့ ထားလိုက်ပါတော့ဟာ ဒါပဲနော် Good Night”
ထူးဇော်ဖုန်းချသွားတော့ ဏီဏီဖုန်းကိုကိုင်ထားရင်း တွေးနေမိသည်။ သူပြောသွားတဲ့လေသံက ဏီဏီကိုချစ်နေတုန်းပဲလို့ ပြောသွားသလိုပင်။ ဏီဏီကတော့သူ့ကိုအခုထိချစ်နေဆဲမလား။ ဒီအချိန်မှာပဲ လက်ထဲကဖုန်းလေးပြန်မြည်လာခဲ့သည်။
“ဟင် ကိုကြီးပဲ ဟဲလို ကွီး”
“ဏီဏီ မအိပ်သေးဘူးလား”
“မအိပ်သေးဘူး ဖုန်းပြောနေတာ ထူးဇော်ဆီကဖုန်းလာလို့”
ကောင်းမွန်မျက်မှောင်ကျုံမိသွားသည်။ ဒီကောင်လေးက ဘာလို့ဏီဏီကိုဆက်သွယ်ရတာလဲ။
“ဟုတ်လား ဘာပြောသွားတာလဲ”
“ဟို ဏီဏီကိုဖြတ်ခဲ့မိတာကိုနောင်တရတယ်တဲ့ သူနဲ့ဟေမာန်စကားများတိုင်းဏီဏီကိုပဲသတိရတယ်တဲ့”
“အင်း တခြားရော ဘာပြောသေးလဲ”
ဏီဏီဟာဒီကောင်လေးပြောသွားတဲ့စကားတွေကိုယုံချင်နေပုံပင်။ဟိုကသူတို့အဆင်မပြေတဲ့အချိန် စိတ်ထွက်ပေါက်အဖြစ် ဖုန်းဆက်လာတာကို။ အတည်ကြီးလိုက်ခံစားနေတဲ့ဏီဏီကို သူဘယ်လိုပြောရမယ်မှန်းမသိတော့။
“ကိုကြီးကိုတကယ်ချစ်တာလားတဲ့”
သူ့အကြောင်းကိုပါထည့်မေးသွားတော့ ကောင်းမွန်စိတ်ဝင်တစားမေးလိုက်ပြန်သည်။
“အဲဒီတော့ ဘာပြန်ဖြေလိုက်လဲ”
“အင်းလို့ပဲဖြေလိုက်တာပေါ့ သူကဟေမာန်နဲ့စကားများလို့ဖုန်းဆက်လာတာကြီးကို”
တော်သေးတာပေါ့လို့စိတ်ထဲကရေရွတ်လိုက်ရင်း ကျေနပ်သွားမိသည်။ ဏီဏီဟာ သူထင်ထားတာထက်ပိုလည်ပါသည်။
“ကိုကြီး ထူးဇော်လေ ဏီဏီ့ကိုချစ်နေတုန်းပဲထင်တယ်နော်”
“အာ အဲ့ဒါတော့ကိုယ်လဲပြောတတ်ဘူးလေ ဒါပေမယ့်သူက အခုဏီဏီ့သူငယ်ချင်းရဲ့ချစ်သူဖြစ်နေပြီမလား”
အခုအချိန်မှာ မချစ်ဘူးလို့ဖြေလို့မဖြစ်ပေ။ မရွှေချောက ယုံချင်ချင်ဖြစ်နေပုံပေါ်သည်။
“သူငယ်ချင်းကဏီ့ဘဲကိုလုထားတာပဲလေ သူ့လက်ထဲကနေပြန်ယူတာက ကိုယ့်ပစ္စည်းကိုယ်ပြန်ယူသလိုပဲမဟုတ်ဘူးလား”
သူ့အတွေးနဲ့သူကတော့ဟုတ်နေသလိုပင်။ ကောင်းမွန်ရင်ထဲမကောင်းပေမယ့် ပြုံးလိုက်မိရင်း
“စိတ်မကြည်တဲ့အချိန်ပြောသွားတဲ့စကားတွေကို ခံစားမနေပါနဲ့ဏီဏီရယ်”
“မသိတော့ပါဘူး ဒါနဲ့ကိုကြီးဘာလို့ဖုန်းဆက်တာလဲဟင် ဏီဏီဆီကိုဘယ်တော့မှဖုန်းမဆက်တဲ့လူက”
အလုပ်ထွက်ပြီးကတည်းက ဘာတွေရှုပ်မှန်းမသိရှုပ်နေတဲ့လူကို ဏီဏီကစကားနာထိုးလိုက်သည်။ အခုတလော ကိုကြီးနဲ့တွေ့ဖို့အရေး တစ်ပါတ်လောက်ကြိုချိန်းနေရသည်။
“ဟား ဟား ဆက်ပါတယ်ကွာ မနက်ဖြန်ခရီးထွက်ရမယ်လို့လှမ်းပြောတာ”
“ဟင် ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ”
“အလုပ်ကိစ္စဆွေးနွေးစရာရှိလို့ ဒေးဗစ်ကလဲဒီကိုမလာနိုင်သေးတော့ ကိုယ်ပဲခဏသွားရမှာ”
“ဘယ်လောက်ကြာမှာလဲ”
“အလွန်ဆုံးကြာ တစ်ပါတ်ပေါ့ ကိုယ်မရှိတုန်း မဆိုးပဲလိမ်လိမ်မာမာနေလို့ပြောမလို့”
“အင်း မဆိုးပါဘူး ဏီဏီတော့ကိုကြီးကိုလွမ်းနေတော့မှာပဲ ဟိုရောက်တာနဲ့ဖုန်းဆက်ခဲ့နော် အွန်လိုင်းအမြဲသုံးနော် သတိရတိုင်းလှမ်းခေါ်မှာ”
“ကောင်းပါပြီဗျာ အိပ်တော့နော် အတွေးတွေများမနေနဲ့”
ကိုကြီးရဲ့အတွေးတွေများမနေနဲ့ဆိုတဲ့စကားကို ဏီသဘောပေါက်ပါသည်။ ထူးဇော်အကြောင်းလှျှောက်တွေးမနေနဲ့လို့ ပြောချင်တာကို တိုက်ရိုက်မပြောပဲဝေ့ဝှိက်နေသေးသည်။
“ဟုတ် ကိုကြီး Good Night”
ကိုကြီးမရှိတဲ့နေ့ရက်တွေဟာ ပျင်းစရာကောင်းလှပါသည်။ အွန်လိုင်းကနေနည်းနည်းပါးပါးပြောဖြစ်ပေမယ့် ဘာမှန်းမသိ ခြောက်ကပ်ကပ်နိုင်သလိုခံစားနေရသည်။ ဒီကြားထဲ ဖုန်းဆက်ဆက်လာတတ်တဲ့ထူးဇော်ကြောင့် ဏီဏီမှာ အတွေးများ ရသေးသည်။ ဖုန်းဆက်တိုင်းသူပြောတတ်တဲ့စကားတွေက ဏီဏီကိုအခုထိမမေ့နိုင်သေးတဲ့ပုံပင်။
“ဏီဏီရာ မင်းဘဲကြီးကိုခေါက်ပစ်လိုက်စမ်းပါ”
“အောင်မာ ဘာလို့ခေါက်ပစ်ရမှာလဲ”
“အဲ့ဒီလူထက်သာတာနဲ့တွဲလို့မရဘူးလား”
“သူကဘာဖြစ်နေလို့လဲ”
“ဘာဖြစ်ရမှာလဲ ချမ်းသာတာလဲမဟုတ်ဘူး မင်းအဖေကုမ္ပဏီမှာလုပ်နေတဲ့လူမလား”
ကိုကြီးကိုပြောလာတော့ ဏီဏီမခံချင်ပါ။ ကံကောင်းလို့သူဌေးသားဖြစ်နေတဲ့လူက။ လူကြီးကို ကဲ့ရဲ့စရာလား။
“အခုသူ့ဘာသာလုပ်နေတာပါနော်”
“ဘာလုပ်လုပ်လေ ငါသိတယ် မင်းငါ့ကိုရွဲ့ပြီးအဲ့ဒီလူနဲ့တွဲနေတာမလား”
“ဖြစ်ရလေ ငါ့ဘာသာသူ့ကိုချစ်လို့တွဲတာပေါ့ နင့်ကိုရွဲ့ချင်တိုင်းတွဲစရာလား”
“ဟား ဟား”
ဏီဏီစကားကို မယုံသလို ဟားတိုက်ရယ်နေပုံက အမြင်ကတ်ဖို့ကောင်းလှပေမယ့် သံယောဇဉ်မပြတ်နိုင်သူမို့ ဖုန်းလဲမချမိပေ။ ထူးဇော်က သတိရချိန်တိုင်းဖုန်းဆက်ပြီး ကိုကြီးကိုဖြတ်ပစ်ဖို့ပြောနေတာကို သာယာနေမိသည်။ ဒါက ဏီဏီကိုသဝန်တိုလို့ဖြတ်ခိုင်းနေတာမလား။ ဖြတ်စရာမလိုအောင် ကိုကြီးနဲ့ဏီဏီက ချစ်သူရည်းစားတွေမဟုတ်ဘူး ဆိုတာကို လုံးဝမပြောချင်ပါ။ သူအခုလို သဝန်တိုနေတာပဲ ကြိုက်ပါသည်။ သူတောင် ဟေမာန်နဲ့မပြတ်ပဲ ကိုယ့်ကို ဆက်သွယ်နေသေးတာ။ ဏီဏီလဲ ဘာလို့ပြောပြရမှာလဲ။ သူဖုန်းဆက်ချိန်တိုင်းကိုင်နိုင်အောင် ဖုန်းကိုလက်က မချစတမ်း သယ်သွားနေမိသည်။
“ငါ ဟေမာန်နဲ့ပြတ်သွားပြီဏီဏီ”
စိတ်ပုတ်တယ်ပဲဆိုချင်ဆို။ သူတို့ပြတ်သွားတာ တကယ်ကိုဝမ်းသာပါသည်။ ဖုန်းကိုနားနားကပ်ထားရင်း အသံတိတ် ပြုံးနေမိသည်။
“ငါ့ကိုနှစ်သိမ့်ပေးဦးလေ အသဲကွဲနေပါတယ်ဆို”
“ဟင် ဘာလို့နှစ်သိမ့်ပေးရမှာလဲ အရင်ကနင့်ကြောင့်ငါလဲအသဲကွဲခဲ့တာပဲလေ”
“အဲ့ဒီအတွက်ပြန်ပေးဆပ်လို့ရမလား ငါအခုအသဲကွဲနေတာကနင့်ကြောင့် နင့်ကိုဟိုလူနဲ့တွဲမြင်ရမှာတကယ်ချစ်မှန်းသိခဲ့တာ”
ဘုရားရေ။ သူကဏီဏီဆီပြန်လာတာပေါ့။ ဟေမာန်နဲ့တကယ်ပြတ်သွားတာလား။
“ငါ ငါနင့်ကိုမချစ်တော့ဘူး”
အဲ့ဒီစကားပြောလိုက်ရပေမယ့် ဏီဏီရင်ထဲမှာဝမ်းနည်းနေသလိုပင်။
“ညာနေတာ နင်ငါ့ကိုချစ်တယ်ဆိုတာငါသိတယ် နင်ပြောခဲ့တယ်လေ နင့်ဆီအချိန်မရွေးပြန်လာခဲ့ပါဆို”
“အဲ့ဒါက အဲ့ဒါက…”
