အပိုင်း(၉)

184 23 10
                                    

မမျှော်လင့်ဘဲ တတိယအကြိမ် ထပ်ဆုံလိုက်‌ရသောကောင်လေး၊ ထိုကောင်လေးနှင့် သူနှင့်က ရေစက်တော့ပါသည့်ဟန်ပင်။ ဒုတိယအကြိမ်တွေ့ဆုံခဲ့ကြစဉ်တည်းက လျင်မြန်စွာ သူငယ်ချင်းအဆင့်ကို တက်ခဲ့ကြသည် မှန်ပါသော်လည်း သူတို့နှစ်ဦး အဆက်အသွယ်လည်းမလုပ်ဖြစ်ခဲ့ကြ။ ဆက်သွယ်ရန် ဖုန်းနံပါတ်လေးပင် မတောင်းမိခဲ့ဟုပြောလျှင် ပိုမှန်မည်လားတော့မသိ။ အမှန်အတိုင်းဝန်ခံရလျှင် ထိုနေ့ကတည်းက သူ့ကိုကူညီပေးခဲ့သည့် ကောင်လေးအခြေအနေအား ယွန်းဂီ သိလိုခဲ့ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မေးခွင့်မရခဲ့။ သို့သော် တွေ့ရဖို့ကံပါလာသူတိုင်းက မဖြစ်မနေဆုံတွေ့ကြရသည့်ဟန်ပါပေ။ ယနေ့တော့ ကယ်တင်ရှင်ကောင်ချောလေးက သူ့မြင်ကွင်းထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့၏။ ထို့ကြောင့် သူတို့နှစ်ဦးက ရေစက်ပါသည်ဟု သတ်မှတ်ပါရစေ။

ဤလိုနှင့် ကော်ဖီဆိုင်ထဲ တစ်ယောက်တည်းထိုင်နေသောကောင်လေးကို စကားဝင်ပြောမိရာမှ ထိုကောင်လေးက သူနှင့် သက်ဆိုင်သူကို စောင့်နေမှန်း ယွန်းဂီသိရတော့သည့် အဖြစ်ပါ။ ထို့ကြောင့် စကားခဏသာပြောပြီး သက်ဆိုင်သူ ရောက်မလာခင် သူအရင်ထွက်လာပေးခဲ့ခြင်း။ ထိုအခိုက်တွင် နောက်တွင် ကျန်ခဲ့သူလေးထံသို့ ဖုန်းဝင်လာသည်ကိုလည်း ကြားမိခဲ့ပါ၏။ ဖြစ်နိုင်သည်က ထိုကောင်လေး၏သက်ဆိုင်သူ ရောက်လာတော့မည်ပုံပင်။ သို့ဖြစ်၍ သူကသာ ကော်ဖီဆိုင်ထဲမှ ဦးစွာထွက်လာခဲ့ရခြင်း။

အိမ်ပြန်တော့မည်ပြင်နေသော‌ခြေလှမ်းအား ရပ်တန့်လိုက်ရင်း နောက်ဆုံးအနေဖြင့် ဆိုင်ထဲ၌ ကျန်နေခဲ့သောကောင်လေးကို ယွန်းဂီ တစ်ချက်ပြန်လှည့်ကြည့်မိခဲ့ပါ၏။ ထိုအခါ မျက်နှာလေးညှိုးငယ်လျက် စိတ်ပျက်လက်ပျက်ထိုင်နေသော ကောင်လေးကို ယွန်းဂီ အမှတ်မထင်တွေ့လိုက်ရလေရဲ့။ သို့ဖြစ်၍ သူ့ခြေလှမ်းတို့ကို ရှေ့ဆက်လှမ်းရန်မဖြစ်နိုင်တော့။ အပြင်ဘက်၌ ရပ်နေရင်းနှင့်သာ တစ်ယောက်တည်း ငူငူငိုင်ငိုင်ထိုင်နေသူလေးကို ငေးကြည့်နေမိပါတော့လျက်။

အချိန်အတန်ကြာပြီးမှ ကောင်လေးက ဆိုင်ထဲမှထွက်လာခဲ့သလို ဆိုင်ရှေ့တွင် ကျောက်ရုပ်ကြီးသဖွယ် မလှုပ်မယှက်ရပ်ပြီး ထိုကောင်လေးကို ငေးကြည့်နေသော ယွန်းဂီသည်လည်း ထိုအခါမှ ပြန်လည်အသက်ဝင်လာရတော့၏။ ထို့နောက် ဆိုင်ထဲမှ ထွက်လာလာချင်း ခေါင်းကြီးအောက်ငုံ့လျှောက်ရင်း စိတ်ပျက်လက်ပျက်လျှောက်သွားနေသူ ကောင်လေး၏ အနောက်သို့ ယွန်းဂီ ခြေသံလုံလုံဖြင့် လိုက်သွားရင်း...။

ခေါင်းကြီးငုံ့ကာလျှောက်သွားနေသူသည် ရှေ့ရှိအရာဝတ္ထုကိုလည်း မြင်နိုင်တော့သည့်ပုံမပေါ်။ မကြာမီ တိုင်နှင့်ခေါင်း ပြေး ဆောင့်တော့မည့် အန္တရာယ်ကိုပေါ့။ ထို့ကြောင့် ယွန်းဂီ နောက်မှ ဖြည်းဖြည်းချင်းလိုက်နေသည့်ခြေလှမ်းများကို အရှိန်တင်လိုက်ရင်း နှဖူးနှင့်တိုင် မဆောင့်ခင် သူ၏လက်ဖဝါးကိုvကြား၌ခံထား‌ပေးလိုက်တော့ ကောင်လေးသည် သူ့အား မျက်လုံးလေး‌ဝိုင်းကာ ငေးကြည့်လာရင်း...

