တစ်ခုသောနွေဦးဝယ် ပွင့်ဖတ်နုနု အိအိထွေး ပန်းအလှလေးတွေ အစုပ်လိုက် အစုပ်လိုက် ပွင့်တဲ့အချိန်မှာ သိလိုက်ရတယ်။
"ကျွန်တော် သူ့ကို မြတ်နိုးတယ်"
🌸
"ပန်းအိ" တဲ့။ နုနုနယ်နယ်ပန်းငယ်လေးတစ်ပွင့် ကျွန်တော့်ဘဝထဲ ရုတ်တရက်ဆန်ဆန် ရောက်လာတဲ့နေ့ကစပြီး ကျွန်တော့်ကမ္ဘာမှာ ပန်းတွေဝေခဲ့တယ်။
Online ကနေ စသိတဲ့ ဆက်ဆံရေးမို့ ပထမဆုံးအကြိမ် အပြင်မှာတွေ့ကြဖို့ ပန်းအိလေး ချိန်းဆိုလာတုန်းကဆို ကျွန်တော်လေ ထကမိတဲ့အထိ။ ကျွန်တော့်အနီးကပ်သူငယ်ချင်းတွေကတောင် အံ့ဩယူရတယ်။ ကျွန်တော့်ကို လူသားတစ်ဦးက ပျော်စေတယ်ဆိုတာ ဒီပန်းအိလေးနဲ့မှ ဖြစ်လာတာဆိုတာ သူတို့လည်းအသိ။
🌸
ဆံသားအစ ခြေဖျားအဆုံး မြတ်နိုးဖွယ်အတိပြီးတဲ့ ဖြစ်တည်မှုလေးက ပန်းအိ ဆန်တယ်။
လက်သွယ်သေးသေး၊ ခြေဖဝါးသေးသေးလေးတွေက ခပ်ရဲရဲ၊ ဆေးအကူမပါတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကလည်း ဆွေးဆွေးရဲ။ ထိုထိုသော အသေးစိတ် အစိတ်အပိုင်းလေးတွေက နုညံ့မှုဆိုတဲ့အဓိပ္ပါယ်ကိုတောင် ရှက်သွားစေသတဲ့။
ပန်းဝတ်မှုံလေးတွေဆိုတာ သူ့မျက်နှာပေါ်က ကြယ်ပွင့်လေးတွေလောက် မလှပတဲ့အကြောင်း လရောင်အောက်မှာ ကြယ်တွေရေရင်း သူ့ကို ရှင်းပြချင်တယ်။ တစ်ထောင့်တစ်ညထက် ကြာစေရှည်စေပေါ့။
ပထမဆုံးအကြိမ် သူ့နှုတ်ဖျားက ခေါ်ဆိုတာက Hyung တဲ့။ နာမ်စားလေးနဲ့အတူ ကျွန်တော့်ရင်ကို တိုးဝင်လာတာက အသံခပ်အက်အက်လေး။ သမုဒ္ဒရာထက်ကို နက်ရှိုင်းပါတဲ့အသံက နုနုဖတ်ဖတ်လူလေးနဲ့မလိုက် သန်မာရဲရင့်လိုက်ပုံများ သူ့နှုတ်ထွက်စကားတိုင်းကို အမိန့်တစ်ခုလို လိုက်နာဖို့ရာသာရှိခဲ့။
နွေဦးမှာ ပွင့်လန်းတဲ့ပန်းလေးမို့ နေရောင်ခြည်ကို သိပ်ကြိုက်ပါတဲ့ အနှီကောင်လေးက မျက်နှာပေါ် နေရောင်ခြည်တိုက်ရိုက်ကျတာကိုတောင် နေမင်းရဲ့စွမ်းအင်တွေကို စားသုံးတာလေ ဆိုတဲ့ ကလေးမကျ လူကြီးမကျလေးရဲ့ စိတ်ကူးလေးကစ ချစ်စဖွယ်အစုစုပါပဲ။