“ဏီဏီ နင့်ဘဲကြီးကိုထားခဲ့လိုက်စမ်းပါ နင်ချစ်တာငါပဲဆိုတာနင်သိလား”
ပြန်မဖြေပဲငြိမ်နေလိုက်သည်။ သူ့ကိုချစ်နေသေးတယ်ဆိုတာ ဏီဏီသိပါသည်။ သို့သော် မယုံတော့ပါ။
“မနက်ဖြန် ငါတို့ခဏတွေ့ရအောင်”
“မတွေ့ချင်ပါဘူး”
“နင်ကလဲ တအားကြီးကျယ်တာပဲ နင်သွားချင်တဲ့နေရာတွေလိုက်ပို့ပေးမယ်လေ”
“တော်ပြီ ငါဘယ်မှမသွားချင်ဘူး”
“ဏီရာ ငါ့ကိုမချစ်တော့ဘူးလား”
“ငါ့မှာဘဲရှိတယ်လေ”
“အဲ့ဒီဘဲကြီးကိုမင်းမှမချစ်တာ ငါသိတယ် ငါ့ကိုရွဲ့ပြီးတွဲတယ်ဆိုတာ”
“ရယ်ရတယ် မဟုတ်ဘူးလို့ပြောထားပြီးသားလေ”
“မင်းအကြောင်းကိုငါအသိဆုံးပါ ညာမနေပါနဲ့ ငါ့ကိုပြန်ချစ်လိုက်တော့ဟာ နော် မနက်ဖြန်ဖုန်းဆက်ခဲ့မယ် ဒါပဲနော်”
ဖုန်းချလိုက်ရင်း ထူးဇော်ရဲ့ရည်းစားစကားကို ပြန်လက်ခံသင့်လား၊ လက်မခံသင့်ဘူးလားမသိတော့။ အခန်းထဲက ထွက်လာပြီး မမကေအခန်းကိုကူးလာခဲ့ပေမယ့်မရှိပေ။ မမကေကို လိုက်ရှာတော့ မီးဖိုခန်းထဲမှာ ရေသောက်နေတာ တွေ့လိုက်ရသည်။
“မမေက”
“ဏီ လာလေ အိပ်မပျော်လို့လား ရေသောက်ဦးမလား”
ဏီဏီအတွက်ရေထည့်ပေးနေတဲ့မမကေခါးကို နောက်ကနေဖက်လိုက်ရင်း
“မမကေ ထူးဇော်ကလေ ဏီဏီကိုချစ်တယ်တဲ့”
“ဟင်”
ကေက ဏီဏီမျက်နှာကို အလန့်တကြားလှည့်ကြည့်လိုက်မိသည်။ ဒီအကြောင်းကို ဖေဖေသိရင်မလွယ်ပေ။
“အခုပဲဖုန်းဆက်လာတာ ပြန်လက်ခံလိုက်ရမလားဟင်”
“ဘယ်ဖြစ်မလဲ ဏီဏီရဲ့ သူကဟေမာန်နဲ့ကြိုက်သွားတာကို တကယ်ပြတ်တာလဲမဖြစ်နိုင်ပါဘူး”
“တကယ်ပြတ်သွားတဲ့မမရဲ့ ထူးဇော်သနားပါတယ် ဏီကိုတကယ်ချစ်ခဲ့တာတဲ့”
“ဘာကိုတကယ်ချစ်ခဲ့တာလဲ”
မထင်မှတ်ထားပဲ နောက်ကနေထွက်လာတဲ့ ဖေဖေအသံကြောင့် ညီအစ်မနှစ်ယောက်စလုံးလန့်သွားမိသည်။ ကိုယ့်သမီးကို အရုပ်လိုလာကစားနေတဲ့ဒီကောင်လေးနဲ့လုံးဝသဘောမတူနိုင်ပါ။ ငယ်ငယ်ရွယ်ရွယ်မို့ အပျော်ရည်းစားထားကြရင်တောင် အဲ့လိုကောင်မျိုးနဲ့မထားခိုင်းစေချင်ပေ။
“ဖေဖေ”
“အဲ့ဒီကောင်နဲ့လုံးဝသဘောမတူနိုင်ဘူးသမီး ပြတ်လက်စနဲ့ထားလိုက်တော့ ပြန်ဆက်ဖို့စိတ်မကူးနဲ့”
ဏီဏီနဲ့ထူးဇော်အကြောင်းကို ဖေဖေသိနေခဲ့တာပဲ။ သိမှာပေါ့လေ။ ဏီဏီအဖေက တုံးအတဲ့လူမှမဟုတ်တာ။
“ဖေဖေကလဲ ထူးဇော်သနားပါတယ်”
“သနားစရာမလိုဘူးဏီဏီ ကိုယ့်အပေါ်မကောင်းတဲ့လူကို ဖေဖေမကြိုက်ဘူးလို့ပြောရင် ဆက်မလုပ်နဲ့တော့လေ”
“လုပ်မှာပဲ သမီးသူ့ကိုချစ်ပါတယ်ဆို”
ဆောင့်အောင့်ပြီးထွက်သွားတဲ့ဏီဏီကိုကြည့်ပြီး ဦးနေထွန်းသက်ပြင်းချလိုက်မိသည်။ နွဲ့ဆိုးသာဆိုးတတ်ပေမယ့် လူကြီးတွေစကားကိုတော်ရုံနဲ့မဆန့်ကျင်တတ်တဲ့ကလေးမဟာ အဖေကိုစူအောင့်ပြသွားလေသည်။ အခုအချိန်မှာ စိတ်ရူးတွေပေါက်ပြီး ထူးဇော်နောက်လိုက်သွားမှာလဲစိုးရိမ်မိပါသည်။ ဟိုကောင်လေးက တကယ်ကြိုက်တာလဲမဟုတ်ပဲ။ တကယ်ကြိုက်ရင်တောင်လုံးဝသဘောမတူနိုင်ပါ။ နှစ်ယောက်စလုံးကဂျစ်ကန်ကန်စရိုက်နဲ့ မြဲနိုင်မည်မထင်။
“သမီးကြီး ညီမလေးကို သေချာကြည့်ထားနော်”
“ဟုတ် ဖေဖေ သမီးကြည့်ထားလိုက်ပါမယ် ဏီဏီဆီလိုက်သွားလိုက်ဦးမယ်”
ဖေဖေစိတ်မပူအောင်သာပြောလိုက်ရပေမယ့် ကေလဲစိတ်ပူမိပါသည်။ ဏီဏီက ထင်ရာကိုဇွတ်လုပ်တတ်သူဖြစ်ရာ အခုလိုတိုင်ပင်တာတောင် ကျေးဇူးတင်ရပါဦးမည်။ လော့ခ်ချထားတဲ့ဏီဏီရဲ့အခန်းတံခါးကိုခေါက်လိုက်သည်။
“ဘယ်သူလဲ”
“ဏီဏီ မမကေ တံခါးဖွင့်ပေးဦး”
ဏီဏီကစူပုတ်ပုတ်မျက်နှာပေးနဲ့တံခါးဖွင့်ပေးလို့ အခန်းထဲဝင်ခဲ့ပြီး ကုတင်ပေါ်ထိုင်လိုက်သည်။
“ဘာဖြစ်လို့ဖေဖေစိတ်ဆိုးအောင်ပြန်ပြောရတာလဲဏီဏီရယ်”
“ဘာပြန်ပြောလို့လဲ ဏီဏီကအမှန်အတိုင်းပြောတာလေ ထူးဇော်ကိုဏီဏီတကယ်ချစ်တာပဲကို”
ဏီဏီက ကေ့ကိုဂျစ်ကန်ကန်မျက်နှာပေးနဲ့ပြန်ပြောသည်။
“ဏီ မမကေပြောမယ် သူ့ကိုအဖြေပြန်မပေးနဲ့ဦး တစ်လလောက်စောင့်ကြည့်လိုက်ဦး ဟေမာန်နဲ့တကယ်ပြတ် မပြတ်ဆိုတာ ပြတ်သွားတာသေချာမှ အဖြေပြန်ပေးပေါ့”
ဏီဏီက ကေကိုမယုံသလိုကြည့်ရင်းမေးသည်။
“တကယ်လား မမကေဖေဖေ့ကိုပြန်မတိုင်ဘူးမလား”
“မတိုင်ပါဘူး သူသာဟေမာန်နဲ့တကယ်ပြတ်ပြီဆိုရင်ညီမလေးသဘော ပြန်ဆက်ချင်လဲဆက်ပေါ့”
ကေမှာ ဏီဏီကိုချော့မော့ပြောရင်း သူတို့နှစ်ယောက်မပြတ်ပါစေနဲ့လို့သာဆုတောင်းနေမိတော့သည်။ ဏီဏီကတားလေ ပိုဆိုးလေဖြစ်မည့်သူမျိုးဆိုတာသေချာသိတဲ့ကေက ချော့မော့ပြောပြီးအခြေအနေစောင့်ကြည့်ရုံသာတတ်နိုင်သည်။
နောက်တစ်နေ့မှာတော့ တစ်ယောက်ထဲပျင်းပျင်းရှိတာနဲ့ လျှောက်လည်ဖို့အိမ်ထဲကနေ ထွက်ခဲ့သည်။ ကိုကြီးရှိရင် ဖုန်းဆက်ခေါ်လို့ရသားလို့ တွေးမိလိုက်သေးသည်။ ဒီလူကြီးအခုအချိန်ဘာတွေလုပ်နေမှာပါလိမ့်။
“အမလေး”
ခြံထဲကအထွက်မှာ ရုတ်တရက်ကြီး ကားရှေ့လက်ကြီးကားကာ ပိတ်ရပ်လိုက်တဲ့ထူးဇော်ကြောင့် လန့်သွားမိပြီး ဘရိတ်အမြန် အုပ်လိုက်ရသည်။
“နင် ဘာလုပ်တာလဲ”
“နင့်ကိုလာတွေ့တာလေ စကားအေးဆေးပြောရအောင်”
“ဘာပြောမလို့လဲ”
“ကားပေါ်ကခဏဆင်းခဲ့စမ်းပါ နင့်ကိုလွမ်းလို့လာတွေ့တဲ့လူကို စိမ်းကားနေတာ”
ထူးဇော်ရဲ့မျက်နှာကိုမယုံသလိုကြည့်ရင်း ကားတံခါးဖွင့်ပြီးဆင်းလိုက်သည်။ ဒီကောင်ဘာဖြစ်နေတာလဲမသိ။ အရင် ဏီဏီနဲ့ ချစ်သူရည်းစားဖြစ်နေတုန်းကတောင် အိမ်ထိတစ်ခါမှမလိုက်လာဖူးပေ။
“မြန်မြန်ပြော ကားကတံခါးပေါက်ဝမှာကြီးရပ်ထားရတာ”
“ငါ့ကိုဘာလို့ပြန်မချစ်တာလဲ”
“အာ…”
ဘာတွေလာမေးနေမှန်းမလဲမသိ။ စိတ်ရှုပ်ရှုပ်နဲ့ကားပေါ်ပြန်တက်ဖို့လုပ်နေတဲ့ ဏီဏီလက်ကို ထူးဇော်ကဆွဲကိုင်လိုက်ရင်း
“ဏီဏီ ငါတို့ပြန်တွဲရအောင်ကွာ”
“ထူးဇော် နင်ဘယ်လိုဖြစ်နေတာလဲ ငါ့လက်ကိုလွှတ်”
ဒီလိုအတင်းအကြပ်ပုံစံမျိုးကြီး လာလုပ်တာလုံးဝမကြိုက်ပါ။ သူ့ကိုပြန်ကြိုက်ဖို့လဲ မယုံကြည်နိုင်သေးပေ။ ထူးဇော်က မလွှတ်ပေးပဲ ရုန်းလေပိုဆွဲကိုင်ထားလေဖြစ်နေသည်။