"ဂျွန်က မလာနိုင်တော့ဘူးတဲ့"

...ပြောလာသောစကားကြောင့် ယွန်းဂီတစ်ယောက် သိလိုက်ပါပြီလေ။ ဒေါက်တာဂျောင်ဂုက ချိန်းထားသော နေရာကို ရောက်မလာ၍ ထယ်ယောင်း ယခုလိုမျိုး စိတ်ပျက်လက်ပျက် ဖြစ်နေရခြင်းကိုပေါ့။ တစ်ခါတစ်လေတွင် ကိုယ် အရမ်းမျှော်လင့်ထားပြီးမှ ဖြစ်မလာသည့်အခါမျိုး၌ ခံစားလွယ်တတ်ကြသည်မလား။ ထို့ကြောင့် ယွန်းဂီ သူ့ရှေ့မှကောင်လေးကို အပြည့်အဝ နားလည်‌နိုင်ပါသည်လေ။

ဂွီ...

လွမ်းဆွေးဖွယ် အခြေအနေမျိုးတွင်မှ အလိုက်မသိထွက်ပေါ်လာသော ထယ်ယောင်း၏ဗိုက်ထဲမှ အသံတစ်သံ။ ထိုအသံက  ဘေးလူကြားလောက်‌သည်အထိ ကျယ်လောင်စွာထွက်ပေါ်လာသည်ကြောင့်...

"ဗိုက်ဆာနေတာလား"

...ဘေးတွင်ရှိနေသော ယွန်းဂီက ပြုံးစိစိလုပ်ရင်း ထယ်ယောင်းအား မေးမိတော့...

"တကယ်တော့ သူနဲ့အတူ ညနေစာစားရင်း ဒိတ်ဖို့ ချိန်းထားခဲ့တာ"

…ထယ်ယောင်းက အသံလေးတိမ်ဝင်‌လျက် ခေါင်းလေးငုံ့ရင်းသာ ပြန်ဖြေလာ၏။ သူ့ကြည့်ရသည်မှာ ဂျောင်ဂုနှင့်အတူ ညစာစားရန် အတော်လေးမျှော်လင့်ခဲ့သည့်ဟန်။ ထို့ကြောင့် တစ်ဖက်သူက ယခုလိုမျိုးပျက်ကွက်လာတော့ စိတ်မကောင်းဖြစ်သွားပုံ ပေါ်ပါသည်‌။ အင်း..။ ဒါဖြင့်ရင် သူကရော သူ့ရှေ့မှကောင်လေးကို ပြန်လည်ပြုံးရယ်လာအောင် မလုပ်နိုင်‌ဘူးလားဟု ယွန်းဂီ တွေးမိလိုက်ရင်း...

"ခုနကပြောတဲ့ တစ်ခုခုလိုက်ကျွေးမယ်ဆိုတဲ့အစီအစဉ်ကို အခု အကောင်အထည်ဖော်လိုက်ကြမလား"

...ထယ်ယောင်းအား တစ်နေ့ကျလျှင် ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် တစ်ခုခုလိုက်ကျွေးမည်ဟု ပြောထားခဲ့ဖူးသော ကတိကို ယခုချက်ချင်းပင် အကောင်အထည်ဖော်ရန်ပြောမိတော့...

"အိုကေ...ကျွန်တော့်မှာ ကားပါတယ်"

...ထယ်ယောင်းက ခေါင်းလေးထောင်လာပြီး ယွန်းဂီပြောသည့်အကြံကို ချက်ချင်းလက်ခံကာ တစ်ဆက်တည်းပင် ဘောင်းဘီအိတ်ကပ်ထဲမှ ကားသော့လေးအား ဆွဲထုတ်လိုက်ရင်း ယွန်းဂီမျက်နှာရှေ့ ဝှေ့ယမ်းပြလာသည်မို့...

"အဲဒါဆို ဘယ်ပျော်စရာကောင်းပါ့မလဲ"

...ယွန်းဂီက ခေါင်းလေးအား ခါယမ်းလိုက်ရင်း ထယ်ယောင်း၏အကြံအားငြင်းလိုက်တော့....

"ဘာကို...."

...ထယ်ယောင်းက နားမလည်သည့်ဟန်ဖြင့် မျက်လုံးလေးပြူးကာဖြင့် ပြန်ကြည့်လာပါလေရဲ့။ ထိုအခါ ယွန်းဂီက သူရှေ့မှ ကောင်လေးအားကြည့်ကာ ပြုံးလိုက်မိရင်း သူ့ကိုပြူးကြောင်ကြောင် ကြည့်နေသောကောင်လေးနှင့် စကားဆက်ပြောမနေတော့ဘဲ ထယ်ယောင်း လက်ကောက်ဝတ်လေးအားကိုင်၍ ဆွဲခေါ်သွားတော့ ယွန်းဂီနောက်ကို အလိုက်သင့်လေးပါသွားသော ထယ်ယောင်းရယ်ပါ။

တစ်နေရာအရောက်တွင်တော့ နှစ်ဦးလုံး၏ ခြေလှမ်းတို့က တိခနဲရပ်တန့်သွားတော့၏။ တစ်နည်းပြောရလျှင်တော့ ယွန်းဂီ ထယ်ယောင်းအား ခေါ်သွားရန် ရည်ရွယ်ထားခဲ့သည့်နေရာကို ရောက်သွား၍ပါ။

"ဒါက..."

