"လင်း" ဟု ယုဝေ ခေါ်လိုက်တိုင်း ကျွန်မရင်တွေ ခုန်လာသည်မှာ အမှန်ပင်။ ကျွန်မအမျိုးသားပင်လျှင် ကျွန်မကို ထိုသို့မခေါ်ဖူးချေ။
ယုဝေ ဆိုသည့် ချာတိတ်မလေးကို စတွေ့ပုံက ဆန်းသည်။ ယုဝေ၏ အပြုအမူများသည်လည်း ကျွန်မအတွက် စိတ်လှုပ်ရှားမှုများကို ပေးစွမ်းနိုင်သည်။ ကျွန်မသတိထားမိသည်က သူ့သွားတက်ကလေးများပင်ဖြစ်သည်။ ရီလိုက်လျှင် သွားတက်ကလေးများပေါ်လာသည်ကို ကျွန်မနှစ်သက်စွာကြည့်မိသည်။ သို့သော် ထို ကလေးမလေးသည် အမြဲလိုလိုပင် တည် နေတတ်သည်။ ကျွန်မထက် ခေါင်းတစ်လုံးစာ ပိုမြင့်သော သူမနှင့် ယှဉ် ရပ်မိတိုင်း ကျွန်မ သူ့ရင်ခွင်ထဲသို့ရောက်နေရသလိုပင်။
စာကြည့်တိုက်သို့ အိဟန် အားသွားကြိုသည့်နေ့က ကျွန်မအား အကြာကြီးစိုက်ကြည့်နေသော ထိုမျက်လုံးများကို ကျွန်မမှတ်မိသည်။ အိဟန်ထွက်လာပီး ကျွန်မအား "မေမေ နောက်ခါလာမကြိုနဲ့ ဟိုအစ်မကြီး မေမေ့ကို ကြည့်နေတာ မီးမီး မကြိုက်ဘူး " ဟု သမီးငယ်မှ ပြောလာတော့ ကျွန်မ ဟက်ဟက်ပက်ပက်ရီမိသည်။ ကျွန်မအား ထိုသို့ စိုက်ကြည့်သည်ကို နှစ်သက်သည်။ အထူးသဖြင့် ကိုယ့်ထက်ငယ်သော အမျိုးသမီးတစ်ဦးမှ ကြည့်သဖြင့် ပို၍ သဘောကျသည်။
ကျွန်မလုပ်အားပေးသည် ပရဟိတ ဆေးခန်းသို့ သူမရောက်လာသည်မှာ သွေးရိုးသားရိုးမဖြစ်နိုင်ဟု ကျွန်မခန့်မှန်းမိသည်။ အမှန်တိုင်းဝန်ခံရလျှင် ကျွန်မ ယုဝေနှင့်နီးစပ်ချင်သည်။ ကျွန်မ၌ အိမ်ထောင်ရှိသည်ဟု အကြိမ်ကြိမ် သတိပေးမိသော်လည်း ယုဝေကို တွေ့သောအခါ ကျွန်မ ထိုစည်းများကို ကိုယ်တိုင်ဖောက်ဖျက်ချင်မိသည်။
ယုဝေသည် ချည်အင်္ကျီလက်ရှည် အမြဲဝတ်၍ လက်ကောက်ဝတ်အထက်၌ သပ်ရပ်စွာခေါက်တင်လေ့ရှိသည်။ အရပ်ရှည်ကာ ဆံပင်ကို အမြဲစုစည်းထားသောကြောင့် လည်တိုင်ရှင်းရှင်းလေးကို မြင်ရသည်။ ယုဝေ လည်တိုင်လေးကို မြင်ရသည့်အခါတိုင်း ကျွန်မရေအမြဲငတ်သည်။ ရေသောက်ပျင်းသော ကျွန်မသည် ဆေးခန်းကို ရေဘူးယူသွားသောအခါမျိုးတွင် ကျွန်မ အမျိုးသား ကိုလတ်သည် ကျွန်မအား အထူးတဆန်းပင်ကြည့်သည်။
ယုဝေကို မမြင်ရသောနေ့ရက်များသည် ကျွန်မအတွက်ပျင်းခြောက်ခြောက် နိုင်လှသည်။ နွေဦးရာသီ၏ အလှအပ များကို ယုဝေနှင့်အတူ ကြည့်ချင်သည်။ ယုဝေပေါ်မလာသောအခါ မနေနိုင်သော ကျွန်မကပင် သူရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ရလေသည်။
စာကြည့်တိုက်မှ ပြန်ထွက်လာပြီး ကားထဲသို့ဝင်သောအခါ ကျွန်မနှလုံးခုန်နှုန်းများသည် အလွန်မြန်နေသည်။ ယုဝေသည် အလွန်ပြုစားတတ်သည်။ ကျွန်မအား သဘောကျသည်ကို သိသော်လည်း ဤမျှလောက် ရဲတင်းလိမ့်မည် ဟုမထင်ခဲ့။ ကျွန်မနှဖူးသို့ ယုဝေ၏ နှုတ်ခမ်းများ ထိကပ်လာခြင်းကို ကျွန်မ မတွန်းထုတ်မိချေ။ ကျွန်မကိုယ့်ကိုကိုယ် သတိပေး၍ နောက်သို့သာ ဆုတ်ခဲ့လေသည်။ ယုဝေအတွက်နှင့် ကျွန်မ ခြေလှမ်းတွေထပ်ပီး နောက်ဆုတ်ရဦးမှာပင်။