“ဟေ့ကောင် လွှတ်လိုက်စမ်း”
ဖေဖေ့စကားသံမဆုံးသေး ထူးဇော်တစ်ယောက် မြေကြီးပေါ်ပစ်လှဲကျသွားသည်။
“ဖေ.. ဖေ”
နောက်မှာရောက်လာတဲ့ဦးနေထွန်းက သမီးလက်ကိုအတင်းဆွဲနေတဲ့ ထူးဇော်ကိုဆွဲထိုးပစ်လိုက်ခြင်းဖြစ်သည်။ နှစ်ယောက်သားစကားများနေလို့ ဦးနေထွန်းရောက်လာတာကို သတိမထားမိကြပေ။ ထူးဇော်က လက်သီးဆုပ်ကာ ထရပ် လိုက်ပြီးဦးနေထွန်းကိုဒေါသတကြီးစိုက်ကြည့်နေသည်။ သူ့ရဲ့နုတ်ခမ်းထောင့်မှာသွေးတွေထွက်သွားကာ အသားဖြူသူမို့ ချက်ချင်းမဲညိုယောင်ကိုင်းလာသည်။
“ဟေ့ကောင် မင်းငါ့အိမ်ရှေ့ကအခုထွက်သွား”
ဏီဏီကဖေဖေ့ရဲ့လက်မောင်းကိုဆွဲကိုင်ထားရင်း ထူးဇော်ကိုအမြန်မောင်းထုတ်လိုက်သည်။
“ထူးဇော် နင်သွားတော့”
သားအဖနှစ်ယောက်ကို မကျေမနပ်ကြည့်ပြီးထူးဇော်ထွက်သွားလေတော့သည်။
ဦးနေထွန်းက ဘရဏီလက်ကိုဆွဲကာ အိမ်ထဲပြန်ခေါ်ခဲ့လိုက်သည်။ ဧည့်ခန်းထဲထိုင်နေတဲ့ ကေက သားအဖနှစ်ယောက်ကို ကြည့်ပြီး မေးသည်။
“ဘာဖြစ်လာတာလဲ ဖေ”
“အိမ်ရှေ့မှာဟိုကောင်က သမီးညီမကိုဆွဲလားရမ်းလားလာလုပ်နေတာ ဏီဏီ အဲ့ဒီကောင်နဲ့အဆက်အသွယ်မလုပ်ဖို့ ဖေဖေမှာ ထားတယ်မလား”
အတတ်နိုင်ဆုံးဒေါသထိန်းပြီးပြောနေတဲ့ဖေဖေမျက်နှာကိုကြည့်ပြီး ကေလန့်နေမိသည်။ သူ့သမီးကို မဆူရက်၊မပြောရက်နဲ့။ ဒီလောက်ဒေါသထွက်နေတဲ့အချိန်မှာတောင် လေသံမာမာမပြောရက်နိုင်ပေ။
“သူ့ဘာသာလာတာလေ သမီးသွားတွေ့တာမှမဟုတ်တာ အခုလဲဖေဖေထိုးလိုက်လို့နုတ်ခမ်းတောင်ကွဲသွားတာကို”
“သူ့ဘာသူလာလဲ သမီးလက်ခံတွေ့စရာမလိုဘူး အဲ့ဒီလိုကောင်မျိုးနဲ့ဖေဖေလုံးဝသဘောမတူဘူးလို့ပြောထားတယ်နော် နောက်တစ်ခါဆို ထိုးရုံမကဘူး သတ်ပစ်မှာ”
“ထူးဇော်ကဘာဖြစ်နေလို့လဲဖေဖေရဲ့ သမီးတို့ထက်တောင်ချမ်းသာသေးတာကို”
“ဖေဖေတို့ထက်ချမ်းသာလဲ သူလိုကောင်မျိုးကိုသမက်မတော်နိုင်ဘူး သမီးနဲ့လုံးဝအဆင်မပြေနိုင်ဘူး”
“ဘာလို့အဆင်မပြေရမှာလဲ တစ်ယောက်နဲ့တစ်ယောက်ချစ်နေရင်ရပြီမဟုတ်ဘူးလား”
“ဖေဖေနောက်ဆုံးသတိပေးခြင်းပဲသမီး အဲ့ဒီကောင်နဲ့လုံးဝအဆက်အသွယ်မလုပ်ပါနဲ့”
ဂျစ်ကန်ကန်ပြန်ပြောနေတဲ့သမီးမျက်နှာကိုဆက်မကြည့်ချင်တော့လို့ အခန်းထဲဝင်ခဲ့လိုက်သည်။ တဇွတ်ထိုးလုပ်တတ်တဲ့ ဏီဏီကိုလွှတ်ထားလို့မဖြစ်တော့။ လူတွေအကြောင်းဘာမှမသိတဲ့ဒီကလေးဟာ ဟိုကောင်ပြောသမျှကိုယုံနေတော့မှာ။ အချစ်ဦးမို့ အရူးအမူးဖြစ်နေချိန် အတင်းအကြပ်တားမြစ်လိုက်လို့ ကိုယ့်သမီးပါသွားမှာလဲစိုးရိမ်မိပါသည်။ ဟိုကောင်ကလဲ သူ့ရည်းစားနဲ့ အဆင်မပြေတိုင်း ကိုယ့်သမီးကိုလာအသုံးချနေတာကို စိတ်တိုမိသည်။ ပိုင်စိုးပိုင်နင်းသမီးလက်ကို ဆွဲထားတာ နှစ်ချက်လောက်ဆင့်မထိုးပစ်လိုက်မိတာကို နောင်တရနေမိသည်။ ဒီလိုအဖြစ်မျိုးနောက်ထပ်မဖြစ်စေဖို့ သူဘာလုပ်ရမယ်မှန်းမသိတော့။
အလွန်ချစ်ကြတဲ့သားအဖနှစ်ယောက်ဟာ အခုလိုခွန်းကြီးခွန်းငယ် စကားများတာမျိုးမရှိသလောက်ပင်။ ကေ သက်ပြင်းချလိုက်ရင်း မှုန်ကုတ်ကုတ်ထိုင်နေတဲ့ဏီဏီကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ စိတ်မထင်ရင် မထင်သလိုလုပ်သွားမှ တသက်လုံးနောင်တရစရာတွေဖြစ်ကုန်မှာ စိုးပါသည်။
“ဏီဏီ စဉ်းစားပြီးပြီလား”
“မစဉ်းစားချင်ပါဘူး ဘာကိုစဉ်းစားရမှာလဲ”
“ဟာ အဲ့ဒီလိုမရဘူးလေ င့ါမှာယောက္ခထီးကြီးထိုးတာလဲခံထားရတာ မျက်နှာတောင်ယောင်ကိုင်းနေတာပဲ နင်မယုံရင်လာကြည့် ပဲမများနဲ့တော့ကွာ”
နုတ်ခမ်းကွဲသွားတဲ့ထူးဇော်မျက်နှာကိုမြင်ယောင်မိတော့ အားနာသွားမိသလိုပင်။
“ပဲများနေတာမဟုတ်ဘူး တကယ်ကိုမစဉ်းစားချင်တော့တာ”
အခုလိုသူ့ကိုငြင်းဆဲနေရတာကို ဏီဏီတကယ်ကိုအရသာတွေ့ပါသည်။ တချိန်က ကိုယ့်အပေါ်ရက်ရက်စက်စက် ပစ်သွားရက်သူကို လက်စားချေတယ်ပဲဆိုပါစို့။
“ငါနင့်ကိုတကယ်ချစ်တာပါဏီဏီရာ မင်းကငါ့ကိုတမင်လက်စားချေနေတာပဲ”
“လက်စားချေတာမဟုတ်ပါဘူး နင့်ကိုထပ်ချစ်ရမှာကြောက်သွားတာ”
“မကြောက်ပါနဲ့ ငါတကယ်ပြောတာ နင့်ကိုတကယ်ချစ်တာ”
“နင်နဲ့ဟေမာန်တကယ်ပြတ်သွားပြီလား”
“ပြတ်သွားပါပြီဆို မယုံရင်သူ့ကိုဖုန်းဆက်ပြီးမေးကြည့်လိုက်”
“ဘာလို့မေးရမှာလဲ မမေးချင်ပါဘူး”
အဲ့ဒီလိုဖုန်းဆက်ပြီးလဲမမေးချင်ပေမယ့် သူတို့တကယ်ပြတ်မပြတ်ကိုတော့ သိချင်မိပါသည်။ ညတိုင်းဖုန်းဆက်ညော်နေတဲ့ ထူးဇော်ရဲ့အပြောတွေကို နားယောင်မိနေတော့သည်။ ဖေဖေထိုးလိုက်တာကိုလဲ စိတ်ဆိုးပုံမရ။ သူဏီဏီကို တကယ်ချစ်တယ်ဆိုတာကို ယုံချင်ချင် ဖြစ်လာတော့သည်။
ဏီဏီရေ ကိုယ်မနက်ဖြန်ပြန်လာတော့မယ် ဘာမှာချင်သေးလဲ
ကိုကြီးပို့ထားတဲ့စာကိုဖတ်လိုက်မိမှပဲကိုကြီးကိုသတိရမိသွားသည်။ထူးဇော်နဲ့ပြောနေတဲ့ဒီရက်ပိုင်းအတွင်း ကိုကြီးကိုတောင် မေ့နေမိပါလား။
မမှာတော့ဘူး မမှာပေမယ့်တစ်ခုခုတော့ဝယ်ခဲ့ပါ ဘယ်အချိန်ပြန်ရောက်မှာလဲ ဏီဏီလာကြိုပေးရမလား
ရတယ် လာမကြိုနဲ့ နေ့လယ်ပိုင်းလောက်ရောက်မယ်ထင်တယ် ပြန်ရောက်မှတွေ့မယ်နော်
ကိုကြီးနဲ့အပြန်အလှန်စာပို့နေရင်း ပြုံးနေမိသည်။ ဒီလူကြီးကိုမဆိုးရတာကြာတော့ လွမ်းမိသား။ အခုမှ ထလွမ်းပြနေတဲ့ ကိုယ့်ကိုကိုယ်ရယ်ချင်မိတော့သည်။
နောက်တစ်နေ့ရောက်တော့ ပြန်ရောက်လာမယ့်ကိုကြီးကို ပြေးတွေ့ချင်မိသည်။ အံ့သြသွားအောင် သူ့အိမ်ပေါက်နား သွားစောင့်နေလိုက်မည်ဆိုတဲ့အတွေးနဲ့ အလှတွေပြင်ပြီး အခန်းထဲကထွက်စဉ် ထူးဇော်ဆီကဖုန်းလာခဲ့သည်။ ဧည့်ခန်းထဲမှာထိုင်ပြီး ထူးဇော်ဖုန်းကိုစိတ်ရှုပ်ရှုပ်နဲ့ကိုင်လိုက်မိသည်။ ဘာမှန်းလဲမသိ။ ကိုယ့်ဘာသာအေးဆေးကိုကြီးနဲ့ သွားတွေ့မလို့ပါဆို။ ထူးဇော်ကိုချစ်တယ်လို့ထင်ပေမယ့် အခုအချိန်မှာတော့စိတ်ရှုပ်မိပါသည်။
“ဏီဏီ ငါတို့ခိုးပြေးရအောင်”