ဆိုင်ကယ်တစ်စီးရှေ့တွင်ရပ်လိုက်သော ယွန်းဂီကြောင့် ထယ်ယောင်း မေးလိုက်မိခြင်း။ သူထင်တာ မမှားဘူးဆိုပါက....

"ဒါနဲ့ သွားကြတာပေါ့..."

…ထယ်ယောင်း အတွေးတို့ပင် မဆုံးလိုက်ပါပေ။ ဆိုင်ကယ်ကို ပုတ်ပြရင်းဆိုလာသော ယွန်းဂီကြောင့် သေချာသွားပါပြီ။ ကားဖြင့်မသွားဘဲ ယွန်းဂီဆိုင်ကယ်နှင့် သွားကြမည်ကပေါ့။

အဲ...ဆိုင်ကယ်ဖြင့်သွားမည့်အကြောင်းက ခဏထား၊ ယခုဖြေရှင်းရမည့်ကိစ္စက စခေါ်လာစဉ်အချိန်တည်းက ယခုထိ ယွန်းဂီ ထယ်ယောင်း လက်ကိုကိုင်ထားသည့် ကိစ္စကိုပါပင်။ ထို့ကြောင့် ထယ်ယောင်းက...

"အဟမ်း..."

...ချောင်းတစ်ချက် ဟန့်ပြလိုက်တော့ ယွန်းဂီက ဘာလဲဟူသော အကြည့်ဖြင့် ထယ်ယောင်း ပြန်ကြည့်လာလေရဲ့။ ထို့ ကြောင့် သူ့ လက်နေရာကိုမျက်စပစ်ပြလိုက်တော့မှ ယွန်းဂီက သတိထားမိသွားပုံပေါ်ကာ ထယ်ယောင်းလက်ကို ချက်ချင်း လွှတ်ပေးလိုက်ပါ၏။

ဤတစ်ခေါက်တွင်လည်း အနေခက်သွားရသူက ယွန်းဂီပါပင်။ သူပဲသွားကိုင်ပြီးမှ သူပဲ ပြန်လည်ရှက်နေသည့်သူပါလေ။

မင်ယွန်းဂီ...မင်ယွန်းဂီ မင်းဘယ်တုန်းက အခုလို ပြောင်းလဲသွားရတာလဲ။ မဖြစ်နိုင်တာ...။

"ဆိုင်ကယ်နဲ့သွားမှာလား"

"ဘာဖြစ်လို့လဲ၊ ကြောက်လို့လား။ စိတ်မပူပါနဲ့။ မင်းလုံးဝ မပြုတ်ကျစေရဘူး၊ ကိုယ့်ကိုယုံလိုက်"

ထယ်ယောင်းမေးခွန်းကြောင့် ယွန်းဂီတစ်ယောက် သူ့ကိုယ်သူ သူရဲကောင်းကြီးတစ်ဦးလို ပြုမူကာ သူ့ရင်ဘတ်အား လက်သီးဆုပ်လေးဖြင့် ထုပြရင်း အပြည့်အဝ ယုံကြည်အားကိုးနိုင်ကြောင်း ပြောလာပါလေရဲ့။

"ဟုတ်ပါပြီ၊ ယုံလိုက်တာပေါ့"

နှစ်ဦးသားလုံးက စတင်ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီမို့ ယွန်းဂီနောက်တွင် ထယ်ယောင်း ဝင်ထိုင်လိုက်တော့...

"မင်းပြုတ်ကျမှာကြောက်ရင် ကိုယ့်ကို ကိုင်ထားလို့ရတယ်နော်"

...အရှေ့မှ ယွန်းဂီက သူ့ကို ကိုင်ထားနိုင်ကြောင်း ပြောလာပြန်၏။ ကြည့်ရသည်မှာ ယွန်းဂီက သူ့ကို ဆိုင်ကယ် မစီးဖူးဘူးဟု များထင်မှတ်နေတာလားမသိ။ အင်း၊ သို့သော်လည်း ထယ်ယောင်း ယွန်းဂီကို ဘာမှပြန်မပြောမိတော့။ ဤအတိုင်း ယွန်းဂီ ပခုံးနှစ်ဖက်ကို သူ့လက်ဖဝါးနှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်ရင်း....။

ပတ်ဝန်းကျင်မှလေအေးများကိုထိုးခွင်းကာ အရှိန်ပြင်းစွာ မောင်းနှင်သွားသည်ကြောင့် လန်းဆန်းသည့် ခံစားချက်အား ပေးစွမ်းနိုင်သည်အထိ။ မြို့ပြမီးရောင်တို့အောက်တွင် လမ်းမထက်မှ ကားတို့နှင့်အပြိုင် မောင်းနှင်ရသည်ကလည်း ခံစားချက်အသစ် ဖြစ်စေရသလို။ မည်သို့ပင်ဆိုပါစေ၊ ယခု ဤအခိုက်အတန့်၌တော့ အကြောင်းအမျိုးမျိုးဖြင့် မွန်းကြပ်နေခဲ့ရသော ထယ်ယောင်း၏စိတ်တို့ သက်သာရာရစေခဲ့သည်က ငြင်းမရ‌ပေ။

