' To Kim Jun Myeon '
ဟူသော နာမည်လေးတစ်ခုကိုရေးထားတဲ့ ကတ်ကလေးက ရေမွှေးနံ့လေးသင်းလှစွာဖြင့် ပုံမှန်လိုပင် သူ့ခုံပေါ်ရောက်နေပြန်သည် ။
ခရမ်းနုရောင် ကတ်ကလေးနဲ့အတူ ချောကလက်လေးကို လွယ်အိတ်ထဲထည့်လိုက်ရင်း ဂျွန်မြောင် သူ့နေရာသူဝင်ထိုင်ကာ စာအုပ်တွေထုတ်သည် ။
အထက်တန်းပထမနှစ်မှာ ဒီကျောင်းကို သူပြောင်းလာရသည် ။ ဂျွန်မြောင်၏ အမှတ်စာရင်းရမှတ်တွေသည် မည်သည့်ကျောင်းမှာမဆို ထိပ်ဆုံးအခန်းဝင်လောက်အောင် ဂျွန်မြောင်က စာတော်လွန်းသူ ဖြစ်သည် ။
အနေအေးလွန်းသူလည်းဖြစ်တာမို့ သူငယ်ချင်းလည်းများများစားစားမရှိ ။ ကျောင်းသစ်ဖြစ်ပြီး ကျောင်းပြောင်းလာသည်မှာလည်း သုံးလခန့်မျှသာ ရှိသေးသည်မို့ ဂျွန်မြောင့် မှာ သူငယ်ချင်းဟူ၍ ဘတ်ခ်ဟျွန်း နဲ့ မင်ဆော့ သာရှိသည် ။
အနေအေးလွန်းသည့် ဂျွန်မြောင့်ကို တစ်ချို့ကတော့ မာနကြီးသည်ဟု သတ်မှတ်ကြသည် ။
ချောကလက်လေးတွေဟာ ဂျွန်မြောင့်ခုံလေးပေါ်ရောက်နေတာ တစ်လခန့်ရှိနေပြီဖြစ်သည် ။ ပိုင်ရှင်မည်သူဆိုတာကို တခါတလေ၌ ဂျွန်မြောင်သိချင်သော်ငြား အရမ်းကြီးစိတ်ဝင်တစားမရှိခဲ့၍ မစုံစမ်းခဲ့ပါဘူး ။
ပေးတဲ့သူပေး၍ ယူထားရမည့်တာဝန်လေးတော့ရှိရမည်ထင်၍ ချောကလက်လေးတွေကို ဂျွန်မြောင်သိမ်းထားမိခဲ့သည် ။
" ဒီနေ့ရော ဂျွန်မြောင် အခြေအနေ ''
အခန်းထဲရောက်ရောက်ချင်း ဂျွန်မြောင့်ကိုမေးလာသည့် မင်ဆော့အမေးကို ဂျွန်မြောင်က မျက်ခုံးတစ်ချက်ပင့်ပြ၍သာ အဖြေပေးလိုက်သည် ။
" မင်းတော့ မသိဘူး ငါတော့ ဘယ်ကောင်မလေး ဖြစ်မလဲသိချင်နေပြီ ''
ဘတ်ခ်ဟျွန်းကပါ စကားထောက်တော့ ဂျွန်မြောင်က စိတ်မဝင်စားဟန်ဖြင့် ခေါင်းအသာယမ်းသည် ။
" ကျန်းရီရှင်း.....စီနီယာ ရီရှင်း...Arrr ''
အခန်းထဲက စပ်စလူးမလေးများ၏ အော်သံကြောင့် ဂျွန်မြောင်တို့ သုံးယောက်လုံး အခန်းအပြင်ဘက်ကို ကြည့်လိုက်မိသည် ။