မမရွှေသည် ဝေ့ကို မရှောင်ပါ။ ဝေထင်ထားသည်မှာ ဆေးခန်း၌ ဝေ့ကိုရှောင်နေမည် သို့သော် နေမြဲအတိုင်းသာပင်။ တနင်္ဂနွေနေ့တွင်တော့ ဆေးရုံ၌ ခွဲစိတ်မှုရှိသောကြောင့် မမရွှေ မလာခဲ့ပါ။ ဝေသည် မမရွှေကိုလွမ်းသည့် စိတ်များကြောင့် အဆင်မပြေချေ။ တစ်ပတ်မှာ နှစ်ရက်လေး ရှားရှားပါးပါးတွေ့ရသောကြောင့်ဖြစ်မည်။ မမရွှေကို အချိန်တိုင်းတွေ့ချင်မိ။ စာကြည့်တိုက်သို့လည်း စာအုပ်ပြန်လာမအပ်ချေ။ ရက်တွေကြာလာတော့ ဝေ့နှလုံးသားလည်း အနည်းငယ် ငြိမ်လာစပြုလာသည်။ မတွေ့ရတဲ့ရက်တွေကိုတော့ ဝေမှတ်ထားမိသော်လည်း မမရွှေ လာမယ်ထင်တယ် ဟူသော မျှော်လင့်ချက်တော့မပါဝင်ချေ။
မမရွှေကို ကော်ဖီဆိုင်တစ်ခုတွင် အမျိုးသားတစ်ဦးနှင့်တွဲ၍ တွေ့လိုက်ရသည်။ မမရွှေအမျိုးသားဖြစ်မည်ထင်သည်။ မမရွှေရဲ့လက်ကို စားပွဲပေါ်တွင်ဆုပ်၍ ကိုင်ထားသည်။ မမရွှေသည် ဝေ့ကိုမြင်သောအခါ အကြာကြီးကြည့်သည်။ ပီးနောက် မမရွှေသည် ထိုအမျိုးသားလက်ကို ပယ်ချလိုက်သောအခါ ဝေသည် လှည့်၍ ထွက်လာခဲ့လိုက်သည်။
စာကြည့်တိုက်သို့ မမရွှေရောက်လာခဲ့သည်။ ဝေသည် ခင်လေးနှင့် ဂျူတီလဲထားသောကြောင့် မမရွှေသည် ခင်လေးနှင့် စကားပြောနေသည်။ ခနအကြာဝေရောက်တော့ မမရွှေသည် ဝေ့ကို မျှော်နေသည့်ပုံပင်။ ခင်လေးပြန်သွားသောအခါ မမရွှေမှ ဝေ့စားပွဲနားသို့လာ၍ စကားလာပြောလေသည်။
"ယုဝေ ဟိုနေ့က တို့ကိုမြင်တာ ဘာလို့နှုတ်မဆက်တာလဲ"
"အမအမျိုးသားနဲ့ဆိုတော့ဝေနှုတ်ဆက်ဖို့အကြောင်းမှမရှိတာ" ဝေ့အဖြေကို မမရွှေသဘောကျသည့်ဟန်ဖြင့်
"အမကယုဝေကို ခေါ်မလို့ ယုဝေထွက်သွားတာဖြင့်မြန်လိုက်တာ အမျိုးသားနဲ့ရော ဘာဖြစ်လဲ နောက်ခါ လာနှုတ်ဆက် ဟုတ်ပီလား" ဘာမှမဖြစ်သလို အရေးမကြီးသလိုမျိုး မမရွှေတုံ့ပြန်ပုံတွေကို ဝေမကြိုက်ပါ။ ဘာဖြစ်လို့ဖြစ်ချင်နေမှန်းမသိ အရာရာကို ကြိုတွေးထားတဲ့အတိုင်းဖြစ်လာတော့ ကျေနပ်သည့်ပုံမျိုး ဝေတွေ့ရတော့ စိတ်ထဲ မမရွှေကိုနားမလည်နိုင်တော့ချေ။