ဤလိုနှင့်ပင် ဆိုင်ကယ်လေးသည်‌ သူ့ဦးတည်ရာနေရာမရောက်မချင်း လမ်းမကျယ်ထက်တွင် သေသပ်လှပစွာ ပြေးနှင်နေပါတော့လျက်။

အချိန်အတန်ကြာ မောင်းနှင်သွားပြီးသည့်နောက် သူတို့နှစ်ဦးလုံးသွားလိုရာသို့ ပို့ဆောင်နိုင်ခဲ့ပါပြီ။ ညဘက်တွင် သိပ်လှပြီး လူစည်ကားသော ဆိုးလ်မြို့၏ အထင်ကရ Night market ကိုပေါ့။ ဈေးတန်းထဲ‌ လမ်းလျှောက်သွားကြရမည်မို့ နှစ်ယောက်လုံး ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ကြတော့၏။ ထို့နောက်တွင်တော့ ထယ်ယောင်းက ဈေးတန်းရှည်အား မျက်စိတဆုံးကြည့်လိုက်ရင်း...

"ဒီနေရာမှာကျွေးမလို့လား"

...ဈေးဆိုင်‌များအား လက်ညှိုးလေးထိုးကာ မေးလာတော့၏။ အင်း၊ တကယ်‌တော့ သူထင်ထားသောအခြေအနေမျိုးနှင့် ကွဲပြားခြားနားနေခဲ့သည်ကိုး။

ထယ်ယောင်းအမေးကြောင့် သူ့ဘေးမှ ယွန်းဂီကလည်း ထယ်ယောင်းကို လှည့်ကြည့်လာရင်း...

"အင်း..ဘာဖြစ်လို့လဲ။ ဆိုင်ကြီးတွေမှာပဲ စားတတ်တာလား။ ဒီမှာစားရတာလည်း အရမ်းအရသာရှိတာနော်"

...ဤနေရာမှ အစားအစာများကလည်း အရသာရှိကြောင်း ပြန်ပြောလာတော့၏။ သူ့ဘေးတွင်ရှိနေသော ကောင်လေးသည် ယခုလိုနေရာတွင် လာစားဖူးရဲ့လား ယွန်းဂီသေချာမသိ။ ထို့ကြောင့် ဇဝေ‌ဇဝါဖြစ်နေခိုက်....

"မဟုတ်ပါဘူး။ ကျွန်တော်လည်း ဒီဈေးတန်း‌ထဲ လျှောက်သွားပြီး ဆိုင်အစုံ ဝင်စားချင်ခဲ့တာပါ။ ဒါပေမယ့် ဂျွန်က..."

ထယ်ယောင်းဘက်က သဘောကျကြောင်း ပြန်လည်ဖြေကြားလာသည်မို့ ယွန်းဂီ ပြုံးလိုက်မိလျက်။ နောက်ဆုံးတော့ သူရွေးချယ်လိုက်သည့်နေရာက မှန်သွားခဲ့ပြီမလား။ တစ်ခုရှိပါသေးသည်။ "ဂျွန်က.."ဟုပြောပြီး အသံလေးတိမ်ဝင်သွားသူ ထယ်ယောင်း။ ဖြစ်နိုင်သည်က ထယ်ယောင်းမှာ အခြားလူငယ်စုံတွဲများကဲ့သို့ ချစ်သူကို လက်တွဲ၍ လျှောက်သွား၊ လျှောက်စားချင်သည့်စိတ်ရှိမည်ထင်၏။ သို့သော် တစ်စုံတစ်ယောက်၏ပုံစံကိုလဲ ယွန်းဂီက အရိပ်အမြွတ် ရိပ်‌မိနေသည့်အတွက်..

"သူက အဲဒီလိုစတိုလ်မျိုးမဟုတ်ဘူးမလား"

ထယ်ယောင်းအားကြည့်ရင်း ဂျောင်ဂုနှင့် ပတ်သက်သည့် သူ့ခန့်မှန်းချက်ကို ပြောပြမိတော့...

"ကောင်းကောင်းသိနေတာပဲ"

....ထယ်ယောင်းက ယွန်းဂီအားပြုံးပြရင်းသာပြန်ဖြေလာလေရဲ့။ တကယ်လည်း ယွန်းဂီ၏ထင်‌မြင်ချက်ကမှန်နေခဲ့သည်ကိုး။ ဂျောင်ဂုကအစားအသောက်ပိုင်းနှင့် ပတ်သတ်လျှင်လည်း ထယ်ယောင်းကို အတော်လေး တင်းကြပ်ပါ၏။ အင်း၊ တကယ်တော့ ဂျောင်ဂု သူ့ကို တင်းကြပ်ရသည့် နောက်ကွယ်တွင်လည်း အကြောင်းအရင်းများစွာ ရှိနေပါသည်။ မည်သို့ပင်ဆိုပါစေ၊ နောက်ဆုံး၌မူ ဂျောင်ဂုက "ငါက မင်းကိုချစ်လို့လေ ထယ်" ဟူသည့်စကားနှင့်သာ သူ၏ချုပ်ချယ်မှုများကို ခေါင်းစဉ် လှလှတပ်ဆဲ။

ယခုတော့ ထယ်ယောင်းတစ်ယောက် ဂျောင်ဂုမဟုတ်သည့် အခြားသူတစ်ဦးနှင့် ဈေးထဲရှိဆိုင်တန်းများဆီသို့ လျှောက်သွား လိုက်တော့သည်။

ပထမဆုံးအနေဖြင့် သူတို့နှစ်ဦး ပင်လယ်စာဆိုင်လေး၌ ဝင်စားဖြစ်၏။

"အား စပ်လိုက်တာ"

စားနေသောက်နေရင်းနှင့်ထအော်လာသူကထယ်ယောင်းသာ။ ထို့ကြောင့် ဘေးတွင်အတူတူစားနေသော ယွန်းဂီ၏ပါးစပ်ထဲ အထည့်ခံရတော့မည့်ဂဏန်းမှာ နှုတ်ခမ်းနားတွင်သာ ရပ်တန့်သွားတော့လျက်။ နောက်မှ ရုတ်တရက်ကြီး ထအော်လာသော ထယ်ယောင်းမျက်နှာအား ယွန်းဂီ ကြည့်လိုက်မိတော့...