“အောင်မာ ဘာလို့နင်နဲ့ခိုးပြေးရမှာလဲ အံ့သြပါ့”
ထူးဇော်နဲ့ဖုန်းပြောနေတဲ့ဏီဏီက ဧည့်ခန်းထောင့်မှာဖုန်သုတ်နေတဲ့ အိမ်အကူမစိုးတစ်ယောက် တိတ်တိတ်လေး နားထောင်နေတာကို သတိမထားမိပေ။
“အဲ့ဒါဆိုလဲငါ့ကိုခဏတော့လာတွေ့ကွာ နင့်ကိုမတွေ့ရတာအရမ်းကြာနေပြီ လွမ်းလို့”
“အခုမှဘာလွမ်းလို့လဲ”
“နင့်ကိုခိုးမပြေးပါဘူးကွာ”
“နင်ခိုးပြေးမယ်ဆိုတာနဲ့ငါကလိုက်စရာလား”
“ခဏပဲကွာ နော် ငါတွေ့ချင်လို့ပါ နင့်အိမ်နားမှာရောက်နေတယ် ခဏထွက်လာခဲ့ နင့်အဖေတွေ့ရင်ထပ်ထိုးခံနေရမှာစိုးလို့”
ဖေဖေကြောင့် သူအနာတရဖြစ်ထားတာကို သတိရမိသွားရင်း အားနာလို့သွားတွေ့ဖို့ဆုံးဖြတ်လိုက်သည်။
“ပြီးရော လာခဲ့မယ်လေ ဘယ်နေရာလဲ အင်း အင်း အခုထွက်လာပြီ”
ထွက်သွားတဲ့ဏီဏီနောက်ကျောကိုကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့တဲ့မစိုးက ကေသရီကိုပြေးရှာလေသည်။
“မမေက မမေက”
ဘုရားပန်းအိုးလဲနေတဲ့ ကေက အလန့်တကြားအပေါ်ပြေးတက်လာတဲ့မစိုးကို အူကြောင်ကြောင်ကြည့်ရင်း
“ဘာဖြစ်တာလဲမစိုး”
“ဟို ဏီဏီ ဏီဏီက ယောကျာ်းနောက်လိုက်ပြေးမလို့တဲ့”
“ဘာ ဘာပြောတယ် မစိုးဘယ်လိုသိတာလဲ”
“အခုပဲဖုန်းပြောပြီးထွက်သွားတာ ခိုးပြေးဖို့ချိန်းတဲ့နေရာကိုသွားလိုက်ပြီ”
“မဟုတ်လောက်ပါဘူးမစိုးရယ် ဘယ်သူကိုမှလျှောက်ပြောမနေနဲ့နော် ဏီဏီကအပြင်ခဏသွားတာပါ”
မစိုးကိုဘာမှမဖြစ်သလိုပြောခဲ့ပေမယ့် ကေတကယ်ကိုစိတ်ပူသွားမိသည်။ အခန်းထဲဝင်ခဲ့ပြီး ဏီဏီဆီဖုန်းဆက်သော်လည်း မကိုင်ပေ။ ဖုန်းဝင်ရဲ့သားနဲ့ဘာလို့မကိုင်တာလဲမသိ။ ဘာလုပ်ရမယ်မှန်းမသိတော့လို့ ဖေဖေ့ဆီကို ဖုန်းဆက်လိုက်သည်။
ပိုက်ဆံအိတ်ကိုကားပေါ်ထားပြီး ထူးဇော်ကိုဆင်းတွေ့နေတဲ့ဏီဏီက အိတ်ထဲကဖုန်းမြည်သံကို မကြားမိပေ။
“ဘာကိစ္စရှိလို့လဲ”
“နင်ကလဲတအားစိမ်းတာပဲ ဟိုဘဲကြီးနဲ့ကြိုက်ပြီးကတည်းကပုံစံပြောင်းသွားတာ”
“မဆိုင်တဲ့လူကိုဆွဲထည့်မနေပါနဲ့ နင်ပဲတွေ့ချင်တယ်ဆို ဘာပြောမလို့လဲ”
ဏီဏီကခပ်ချေချေမျက်နှာထားနဲ့အထက်စီးကနေပြောလိုက်သည်။ အခုလိုပုံစံပြောနေရတာကို ဘယ်လိုကျေနပ်မှန်းမသိ။ အရင်က ဏီဏီကပဲ ပစ်မသွားပါနဲ့လို့ အောက်ကျို့တောင်းပန်ခဲ့ရတာမလား။
“ငါ့ကိုဟေမာန်နဲ့အဆင်ပြေအောင်လုပ်ပေးစမ်းပါဟာ သူကငါ့ဖုန်းကိုလုံးဝမကိုင်ဘူး”
“ဘာ”
အရမ်းအံ့သြသွားမိသည်။ အမှတ်မရှိ သူဖုန်းဆက်ပြောခဲ့တာတွေကို ယုံချင်ချင်ဖြစ်ပြီး ကိုယ့်ကိုတကယ်ပြန်ကြိုက်တယ်လို့ ထင်နေမိခဲ့တာကိုလဲ ရှက်သွားမိသည်။ ခုနတုန်းက ခိုးပြေးရအောင်ဆိုပြီးပြောခဲ့တဲ့သူက ဒင်းမဟုတ်သလိုပင်။ ဟေမာန်နဲ့ အဆက်အသွယ်ရအောင် အကူအညီတောင်းချင်လဲ တခြားပုံစံမျိုးနဲ့တောင်းလို့မရဘူးလား။ တစ်ခါသေဖူးတာကို ပျဉ်ဖိုးနားမလည်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ဆုံးမရင်း နောက်ခါ သူလိုလူရဲ့စကားကို လုံးဝနားမယောင်မိအောင်နေပါတော့ည်။
“တခြားဖုန်းနဲ့ဆက်လဲငါ့အသံကြားရင်ချပစ်တယ်”
“အဲ့ဒါနင်တို့ကိစ္စလေ ကိုယ့်ဘာကိုယ်ရှင်းကြပေါ့ ငါသွားပြီ”
ခေါင်းငိုက်စိုက်နဲ့ကျန်ခဲ့တဲ့ထူးဇော်ကို တစ်ချက်မှလှည့်မကြည့်ပဲကားမောင်းထွက်လာခဲ့လိုက်သည်။ လူကိုများ သူတို့ရဲ့ အသုံးတော်ခံထင်နေလားမသိ။ ဟေမာန်သဝန်တိုပြီး သူ့ဆီပြန်လာအောင် ကိုယ့်ကိုအသုံးချနေတာပဲ။ ဒါကြောင့် တစ်ခုခုပြန်မေးတိုင်း ဟေမာန်ဆီပဲဖုန်းဆက်ခိုင်းနေတာကို။ အခုမှပဲ ထူးဇော်လုပ်ရပ်ကို သဘောပေါက်ပြီး အဖေကို ဆန့်ကျင်မိခဲ့တာကိုနောင်တရသွားမိသည်။ အင်မတန်မုန်းဖို့ကောင်းတဲ့သူတို့နဲ့ပတ်သက်ပြီး ခေါင်းရှုပ်မခံချင်တော့ပါ။ သီချင်းတွေအကျယ်ကြီးဖွင့်ပြီး လိုက်အော်ဆိုလိုက်သည်။ သီချင်းသံကြောင့် အိတ်ထဲမှာ အဆက်မပြတ်မြည်နေတဲ့ ဖုန်းသံကိုလဲ မကြားမိတော့ပါ။
အခုအချိန်ဆိုကိုကြီးရောက်နေလောက်ပြီ။ တံခါးပေါက်ဝမှာဏီဏီကိုတွေ့လိုက်လို့ အံ့သြသွားမယ့်မျက်နှာကို မြင်ယောင်မိရင်း ပြုံးလိုက်မိသည်။ ဒီလူကြီး ပြူးပြူးပြာပြာဖြစ်သွားမှာ သေချာသည်။ အခုမှ အိမ်ပြန်ရောက်တဲ့လူအတွက် စားစရာတစ်ခုခုဝင်ဝယ်သွားပေးဖို့ စိတ်ကူးမိသွားသည်။ တကယ်လဲဏီဏီကိုတွေ့တော့ ကိုကြီးအံ့သြသွားပါသည်။ မထင်မှတ်ပဲတွေ့လိုက်ရတဲ့ဏီဏီကို ကြည့်ပြီး ပျော်သွားပုံပါပဲ။ ဏီဏီလဲအတူတူပါပဲ။ သူနဲ့တွေ့ရတာကိုပျော်နေမိသည်။
“ဟာ ဒီကလေးမ ဘယ်လိုလုပ်ရောက်လာတာလဲ”
“မတွေ့တာကြာလို့လွမ်းလို့ပေါ့ အံ့သြသွားတယ်မလား ဏီအတွက်ဘာပါလဲ”
“ဘာမှမပါဘူး”
“ဟာ မရဘူးနော် မမှာပေမယ့်တခုခုတော့ပါအောင်ဝယ်ခဲ့လို့ပြောလိုက်တာလေ ဒီမှာကိုကြီးအတွက်မုန့်ဝယ်လာပေးတဲ့ လူကို လက်ဆောင်မပါစရာလား”
ကောင်းမွန်က ရယ်လိုက်ရင်း ဏီဏီခေါင်းကို လက်ဝါးနဲ့အုပ်ကာခါယမ်းလိုက်သည်။ ဏီဏီကလဲ သူ့ကိုနှာခေါင်းရှုံ့ပြကာ ရယ်နေသည်။ တစ်ပါတ်လောက်မတွေ့ရတဲ့အတောအတွင်း အရမ်းလွမ်းခဲ့ရတဲ့ဏီဏီကို အခုလိုလာတွေ့တော့ တကယ်ကို ပျော်သွားမိပါသည်။ ကလေးမရဲ့မျက်နှာလေးကို လွမ်းလွမ်းဆွတ်ဆွတ်ကြည့်မိရင်း
“ပါတာပေါ့ကွာ ကိုယ့်ညီမလေးအတွက်မေ့လို့ဘယ်ဖြစ်မလဲ အထဲဝင်လေ…”
“ဟုတ်”
ဏီဏီကကောင်းမွန်လက်မောင်းကို တွဲလိုက်ပြီးအထဲဝင်ဖို့လုပ်နေစဉ်။
“မင်းတို့ ဘာလုပ်နေကြတာလဲ”
မထင်မှတ်ထားပဲရောက်လာတဲ့ဦးနေထွန်းကို နှစ်ယောက်သားကြောင်ပြီးကြည့်နေကြသည်။ ဖေဖေ့မျက်နှာကြည့်ရတာ အရမ်းစိတ်ဆိုးနေတဲ့ပုံပဲ။
“ဖေ..ဖေ…  ဒီကို… ဘာလို့ရောက်လာတာလဲ”
“ကောင်းမွန် မင်း ငါမေးတုန်းကငါ့ကိုဘယ်လိုဖြေသွားတာလဲ ငါ့သမီးကိုညီမလေးတစ်ယောက်လိုစောင့်ရှောက်ပေးမှာပါဆို အခုတော့ မင်းကခိုးပြေးတယ်ပေါ့ မင်းဒီလိုလုပ်လိမ့်မယ်လို့မထင်ထားဘူး”
“ဗျာ ကျွန်တော်….”
