အခန်း ၁ - ဖုန့်ဟွမ် သွေး ပိုင်ရှင်တွေက ယောက်ျားလေးတွေ အဖြစ် မွေးဖွားလာတယ်တဲ့လား
ထန် မင်းဆက်ခေတ်တွင် ဖြစ်သည်။
ညသန်းခေါင်ယံ အချိန်၌ လျို အမတ်ကြီး၏ အိမ်တော်တွင် ဆူညံ ပွက်လောရိုက်လျက်ရှိ၏။
ကျယ်လောင်လှသော အော်ဟစ် ညည်းညူသံတို့ ထွက်ပေါ်နေသော အဆောင်တော်ရှေ့တွင် ဥပဓိရုပ်ဖြောင့်မတ်လှသည့် အသက် သုံးဆယ်အရွယ် လူလတ်ပိုင်းတစ်ယောက်သည် စိတ်လှုပ်ရှားနေဟန်ဖြင့်ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လို့ နေသည်။ သူမည်မျှအထိ စိတ်လှုပ်ရှားနေသည်လဲဆိုတာ သူ့မျက်နှာကို အကဲခတ်ကြည့်ရုံနှင့်ပင် သိမြင်နိုင်လေသည်။ ထိုသူကား အိမ်ကြီးသခင် လျိုရွှမ့် လျို အမတ်ကြီး ပင် ဖြစ်သည်။
အာကာယံထက်တွင် နဂါး နက္ခတ်က ထွန်းလင်း တောက်ပနေသည်။ သို့သော် ထို နဂါး နက္ခတ်သည်ကား ခါတိုင်း မြင်ဖူးနေကျ နဂါး နက္ခတ်မျိုးထက် အနည်းငယ် ထူးဆန်းနေသည်။ ဟုတ်သည်။ နဂါး နက္ခတ်ဆိုသည်မှာ ကြယ်တာရာ အစုအဝေး တစ်ခုသာ ဖြစ်သည့်တိုင် ယခုတွင်တော့ ကောင်းကင်ပိတ်သားထက်ဝယ် နဂါးရုပ်သွင် ဆေးခြယ်ထားဘိသည့်အလား မာန်အပြည့်နှင့် နဂါးသဏ္ဍာန်တစ်ခုက တည်ရှိသည်။ ယင်းသည် အရှေ့အရပ်တွင် တည်ရှိနေခြင်း ဖြစ်သည်။
တစ်ဖန် မြောက်အရပ်တွင်မူကား လိပ် သဏ္ဍာန် ကို ကောင်းကင်ထက်တွင် တွေ့မြင်နေရပြီး အနောက်အရပ်တွင်မူကား ကျား သဏ္ဍာန် တို့က တည်ရှိနေသည်။
ဒဏ္ဍာရီအရ ထို သုံးပါးမှာ မိုးနတ်မင်းသားတော်၏ အပေါင်းအပါ နတ်မင်းများ ဖြစ်ကြပြီး ဖုန့်ဟွမ် နှစ်မျိုးကို စည်းချရာမှာ အသက်ပေးခဲ့ရသည်ဟု ဆိုကြသည်။ ကောင်းကင်ထက်ဝယ် ယင်း နတ်သုံးပါး၏ သဏ္ဍာန်ထွက်ပေါ်ခြင်း ဟူသည်ကား သုံးလောကလုံးကို အုပ်စိုးနိုင်မည့် ဘုရင် မွေးဖွားခြင်းနှင့် ထို ဘုရင် ၏ မိဖုရားနှစ်ပါး ဖြစ်လာမည့် ဖုန့်ဟွမ် အနီ နှင့် အနက်တို့၏ သွေးကို ပိုင်ဆိုင်ထားမည့် မိန်းကလေး နှစ်ဦး မွေးဖွားလာခြင်းဟု အဓိပ္ပာယ်ရသည်။
YOU ARE READING
Dive into the Abyss
Fantasyဖုန့်ဟွမ် အနီ နှင့် ဖုန့်ဟွမ် အနက်တို့၏ နှလုံးသားကိုပိုင်ဆိုင်သူသည် သုံးလောက ထိပ်ထား ဘုရင်မြတ် ဖြစ်လာမည် ဟု ဆိုစမှတ်ပြုကြသည်။ ယင်းအဆိုမှာ အချိန်ကာလတစ်ခုအထိသာ မှန်ကန်ခဲ့သည်။ ဖုန့်ဟွမ်သွေးဖြင့် မွေးဖွားလာသူ နှစ်ဦးစလုံးဟာ ဧကန်စင်စစ် ယောက်ျားသားများ ဖြစ...