Unicode;;;;
ကြေးစည်သံ တနောင်နောင်ကို ဒေါ်ခင်ညိုအိမ်ထဲကနေ ကြားနေရသည်။
"ဆွမ်းတော်ဗျို့....."
ဒေါ်ခင်ညိုသည် ထိုင်ရာမှမထသည့်အပြင် ဖွာလက်စ ဆေးပေါ့လိပ်ကိုလည်း ခဲမြဲပါဘဲ။ လှူဖို့လောင်းဖို့ ဆွမ်းထမင်းဟင်းကလည်း သူ့ရှေ့တွင် အပြည့်။
"ဆွမ်းတော်ဗျို့...."
ထပ်မံကြားရတဲ့ အသံအဆုံးဒေါ်ခင်ညို စုတ်တစ်ချက်သတ်ကာ အိမ်ပြင်သို့ ကမန်းကတန်း ထထွက်သွားလိုက်သည်။
"ကန်တော့ဆွမ်းပါ အရှင်ဘုရား"
ပေါ့တိပေါ့ပျက် ဒေါ်ခင်ညိုအသံသည် သာသနာကိုမကြည်ညို၍မဟုတ်။ ဒီနေရာမှာ ရပ်နေတဲ့သူက ဒီဘုန်းကြီးဖြစ်နေ၍ပင်။
"နှစ်တွေကြာလည်း ဒကာမတစ်ယောက် ကန်တော့ဆွမ်းဘဲနော်"
အနိမ့်အမြင့်မှန်သည့် အသံပိုင်ရှင်ကို ဒေါ်ခင်ညို မော်မဖူး။ သူရဲ့ ခြေထောက်ကိုသာ ငုံ့ကြည့်ရင်းက
"တင့်ပါ ဘုရား တပည့်တော်မ အမုန်းတွေကို မစွန့်လွှတ်နိုင်သရွေ့ အရှင်ဘုရားအတွက် ကန်တော့ဆွမ်းကလွှဲရင် ဘာမှမရှိပါဘူးဘုရား။ အရှင်ဘုရားလည်း မသဒ္ဓါရေစာကို မဖုန်းပေးချင်လောက်ဘူးထင်ပါတယ်ဘုရား။ တပည့်တော်မကို ခွင့်ပြုပါအုန်း ဘုရား"
ဒေါ်ခင်ညိုရဲ့ ခပ်ပြတ်ပြတ်စကားကိုကြားတော့ ဘုန်းကြီးက ခေါင်းကိုလေးပင်စွာ ခါရင်းကနေ ကျောင်းဆောင်သို့ ပြန်ကြွလေသည်။ ဒေါ်ခင်ညိုကတော့ နေရာမှာကြက်သေသေကာ ရပ်နေခဲ့သည်။ သူ့မျက်၀န်းအိမ်၌လည်း မျက်ရည်စများခိုသီးနေသည်။
~~~•~~~
မောင်ဖြစ်သူ၏အိပ်ခန်းစားပွဲပေါ်တင်ထားတဲ့ စာအုပ်လေးကို ဒေါ်ခင်ညိုထိုင်ကြည့်နေသည်။ ထို့နောက် ပထမဆုံးစာမျက်နှာကို ဒေါ်ခင်ညို စိတ်ညစ်ညူးစွာ ဖွင့်ဖတ်လိုက်သည်။
ထိုစာအုပ်လေးသည် မောင်ဖြစ်သူ၏ အခန်းကိုရှင်းရင် အမှတ်တမဲ့တွေ့သောစာအုပ်ဖြစ်သည်။
~~~•~~~
ပြာလဲ့လဲ့ကောင်းကင်ပြင်ပေါ်မှာ တိမ်တောက်လေးတွေ နေရာယူနေတယ်။ နွေဦးရာသီမို့ ရွက်ကြွေတွေလည်း လမ်းမထက်ပြန့်ကျဲလျက်ရှိတယ်။ လေရူးကလည်းတသုန်သုန်။ လေတိုက်တိုင်းလွင့်တဲ့ ရွက်ဝါအလှက လိပ်ပြာနဲ့ပင် မှားယွင်းနိုင်လောက်တယ်။