#UNICODE
ယနေ့ကား သာမန်မဟုတ်သည့် မနက်ခင်းတစ်ခုဟု ဆိုရပေမည်။
အပြင်ထွက်ထွက်ချင်း ကျောထဲအထိ စိမ့်ကာအေးသွားရသည့်အသိကြောင့် လက်အိတ်မဝတ်ထားသည့် လက်ဖဝါးနှစ်ဖက်ကို ကုတ်အကျီ၏ ဘေးအိတ်ထဲသို့ ထည့်ဝှက်လိုက်ရသည်။ အကျီအပေါ်ကနေ စလွယ်သိုင်းကာ လွယ်ထားရသည့် Laptop အိတ်လေးကတော့ အေးနေရှာရော့မည်။
အပြင်ရောက်သည်နှင့် မျက်လုံးကိုတစ်ချက်ဝေ့ကြည့်မိတော့ ထူးဆန်းစွာရွေ့လျားနေသည့် လူအုပ်ကြောင့် ခဏလန့်သွားရသည်။
" အူးဝါး....ပထမဆုံးနှင်းဟ! ဆုတောင်းရအောင် မြန်မြန်...မြန်မြန်"
အထက်တန်းကျောင်းသူအုပ်စုထဲက တစ်ယောက်ဆီမှ အသံကိုကြားတော့မှ သူ အခြေအနေကို ရိပ်စားမိသွားသည်။
ဒါကြောင့် ဒီမနက်ခင်းက ပုံမှန်ထက် ထူးခြားနေရသည်ကိုး။
ခေါင်းကိုခပ်နှေးနှေးခါလိုက်ကာ သူ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ ဖွေးလွှလွှနှင်းချပ်လေးတွေက လေနှင်ရာကို ဖြည်းညင်းစွာ လူးလွန့်ပျံသန်းနေသည်မှာ စိတ်ကူးယဥ်ချင်စဖွယ်ရာ နူးည့ံလွန်းသည်ကိုတော့ သူ မငြင်းသာပါ။ သို့သော် သူက ထိုမရေရာမှုတွေကို ဆုပ်ကိုင်ရင်း ဆုတောင်းကာ နေရမည့် အရွယ်မဟုတ်တော့။
" ဟက်...ပေါတောတောနဲ့"
ထို့နောက် ပတ်ဝန်းကျင်က ဓာတ်ပုံရိုက်သံ တဖြတ်ဖြတ်နှင့် အော်ဟစ်ပျော်ရွှင်နေကြသည့် လူငယ်တစ်စုတို့အား ကြည့်ကာ အဓိပ္ပါယ်မဲ့ ပြုံးလိုက်မိသည်။ စိတ်ကူးထဲတွင်တော့ ဒီလူမမယ်လေးတွေဟာ ထုံးစံအတိုင်း သိပ်ကိုရူးလွန်းသည်ဟုလည်း တစ်ယောက်တည်း တိတ်တဆိတ်ကောက်ချက်ချလိုက်သည်။
သူမှ မယုံတော့တာပဲ။ ပထမဆုံးနှင်းကိုရော။ ဆုတောင်းပြည့်နိုင်တယ်ဆိုတဲ့ ယုံတမ်းတွေကိုရောပေါ့။
..............................................
" အမေရီကာနိုတစ်ခွက် "
နေ့စဥ် မပျက်မကွက် လုပ်ရသည့် အလုပ်တွေထဲက တစ်ခုက မနက်ခင်းကော်ဖီဝယ်ရခြင်းဖြစ်သည်။ သူနေသည့် တိုက်ခန်း၏ အောက်ကိုဆင်းလိုက်သည်နှင့် သူ အထက်တန်းကတည်းက သောက်နေကျဆိုင်လေးကို ရောက်၏။ ဘာမဆို ငြီးငွေ့လွယ်လွန်းသည့် သူက အမေရီကာနိုကိုတော့ ၆ နှစ်တိုင်တိုင် အစဥ်အမြဲ ဒီဆိုင်လေးမှာသာ သောက်ဖြစ်သည်။ ပထမဆုံးနှင်းက ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံတမ်းကို မယုံကြည်တော့သည့်တိုင် "တွေ့နေကျ ကော်ဖီဆိုင်လေးမှာပဲ တွေ့ကြမယ်" ဆိုသည့် စကားလေးတစ်ခွန်းကိုတော့ မေ့၍မရနိုင်သေးပါ။
YOU ARE READING
My Little Snowflake
Fiksi PenggemarI found him in snow & we both fell in love in snow❄