"မင်းကြည့်ရတာ အစပ်မစားနိုင်ဘူးထင်တယ်"

မျက်နှာနှင့်အတူ နှုတ်ခမ်းလေးပါ နီရဲနေသော ထယ်ယောင်းကိုတွေ့လိုက်ရ၏။ စပ်လွန်းသည်ကြောင့် တရှူးရှူးတရှဲရှဲဖြစ်နေကာ လက်လေးဖြင့်လည်း သူ့ပါးစပ်ကို လေရအောင်ခပ်နေသေးသည်လေ။ ထို့ကြောင့် ယွန်းဂီ သိလိုက်ပါပြီ။ ကောင်လေးက အစပ် မစားနိုင်ဘူးပဲ။

"မစားနိုင်ပေမယ့်လည်း အရသာရှိတယ်"

"ဒါလေးစားပြီး အရည်လေးပါသောက်ကြည့်"

အစပ်သာမစားနိုင်သော်လည်းအရသာကိုတော့ သဘောတွေ့ပုံပေါ်သော ထယ်ယောင်းသည် တရှုးရှူးတရှဲရှဲဖြင့် ပါးစပ်ထဲ ရေဘဝဲများ အဆက်မပြတ်ထည့်နေတာမို့ ယွန်းဂီတစ်ယောက် ဆိုင်မှ fish cake နှင့်အတူ သောက်ရန် အရည်လေးကိုပါ ပေးလိုက်တော့ သူပြောသည့်အတိုင်းပင် fish cake ကို စားပြီး အရည်ကိုပါ တစ်ကြိုက်တည်း မော့လိုက်သည့် အစပ်မစားနိုင်သူလေး ထယ်ယောင်းရယ်ပါ။

"ဘယ်လိုလဲ၊ အစပ်သက်သာသွားတယ်မလား"

"အင်း..."

နောက်ဆုံးတွင်တော့ ထယ်ယောင်းတစ်ယောက် ယွန်းဂီပြောသည့်နည်းဖြင့် အစပ်သက်သာသွားပုံ ပေါ်ပါသည်။ လက်မထောင်ကာ သူ၏စိတ်ကျေနပ်မှုကို ဖော်ပြလာတော့၏။

ဤလိုနှင့်ပဲ သူတို့နှစ်ယောက်၏ ပထမဆုံး စားသောက်မှုကား အဆုံးသတ်ခဲ့ပါလျက်။ ထို့နောက် ဆိုင်တန်းများကြား ဆက်လျှောက်လာရင်း ထယ်ယောင်း အစပ်သက်သာစေရန် ယွန်းဂီတစ်ယောက် စတော်ဘယ်ရီရေခဲမုန့်လည်း ဝယ်ကျွေးခဲ့ပါသည်လေ။

ဒုတိယနေရာအတွက် ယွန်းဂီ ရွေးချယ်‌ပေးသည့်ဆိုင်ကတော့ လူတိုင်းကြိုက်ကြသည့် ဆာတေးဆိုင်ပင်။

"ဒီဆိုင်က ဆာတေးက စားလို့ အရမ်းကောင်းတာ။ တစ်ခေါက် စားကြည့်ရုံနဲ့ စွဲသွားစေရမယ်လို့ အာမခံတယ်"

အဖြူရောင်စားပွဲ၏ရှေ့တွင် ဘေးချင်းကပ်ထိုင်နေရင်း ဆိုင်ရှင်အဒေါ်၏ ပြင်ဆင်မှုကို စောင့်ဆိုင်းနေစဉ် ယွန်းဂီက ထုံးစံ အတိုင်း food blogger တစ်ဦးသဖွယ် သူ့လက်မလေးထောင်ကာ ပရိုမိုးရှင်းဆင်းပြန်၏။ ယွန်းဂီပြောသည်မှာလည်း မလွန်။ ပါးစပ်ထဲမရောက်ခင်ကပင် အနံ့နှင့် ဆွဲဆောင်နေပြီးသားဖြစ်သည်မို့ အရသာလည်း ကောင်းမည်မှာအမှန်မှန်း ထယ်ယောင်း ရိပ်မိပါသည်။ ထို့ကြောင့် ဆိုင်ရှင်အဒေါ် ပန်းကန်များ လာမချသေးခင်…

“ယွန်းဂီဟျောင်း ဒီမှာ ခဏထိုင်စောင့်နေနော်”

...ယွန်းဂီကို အကြောင်းအရင်းရေရေရာရာမပြောဘဲ တိုတိုတုတ်တုတ်သာပြောပြီး ဆိုင်ထဲမှ ထထွက်သွားသော ထယ်ယောင်းကြောင့် ယွန်းဂီကတော့ ဆာတေးဆိုင်ထဲ၌သာ ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့တော့၏။