အခုမှပြန်ရောက်တဲ့ကောင်းမွန် ဦးနေထွန်းရဲ့စကားတွေကို နားမလည်နိုင်ပါ။
“ဘရဏီ ငယ်ငယ်ရွယ်ရွယ်နဲ့မိုက်လုံးကြီးတဲ့သမီး အဲ့ဒီယောကျာ်းနဲပဲတသက်လုံးနေတော့ နင့်ကို သမီးအဖြစ်က အမွေပြတ် စွန့်လွှတ်လိုက်ပြီ”
ဘာဖြစ်သွားမှန်းမသိတဲ့ အခြေအနေကို ဏီဏီနားမလည်နိုင်တော့။ ယောကျာ်းနောက်လိုက်ပြေးဖို့ကို တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ ဖေဖေ ဘာကိုအထင်လွဲသွားပါလိမ့်။ အထင်လွဲစရာဆိုလို့ ကိုကြီးအိမ်ကိုဏီဏီလာလည်တာသာရှိသည်။
“မဟုတ်ဘူးဖေ သမီးဘယ်သူ့နောက်မှလိုက်မပြေးဘူး”
“လက်ပူးလက်ကြပ်မိနေတာကို ငြင်းမနေနဲ့ မင်းတို့အကြောင်းကိုတစ်ရုံးလုံးလဲသိနေပြီ နှစ်ယောက်စလုံးကို ငါခွင့်မလွှတ်ဘူး အိမ်ကိုပြန်မလာနဲ့ဘရဏီ အိမ်ရိပ်တောင်လာမနင်းနဲ့ မင်းကငါ့သမီးမဟုတ်တော့ဘူး”
ပြောပြောဆိုဆိုနဲ့လှည့်ထွက်သွားတဲ့ ဖေဖေ့လက်ကိုလှမ်းဆွဲပြီးဖြေရှင်းဖို့ကြိုးစားလိုက်ပေမယ့် ဏီဏီလက်ကိုပုတ်ထုတ်ကာ ဒေါသတကြီးတုန့်ပြန်လာခဲ့သည်။
“လွှတ်စမ်း ငါ့ရှေ့ကိုဘယ်တော့မှပေါ်မလာကြနဲ့ နှစ်ယောက်စလုံးကိုသတ်မိလိမ့်မယ်”
ထွက်သွားတဲ့ဖေဖေကို နောက်တစ်ခါထပ်မဆွဲရဲတော့ပေ။ အံ့သြစရာ။ ဘာတွေဖြစ်ကုန်တာပါလဲ။ ဘာကြောင့်များ ဖေဖေ ဒီလောက်အထိ ဒေါသတကြီးစိတ်ဆိုးနေရတာလဲ။ အခန်းပေါက်ဝနား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာတွေဖြစ်ကုန်သလဲ မသိတော့ပေ။ ဏီဏီ ဝမ်းနည်းကာ မျက်ရည်တွေဝိုင်းလာခဲ့သည်။
“ဏီဏီ မငိုနဲ့လေ လာ လာ အခန်းထဲဝင်ပြီးအေးဆေးစကားပြောရအောင်”
“ဘာတွေဖြစ်ကုန်တာလဲဟင် ဏီဏီနားမလည်တော့ဘူး”
ဏီဏီတောင်နားမလည်တာ။ အခုမှပြန်ရောက်တဲ့သူက ပိုဆိုးပေါ့။ အိမ်ထဲဝင်အထုပ်လေးချရုံရှိသေး ဘဲလ်သံကြားလို့ ဖွင့်ကြည့်လိုက်မိတာ။ ဏီဏီကိုတွေ့လို့ဝမ်းသာကြည်နူးလို့မဆုံးသေး အဖေဖြစ်သူကလိုက်လာပြီး ယောကျာ်းနောက် လိုက်ပြေးတယ်ဆိုပြီးစွပ်စွဲကာ အိမ်ရိပ်တောင်မနင်းဖို့ပြောသွားသေးသည်။ ကောင်းမွန်စိတ်ရှုပ်သွားမိပေမယ့် မျက်နှာငယ်လေးနဲ့ ဏီဏီကို ပိုသနားနေမိသည်။
“ယောကျာ်းနောက်လိုက်ပြေးဖို့တစ်ခါမှမစဉ်းစားဖူးပါဘူးကိုကြီးရယ် ဒီနေ့ကိုကြီးပြန်ရောက်မယ်ဆိုလို့ ကိုကြီးကိုတွေ့ချင်လို့ ထွက်လာတာ အိမ်ကထွက်ခါနီးထူးဇော်ဖုန်းဆက်ခဲ့တာ အိမ်နားရောက်နေတယ် ခဏတွေ့ရအောင်ဆိုလို့ သွားတွေ့ပြီး ကိုကြီးဆီလာခဲ့တာပါ ဘယ်သူ့နောက်မှလိုက်မပြေးရပါဘူး”
ဏီဏီကခုံမှာဝင်ထိုင်လိုက်ရင်း မမကေဆီဖုန်းဆက်ဖို့ ပိုက်ဆံအိတ်ထဲကဖုန်းကိုထုတ်လိုက်သည်။
“ဟင် မမကေရော ဖေဖေရော ဖုန်းတွေခေါ်ထာတာပဲ ဏီဏီဘာလို့မကြားတာလဲ”
“ပြန်ခေါ်ကြည့်လိုက်လေ”
“ဟုတ်”
ညီမအတွက်စိတ်ပူနေတဲ့ကေသရီမှာ အခန်းထဲမှာတစ်ယောက်ထဲခြေမကိုင်မိ၊လက်မကိုင်မိဖြစ်နေလေသည်။
“ဟဲလို ဏီဏီ ဘယ်ရောက်နေတာလဲ”
မမအသံကြားမှ ဏီဏီငိုချလိုက်မိတော့သည်။
“အီးဟီးးး မမ သမီးဘာတွေဖြစ်ကုန်တာလဲ ဘယ်သူကယောကျာ်းနောက်လိုက်ပြေးတယ်ပြောလို့လဲ”
“ဏီဏီဖုန်းပြောသံကြားလို့ မမကိုမစိုးလာပြောတာ မမဖုန်းခေါ်နေတာကိုဏီဏီဘာလို့မကိုင်တာလဲ”
“ဏီဏီမကြားလို့လေ အီးးးး ဖေဖေက… ဏီဏီကိုအိမ်ရိပ်တောင်မနင်းနဲ့လို့ပြောသွားတယ်”
“ဟင် ဖေဖေနဲ့တွေ့လား ဏီဏီ… တကယ်လိုက်ပြေးတာလား”
“မဟုတ်ပါဘူးမမရယ် ထူးဇော်ကခဏတွေ့ဖို့ချိန်းတာပါ အိမ်နားမှာစကားပြောပြီးကိုကြီးဆီလာခဲ့တာ ဒီနေ့ ကိုကြီး ပြန်ရောက်မယ်ဆိုတာသိလို့ သူ့ကိုအံ့သြသွားအောင်လုပ်မယ်ဆိုပြီးထွက်ခဲ့တာ အခုတော့ ဘာတွေဖြစ်ကုန်တာလဲ မသိတော့ဘူး ကုမ္ပဏီကလူတွေကလဲသိကုန်ပြီတဲ့ ဘာတွေကိုသိသွားတာလဲ ဖေဖေဏီကိုအခုလိုစိတ်ဆိုးတာ တစ်ခါမှ မတွေ့ဖူးဘူး အီး ဟီးးး”
ဏီဏီက အမဖြစ်သူကို ပြောပြနေရင်း ရှိုက်ကြီးတငင်ငိုနေသည်။ ကောင်းမွန်လဲဘာမှမတတ်နိုင်တဲ့အခြေအနေမှာ ထိုင်ကြည့်နေရုံသာတတ်နိုင်တော့သည်။
“မမလဲဖေဖေ့ဆီပဲဖုန်းဆက်တာပါ တခြားဘယ်သူမှ…”
ကေသရီပြောနေရင်း မစိုးကိုသတိရသွားသည်။ အင်မတန်ပါးစပ်ဖွာတဲ့မစိုးဟာ တစ်အိမ်လုံးကိုလိုက်ပြောရုံမက ဘယ်သူတွေအထိပါလိုက်ပြောလိုက်မှန်းမသိ။ ကြည့်စမ်း ဒီလိုမိန်းမရဲ့ပါးစပ်သရမ်းမှုကြောင့် ကိုယ့်ညီမလေးဘဝကို အစွန်းအထင်းဖြစ်စေခဲ့ပြီ။
“ဏီဏီ အခုဘယ်မှာလဲ”
“ကိုကြီး အိမ်မှာ”
“အဲ့ဒီကနေဘယ်မှမသွားနဲ့နော် မမလာခဲ့မယ် အခုတော့ပြသနာအရင်ရှင်းလိုက်ဦးမယ် ဖုန်းပြန်ဆက်ခဲ့မယ် ဒါပဲနော်”
ကေသရီဖုန်းချပြီးတာနဲ့ စိတ်ဆိုးဆိုးနဲ့အောက်ထပ်ဆင်းလာခဲ့ပြီး။
“မစိုး မစိုး”
လေသံမာမာနဲ့မစိုးကိုအော်ခေါ်လိုက်သည်။
“မမကေ ဘာလိုချင်လို့လဲ”
“နင်ဏီဏီအကြောင်းဘယ်သူတွေကိုလိုက်ပြောလိုက်တာလဲ”
“ဘယ် ဘယ်သူ့ကိုမှမပြောပါဘူး”
“မလိမ်နဲ့ မှန်မှန်ပြောစမ်း”
“ဟို ဟို အိမ်ကလူတွေနဲ့ကျွန်မ… ကျွန်မရည်းစားကိုပဲဖုန်းဆက်ပြောမိတာပါ”
မစိုးရည်းစားဟာလဲ မစိုးလိုပဲအင်မတန်ပါးစပ်ဖွာတဲ့ ဖေဖေ့ရုံးကဒရိုက်ဘာတစ်ယောက်ဆိုတော့ တစ်ရုံးလုံးဒီသတင်း ပြန့်သွားတာ နောက်တောင်ကျနေပါသေးသည်။ အဓိကတရားခံက ဒင်းကိုး။
“ကောင်းပြီလေ ကြီးကြီးစု ကြီးစု”
“ဟေ ကေလေးရေ လာပြီဟေ့”
ကေရဲ့အော်သံကြောင့် ကြီးစုလဲအနောက်ထဲကနေအပြေးအလွှားထွက်လာခဲ့သည်။
“မစိုးကို အလုပ်ထုတ်လိုက်ပြီ သူ့ကိုအခုချက်ချင်းအထုပ်ပြင်ပြီးထွက်သွားခိုင်းလိုက်ပါ”
သဘောကောင်းအေးဆေးတဲ့ကေသရီရဲ့မျက်နှာထားတင်းတင်းကိုကြည့်ပြီး ကြီးစုလန့်သွားသည်။ ဒေါ်စုဒီအိမ်မှာနေခဲ့တဲ့ ဆယ်နှစ်ကျော်အတောအတွင်း ကေ ဒီလောက်အထိ စိတ်ဆိုတာမျိုးတစ်ခါမှမတွေ့ဖူးပေ။
“မမကေ ကျွန်မ ဘာမှားလို့လဲ”
“နင့်ကို ဏီဏီအကြောင်းဘယ်သူ့ကိုမှမပြောဖို့ပြောခဲ့တယ်မလား သူများဖုန်းပြောတာခိုးနားထောင်ပြီး နားစွန်နားဖျား ကြားပြီး လျှောက်ပြောလိုက်တဲ့နင့်ရဲ့မဆင်ခြင်တဲ့ပါးစပ်ကြောင့် ငါ့ညီမနာမည်ပျက်ရပြီ နင့်ကြောင့် နင့်ကြောင့်….”
