ပုံပြင်ဟောင်းလေး လွမ်းရက်ရှည်

254 12 28
                                    

ခြံထောင့်မှာ သစ်ရွက်ခြောက်တွေကိုမီးရှို့ထားလို့ တလူလူတက်နေတဲ့ မီးခိုးငွေ့တွေက ဝါးရွက်တွေကြား တိုးဝှေ့တိုက်ခတ်လာတဲ့ ဆောင်းလေအေးရဲ့ဝေ့ဝဲကျီစယ်မှုကြောင့် ပတ်ဝန်းကျင်မှာ ရစ်သိုင်းအုံ့မှိုင်းလို့နေတယ်...။

စက္ကူ ပန်းတွေဝေစပြုတဲ့ ဒီအချိန်ဆို မြေနီလမ်းကလေးကနေ စက်ဘီးလေးရဲ့ "ကလင်ကလင်"ဆိုတဲ့ ဘဲလ်တီးသံလေးများ ကြားလိုကြားငြား နားစွင့်မိပါရဲ့...။

အရှေ့မြောက်က တိုက်ခတ်လာပြီဖြစ်တဲ့ဆောင်းလေအေးတွေကရော တစ်စုံတစ်ယောက်ရဲ့စကားသံတွေကိုများ ယူဆောင်ပေးလာလေမလား...။

တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းလာတဲ့ရာသီစက်ဝန်းမှာ နောက်တစ်ကြိမ်ကြွေဆင်းလာပြီဖြစ်တဲ့ မြူ နှင်းတွေကြား တစ်စုံတစ်ယောက်ရော ရောက်လာလေမလား မျှော်ငေးမိပါသေးတယ်...။

ဒါပေမယ့် လွန်ခဲ့သောနှစ်များစွာက အတိတ်ပုံရိပ်များကတော့ စိတ်အစဉ်ထဲ ကူးလူးကာ ခရီးတစ်ခေါက် နှင်လာပြန်ပါတော့တယ်...။

***

တက္ကသိုလ်ဝင်တန်းစဖွင့်ပြီး တစ်လလောက်ကြာမှ ကျွန်တော်တို့ကျောင်းကို ကရင်အမျိုးသားလေးတစ်ယောက်ပြောင်းလာခဲ့ပြီး မိန်းကလေးတွေရဲ့နှုတ်ဖျား ရေပန်းစားတဲ့ ထူးထူးခြားခြားသူ့နာမည်က "စောဂျွန်ဂါဗီအယ်"။

အမှတ်တွေ၊ ဂုဏ်ထူးတွေ အချင်းချင်းပြိုင်လေ့ရှိလို့ မတည့်ကြတဲ့ ဘိုင်အိုသမားတွေကတောင် သူ့အကြောင်း အခန်းထဲအထိသယ်လာတတ်ကြတော့ ကျွန်တော့်မှာ အံ့သြရမိသေးတယ်။
တကယ်တော့ စာသင်ခန်းထဲမှာပဲနေတာများတဲ့ကျွန်တော်က တခြားအခန်းကကျောင်းသားတွေနဲ့လည်း အခေါ်အပြောသိပ်မရှိ။ဒါကြောင့် ကျောင်းတက်တာအတော်ကြာလာတာတောင် ကျွန်တော့်မှာ ကရင်လူချောလေး ဘယ်သူဆိုတာ မသိဖြစ်နေခဲ့ပါတယ်။

ပြောပြရဦးမယ်။
ကျွန်တော်တို့ ဘိုင်အိုခန်းမှာ ရှိတာမှ ယောက်ျားလေးက ၁၂ယောက်တည်း။ ဒါကို သူလုပ်၊ငါလုပ်နဲ့ မော်နီတာရွေးချိန် "တစ်ခါမှမလုပ်ရသေးတဲ့မင်းလုပ်ကွာ"ဆိုပြီး လုကာဆွဲထောင်ခဲ့ကြတာက ကျွန်တော့်လက်ကို။

"ပုံပြင်ဟောင်းလေး လွမ်းရက်ရှည်"✔️Where stories live. Discover now