Chapter 6: Life Is Calm but Messy

347 49 7
                                    

Chapter 6: Life Is Calm but Messy

Note: Historical Fiction ဖြစ်သည်။ အဖြစ်အပျက်များအားလုံးတကယ်ဖြစ်ခဲ့သော်လည်း အဓိက ဇာတ်ကောင်များမှာ စိတ်ကူးယဉ်မျှသာ ဖြစ်သည်။

၁၉၃၄ ခုနှစ်

၁၀ နှစ်..။ တားမြစ်မြို့တော်ကြီးကနေ ယူနီ ထွက်လာခဲ့ရတာ ၁၀ နှစ်ရှိပြီ။ တားမြစ်မြို့တော်ကနေ ထွက်လာခဲ့သည့်နောက် ယူနီဟာ တီယန်ဂျင်းမြို့တွင် နေခဲ့ရသည်။ တီယန်ဂျင်းသည် ထိုအချိန်က ဂျပန်လက်အောက်တွင် ရှိနေခဲ့၏။ တီယန်ဂျင်းတွင် နေသည့်တစ်လျှောက် မြို့တွင်းသို့လည်း လွတ်လပ်စွာသွားလာ၍ မရသလို ဘယ်သူမှလည်း သူ(မ)အား  မင်းသမီးဟူသည့် ဂုဏ်ပုဒ်ဖြင့် မဆက်ဆံသည့်အတွက် ယူနီ တစ်ယောက်တည်းနေတတ်ခဲ့သည်။ ဂျပန်လက်အောက်တွင် ရှိနေသော်လည်း ဖွံ့ဖြိုးမှုက ခေတ်မှီသည့်အတွက် စာအုပ်များကို အလွယ်တကူဝယ်၍ ရသည်။ သူ(မ)အတွက် ရသည့် အသုံးစရိတ်များထဲမှ ဖဲ့၍ ယူနီ စာအုပ်တွေဝယ်ကာ အမြဲတမ်းလိုလို စာဖတ်နေခဲ့သည်။ နေ့လည်နေ့ခင်း စာဖတ်၍ ပျင်းပျင်းရှိလျှင် တယောထိုးမည်။ တယောထိုးရင်း ရိုဆာနှင့် ဂျီအန်တို့ အကြောင်းကို တစ်မျှော်တစ်ခေါ်တွေးမည်။ ညနေခင်းတွင် အစ်ကိုတော် ပုရီနှင့် အစ်မတော် ဝမ်ယုံတို့ မွေးထားသည့် ခွေးများနှင့် ခဏတစ်ဖြုတ်ဆော့ကစားမည်။

၁၀ နှစ်... ဤပုံစံအတိုင်း ၁၀ နှစ်တိတိ ဖြတ်ကျော်ခဲ့သည်။

၁၀ နှစ်အတွင်း ရိုဆာနှင့် ဂျီအန်တို့အကြောင်း မစဥ်းစားဖြစ်သည့် နေ့ဟူ၍ တစ်နေ့မှ မရှိ။ တားမြစ်မြို့တော်ကနေ ထွက်လာခဲ့ပြီးနောက် ရိုဆာ လိုက်မပါလာမှန်း သိခဲ့ရတုန်းက ယူနီ့မှာ မစားနိုင် မသောက်နိုင် ငိုကြွေးခဲ့ရသည်။ ရိုဆာ ကိုယ်တိုင်ရော သူတို့နှစ်ယောက် ခွဲရတော့မည်ဆိုတာကို သိခဲ့သလားဆိုတာ ယူနီ မပြောတတ်။

တကယ်တမ်း ရိုဆာ၊ ဂျီအန်တို့နှင့် ခွဲရမယ်မှန်းသိခဲ့လျှင် တားမြစ်မြို့တော်ကြီးက ထွက်သွားဖို့ကို ယူနီ ဆုမတောင်းခဲ့ပါဘူး။

အစ်ကိုတော် ပုရီထံမှ တစ်ဆင့် မစ္စတာဂျွန်စတန်သည် ဝေဟိုင်ဝေပြည်နယ်တွင် ဒုတိယမြောက်အရပ်သား မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်ဟု သိရသည်။ ရိုဆာဟာ သူ(မ)၏ ဖခင်နှင့် အတူ ရှိသည်ဖြစ်စေ၊ အင်္ဂလန်ကို ပြန်သွားခဲ့သည် ဖြစ်စေ ကောင်းကောင်းကြီး ရှင်သန်နေလိမ့်မည်။ ရိုဆာ့တွင် ယူနီမပါသည့် ပျော်ရွှင်စရာ သီးသန့်ကမ္ဘာလေးတစ်ခုရှိသည်။ အနည်းဆုံးတော့ ရိုဆာ အဆင်ပြေနေလိမ့်မည်မှန်းသိရ၍ ခံသာပါသေးသည်။

Buffer Zone Where stories live. Discover now