ကေ စကားပြောနေရင်းဒေါသကိုမနည်းထိန်းနေရသည်။
“ဘာမှအရေးမယူပဲ ဒီအတိုင်းအလုပ်ထုတ်လိုက်တာကို အသာတကြည်ထွက်သွားပါ နင့်မျက်နှာကိုနောက်ထပ် မမြင်ချင်ဘူး အခုချက်ချင်းငါတို့အိမ်ကနေထွက်သွား”
“မမကေရယ် ကျွန်မမှားပါတယ် အလုပ်တော့မထုတ်ပါနဲ့နော်”
အဲ့ဒီလိုဇာတ်နာပြနေတဲ့အသံတွေကိုမကြားချင်ပါ။ ဘယ်သူ့ကိုမှမပြောဖို့သေချာတားခဲ့ရဲ့သားနဲ့ ပြောတုန်းကဘာမှ မစဉ်းစားပဲ သူ့အထင်နဲ့မဆင်မခြင်ပြောခဲ့ပြီး အခုမှမျက်ရည်ခံလာထိုးပြနေတဲ့လူမျိုးကို အင်မတန်ကိုမုန်းပါသည်။ သူလိုလူရဲ့စကားတစ်ခွန်းကြောင့် ဏီဏီကိုလူတွေ အထင်လွဲကုန်တော့သည်။ ဦးနေထွန်းအိမ်ကအိမ်ဖော်ကိုယ်တိုင် ပြောပါတယ်ဆိုမှတော့ လူတကာကဦးနေထွန်းသမီးအငယ် ယောကျာ်းနောက်လိုက်ပြေးတယ်ဆိုတာ အမှန်ပဲလို့ ထင်မြင်ကြကုန်တော့မည်။ မစိုးမျက်နှာကိုဆက်မမြင်ချင်တော့လို့ လှည့်ထွက်ခဲ့လိုက်သည်။ ဘာမှမသိရှာတဲ့ဏီဏီကို သနားပြီး ဖေဖေ့ဆီကိုဖုန်းဆက်လိုက်သည်။
“ဖေဖေ”
“သမီး အိမ်ပြန်ရောက်မှပြောတော့မယ် အခုအိမ်ပြန်လာနေပြီ လမ်းမှာ”
“ဟုတ်”
အားမရှိတဲ့ဖေဖေ့ရဲ့အသံကိုနားထောင်ပြီး ကေသရီစိတ်ထိခိုက်ရပါသည်။ ငိုယိုပြီးထွက်သွားတဲ့မစိုးကို ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်ပါ။ သူ့အလုပ်ပြန်ရှာရတာလွယ်ပေမယ့် ဏီဏီကတော့ အလကားနေရင်း နာမည်ပျက်ကိန်းကြုံနေရသည်။
ဧည့်ခန်းထဲမှာ ဖေဖေ့ကိုထိုင်စောင့်ရင်း ဏီဏီကိုသနားနေမိသည်။ ဘာမသိ၊ ညာမသိနဲ့ လူတွေရဲ့အထင်လွဲခြင်း ခံနေရသောညီမလေးကို ဘယ်လိုလုပ်ပေးရမယ်မှန်းမသိတော့။ အိမ်ထဲဝင်လာတဲ့ဖေဖေရဲ့ခြေလှမ်းတွေက လေးလံနေသလိုပင်။ ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်တဲ့အဖေကို ကေက လှမ်းမေးလိုက်သည်။
“ဖေဖေ အဆင်ပြေရဲ့လား”
“မပြေဘူးသမီးကြီး ဖေဖေရင်ထဲမကောင်းဘူး သမီးငယ်လဲငိုပြီးကျန်နေခဲ့တယ်”
မျက်ရည်တွေဝဲနေတဲ့အဖေဖြစ်သူကို ကေသနားမိသည်။
“သမီးအခုချက်ချင်းသွားခေါ်လိုက်မယ်လေ”
ဦးနေထွန်းက ခေါင်းခါလိုက်ပြီး
“မခေါ်နဲ့ သူအိမ်ပြန်လာလဲတံခါးမဖွင့်ပေးနဲ့ လုံးဝပြန်လက်မခံနဲ့”
“ဖေဖေ”
ကေ ဝမ်းနည်းစွာခေါ်လိုက်မိသည်။ ဖေဖေဘာကြောင့်ဒီလိုလုပ်ရတာလဲ နားမလည်နိုင်တော့။ ဏီဏီကို ဖေဖေ ဘယ်လောက်ချစ်လဲဆိုတာ ကေအသိဆုံးပါ။ ပြီးတော့ တကယ်လဲယောကျာ်းနောက်လိုက်ပြေးတာမဟုတ်ပဲနဲ့။
“ဏီဏီ အရမ်းဝမ်းနည်းနေလိမ့်မယ် သူတကယ်လိုက်ပြေးတာလဲမဟုတ်ပဲနဲ့ ဏီဏီမှာဘာအပြစ်မှမရှိပါဘူးဖေ ပြီးတော့ ပြီးတော့ ကိုကောင်းမွန်ထွန်းက သူ့ကိုလက်ခံထားပါ့မလား”
“သူလက်ခံမှာပါ သူနဲ့ဏီဏီလက်ထပ်ရလိမ့်မယ်”
“ရှင်… မဟုတ်ဘူးလေဖေ သူတို့နှစ်ယောက်ကကြိုက်နေတာမှမဟုတ်တာ ဏီဏီကထူးဇော်ကိုကြိုက်တာလေ…”
“ဟူးးးး အဲ့ဒါကြောင့်ပဲ ဖေဖေတမင်ထားခဲ့လိုက်တာ နောက်ခါလဲ အဲ့ဒီကောင်ကသူ့ရည်းစားနဲ့ပြသနာတက်တိုင်း ဏီဏီကို ဒီလိုတွေကစားနေဦးမှာပဲ သမီးငယ်ကစိတ်ဆိုးတုန်းခဏပဲ ပြီးရင်မေ့သွားတတ်တာသမီးသိရဲ့သားနဲ့ ဖေဖေဏီဏီကိုခေါ်ပြီး ရုံးသွားလိုက်ရင် အထင်လွဲတာတွေအားလုံးပြေလည်သွားမယ်ဆိုပေမယ့် အနည်းနဲ့အများကတော့ပြောဆိုခံနေရဦးမှာပဲ အခုလောက်ဆို ရုံးမှာတင်မကဘူး အပြင်ကိုလဲဒီသတင်းကရောက်နေလောက်ပြီ ပြီးတော့ရှေ့လျောက်ဒီလိုအဖြစ်မျိုးတွေ ထပ်ဖြစ်လာမှာစိုးရိမ်တယ် သူ့ရည်းစားထက်စာရင် မောင်ကောင်းမွန်လို အရည်အချင်းရှိတဲ့သူကိုပဲ သမက်တော်ချင်တယ် သမီး ပိုက်ဆံချမ်းသာဖို့ထက် သမီးငယ်ဆိုးတာကို စိတ်ရှည်သီးခံနိုင်တဲ့ လူမျိုးနဲ့မှရေရှည်အဆင်ပြေလိမ့်မယ် သမီးလေးက အရမ်းငယ်သေးတော့ အိမ်ထောင်မပြုစေချင်သေးပေမယ့် ဘာတတ်နိုင်မှာလဲ လက်ရှိဖြစ်လာတဲ့အခြေအနေကိုပဲ အကောင်းဆုံးလို့သတ်မှတ်လိုက်ကြတာပေ့ါ”
ဦးနေထွန်း ခုနတုန်းကမြင်ကွင်းကိုပြန်မြင်ယောင်နေမိသည်။ ကေသရီဆီကဖုန်းရရချင်း ဏီဏီဆီဖုန်းခေါ်တာ လုံး၀ မကိုင်လို့ ဘယ်ကိုသွားရှာရမယ်မှန်းမသိတော့။ သူနဲ့စကားများပြီးအိမ်ထဲမှာနှစ်ရက်လောက်ငြိမ်နေတဲ့သမီးဟာ အခုမှ ဘာစိတ်ကူးပေါက်ပြီး ထွက်သလဲမသိ။ တကယ်ပဲ ခိုးပြေးကြတာများလား။ ကားပေါ်ကနေ ဏီဏီဆီဖုန်းဆက်တိုက် ခေါ်ရင်း လမ်းတလျှောက်ကြည့်နေမိစဉ် သူ့မျက်စိရှေ့ရောက်လာတဲ့စုံတွဲတစ်တွဲ။ ထူးဇော်နဲ့ဟေမာန်။ ထူးဇော်က ဟေမာန်လက်ကိုဆွဲပြီး ချော့နေပုံပေါက်ပင်။ တောက်… သူကြောင့်ငါ့သမီးနဲ့စကားများရသေး။ အခုတော့ ဟေမာန်နားကို ပြန်လာကပ်နေပြန်သည်။ ကားပေါ်ကဆင်းပြီး ဆွဲထိုးချင်စိတ်ကို မနည်းထိန်းနေရသည်။ လောလောဆယ် ဏီဏီနဲ့ ပတ်သက်နေတဲ့လူက ထူးဇော်နဲ့ကောင်းမွန်နှစ်ယောက်သာ ရှိလေသည်။
ထူးဇော်ကို တွေ့လိုက်ရလို့ သက်ပြင်းချလိုက်ရင်း ကောင်းမွန်ထွန်းကို ဖုန်းဆက်လိုက်ပေမယ့် စက်ပိတ်ထားလေသည်။ သူ့ရင်ထဲ ဒိန်းခနဲ မြည်သွားရသည်။ သမီးငယ် ကောင်းမွန်နဲ့များ ခိုးပြေးတာလား။ ဘယ်လိုမှဆက်သွယ်မရတဲ့အဆုံး ကောင်းမွန်အိမ်ကို လိုက်သွားလိုက်တာ။ သူတို့နှစ်ယောက်ကို တန်းတွေ့တာပင်။ ဏီဏီခေါင်းကိုဆွဲကိုင်ယမ်းပြီး ကြည့်နေတဲ့ ကောင်းမွန်ရဲ့ မျက်လုံးတွေက ကြင်နာမှုတွေအပြည့်နဲ့။ နှာခေါင်းရှုံ့ပြီးရယ်ပြနေတဲ့ဏီဏီကလဲ ဆိုးနွဲ့ရလို့ ပျော်နေသည့်ပုံပင်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်နူးနေကြလို့ ဓါတ်လှေကားထဲကထွက်ပြီး သူတို့ကို ကြည့်နေတဲ့ လူတစ်ယောက်လုံးပင် သတိမထားမိကြပေ။ သူတို့ပြောနေတဲ့စကားကိုကြားတာနဲ့ ခိုးပြေးကြတာမဟုတ်ဘူး ဆိုတာ သိလိုက်ပေမယ့် အဲ့ဒီအချိန်ခဏအတွင်းမှာပဲ ဒီလိုဆုံးဖြတ်ချက်ချခဲ့မိတာ မှားမည်လို့တော့မထင်ပါ။ အရင်ကတည်းက သူတို့နှစ်ယောက်နောက်ကိုလူလွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့ရုံမက ကောင်းမွန်အကြောင်းကို အသေးစိတ် စုံစမ်းထားပြီးသားဆိုတော့။ သက်ပြင်းချလိုက်ရင်း သမီးငယ်ကို သူ့လက်ထဲထားခဲ့မိတာ မမှားပါစေနဲ့လို့သာ ဆုတောင်းရပေတော့မည်။
