Ep18(Uni)

715 119 52
                                    

အချစ်ဇာတ်လမ်းတိုင်းသည် အမြဲတမ်းအချိန်တိုင်းတော့ ရိုမန်တစ်ဆန်နေကြသည်မဟုတ်။ ခလုတ်ကန်သင်းကဲ့သို့သော အဖုအထစ်ကလေးများကလည်းရှိတတ်ကြသည်။ ဟိုဆော့နှင့်ထယ်ယောင်းကြားတွင်လည်း မုန်တိုင်းမမည်သော လေပြင်းငယ်တစ်ခုကလည်း ဖြတ်သန်းတိုက်ခတ်လာခဲ့၏။

ထိုနေ့က ဟိုဆော့သည် စက်ရုံသို့အချိန်မှီတင်ပြရမည့် ဒီဇိုင်းများကို ညလုံးပေါက် ရေးဆွဲနေရသဖြင့် မနက်ခင်းတွင်ပင်ပန်းစွာနိုးထလာခဲ့ရသည်။ မီးဖိုချောင်ထဲသွားသွားချင်း မျက်စိရှေ့ရောက်လာသော ပန်းကန်အထပ်လိုက်ကြီးသည် ဟိုဆော့အား ပို၍စိတ်ညည်းညူသွားစေ၏။ ထိုတရားခံသည် ဘယ်သူဘယ်ဝါမှန်း ရိုက်စစ်စရာမလို ထယ်ယောင်းမှန်း ဟိုဆော့တန်းသိလိုက်၏။

ပုံမှန်အချိန်ဆိုလျှင် မည်သည့်စကားတစ်ခွန်းမျှမဆိုပဲ ပန်းကန်များကို ချက်ချင်းလက်ငင်းဆေးကြောလိုက်မှာဖြစ်သည်။ ယခုမူပင်ပန်းနေချိန်ဖြစ်၍ ဟိုဆော့အလွန်စိတ်ညစ်နေ၏။

ညစ်ပတ်နေသော ဘေဇင်ထဲမှ ပန်းကန်အထပ်လိုက်ကြီးကိုမြင်လေတိုင်း ဟိုဆော့စိတ်တို့မရိုးမရွဖြစ်လာ၏။ စားပြီးတိုင်းပန်းကန်ကိုချက်ချင်းဆေးရန်ပြောထားသော်လည်း တစ်ခါမှမဆေးလေသော ဟိုလူကြီးကိုလည်း ဒေါသထွက်လာသည်။ သည်းမခံနိုင်တော့ပဲ အိပ်ခန်းဆီခြေဆောင့်သွားကာ တံခါးကိုတဒုန်းဒုန်းသွားထုလေတော့သည်။

"ထယ်ယောင်းရှီ! ဒုန်း!ဒုန်း!ဒုန်း!
ထယ်ယောင်းရှီ!ဒုန်း!ဒုန်း!ဒုန်း"

တံခါးကိုတဒုန်းဒုန်းလာထုနေသူကြောင့် ထယ်ယောင်းဆက်အိပ်လို့မရတော့။ ရက်ဆက်အိပ်ရေးပျက်ခဲ့သူမို့ အိပ်ကောင်းနေချိန် တဒုန်းဒုန်းလာထုသောအခါ ထယ်ယောင်းဒေါသတို့ငယ်ထိပ်ရောက်လေတော့၏။

"ဘာလဲကွာ!"

တံခါးကိုဝုန်းခနဲဆွဲဖွင့်ကာ လေသံမာမာ‌ဖြင့်ပြောလိုက်ပြီးကာမှ မျက်စိရှေ့ကအကောင်ပေါက်ကလေးကိုမြင်တော့၏။ နောက်ကျသွားသော်လည်း တောင်းပန်ဖို့စိတ်ကူးမရှိ။ ထိုကောင်လေးသည် အလျှော့ပေးထားလို့ နည်းနည်းရောင့်တက်ချင်လာသည်။သူအိပ်လို့ကောင်းချိန်တိုင်း လာလာနှိုးတတ်၏။ အရင်နေ့တွေကသူသည်းခံပေးခဲ့သော်လည်း ဒီနေ့တော့ နောက်မနှိုးရဲအောင် နည်းနည်းဆူပေးမှရတော့မည်။

နေကြာရိုင်းနှင့်ချစ်သောSunshineDonde viven las historias. Descúbrelo ahora