သို့သော် ခဏအကြာတွင်တော့ ထယ်ယောင်းတစ်ယောက် ယွန်းဂီဆီ ပြန်ရောက်လာခဲ့ပါသည်။ သူ့လက်ထဲတွင်တော့ ဆိုဂျူပုလင်း နှစ်ပုလင်းကို ကိုင်လျက်ပေါ့။

ထယ်ယောင်းတစ်ယောက်လည်း သူ့ကို ယွန်းဂီက အထူးတဆန်းကြည့်နေမှန်း သိပါ၏။ ယွန်းဂီက သူ့ကို ယခုလိုနေရာမျိုးနှင့် အကျွမ်းတဝင်မရှိသည့်သူဟု ထင်မှတ်နေသည့်ပုံပင်။ ထို့ကြောင့် သူ တစ်ကွက်ပြန်ပြမှရတော့မည်မလား။ ထို့ကြောင့် ယွန်းဂီဘေးတွင် ပြန်ဝင်ထိုင်လိုက်ရင်း လက်ထဲတွင်ပါလာသော ပုလင်းများကို ဖွင့်ကာ တစ်ပုလင်းကို ယွန်းဂီဆီ ကမ်းပေးလိုက်တော့၏။

"သောက်ရင်းနဲ့ စားရင် ပိုအရသာရှိမယ် မထင်ဘူးလား"

"သောက်လို့မဖြစ်ဘူး ထင်တယ်နော်။ ကိုယ်က မင်းကို ပြန်လိုက်ပို့ရဦးမှာလေ"

"တစ်ပုလင်းထဲကို ယွန်းဂီဟျောင်းရာ၊ လုပ်စမ်းပါ၊ ဒီပုလင်းလောက်ကတော့ ရီဝေရီဝေတောင် ဖြစ်မှာမဟုတ်ဘူး"

"အိုကေလေ၊ မင်းသဘောပါပဲ"

ထယ်ယောင်းမှာ သူမသောက်မချင်း ရစ်နေဦးမည်မို့ ယွန်းဂီတစ်ယောက် ထယ်ယောင်းလက်ထဲ ပုလင်းလေးကိုယူလိုက်ရင်း တစ်ကြိုက်တည်းမော့ချလိုက်တော့၏။ သို့နှင့် ယွန်းဂီအတွက် ယနေ့မှ အရက်ကထူးဆန်းစွာချိုမြနေသလိုပါပင်။ မည်သို့ပင် ဆိုပါစေလေ၊ ဤအခိုက်တွင်တော့ သူနှင့် alcohol ဓာတ်မတည့်သည်ကို ယွန်းဂီ မေ့ထားလိုက်ပါတော့သည်။

"လေစိမ်းတွေ တိုက်နေတာပဲနော်။ အဲဒါကြောင့် အေးစိမ့်စိမ့်ဖြစ်လာတာထင်တယ်"

ဆာတေးစားလိုက် ဆိုဂျူပုလင်းမော့လိုက် လုပ်နေသည့်ထယ်ယောင်းက သူ့လည်ပင်းသူပွတ်သတ်ကာ ပြောလာသည်မို့…

"မင်း အေးနေတာလား"

...ယွန်းဂီက သူ့ရှေ့မှကောင်လေးအား သေချာအကဲခတ်ကာ အေးနေလားဟုမေးမိတော့...

"မဆိုသလောက်လေးပါ"

...ထယ်ယောင်းက လည်ပင်းကိုပွတ်နေရင်းပင် ပြန်ဖြေလာလေရဲ့။ ဆောင်းဝင်စပြုလာပြီမို့ အပြင်တွင် လေစိမ်းများ တိုက်ခတ်နေသည်မလား။ ထို့ကြောင့် ထယ်ယောင်း ချမ်းနေတာ သေချာသွားပါပြီလေ။

"ဒီမှာ ခဏစောင့်နေ"

‌ယွန်းဂီတစ်ယာက် ထယ်ယောင်းအား စောင့်နေဟူ၍ တစ်ခွန်းတည်းသာ ပြောခဲ့ပြီး ဝုန်းခနဲထရပ်ကာ ဆိုင်ထဲမှ အလျင်စလို ပြေးထွက်သွားတော့လျက်။ ထို့ကြောင့် ဤတစ်ခေါက်တွင် ဆိုင်ထဲတွင် တစ်ယောက်တည်း ပြူးကြောင်ကြောင် ကျန်ခဲ့ရသူက ထယ်ယောင်းသာ။ ဘာအတွက် ယွန်းဂီ ယခုလို ပြေးထွက်သွားမှန်းတော့ ထယ်ယောင်းလည်း မတွေးတတ်တော့။ အသိကိုတွေ့လိုက်၍များ ပြေးလိုက်သွားခြင်းလား။ ဒါမှမဟုတ် သူ့ကိုများ ဆိုင်တွင် တစ်ယောက်တည်း ထားခဲ့...