ဖေဖေ့သဘောထားကို ကေ မလွန်ဆန်တော့ပါ။ ဏီဏီနဲ့ကောင်းမွန်ကို ဖေဖေသတိထားစောင့်ကြည့်နေခဲ့တာကြာပါပြီ။ သတိထားစောင့်ကြည့်နေခဲ့တယ်ဆိုတာထက် သူတို့နှစ်ယောက်ဆုံတွေ့အောင် ဖေဖေကပဲ တမင်ဖန်တီးပေးခဲ့တာပင်။
အဲ့ဒီနေ့က ဏီဏီငိုယိုပြီး ကေကိုလာပြောပါသည်။
“အီးးး မမကေ သမီးရဲ့ဘဲက ဟေမာန်နဲ့ကြိုက်သွားပြီ”
“ဟင် ဏီဏီနဲ့ရည်းစားဖြစ်တာတောင်မကြာသေးဘူး ဟေမာန်နဲ့ဘယ်လိုကြိုက်သွားတာလဲ”
ကေသရီနေထွန်းနဲ့ဘရဏီနေထွန်း ညီအစ်မနှစ်ယောက်ဟာ အသက်ငါးနှစ်ကွာတဲ့ညီအစ်မနှစ်ယောက်ပါ။ ဏီဏီက သူမဘာလုပ်လုပ် အမဖြစ်သူကို တိုင်ပင်တတ်တာ အမေဆုံးသွားပြီးကတည်းကပါ။ အခုဆို အမေဆုံးသွားတာ နှစ်နှစ်ကျော်ရှိနေပြီ။ ကေကလဲ ညီမလေးကိုသနားလို့ တတ်နိုင်သမျှဖြည့်ဆည်းပေးတတ်ပါသည်။
“ဏီမိတ်ဆက်ပေးလိုက်တာ ထူးဇော်က ဏီ့ကိုမချစ်ဘူးတဲ့ သူငယ်ချင်းလိုပဲနေကြမယ်တဲ့ အီး ဟီးးးး”
“အော် ဏီ့ကိုစိတ်ဆိုးလို့ပြောတာလားမသိ”
“မဟုတ်ဘူး ဟေမာန်လဲပြောတယ် သူတို့ကြိုက်နေကြပြီတဲ့”
ကေ ကြားထဲကနေညီမအတွက်ဟေမာန်ကိုစိတ်တိုသွားမိသည်။ ငယ်ကတည်းကပေါင်းလာကြတဲ့သူငယ်ချင်းတွေကို အခုလို မလုပ်သင့်ဘူးလို့ ထင်ပါသည်။ ဒါပေမယ့်လဲ ဘာတတ်နိုင်မှာလဲလေ။ ဟေမာန်က ယောကျာ်းလေးတွေ ပစ်ကြွေရလောက်အောင် လှပသူတစ်ယောက်ဖြစ်သည့်အပြင် သူတို့အချင်းချင်းကပါ ကြိုက်ပါတယ်ဆိုနေမှတော့။ ကိုယ့်ညီမကိုသာ ချော့မော့ရတော့မှာပေါ့။
“ဏီရယ် မငိုပါနဲ့ နောက်ကို ငါ့ညီမလေးကိုတကယ်ချစ်တဲ့လူနဲ့ထပ်တွေ့ဦးမှာပါ”
“အီးးးး ဏီကထူးဇော်ကိုပဲချစ်တာမမရဲ့”
“အင်း အခုမချစ်နဲ့တော့ အဲ့ဒီလိုအကျင့်မကောင်းတဲ့လူမျိုးကိုမေ့ပစ်လိုက်စမ်းပါ”
“ဟင့် မေ့လို့မရဘူး ထူးဇော်ကအရမ်းသန့်တာ ပြီးတော့အရမ်းလဲချမ်းသာတယ် ဏီသူ့ကိုပဲချစ်တယ်”
“မေ့လိုက်ပါတော့ဏီဏီရယ် ကိုယ့်ကိုတကယ်မချစ်လို့တခြားလူနဲ့ကြိုက်သွားတာကို”
“မမကတော့… မမကတော့ကံကောင်းတာကို ကိုဖြိုးက မမကိုအရမ်းချစ်တာကို”
ရှိုက်ငိုရင်း ပြန်ပြောနေတဲ့ဏီဏီကို ကေရယ်ချင်မိတော့သည်။
“ကိုဖြိုးထက်ချစ်တတ်တဲ့လူနဲ့တွေ့မှာ ငါ့ညီမလေးက ကလေးလေးလိုအရမ်းချစ်ဖို့ကောင်းတာကို”
“မဟုတ်ဘူးမမ ယောကျာ်းတွေက Sexy ပုံစံဆွဲဆောင်မှုရှိမှကြိုက်ကြတာ”
“အော် အဲ့ဒီလိုလဲမဟုတ်ဘူးလေ မမဆို ဘယ်မှာ Sexy ပုံဖြစ်နေလို့လဲ”
အဲ့ဒါတော့ဟုတ်ပါသည်။ မမကေက ခါးလောက်ထိရှည်တဲ့ဆံပင်ရှည်ရှည်နဲ့မြန်မာဆန်ဆန်သာဝတ်စားတတ်တဲ့သူပင်။ ဏီဏီမျက်လုံးထဲမှာတော့ ကိုယ့်အစ်မမို့ပြောတာမဟုတ်။ မမကေဟာ ယဉ်ယဉ်လေးနဲ့အရမ်းကိုလှပါသည်။ မမက အမေတူသမီးဖြစ်ပြီး ဏီကအဖေတူသမီးဖြစ်သည်။ အမေနဲ့မျက်နှာတင်မက အကျင့်တွေပါတူသည်။ အိမ်မှုကိစ္စတွေ ဝါသနာပါပြီး အသက်အရွယ်နဲ့မလိုက် လူကြီးဆန်လွန်းသည်။ ဏီဏီကတော့ အငယ်ပီပီတအိမ်လုံးရဲ့အသဲကျော် ဖူးဖူးမှုတ် အလိုလိုက်ခံရတဲ့သူဖြစ်သည်။ အစစအရာရာ မမကေနဲ့ ဆန့်ကျင်ဘက်လို့လဲပြောရပါမည်။ အိမ်မှုကိစ္စလုံး၀ ဝါသနာမပါသူ၊ အပျင်းကြီးသူ၊ အပေါင်းအသင်းအပျော်အပါးမက်သူ ပြီးတော့ဖေဖေကဲ့သို့တဇွတ်ထိုးလုပ်တတ်သူပါ။
“မမကအရမ်းလှတယ်လေ မေမေနဲ့တူတာကိုး ဏီကဖေဖေနဲ့တူတာလေ”
“အမယ် ငါ့ညီမလေးလောက်ချစ်ဖို့ကောင်းတဲ့သူဘယ်မှာရှိမှာလဲ မငိုနဲ့တော့ ဘာစားချင်လဲမမလုပ်ပေးမယ်”
“မစားဘူး ဘာမှမစားချင်ဘူး ငိုမှာ အီးး ဟီးးး”
ငိုရင်းပြန်ထွက်သွားတဲ့ဏီဏီကို ကေရယ်နေမိသည်။ ဒီကလေးဟာ ရူးတူးပေါတောနဲ့ရည်းစားတစ်ယောက်ရခဲ့ပါသည်။ အဖြေပြန်ပေးမယ်ဆိုတုန်းကလဲ လာတိုင်ပင်သည်။ တွေ့တွေ့ချင်းချစ်မိတဲ့ထူးဇော်က ရည်းစားစကားပြောတုန်းကဆို ပျော်လွန်းလို့ခြံစောင့်ဦးလေးပါမကျန် တအိမ်လုံးလိုက်ကြွားခဲ့သေးသည်။ အခုလဲ အသဲကွဲနေကြောင်း တစ်အိမ်လုံးကို ပြောပြန်ဦးမည်။ ညနေဖေဖေအိမ်ပြန်ရောက်ချိန် အခန်းထဲအောင်းနေတဲ့ဏီဏီကိုမေးနေလို့ အကြောင်းစုံပြောပြလိုက်တော့ ဖေဖေက စကားပြန်မပြောနိုင်ပဲ အံ့သြဆွံအနေခဲ့သည်။
“ဖေဖေ ဖေဖေ သမီးပြောတာကြားရဲ့လား”
“အော် အင်း ကြားတယ်သမီး သမီးငယ်လေးတောင် ဒီအရွယ်ရောက်နေပြီပဲလို့တွေးမိနေလို့ပါ”
သူ့အမြင်မှာကလေးလေးလို့ပဲ ထင်နေခဲ့တဲ့သမီးငယ်က ရည်းစားနဲ့ပြတ်လို့ခံစားနေတတ်ပြီတဲ့လား။ သွားလေသူ မိန်းမဖြစ်သူကို သတိရပြီး ဝမ်းနည်းသလိုဖြစ်လာခဲ့သည်။
“ဏီဏီက ကလေးဆိုတော့စိတ်ကစားတာပါဖေဖေရယ် သူရည်းစားမထားခင်တုန်းကလဲသမီးကိုတိုင်ပင်ပါတယ်”
“အင်း သူ့ရည်းစားနဲ့ဘာလို့ပြတ်သွားတာတဲ့လဲ”
“အော် အဲ့ဒီကောင်လေးက ဟေမာန်နဲ့ကြိုက်သွားတာတဲ့ အဲ့ဒါကြောင့်ပိုခံပြင်းနေတယ်ထင်ပါတယ်”
သမီးထက် သူကပိုခံပြင်းနေမိသည်။ အဲ့ဒီလိုသစ္စာမရှိတဲ့ကောင်မျိုးနဲ့လဲ လုံးဝသဘောမတူနိုင်ပါ။
“အဲ့ဒီကောင်နဲ့လုံးဝပြန်မဆက်သွယ်နဲ့လို့ပြောလိုက်”
“ဟုတ်ကဲ့ ဖေဖေ”
ဦးနေထွန်းရင်ထဲ ခိုးလိုးခုလုနဲ့တစ်ညလုံးအိပ်မပျော်ပေ။ သမီးငယ်ကို စိတ်မချဖြစ်နေမိသည်။ အသက်ဆယ့်ကိုးနှစ်ကျော် နှစ်ဆယ်ပြည့်ခါနီးဆိုပေမယ့် ကလေးစိတ်မကုန်ချင်သေးတဲ့သူပါ။ ဒါကို သူကရည်းစားထားတတ်နေပြီဆိုတော့။ အနီးကပ် ထိန်းနေတဲ့အစ်မဖြစ်သူကလဲ လူကြီးဆန်တယ်ဆိုပေမယ့် အခုမှအသက်နှစ်ဆယ့်လေးနှစ်ကျော်သာရှိသေးသူပါ။ ဆုံးသွားတဲ့ဇနီးဖြစ်သူကို သတိတွေရနေမိသည်။ သမီးကြီးဒီအသက်အရွယ်တုန်းက မိန်းမရှိသေးတော့ သူစိတ်မပူခဲ့ရ။ ဘွဲ့ရပြီးတော့ သမီးကြီးကို ချစ်မြတ်နိုးပါသည်ဆိုပြီး လူကြီးချင်းစကားလာပြောခိုင်းတဲ့ အိမ်ချင်းကပ်ရက် ဖြိုးသူရိန်နဲ့ စေ့စပ်ပေးခဲ့ပြီး နှစ်ဆယ့်ငါးနှစ်ပြည့်တာနဲ့လက်ထပ်ပေးဖို့စီစဉ်ထားခဲ့လေသည်။ သမီးငယ်ကိုတော့ အရွယ်မရောက်သေးတဲ့ ကလေးလို့ပဲ ထင်ထားခဲ့မိတာပါ။ အခုတော့ ဘယ်လိုမှ စိတ်မချနိုင်တော့ပါ။ စိတ်ထင်ရာလုပ်တတ်တဲ့ ဒီကလေးကို ဘယ်လိုထိန်းရမလဲ တစ်ညလုံး စဉ်းစားတာလဲ အဖြေမထွက်ခဲ့ပေ။ ဒီအတိုင်း ဆက်ထားလို့လဲမဖြစ်ပေ။ ဏီဏီက နွဲ့ဆိုးဆိုးပြီး တဇွတ်ထိုးလုပ်တတ်တာကလွဲလို့ စိတ်ရင်းကောင်းကာ စိတ်လဲအလွန်ပျော့သည်။ ဟိုကောင်လေးက လေသံပျော့ပျော့နဲ့ တစ်ချက်ချော့လိုက်တာနဲ့ ပြန်ပါသွားမှာအသေအချာပင်။
