မင်း....ဘုရားသခင်ကိုယုံလား
အပိုင်း ( ၂ )
အသုတ်ပါဆယ်တစ်ဖက် မိုက်က တစ်ဖက်နှင့် အိမ်ပြန်ခဲ့လိုက်သည်။ ဘာလိုလိုနှင့် သင်္ကြန်ရောက်ပြန်ဦးမည်။ သင်္ကြန်ပြီးလျှင် ရွှေဆံတော်ဘုရားပွဲ ပွဲစျေးသည်များမှာ သူအိမ်ရှေ့လမ်းတစ်လျောက်လုံးဖြစ်၍မျက်စိနောက်လွန်းလှ၏။ ထိုအချိန်မျိုး၌ စစ်တောင်းမြစ်ဘေးမှ ခြံသို့သွားနေရသည်။
' အံမလေး ခွေးကြီး'
လမ်းဆုံအရောက်၌ အလန့်တကြားအော်သံကြောင့် သူ့အတွေးပျက်သွားရသည်။ မိုက်ကို မြင်လိုက်၍ လန့်သွားပုံရ၏။
' လာလာ မိုက် '
မိုက်၏ကြိုးကိုတင်းတင်းဆွဲလိုက်တော့ မိုက်က သူ့နားသို့ပြေးလာသည်။ လန့်သွားသောမိန်းကလေးကဆက်မသွားသေးပဲ ရင်ဘတ်ကိုလက်နှင့်ဖိထား၏။
' မိုက်က လမ်းလျောက်ထွက်ရင် မကိုက်ပါဘူး'
'ရှင့်ခွေးကအကြီးကြီးပဲ ရုတ်တရပ်ဆိုတော့ ကိုက်လိုက်ပြီထင်လို့'
သူက မျက်လုံးဖွင့်ကာ သူ့အားမော့ကြည့်သည်။ ထို့နောက် ကြောက်နေရာမှ သူ့မျက်နှာသည်တင်းခနဲဖြစ်သွားသည်။
'ရှင် '
'သြော် မင်းပဲ'
'ကျွန်မ ရှင့်ကိုရှာနေတာ'
'ခုတွေ့ပြီမှလား ဆိုင်ကယ်ငှားခလိုက်တောင်းတာတော့မဟုတ်လောက်ဘူး'
သူက ခပ်ပေါ့ပေါ့ပြောလိုက်တော့ ကောင်မလေးမျက်နှာ ပို၍တင်းသွားသည်။ တစ်ခုခုပြောရန် ပြင်လိုက်တော့ သူက
'ရူး....။ လာ ရှေ့မှာ ကိုယ့်အိမ်ရှိတယ် လိုက်ခဲ့ ဒီမှာမပြောနဲ့'
ကောင်မလေးကိုအိမ်သို့ခေါ်ခဲ့လိုက်သည်။ ဧည့်ခန်းမရှိ၍ ခုံအလွတ်တစ်ခု၌ ထိုင်ခိုင်းလိုက်ပြီး ဝယ်လာသည့်အသုတ်ကို ပန်ကန်ထဲထည့်ကာ ထမင်းပါခူးထည့်လိုက်သည်။ ထို့နောက်မတ်တပ်ပင် စားရင်း
' ကဲ ပြောတော့'
'ရှင်ဘယ်လိုလူမျိုးလဲ ရှင့်ကြောင့် လူတွေဒုက္ခရောက်ကုန်ပြီ'