"အအေးမမိစေနဲ့"

ထယ်ယောင်းတစ်ယောက် သူ၏အတွေးများပင် မဆုံးလိုက်ပါ။ သူ့အနောက်ဘက်မှ လည်ပင်းကို မာဖလာဖြင့် လာစည်းပေးသူကြောင့် ထယ်ယောင်းနောက်ပြန်လှည့်ကာ မော့ကြည့်လိုက်တော့ ရုပ်တည်ကြီးဖြင့် သူ့ကို အကြည့်လွှဲသွားသူ၊ ထိုသူက ယွန်းဂီပင်။ ထို့နောက် အရင်နေရာတွင်သာ ပြန်ဝင်ထိုင်လိုက်ကာ ထယ်ယောင်းကို မသိချင်ယောင်ဆောင်နေပါသော အချေလူသား။

"ဒါသွားဝယ်တာလို့တော့ မပြောနဲ့နော်"

ထယ်ယောင်းက သူ့လည်ပင်း၌ပတ်ထား‌သည့် အညိုရောင်သိုးမွေးမာဖလာကို လက်ဖြင့်ကိုင်ထားရင်း ယွန်းဂီအား တည့်တည့်စိုက်ကြည့်ကာ ပြုံးစိစိနှင့်မေးမိတော့ ယွန်းဂီက ထယ်ယောင်းကို ဘာမှပြန်မပြောဘဲ ပြုံးသာပြလာပါလေရဲ့။

"ကျေးဇူးပါ ယွန်းဂီဟျောင်း"

အင်း...၊ မာဖလာလေးအတွက် ထယ်ယောင်း ယွန်းဂီကို ကျေးဇူးတင်သင့်သည်မလား။ အချေလူသားက လူကသာ အေးစက်စက်ပုံစံဖြစ်နေသော်လည်း တစ်ဖက်သားအပေါ်၌တော့ အတော်လေးကို တွေးတော ဖြည့်ဆည်းပေးတတ်သည့်သူမျိုး။ ထို့ကြောင့် ယနေ့ သူ့ကို အနွေးဓာတ်ရအောင် မာဖလာလေးပေးခဲ့သည်မို့ ထယ်ယောင်း ကျေးဇူးတင်စကားပြောမိတော့...

"ဒီတိုင်း ဟျောင်းလို့ပဲ ခေါ်လို့‌လည်းရတယ်"

...အစက ဘာမေးမေး ပြန်မဖြေသော ယွန်းဂီသည် ယခုမှ စကားပြန်ပြောဖော်ရတော့၏။ ထို့နောက်တော့ သူ့ကို ‘ယွန်းဂီဟျောင်း’ ဟု မခေါ်ဘဲ ‘ဟျောင်း’ ဟုသာခေါ်ခွင့်ပြုလာသော ယွန်းဂီ။ ဤသို့ဆိုက သူတို့တွေ အနည်းငယ် ပိုမိုရင်းနှီးလာခဲ့ပြီ ထင်ပါ၏။ ထယ်ယောင်းလည်း သူတို့နှစ်ဦးသားကြားထဲမှ ရင်းနှီးမှုအား အသိအမှတ်ပြုသည့်အနေဖြင့်...

"မာဖလာအတွက်ကျေးဇူးပါ ဟျောင်း"
.
.
.
ယွန်းဂီနှင့် ထယ်ယောင်းတို့နှစ်ယောက်သား Night market အနှံ့လည်ပတ်ပြီးနောက် ယွန်းဂီကိုယ်တိုင်ပဲ ထယ်ယောင်းကို အိမ်ရှေ့ထိ လိုက်ပို့ပေးခဲ့၏။ ယွန်းဂီနှင့် ထယ်ယောင်းတို့ တိုက်ခန်းအောက်ရောက်ရောက်ချင်း ဆိုင်ကယ်အားရပ်လိုက်တော့ ‌အအေးဒဏ်ကို လက်လေးပိုက် အံတုနေရင်း ထယ်ယောင်း အိမ်ပြန်အလာကို စောင့်နေသော ဂျောင်ဂုနှင့်ဆုံရတော့သည့် အဖြစ်။ သူတို့သုံးဦး မျက်နှာချင်းဆိုင် ဆုံဖြစ်သည်ကလည်း ယခုဆိုလျှင် သုံးကြိမ်မြောက်ခဲ့ပြီပေါ့။

"ထယ်..."

"ဂျွန်..."

ဂျောင်ဂုဘက်ကလည်း အခြားသူတစ်ယောက်၏ ဆိုင်ကယ်ပေါ်မှ ဆင်းလာသော ထယ်ယောင်းကိုတွေ့လိုက်ရ၍ အံ့ဩသွားရသကဲ့သို့ တစ်ဖက်က ထယ်ယောင်းကလည်း မမျှော်လင့်ဘဲ ဂျောင်ဂုကို တိုက်အောက်တွင် တွေ့လိုက်ရ၍ တိုးညင်းစွာ ရေရွတ်မိလိုက်ခြင်း။

"ဒါဆို ဘိုင့်ဘိုင်နော် ဟျောင်း။ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် ဒီနေ့ တကယ်ပျော်ခဲ့ရတယ်"

ဂျောင်ဂုကိုတွေ့သော်လည်း ထယ်ယောင်းဘက်မှဘာမှဆက်မပြောမိ။ ဤအတိုင်း ယွန်းဂီကို အရာအားလုံးအတွက် ကျေးဇူး တင်ကြောင်းသာ ပြောလာပါလေရဲ့။ ထို့နောက် တစ်ဆက်တည်း...

"အာ...ဒါနဲ့ မာဖလာလေး..."

...ထယ်ယောင်း သူ့လည်ပင်းမှ မာဖလာလေးကို ပိုင်ရှင်ဆီပြန်ပေးရန်အတွက် လည်ပင်းမှ ချွတ်ရန်လက်ပြင်မိတော့...

