စည်းချက်နှင့်အညီ လှုပ်ရှားနေပါသောဂျုံဆောင်းကိုကြည့်မိသည့်အခါတိုင်း ကျွန်တော့်ရင်ခုန်သံတွေကတော့ အယောင်ယောင်အမှားမှားနှင့်သာ။ အကစတူဒီယိုထဲတွင် ကနေသောလူငယ်များစွာရှိသည့်အနက်မှ အမြဲဂျုံဆောင်းတစ်ယောက်ကိုသာ ကျွန်တော့်မျက်လုံးထဲထင်းကာမြင်နေရခြင်းသည် ထူးဆန်းသည်။
သို့မဟုတ်။
မထူးဆန်းတာမျိုးလည်းဖြစ်နိုင်သည်။ ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်။ ဂျုံဆောင်းက လူတိုင်း၏မျက်လုံးထဲတွင် ထင်းကာပေါ်လွင်နေမည်မှာ သေချာသလောက်ရှိသည်။
ဘက်လိုက်ပြီး မဆုံးဖြတ်ရင်တောင်မှပင် သေကိုသေချာသည့်အချက်တစ်ခု။
မောပန်း၍ နိမ့်ချည်မြင့်ချည်ဖြစ်နေသည့်ရင်ဘတ်အစုံ။ ဆံနွယ်နက်နက်တို့ဆီမှ တစ်စက်ချင်းကျနေသော ချွေးစက်များ။ ချွေးတွေရွှဲနေသည့်အတွက် ကျစ်ကျစ်လျစ်လျစ်ခန္ဓာကိုယ်ထက်တွင် အတိုင်းသားကပ်နေသည့်တီရှပ်အဖြူရောင်ခပ်ပါးပါး။
ထိုခဏတွင်ကျွန်တော်က ဂျုံဆောင်းကို တင်းကြပ်နေအောင်ဖက်ပြီး ရူးရူးမူးမူးနမ်းချင်စိတ်မျိုး ဖြစ်တည်လာမိသည်။ ချစ်ရကြောင်းတွေကို ညလုံးပေါက်သည်ထိ တဝကြီးပြောပစ်ချင်မိသည်။
သို့ပါသော်လည်း။
ဒါတွေသည် ကျွန်တော့်၏စိတ်ကူးသပ်သပ်သာဖြစ်သည်။ လက်တွေ့တွင်တော့ ဂျုံဆောင်း၏ဝန်းဝိုင်းသော မျက်ဝန်းညိုညိုကြီးကြီးများနှင့် ဆုံလိုက်ပါတိုင်း အာစေးမိသလို ဆေးတို့ခံရသလိုမလှုပ်မယှက်။
ဂျုံဆောင်းကနူးညံ့သော်ငြား မှိုင်းညို့ခြင်းတို့ရှိနေပါသေးသည်။
•••••
ကျွန်းသားကို ပေါလစ်တိုက်ထားသော တံခါးရွက်ကို လက်နှင့်အသာခေါက်လိုက်ပါရင်း အတွင်းမှခွင့်ပြုချက်ရတော့ အသာဝင်လာခဲ့လိုက်သည်။ ဆင်စွယ်ရောင်တို့နှင့် ပြည့်နှက်နေသောအခန်းကျယ်ကျယ်သည် ပုံမှန်ဆို ရင်အေးစေမည်ဖြစ်သော်ငြား ကျွန်တော့်အတွက်တော့ အနီရဲတောက်တောက်ထက်ပင် ပို၍ပူလောင်နေသည်။
YOU ARE READING
that boy, Jongseong | heejay
Fanfictionအဲ့ဒီကောင်ကလေး ဂျုံဆောင်းကို ချစ်မြတ်နိုးရပါသည့်အကြောင်းတွေ။ Ethan Lee x Jongseong J.Park