အစ - ဘုန်းစက်ဗျာဒိတ်

24.4K 1K 147
                                    

#နေပြောက်သစ်ပင် #LoveinDayLight #အစ_ဘုန်းစက်ဗျာဒိတ်

မပျောင်းရစ်ဟန်၊ ဗျာပါချန်ခဲ့၊ ပြန်ပြန်ကြိုးခက်၊ တုံ့မမြွက်၍၊ ဘုန်းစက်ဗျာဒိတ်၊ ချစ်နမိတ်ကို....

.... သခင်သာဟု၊ မေတ္တာမတန့်၊ သက်လုံးခန့်သည်။ ကြင်ညွန့်မဖြာ ရက်သော့ကြောင့်။

- နတ်သျှင်နောင်၏ မုဌောဘုရားတိုင်ရတု ဒုတိယပိုဒ်မှ

မုဌောဘုရားတိုင် မယ်ဘွဲ့ရတုဖြင့် စတင်ထားသော စာအုပ်အနွမ်းလေးထဲမှ အရောင်ဖြင့် လိုင်းတားထား သော ဒုတိယပိုဒ်ရှိ စာသားလေးကို နေမြဲတစ်ယောက် တိုးတိုးကလေး ရေရွတ်လိုက်မိ၏။

"ဘုန်းစက်ဗျာဒိတ်၊ ချစ်နမိတ်ကို..."

စာအုပ်ကလေးကို ကိုင်ထားရင်းဖြင့် သူပြုံးလိုက်မိပြန်သည်။

==============================================================================

မိုးတဖြောက်ဖြောက်ရွာလျှက်ရှိသော ပုဂံသည် တမူထူးစွာ စိမ်းညို့ဝေဆာနေသည်။ နံနက်ခင်းစောစော ဖြစ်သောကြောင့် အလင်းရောင်က မျှတသည်ဆိုရုံသာ ရှိသေးသော်လည်း မြင်မြင်ရာဘုရားပုထိုးများကို မိုးစက်များကြားတွင် သပ္ပာယ်စွာ ဖူးမြော်နိုင်သည်။ တစ်ညလုံး အိပ်မပျော်ခဲ့သဖြင့် အနည်းငယ် ပင်ပန်းနေ သော်လည်း ပုဂံမြေသို့ ဝင်ပြီဆိုကထဲက သူ့စိတ်တို့ လန်းဆန်းတက်ကြွလာခဲ့ခြင်းဖြစ်သည်။ မဟုတ်သေး၊ မိတ္ထီလာအလွန် ပုပ္ပားတောင်မကြီးကို လှမ်းမြင်စဉ်ကထဲကပင် ဖြစ်မည်။

နေမြဲဆက်နိုင်သည် အဝေးပြေးကားပေါ်မှဆင်းလာလိုက်ပြီးနောက် ထိုကားလိုင်းမှပင် စီစဉ်ပေးသော ဖယ်ရီဝန်ဆောင်မှုအတွက် စောင့်ဆိုင်းနေလိုက်မိ၏။ သူတည်းခိုမည့် နေရာက ဝန်ဆောင်မှုစီစဉ်ပေးမည် ပြောသော်လည်း သူက မည်သည့်အတွက်ကြောင့်မျှ မည်သူ့ကိုမှ အလုပ်မပိုစေချင်။ ရန်ကုန်မှ အဝေးသို့ အချိန်ကြာကြာလာနေမည့်သူ့အတွက် လက်ဆွဲအိတ်တစ်လုံးနှင့် ခရီးဆောင်အိတ်တစ်လုံးသာပါသည်။ ဤထဲတွင်ပင် စာအုပ်နှင့် ကွန်ပျူတာ၊ iPad တို့က တစ်ဝက်မျှနေရာယူထားသေး၏။

နေပြောက်သစ်ပင် [Completed]Where stories live. Discover now