"မလိုဘူး။ အဲဒါက မင်းကိုအပိုင်ပေးတာ"

ယွန်းဂီက အပိုင်ပေးကြောင်းဆိုလာသည်မို့...

"အဲဒီလိုလား။ ဒါဆိုရင်‌တော့ ကျေးဇူးထပ်တင်ပါတယ်နော် ဟျောင်း"

…ထယ်ယောင်းလည်း မူမနေတော့ဘဲ အပိုင်သာယူလိုက်ပါတော့သည်။

"ဒါဆို ကျွန်တော် ဝင်နှင့်ပြီ။ ဂရုစိုက်ပြီး ပြန်ပါ”

နောက်ဆုံးတွင်တော့ ထယ်ယောင်းတစ်ယောက် ယွန်းဂီကို နှုတ်ဆက်ကာ အထဲဝင်သွားတော့၏။ သူ့ဘေးတွင်ရှိနေသော ဂျောင်ဂုကို ကိုယ်ပျောက်လူသားဟုထင်၍များ မသိချင်ယောင်ဆောင်ကာ ထွက်သွားလေခြင်းလား။

မည်သို့ပင်ဆိုပါစေ။ ကျန်နေခဲ့သူ ဂျောင်ဂုကတော့ အတွေးများနေပြီဖြစ်သည်။ စရောက်လာတည်းက သူ့ကိုမသိချင်ယောင်ဆောင်နေသောချစ်ရသူလေး၊ ညနက်သည်ထိ အပြင်၌မနေဖူးသူက အတော်လေးနောက်ကျမှ ပြန်ရောက်လာခြင်း။ ပြန်လာတော့လဲ ရင်းနှီးတာ မကြာသေးသည့်လူနှင့်အတူ ရယ်လျက်မောလျက်ဖြင့်...။ ထိုလူကလည်း ဂျောင်ဂုဘက်က လုံးဝ မပတ်သက်စေလိုသောသူ။ အဖြစ်အပျက်များက တကယ့်ကို  မြန်ဆန်လွန်းသည်မို့ ဂျောင်ဂု လိုက်၍ပင်မမှီနိုင်တော့။

ထယ်ယောင်း သူ့အပေါ် စိတ်ဆိုးနေ၍ ယခုလိုမျိုးပြုမူနေခြင်းသာ ၁၀၀% ဖြစ်နိုင်သည်ဟု‌ ဂျောင်ဂုတွေးမိရင်းသာ...။

ထယ်ယောင်း ဝင်သွားပြီးသည့်နောက် အပြင်တွင် ဂျောင်ဂုနှင့် ယွန်းဂီ နှစ်ဦးသာ ကျန်နေခဲ့တော့သည့်အခြေအနေတွင် အရင်ဆုံး စကားစလာသူက ယွန်းဂီပင်။

"ဟိုနေ့က ရဲစခန်းမှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ။ မင်းကို ကျေးဇူးတင်စကား မပြော‌ရသေးဘူးထင်လို့"

ထိုနေ့က သူ့ကို ကူညီပေးခဲ့သည့်အတွက်တော့ ယွန်းဂီအနေဖြင့် ဂျောင်ဂုကို ကျေးဇူးတင်စကား ဆိုရမည်မို့။ ထို့နောက် နှစ်ဦးသားအကြားတွင် ထို့ထက်ပိုကာ ပြောစရာစကားလည်းမရှိတော့သည်မို့ ယွန်းဂီတစ်ယောက် ဆိုင်ကယ်ပေါ်တက်လိုက်ရင်း ပြန်ရန်အပြု ယွန်းဂီဆိုင်ကယ်လက်ကိုင်ပေါ်သို့ အကြောများထောင်နေသည့်လက်အစုံဖြင့် ဖိကိုင်လာရင်း ယွန်းဂီကို သွေးအေးစွာ ပြုံးပြလာသော ဂျောင်ဂုက...

"အဲဒီနေ့ကကူညီခဲ့မိတာကို ကျွန်တော် နောင်တမရချင်ဘူး မင်ယွန်းဂီ씨"

ထိုအခိုက်တွင်တော့ အပြင်ဘက်မှ လေထုထက် သူတို့နှစ်ဦးကြားမှ အခြေအနေက ပိုမိုအေးစက်နေသလို တစ်ဦးနှင့်တစ်ဦး မျက်တောင်မခတ်တမ်းစိုက်ကြည့်‌နေကြရင်း အပြန်အလှန်ပြုံးပြနေသောအပြုံးတို့ကလည်း နှစ်လိုဖွယ်ရာ အပြုံးမျိုး မဟုတ်ဘဲ ကျောချမ်းချင်စရာပါပင်။

အကယ်၍... အကယ်၍သာ ယနေ့ ဂျောင်ဂုတစ်ယောက် ထယ်ယောင်းနှင့် ချိန်းထားသည့် နေရာလေးဆီ အရောက်လာနိုင်ခဲ့ပါလျှင်၊ သို့မဟုတ် ယွန်းဂီက ဆိုင်ထဲတွင် တစ်‌ယောက်တည်းကျန်‌နေခဲ့သည့် ထယ်ယောင်းအား ပြန်လှည့်မကြည့်ဖြစ်ပါခဲ့လျှင် ဇာတ်လမ်းလေး၏ အဆုံးသတ်ဇာတ်သိမ်းက ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်မည်လား။

ဆက်ရန်>>>

Unexpected Guest (Complete)Tempat cerita menjadi hidup. Temukan sekarang