နောက်တစ်နေ့မနက်ရုံးတက်တော့ ဓါတ်လှေကားထဲ ကောင်းမွန်နဲ့အမှတ်မထင်ဆုံခဲ့ကြသည်။ အဲ့ဒီအချိန်မှ ဦးနေထွန်း တစ်ညလုံး စဉ်းစားလို့မရခဲ့တဲ့အဖြေသိလာသလိုလို ထင်မိတော့သည်။
“အန်ကယ် Morning ပါဗျ”
“Morning ရုံးလာတာစောလှချည်လား”
တစ်ညလုံးအိပ်မရတဲ့ဦးနေထွန်းလဲ စိတ်ညစ်ညစ်နဲ့ရုံးစောစောထွက်လာခဲ့တာပါ။ အခုမှ ရှစ်နာရီပဲရှိပါသေးသည်။
“ဟုတ်ကဲ့ ကျွန်တော် ဒီနေ့အသစ်စတဲ့ဆိုဒ်ထဲသွားမလို့ ရုံးဝင်ပြီးမှသွားချင်လို့နည်းနည်းစောလာလိုက်တာအန်ကယ်”
“အော်”
သုံးလွှာရောက်တော့ ကောင်းမွန်က ဦးနေထွန်းကို ခေါင်းတစ်ချက်ငုံ့ကာ နုတ်ဆက်လိုက်ပြီး ဓါတ်လှေကားထဲက ထွက်သွားသည်။ ကောင်းမွန်ကို သူသဘောကျပါသည်။ ကောင်းမွန်အကြောင်းကို ဝန်ထမ်းတွေဆီကပြန်ကြားရသလောက် အလုပ်ကြိုးစားရုံမက ရိုးသားပြီးအနေအေးသည်။ အလုပ်ကြိုးစားတာတော့ အခြားသူများအထူးတလည်ပြောနေစရာမလို။ သူ့လုပ်ပုံကိုင်ပုံတွေက အရည်အချင်းရှိသူဆိုတာ ပေါ်လွင်နေပါသည်။ ရုပ်ရည်ကလဲ သန့်သန့်ပြန့်ပြန့်၊တည်တည်ငြိမ်ငြိမ်နဲ့ ဥပဓိရုပ်ကောင်းပါသည်။ ပြီးတော့စကားပြောပုံဆိုပုံ၊ နေပုံထိုင်ပုံကအစ သဘောကျမိပါသည်။ သူ့ဆီမှာလုပ်တဲ့ တစ်နှစ်ကျော်အတွင်း မိန်းမကိစ္စနဲ့ပတ်သက်ပြီး ဘာသတင်းမှမထွက်ခဲ့ပေ။ ဝန်ထမ်းပေါင်း ရာချီရှိတဲ့အထဲတွင် ညစောင့်ကအစ မိသားစုပြသနာတွေရုံးကို သယ်လာတတ်ပါသည်။ မိန်းမရှုပ်လို့ လစာထုတ်ရက်ဆိုရင် အိမ်ကမိန်းမပါ ရုံးလိုက်လာတတ်တဲ့လူမျိုးတွေလဲရှိသေးပါသည်။ အိမ်ထောင်ရေးဖောက်ပြန်ဖို့ဆိုတာက ပိုက်ဆံရှိတာ၊မရှိတာနဲ့မဆိုင်။ လူတို့ရဲ့ စိတ်နေသဘောထား၊ အကျင့်စရိုက်နဲ့သာ သက်ဆိုင်လေသည်။
ရုံးခန်းထဲရောက်မှာ အိမ်ကို ဖုန်းဆက်ကာ သမီးငယ်နိုးပြီလားလို့မေးရန် ဖုန်းဆက်ဖို့လုပ်မှ ဖုန်းမပါလာမှန်းသိတော့သည်။ ဖုန်းမပါလာလဲ အရေးမကြီးပေမယ့် သူ့ခေါင်းထဲကို အကြံအစည်တစ်ခုရောက်လာခဲ့သည်။ အသစ်စတဲ့ဆိုဒ်ဟာလဲ သူ့အိမ်နဲ့ သိပ်မဝေးသောကြောင့် ကောင်းမွန်ကို လမ်းကြုံဖုန်းဝင်ယူပေးဖို့ အကူအညီတောင်းဖို့ရန်ပင်။
ကွန်ပြူတာဖွင့်ကာ ဝန်ထမ်းတွေရဲ့ကိုယ်ရေးအချက်အလက်ဖိုင်ထဲကနေ ကောင်းမွန်ရဲ့အကြောင်းကို ရှာကြည့်လိုက်ပြီး အတန်ကြာစဉ်းစားနေမိသေးသည်။ သူ့လုပ်ရပ်ကမှန်နိုင်ပါ့မလားဆိုတာ။ စားပွဲခုံကို လက်ချောင်းတွေနဲ့ခေါက်ရင်း စဉ်းစားလို့ မဆုံးနိုင်သေးပေ။ သမီးငယ်အတွက် နောက်ဆုံးအဖြေတစ်ခုက သူသဘောတူတဲ့သူ၊ စိတ်ချရတဲ့သူနဲ့ ချစ်ကြိုက်သွားဖို့ပင်။ အပျော်အပျက်ရည်းစားတွေအများကြီးထားပြီး စိတ်လေနေတာထက်စာရင် သမီးအပေါ်စိတ်ရှည်ပြီး အနွံတာခံမယ်သူမျိုးနဲ့သာ ထာဝရလက်တွဲသွားစေချင်ပါသည်။သမီးနှစ်ယောက်ရဲ့အကျင့်စရိုက်က ဆန့်ကျင်ဘက်တွေပင်။ ဏီဏီက သူ့အစ်မလို လူကြီးတွေ စီစဉ်တာကို အသာတကြည်လက်ခံမယ့်သူမျိုးမဟုတ်။ အခုပြတ်သွားတဲ့ ကောင်လေးမျိုးနဲ့ဆိုရင်လဲလုံးဝသဘောမတူနိုင်ပါ။ ပိုက်ဆံချမ်းသာတာထက် တဇွတ်ထိုးအကျင့်နဲ့ ဆိုးနွဲ့ချင်တတ်တဲ့ သမီးငယ်ကို စိတ်ရှည်သီးခံပေးနိုင်တဲ့လူမျိုးနဲ့မှ အိမ်ထောင်ရေးခိုင်မြဲပေလိမ့်မည်။
စားပွဲပေါ်ကဖုန်းခွက်ကိုမပြီး သမီးကြီးဆီဖုန်းခေါ်လိုက်သည်။
“သမီးငယ်ရော”
“အိပ်နေတုန်းထင်တယ်ဖေ အခန်းထဲကမထွက်လာသေးဘူး”
“အော် ဖေဖေ့ဖုန်းအိမ်မှာကျန်ထားတာ နေ့လယ်လောက်ကျရင်ယောကျာ်းတစ်ယောက် လာဝင်ယူလိမ့်မယ် နာမည်က ကောင်းမွန်ထွန်းတဲ့သမီး အဲ့ဒီကောင်လေးနဲ့သမီးညီမ ဆုံအောင်မသိမသာနဲ့ဖန်တီးပေးလိုက်ပါ”
“ရှင်”
ဖေဖေခိုင်းသလို တမင်ကြီးဖန်တီးပေးနေစရာမလိုပဲ သူတို့ဘာသာဆုံတွေ့သွားကြသည်။ ထိုစဉ်တုန်းက ဖေဖေပြောခဲ့တဲ့စကားကို သဘောမပေါက်ခဲ့တဲ့ကေ အခုတော့သိသွားပါပြီ။ ကိုကောင်းမွန်နဲ့ဏီဏီကို ဖေဖေ သဘောတူခဲ့တာပဲကို။ ကေပြုံးလိုက်မိရင်း
“အဲ့ဒါဆို သမီးဏီဏီရဲ့ပစ္စည်းတွေ သွားပို့ပေးလိုက်မယ်ဖေ သူ့ဆီဘာမှပါမသွားလောက်ဘူး”
“အင်း ဒါပေမယ့်ပိုက်ဆံတစ်ကျပ်မှ မပေးခဲ့နဲ့ ဖေဖေအရမ်းစိတ်ဆိုးနေတယ် အိမ်ရိပ်တောင်လာနင်းဖို့ပြောခဲ့”
ကေ ရယ်လိုက်မိရင်း ဖေဖေ့ဘေးနားပြောင်းထိုက်ကာ လက်မောင်းကိုမှီတွဲရင်း မေးလိုက်မိသည်။
“ဖေဖေ ဘာလို့အခုလိုလုပ်နေတာလဲဟင် သူတို့ကိုခေါ်ပြီးမင်္ဂလာဆောင်ပေးလိုက်ပါလား”
“အခုအချိန်မှာ အဲ့ဒီလိုစီစဉ်ရင် နှစ်ယောက်စလုံးကလက်ခံမှာမဟုတ်ဘူးသမီး သမီးညီမအကြောင်းကိုလဲသိရဲ့သားနဲ့ လူကြီးတွေစီစဉ်တာကိုအသာတကြည်လက်ခံမှာမဟုတ်ဘူး ထူးဇော်ကိုပဲချစ်တာပါဆိုပြီးငြင်းမှာ ပြီးတော့ကောင်းမွန် သူလဲတမျိုး ဏီဏီကိုချစ်ရဲ့သားနဲ့ ဟန်ဆောင်နေတာ ဖေဖေ့ကိုရှိန်တာလဲပါမှာပေါ့ သူတို့နှစ်ယောက်အတူတူ နေရင်းသံယောဇဉ်ရှိလာမှ မင်္ဂလာဆောင် ပေးကြတာပေါ့ သမီးငယ်လေးကို ဒီလိုလုပ်လိုက်ရတာအရမ်း စိတ်မကောင်းဖြစ်မိတယ် ပြီးတော့အရမ်းလဲနမြောမိတယ် အားလုံးကဖေဖေ့အပြစ်တွေပါ သမီးရယ် သမီးငယ်လေးကို သေချာမထိန်းနိုင်ခဲ့လို့”
“အဲ့ဒီလိုမဟုတ်ပါဘူးဖေဖေရယ် ဏီဏီကလိမ္မာပါတယ် အခုကမထင်မှတ်ထားပဲဖြစ်သွားရတာလေ”
ဝမ်းနည်းနေတဲ့ဖေဖေ့မျက်နှာကိုကြည့်ပြီးသနားမိသည်။ အရမ်းချစ်ရတဲ့သမီးလေးကို အခုလိုပစ်စလက်ခတ်ပုံစံမျိုး ထားခဲ့ရတာဆိုတော့ ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ နေ့တစ်ပိုင်းထဲနဲ့ပြောင်းလဲသွားတဲ့အခြေအနေကို ဏီဏီတောင် နားလည်နိုင်မည်မဟုတ်ပေ။ ညီမလေးဟာ ထူးဇော်နဲ့သာရရင် ခဏနဲ့ကွဲကြကွာကြဖြစ်ပေလိမ့်မည်။ ဏီဏီအပေါ် စိတ်ရှည်သီးခံတဲ့ကိုကောင်းမွန်နဲ့ဆိုတော့လဲ စိတ်အေးရမည်ထင်ပါသည်။ ဖေဖေသေချာလေ့လာပြီး သဘောတူခဲ့တဲ့လူပဲ။ မမှားလောက်ဘူးလို့တော့ထင်ပါသည်။

4️⃣ လှပသော တစ်စုံတစ်ရာ [ Something beautiful ]Onde histórias criam vida. Descubra agora